← Chapters

ကောင်းမင်၏ အဆုံးသတ်

Vol. 26 Ch. 379

ကောင်းမင်၏ အဆုံးသတ်

Vol. 26 Ch. 379

ရွေ့လျားနေသော နာရီသည် တချက်ချက်မြည်နေ၏။ ရေတွက်မှုပြီးဆုံးရန် စက္ကန့်သုံးဆယ်ပင် မကျန်တော့ချေ။ ဘတ်စ်ကားရှေ့မှ လမ်းကြောင်းသည် ပြောင်းလဲသွားပြီး ရှေ့မီးသီးကြီးများ ပွင့်လာသည်။ မှတ်တိုင်အသစ်များ မရှိတော့ပေ။ အတိတ်ဟုခေါ်သော ဘတ်စ်ကားသည် မှောင်မိုက်နေသော ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားသည်။ ပုံမှန်ကောင်းမင်သည် ရှေ့သို့ လျှောက်သွား၍ ယာဉ်မောင်းနှင့် စကားပြောရန် ကြိုးစားသော်လည်း ယာဉ်မောင်းက တုံ့ပြန်ခြင်း မရှိပေ။ ပုံမှန်ကောင်းမင်သည် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားသော်လည်း ယာဉ်မောင်း၏ မျက်နှာကိုပင် မမြင်နိုင်ခဲ့။

“ဒီဘတ်စ်ကားကို မင်းဘယ်ကို မောင်းနေတာလဲ၊ ပြောစမ်း! မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့အတိတ်ထဲမှာ မင်းပေါ်လာရတာလဲ”

ဘတ်စ်ကားသည် ဥမင်လိုဏ်ခေါင်းထဲ တိတ်ဆိတ်စွာ မောင်းနှင်နေလေသည်။

“မှတ်တိုင်တွေ မရှိတော့ရင် ငါတို့ မကြာခင် အဆုံးသတ်ကို ရောက်တော့မယ်ဆိုလိုတာပဲ ဟုတ်တယ်မလား ၊ ဒါပေမဲ့ ဒီဥမင်လိုဏ်ခေါင်းက ဘာဖြစ်နေတာလဲ”

ပုံမှန်ကောင်းမင်သည် ယင်းကိုနားလည်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း သူ့အတွက် အဓိပ္ပာယ်မရှိပေ။ ဘတ်စ်ကားအတွင်းရှိ မီးသီးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာလေသည်။ အီလက်ထရောနစ်နာရီသည် ပိုမိုနှေးကွေးစွာ ရွေ့လျားလာပြီး ဘတ်စ်ကားသည်လည်း ထိုနည်းတူ ဖြစ်သည်။ စက္ကန့်လက်တံက နောက်ဆုံးတစ်ကြိမ် အချက်ပေးလိုက်သောအခါ အချိန်ရေတွက်စက် ရပ်တန့်သွားပြီး ဘတ်စ်ကားသည်လည်း ဥမင်လိုဏ်ခေါင်းအတွင်း တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။

ယာဉ်မောင်းခန်းရှိ မီးက ရုတ်တရက်ပိတ်ကျသွားသည်။ ထို့နောက် ဘတ်စ်ကားအတွင်းရှိ မီးသီးများလည်း ပိတ်သွားသည်။ မီးများအားလုံး မပိတ်မီ ပုံမှန်ကောင်းမင်က ဘတ်စ်ကား၏ နောက်ဘက်သို့ ပြေးသွားခဲ့သည်။ သူသည် ရင်ဘတ်ထဲတွင် ဓာတ်ပုံရှိနေသော အလောင်းကို သယ်ဆောင်လာခဲ့သည်။ အမည်မသိအမှောင်ထုကြီးနှင့် နှိုင်းယှဉ်ပါက သူ၏ကိုယ်ပိုင်အလောင်းက ပို၍နှစ်သိမ့်မှုပေးနိုင်ပေသည်။

“အခု ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်”

ပုံမှန်ကောင်းမင်သည် အသုံးဝင်သည့်အရာတစ်ခုခု ရှာတွေ့နိုင်မလားဟု သူ့အိတ်ကို မွှေနှောက်ကြည့်လိုက်သည်။ သူ၏ပစ္စုပ္ပန် ဖြစ်သင့်သော လူသေဓာတ်ပုံကို တွေ့လိုက်သည်။ နောက်ဆုံး ခရီးသည် နှစ်ဦးတွင် တစ်ဦးလျှင်လူသေဓာတ်ပုံတစ်ခုစီ ရှိနေခဲ့ကြသည်။

“ဒါက အရမ်းထူးဆန်းတာပဲ”

ပုံမှန်ကောင်းမင်သည် လိုင်းမမိသော သူ့ဖုန်းကို ထုတ်၍ အလောင်း၏ရင်ဘတ်ပေါ်သို့ မီးထိုးလိုက်သည်။ စုံစမ်းစစ်ဆေးရေးဌာနသည် အလောင်းအတွင်းရှိ ပုံတူအား စုဆောင်းရန် အရင်းအမြစ်များစွာကို အကုန်အကျခံခဲ့ရသည်။ ဓာတ်ပုံမှာ ပုံမှန်မဟုတ်ပေ။ အဖြူအမည်း နောက်ခံကြားတွင် ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ အကြီးပိုင်း အဆင့်မြင့်အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏အမူအရာမှာ အေးစက်နေပြီး အကြည့်များမှာ သီးသန့်ဆန်လှသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချုပ်ရိုးများဖြင့်ပြည့်နှက်နေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးကို ချုပ်ရိုးများဖြင့် ပြန်လည်ချုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။ ဓာတ်ပုံသည် အစွမ်းကျိန်စာတစ်ခုကို ထုတ်လွှင့်နေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ယင်းကို ကြာကြာစိုက်ကြည့်မိပါက ယင်းထဲသို့ ဆွဲဆောင်ခံရနိုင်ပေသည်။

“ဒါကလည်း ငါပဲလား”

လူသေဓာတ်ပုံတချို့သည် ကောင်းမင်အတွက် ရင်းနှီးနေသော်လည်း တချို့ကမူ သူ့အား ကြောက်လန့်စေသည်။ ပုံမှန်ကောင်းမင်သည် လူသေဓာတ်ပုံများထဲမှ ကောင်းမင်တစ်ဦးဦး ဖြစ်လာရန် မလိုလားသော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့်အရာကို သူထိန်းချုပ်မရနိုင်ပေ။ ဘတ်စ်ကားပေါ်ရှိ မီးသီးများ ပိတ်သွားခဲ့ချေပြီ။ ပုံမှန်ကောင်းမင်သည် သူ၏အလောင်းကို ဆွဲခေါ်၍ ဥမင်လိုဏ်ခေါင်းထဲသို့ လျှောက်လှမ်းလိုက်သည်။

“အဆုံးသတ်က ဘယ်မှာလဲ”

ပတ်ဝန်းကျင်သည် မှောင်မိုက်နေ၏။ သူရောက်လာသည့်လမ်းကြောင်း သို့မဟုတ် သူသွားနေသည့်လမ်းကြောင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ အားကိုးမှီခိုနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ကိုယ်ပိုင်အလောင်းသာ ဖြစ်သည်။ သူသည် သတ္တိရှိသူတစ်ယောက် မဟုတ်ခဲ့ပေ။ သို့သော်လည်း သူလက်လျှော့လာချင်လာသည့်အချိန်တိုင်း အခြားကောင်းမင်များ၏ ပုံရိပ်များက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ အခြားကောင်းမင်များသည် သူတို့၏ အသက်များဖြင့် လဲလှယ်ပေးခဲ့သောကြောင့် သူ ထိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် အခြားမှတ်တိုင်များ၌ အဆိုးဝါးဆုံး စိတ်ပျက်အားငယ်မှုများကို ခံစားနေကြရမည်ဖြစ်သည်။

ပုံမှန်ကောင်းမင်တွင် ရွေးချယ်စရာ မရှိပေ။ အဆုံးသတ်ကို ရောက်ဖို့ သူဆက်သွားရပေမည်။ သူ ချော်လဲသည်။ နံရံများကို တိုက်မိသည်။ သူသည် အကြိမ်တိုင်း ကိုယ့်ကိုယ်ကိုယ် အားပေးစကား ပြောနေခဲ့ရသည်။ အဘယ်ကြောင့် လူတိုင်းက သူ့အပေါ် မျှော်လင့်ချက်ထားကြသည်ကို သူမသိပေ။ သူသည် ကြင်နာတတ်သော ကောင်းမင် သို့မဟုတ် အခြားကောင်းမင်တစ်ဦးဦးကို အစားထိုး၍ ဘတ်စ်ကားပေါ်မှ စောစောဆင်းခဲ့သင့်ပေသည်။

မှောင်မိုက်မှု၊ တိတ်ဆိတ်မှုနှင့် အထီးကျန်မှု။

သူသည် သူ၏အလောင်းနှင့် စကားပြောစပြုလာတော့သည်။ အချိန်ကား အဓိပ္ပာယ်ကင်းမဲ့သွားခဲ့သည်။ သူ ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့သည်ကို မမှတ်မိတော့ပေ။ သူ မတော်တဆ လက်မြှောက်လိုက်မိသောအခါ နံရံပေါ်တွင် ကျောက်တုံးများမဟုတ်ဘဲ အေးခဲနေသော ရုပ်အလောင်းများကို သူသတိထားမိလိုက်သည်။ လူသားမျက်နှာတစ်ခုကို သူ ထိတွေ့မိလိုက်သည်။

“ဒီနံရံမှာ အလောင်းတွေ မြှုပ်ထားတာလား”

သူ ရပ်တန့်လိုက်သည်။ သူ သတ္တိမွေးလိုက်ပြီး လက်ကို ပြန်မြှောက်လိုက်သည်။ သူ၏ လက်ချောင်းသည် အလောင်း၏ မျက်ခုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့ကို ပွတ်သပ်မိလိုက်သည်။ ပုံမှန်ကောင်းမင်သည် တုန်လှုပ်သွားနိုင်သော အံ့မခန်းတွေ့ရှိမှုတစ်ခုကို တွေ့လိုက်ရလေသည်။ ၎င်းသည် သူ့ကိုယ်တိုင်၏ အခြားအလောင်းတစ်ခုပင်!။

ကောင်းမင်သည် သူ၏ဖုန်းမီးဖြင့် ထိုအလောင်းပေါ်သို့ ထိုးကြည့်ချင်သော်လည်း ထိုအချိန်တွင် သူ့ဖုန်းက တုန်ခါသွားလေသည်။ တစ်စုံတစ်ယောက်က မက်ဆေ့ပေးပို့လိုက်ခြင်းပင်။

“စောစောက လိုင်းမမိဘူးဆိုတာ ငါကျိန်ပြောရဲတယ်… သရဲက ငါ့ကို စာပို့နေတာလား”

ကောင်းမင်သည် သူ့အဝင်မက်ဆေ့များကို စိတ်ရှုပ်ထွေးစွာ စစ်ဆေးလိုက်သည်။ ကောင်းမင်သည် အခန်း (၁၃) မှ သူ့အတန်းဖော်များ၏ မက်ဆေ့ခ်ျဗုံးကြဲခံလိုက်ရသည်။ သူတို့အများစုသည် သူ့အား ရှေ့ဆက်မသွားရန်နှင့် ဘတ်စ်ကားပေါ် ပြန်တက်ရန် ပြောနေကြသည်။ မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းထဲတွင် ပုန်းကွယ်နေသောအန္တရာယ်များနှင့် ကောင်းမင် ယင်းတို့ကို တုံ့ပြန်မည့် ထူးဆန်းသောနည်းလမ်းများကို ဖော်ပြထားသဖြင့် မက်ဆေ့များသည် အလွန် အစစ်အမှန်ဆန်လေသည်။ထိုဖြစ်ရပ်ကြောင့် ကောင်းမင်သည် သူရူးလာနေပြီဟု ခံစားရစေသည်။

ပုံမှန်ကောင်းမင်၏ နှလုံးသားသည် ထိုမက်ဆေ့များကို ဖတ်ရင်း တုန်လှုပ်သွားသည်။ အမှောင်ထဲတွင် သရဲများက သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။ သူ့အတန်းဖော်များက သူပြန်လာရန် စောင့်ဆိုင်းနေကြသည်။ ဖုန်းခေါ်ဆိုမှုများ၊ စာတိုများနှင့် ဗီဒီယိုခေါ်ဆိုမှုများလည်း ရှိသည်။ ကျောင်းသားအများစုသည် ကောင်းမင်အား ‘ဘတ်စ်ကားဆီသို့ ပြန်လာစေရန်’ဟူသော ရည်မှန်းချက်တစ်ခုတည်းကိုသာ အောင်မြင်အောင် ကြိုးစားနေကြလေသည်။

“လူတိုင်း စာပို့ထားကြတာပဲ… မဟုတ်သေးဘူး ၊ ကောင်းယန်ရဲ့ မက်ဆေ့က ဘယ်မှာလဲ ၊ သူက ငါ့အတန်းဖော်လို့ ပြောခဲ့တတယ်၊သူက ဘာလို့ ငါ့ကိုပြန်လာဖို့ ဆွဲဆောင်တဲ့မက်ဆေ့မပို့တာလဲ”

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ပုံမှန်ကောင်းမင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် နံရံတစ်လျှောက်ရှိ ရုပ်အလောင်းများကို ထိတွေ့ရင်း သူ့အတန်းဖော်များ၏ ‘သတိပေးချက်များ’ ကို လျစ်လျူရှုထားလိုက်၏။ အချိန်ကြာမြင့်စွာ လျှောက်ခဲ့ပြီးနောက် ပုံမှန်ကောင်းမင်သည် စိတ်ဓာတ်ကျလုနီးပါး ခံစားလာရသောအခါ သူ၏လက်သည် နံရံပေါ်ရှိ အခေါင်းပေါက်အလွတ်တစ်ခုကို စမ်းမိလိုက်လေသည်။ ထိုအခေါင်းပေါက်သည် အလောင်းတစ်ခုနှင့် ကိုက်ညီလောက်အောင် ကြီးမားလေသည်။

“အလောင်းတစ်လောင်း ပျောက်နေတာလား ၊ ငါ ဒီမှာ မြှုပ်ခံရမှာလား”

သူသည် ထိုအပေါက်ထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်သော်လည်း သူ၏ခြေလက်များက ထူးဆန်းသော ထောင့်ချိုးများအဖြစ် ကွေးမရနိုင်ခဲ့ပေ။

၎င်းသည် မတော်တဆ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုအခိုက်အတန့်တွင် သူသယ်ဆောင်လာခဲ့သော အလောင်းသည် ရုတ်တရက် လျှောကျသွား၏။ ယင်း၏လက်မောင်းသည် သူ့အား နှုတ်ဆက်နေသကဲ့သို့ နံရံပေါ်တွင် လဲကျသွားလေသည်။ ခဏတာ တိတ်ဆိတ်သွားပြီး ပုံမှန်ကောင်းမင် သက်ပြင်းချလိုက်သည်။ သူသည် သူ၏အလောင်းကို ထိုအခေါင်းပေါက်ထဲသို့ ဖြည်းညှင်းစွာ တွန်းထည့်လိုက်သည်။ အလောင်းကို နံရံထဲတွင်ပြည့်စုံစွာ ထည့်လိုက်သောအခါ ၎င်းရင်ဘတ်ပေါ်ရှိ လူသေဓာတ်ပုံမှ သွေးကြောများကြီးထွားလာတော့သည်။ မကြာမီပင် သွေးကြောများသည် နံရံတစ်လျှောက် အခြားရုပ်အလောင်းများဆီသို့ တွားသွားလိုက်သည်။ တစ်စုံတစ်ခု ဆွဲဖြဲခံနေရသည်!။

ဒုတ်…ဒုတ်…ဒုတ်။

နှလုံးခုန်သံကား ဗုံတီးသံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲထွက်လာသည်။ များပြားလှသော သေဆုံးမှတ်ဉာဏ်များက ပုံမှန်ကောင်းမင်၏နှလုံးသားထဲသို့ ရုတ်တရက် စီးဝင်လာတော့သည်။ သူ့အတိတ်များသည် များပြားလွန်းလှသည်။ အတိတ်တစ်ခုစီသည် ဝမ်းနည်းဖွယ်ရာ သေဆုံးမှတ်ဉာဏ်များသာ ဖြစ်ပေသည်!။

မှောင်မိုက်နေသော ဥမင်လိုဏ်ခေါင်းသည် ထိုဖိအားကို ခံနိုင်ရည် မရှိပုံရပေ။ နံရံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ပုံမှန်ကောင်းမင် သူ့နှလုံးသားကို ဖိထားလိုက်သည်။ သူသည် ဖုန်းကို ပစ်ချလိုက်ပြီး ရှေ့သို့အစွမ်းကုန်ပြေးတော့သည်။

သူ့နောက်ရှိ ဥမင်လိုဏ်ခေါင်းမှာ ပြိုကျလာတော့သည်။ အမှောင်ထုသည် မောင်းထုတ်ခံလိုက်ရပြီး ပုံမှန်ကောင်းမင်၏ နှလုံးသားသည် အဆုံးမရှိသောအလောင်းများ၏ နှလုံးသားများနှင့်အတူ ပဲ့တင်ထပ်နေခဲ့သည်။ သူသည် နောက်ဆုံးအခိုက်အတန့်လေးတွင် ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ခွာနိုင်သည်အထိ မြန်သထက်မြန်အောင် ပြေးလိုက်သည်။

တံခါးနောက်ရှိ ကမ္ဘာတစ်ခုလုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ ပုံမှန်ကောင်းမင်သည် အပျက်အစီးများပေါ်တွင် ရပ်၍ နောက်သို့ လှည့်ကြည့်လိုက်သည်။ ကွေ့ကောက်သော လမ်းပေါ်တွင် အလင်းရောင်များ ထုတ်လွှင့်နေသည့်မှတ်တိုင်များ တစ်ခုပြီးတစ်ခု ရှိနေခဲ့သည်။ ၎င်းသည် သူ၏ဘဝတစ်ခုလုံးပင် ဖြစ်တော့သည်။

ပုန်ကန်တတ်သော ကောင်းမင်သည် ရွှံ့ထဲတွင် လဲလျောင်းနေပြီး ပါးစပ်မှသွေးများဖြင့် သူ့အား တစ်ချက်ကြည့်လိုက်သည်။

သေအံ့ဆဲဆဲ ကြင်နာတတ်သော ကောင်းမင်သည် လီစန်းပုဂ္ဂလိကကျောင်းရှိ ပြတင်းပေါက်တွင် မှီနေခဲ့သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

အသားကောင်းမင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာပြောင်းလဲနေပြီး လုဇန်အား လည်ပင်းမှ ဆုပ်ကိုင်ထားလေသည်။

“ဒါက ငါ့ရဲ့ အဆုံးသတ်လား… အရာအားလုံး စတင်ခဲ့တဲ့ နေရာဆိုတာလား…”

All Chapters