စီမံချက်များ
Vol. 26 Ch. 381
“ကျွန်တော် ကျွန်တော့်အတိတ်က စိတ်ပျက်အားငယ်မှုတွေ အားလုံးကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ကလေးအလောင်းခြောက်ကို ဖျက်ဆီးပစ်ခဲ့တယ် ၊ အဲ့ဒါက အတိတ်နတ်ဘုရားရဲ့ အလောင်းပဲ ဖြစ်မယ်၊ သူက လူတိုင်းရဲ့ မှတ်ဉာဏ်တွေကို စုပ်ယူနေခဲ့တာပဲ”
ပုံမှန်ကောင်းမင်သည် သူ့ကို လက်ဆောင်ပေးခဲ့သော လူငယ်ဘက်သို့ လှည့်ကာ ခေါင်းခါပြလိုက်သည်။
“မင်းဦးလေးက ဒီတံခါးနောက်မှာ မရှိဘူး ၊ သူက အတိတ်နတ်ဘုရားရဲ့ စားတာကို ခံရပြီးလောက်ပြီ”
ကောင်းမင်၏တိုက်ရိုက်ပြောဆိုမှုကြောင့် ထိုလူငယ်မှာ လက်ခံရန် ခက်ခဲသွားခဲ့သည်။ သူ အော်ဟစ်လိုက်ပြီး ငိုကြွေးတော့သည်။
နံရံပေါ်တွင် ပစ္စုပ္ပန်နှင့် အနာဂတ်တံခါးများသာ ကျန်ရှိတော့သည်။ အတိတ်တံခါးထဲသို့ ဝင်ရောက်သွားသူများသည် မည်သည့်အခါမျှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။
“ထာဝရဘဝအိမ်ရာတွေ ပြောင်းလဲသွားခဲ့ပြီ ၊ နင် အတိတ်နတ်ဘုရားကို တကယ်မသတ်နိုင်ခဲ့ဘူးဆိုရင်တောင် သူ့ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့တာပဲ”
လျိုယီသည် သွေးနီရောင်တံဆိပ်ကို ကိုင်ထားပြီး သူမ၏အေးစက်သော အကြည့်သည် အနည်းငယ် နွေးထွေးလာခဲ့သည်။
လျိုယီ၏ စကားကိုကြားသဖြင့် အဖွဲ့တစ်ခေါင်းဆောင်သည် အင်္ကျီစကိုဆွဲတင်၍ သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ နာရီဝတ်ထားသော သူ၏လက်ပေါ်တွင် မှေးမှိန်နေသော သရဲတက်တူးများ ပေါ်လာလေသည်။ အဆောက်အအုံအတွင်းရှိ ရွှံ့ရုပ်တုများက သူတို့၏ စွမ်းအားကို အပြည့်အဝ ဖိနှိပ်နိုင်ခြင်း မရှိတော့ပေ။
“ငါတို့ သရဲတက်တူးရဲ့ စွမ်းအားတွေ ပြန်ရလာပြီ ၊ ဒါပေမဲ့ ငါလုံခြုံတယ်လို့ တစ်စက်မှ မခံစားရဘူး ၊ တကယ်လို့ တစ်ခုခုရှိလာခဲ့ရင်တောင် ဒီနေရာကြီးက ပိုအန္တရာယ်များလာသလို ခံစားရတယ်”
အဖွဲ့တစ်ခေါင်းဆောင်သည် လျူယီကို တစ်ချက်ကြည့်လိုက်သည်။
“မင်းလည်း ဒီလို ခံစားရလား”
“ဒီ မူမမှန်ဖြစ်ရပ်မှာ ရုပ်တုနှစ်ခု ပါတယ် ၊ သူတို့ဟာ အရမ်းရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိတယ် ၊ သူတို့က တစ်စုတစ်စည်းတည်းလည်း မဟုတ်ဘူး”
လျိုယီက ကောင်းယန်ထံမှရခဲ့သည့် အတွင်းပိုင်းအချက်အလက်အချို့ကို မျှဝေလိုက်သည်။
“မင်းဘာကို ဆိုလိုတာလဲ”
“လောကမှာ ကြောက်စရာအကောင်းဆုံးအရာက ရှင်အတိတ်က မုန်းတီးခဲ့တဲ့ အရာအားလုံးဟာ အနာဂတ်ရဲ့အဖုံးအောက်မှာ ပြန်ပေါ်လာလိမ့်မယ်ဆိုတာပဲ ၊ ရှောင်လွှဲလို့ မရနိုင်ဘူး ၊ ရှင်ဟာ ရှင်ကိုယ်တိုင်ရဲ့ အဆိုးဝါးဆုံးဗားရှင်း ဖြစ်လာပြီး ရှင့်ကိုယ်ရှင်သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ ပိတ်မိနေတာပဲ”
လျိုယီသည် သွေးထွက်နေသော နံရံကိုထိတွေ့ရန် လက်လှမ်းလိုက်သည်။ နံရံများမှ ငိုကြွေးသံများ ထွက်ပေါ်လာ၏။
“အတိတ် ပျောက်ကွယ်သွားပြီးရင် မကြာခင်မှာ အနာဂတ်ရောက်လာလိမ့်မယ် ၊ ကျွန်မတို့မှာ အချိန်များများ မရှိဘူး”
သူတို့အပေါ် ဖိအားများ လျော့သွားသည်နှင့် အပေါ်ထပ်မှ ကြောက်မက်ဖွယ် အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာလေသည်။
“တစ်ယောက်ယောက်က အိမ်ငှားတွေကို သတ်ဖြတ်နေတာလား၊ ယွမ်ဟွေ့နဲ့ ကျန်တဲ့သူတွေများလား”
ကြင်နာတတ်သော ကောင်းမင်က ခေါင်းမော့လိုက်သည်။
“ငါတို့အတွက် စွမ်းအားတချို့ပြန်ရဖို့တောင် ခက်ခဲတယ် ၊ သူတို့က အတူတူပူးပေါင်းလုပ်ရမယ့်အစား နတ်ဘုရားတွေဘက်ကို ရွေးချယ်သွားခဲ့တာလား”
“သူတို့ကို လစ်လျူထားရှုပြီး ကျန်တဲ့ တံခါးနှစ်ခုကိုပဲ အာရုံစိုက်ရအောင်… ထွက်ပေါက်က ဒါတွေကြားထဲမှာ ရှိရမယ်”
လျိုယီသည် တစ်ဖန်အေးစက်သွားပြန်သည်။ ဟန်ဟဲ့ကိုယ်ပိုင်ကျောင်းမှ ထွက်ခွာလာပြီးနောက် သူမ၏ ကိုယ်ရည်ကိုယ်သွေးတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ သူမသည် ဘဝကိုပြောင်းလဲစေမည့် အရာတစ်ခုကို ကြုံတွေ့ခဲ့ရမည်ဖြစ်သည်။ ပုန်ကန်တတ်သော ကောင်းမင်မှလွဲ၍ မည်သည့်အရာကမှ သူမ၏နှလုံးသားကို လှုပ်ရှားစေနိုင်ခြင်း မရှိတော့ပေ။
“ကျွန်တော်တို့က နောက်ထပ် တံခါးတွေ ဖွင့်ရမှာလား”
ပုံမှန်ကောင်းမင်က နှုတ်ခမ်းစူလိုက်သည်။ သူသည် ဤတံခါးများကို အလွန်ကြောက်ပေသည်။
“ငါ အဆောက်အအုံတစ်ခုလုံးကို ရှာကြည့်ခဲ့ပြီးပြီ ၊ ဒီတံခါးသုံးချပ်ကလွဲရင် တခြားထွက်ပေါက် မရှိဘူး”
လျူယီက အတည်ပြုသည်။
“တံခါးတစ်ချပ်စီရဲ့ နောက်က အရာတွေက တူညီမှာမဟုတ်ဘူး ၊ အတိတ်တံခါးနောက်မှာ အတိတ်နတ်ဘုရားရဲ့ အလောင်း ရှိခဲ့တဲ့အတွက် ပစ္စုပ္ပန်တံခါးနောက်မှာ နတ်ဘုရားတွေရဲ့ ပစ္စုပ္ပန် အခြေအနေ ရှိနိုင်တယ်”
“ဖြစ်နိုင်တယ်”
ဒေါက်တာလီ ခေါင်းညိတ်လိုက်သည်။
“တံခါးသုံးချပ်ထဲမှာ ငါတို့က အတိတ်တံခါးကိုပဲ ဖွင့်နိုင်ခဲ့တယ် ၊ ကျန်တဲ့ တံခါးနှစ်ချပ်က ဒီလိုတုံ့ပြန်တာမျိုး မရှိခဲ့ဘူး”
“ကျွန်တော် တခြားလုပ်စရာလေးတွေ ရှိသေးတယ်၊ စူးစမ်းလေ့လာရေးအတွက်တော့ ကျွန်တော် မနေတော့ဘူးနော်”
ပုံမှန်ကောင်းမင်သည် ကြင်နာတတ်သောကောင်းမင်နောက်တွင် ပုန်းရန် လျှောက်သွားလိုက်သည်။ မှတ်ဉာဏ်များက သူ၏ဦးနှောက်ကို ပြည့်နှက်နေစေသဖြင့် ယင်းသည် ပေါက်ကွဲတော့မလို ခံစားရသည်။
“နင် လုံလောက်တာထက်ကို ပိုလုပ်ခဲ့ပြီးပါပြီ ၊ ကျန်တာကို ငါတို့လက်ထဲ ထားခဲ့လိုက်ပါ”
လျိုယီက ပစ္စုပ္ပန်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး တံခါးရှိအပေါက်မှ ပစ်ထည့်လိုက်သည်။
“ဒါ ခင်ဗျားရဲ့ လက်ဆောင်လား”
ပုံမှန်ကောင်းမင် အံ့အားသင့်သွားသည်။ လူတိုင်းသည် သူတို့၏လက်ဆောင်များကို ဂရုစိုက်ကြသော်လည်း လျိုယီကမူ သူမ၏လက်ဆောင်ကို ဂရုစိုက်ပုံမရပေ။
“မတုံးစမ်းနဲ့”
အဖွဲ့တစ်ခေါင်းဆောင်သည် ကောင်းမင်နှစ်ဦးအား လျိုယီနှင့်ဝေးရာသို့ ကာကွယ်လိုက်သည်။
“စောစောက စတုတ္ထထပ်မှာ အဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်လေ ၊ သူ အလောင်းတွေဆီက ပစ္စည်းတွေအများကြီး ခိုးနေတာကို ငါတွေ့ခဲ့တယ်၊ ဒီမိန်းမက တခြားလူတွေရဲ့ လက်ဆောင်တွေကို စုဆောင်းနေတာပဲ”
လျိုယီပေးလိုက်သော လက်ဆောင်အား တံခါးက စားသုံးလိုက်သည်။ တံခါးပေါ်ရှိ ပုံမှန်မဟုတ်သော နတ်ဘုရားပုံစံကွက်များသည် စတင်စုဝေးလာကြသည်။ ၎င်းတို့သည် ဖြည်းညင်းစွာဖြင့် လူတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲလာသည်။ တံခါးလက်ကိုင်သည်လည်း တဖြည်းဖြည်း ရွေ့လျားလာသည်။ ပုံသဏ္ဌာန်သည် ဆံပင်ရှည်များနှင့်လှပသော မျက်နှာတစ်ခု ရရှိလာလေသည်။ သူမသည် ပေါ့ပေါ့ပါးပါးဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး ကြီးမားသော ရင်သားများကိုပင် ပြန်လည် ပုံဖော်ထားသေးသည်။
“လျိုယီ ဖြစ်သွားပြီလား!”
တံခါးသည် သူ့ဘာသာသူ လှစ်ကနဲ ပွင့်သွားသည်။ အခန်းသည် မှောင်မိုက်နေ၏။ လူတိုင်းသည် တံခါးဝတွင် စုဝေး၍ လျိုယီကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူမလည်း စိတ်ရှုပ်နေလေသည်။ တံခါးနောက်တွင် မည်သည့်မကောင်းဆိုးဝါးသတ္တဝါမှ မရှိပေ။ ၎င်းသည် သူမအား အထဲသို့ဝင်ရန် အတင်းအကျပ် မလုပ်ပေ။ တံခါးကို ပွင့်လျက် ချန်ထားခဲ့သည်မှာ မည်သူမဆို ဝင်နိုင်သကဲ့သို့ ဖြစ်နေသည်။
“အတိတ်တံခါးက ဝင်လာတဲ့လူတွေရဲ့ မှတ်ဉာဏ်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားတာ၊ ဒီတံခါးက ပစ္စုပ္ပန်အရှိတရားဆီကို ဦးတည်နေတာများ ဖြစ်နိုင်မလား”
အိုးရန်စုစုက အကြံပြုသည်။
“မင်းက တကယ်အကောင်းမြင်တတ်တာပဲ! ကိစ္စတွေက ဒီလောက် လွယ်ပါ့မလားဟ”
ဒေါက်တာလီ ညည်းညူလိုက်သည်။ သူသည် ဇနီးသည်၏ မျက်စောင်းထိုးခြင်းနှင့် အားပျော့သော တံတောင်တွတ်ခြင်း ခံလိုက်ရသည်။
လျိုယီသည် အမှောင်ထုအား စိုက်ကြည့်ပြီး သူမလက်များကို တဖြည်းဖြည်းလှမ်းလိုက်သည်။ သူမ၏ လက်ချောင်းထိပ်များ တံခါးထဲသို့ ရောက်လုနီးပါး ဖြစ်ချိန်တွင် သူမရုတ်တရက် ပြန်ရုတ်လိုက်သည်။
တံခါး၏အခြားတစ်ဘက်ခြမ်း အမှောင်ထုထဲမှ ဖြူဖျော့နေသော လက်တစ်ဖက်လှမ်းထွက်လာသည်ကို လူတိုင်း မြင်လိုက်ရလေသည်။ ၎င်းသည် လျိုယီ၏လက်များကို ဆွဲလိုပုံရသည်။
၎င်းသည် လျိုယီအား ဖမ်းဆွဲရန် မအောင်မြင်သောကြောင့် အမှောင်ထုထဲသို့ ပြန်လည် လျှောဝင်သွားသည်။
“ဒါက ဘာကြီးလဲ ၊ အဲ့ဒါက ငါ့ကို တံခါးထဲ ဆွဲခေါ်ချင်နေသလိုပဲ”
လျိုယီက သူမ၏ လက်များကို ငုံ့ကြည့်လိုက်သည်။ အမှောင်ထုထဲမှ လှမ်းထွက်လာသော လက်ငါးချောင်းသည် သူမ၏လက်များနှင့် ဆင်တူလေသည်။ အမာရွတ်များ၏တည်နေရာပင် တူနေ၏။
လူတိုင်းသည် ဤဖြစ်ရပ်ကြောင့် ထိတ်လန့်သွားကြသည်။ ပစ္စုပ္ပန်တံခါးသည် မပိတ်သွားပေ။ ၎င်းသည် ရှိသမျှ လူအားလုံးကို စားသုံးပြီးမှသာ ပိတ်တော့မည့်ပုံရသည်။
“ကျုပ်တို့ တခြားတံခါးကို စမ်းကြည့်သင့်လား”
ဖန်လီသည် လျိုယီအနား မချဉ်းကပ်ဝံ့ပေ။ သူမအား တံခါးထဲ ထိုးထည့်လိုသည်ဟု သူမ ထင်သွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။
“ကောင်းပြီလေ”
လျိုယီက သူမ၏အိတ်ကပ်ထဲမှ မိန်းကလေးခေါင်းစည်းကွင်းတစ်ခုကို ထုတ်ယူလိုက်သည်။ သူမသည် ၎င်းကို အနာဂတ်တံခါးထဲ ပစ်ထည့်လိုက်သည်။ အတိတ်တံခါးနှင့် ဆင်တူစွာပင် တံခါးသည် အတွင်းမှ ပွင့်ဟလာခဲ့သည်။ သူမ တုံ့ပြန်နိုင်ခြင်း မရှိမီတွင် လျိုယီသည် ပြင်းထန်သောစွမ်းအားတစ်ခုဖြင့် အထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။
“ဒါက ဟုတ်တော့မဟုတ်ဘူး!”
အဖွဲ့တစ်ခေါင်းဆောင်က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
“အတိတ်တံခါးကို ကောင်းမင်မဖျက်ဆီးခင်တုန်းက သူဟာ တံခါးသုံးချပ်နားကို ကပ်တောင်မကပ်ချင်ခဲ့ဘူး ၊ သူ လက်ဆောင်တွေ အများကြီး စုဆောင်းထားတယ်ဆိုပေမယ့် ဘယ်တံခါးကိုမှ မစမ်းကြည့်ချင်ခဲ့ဘူး ၊ ဒါပေမဲ့ ကောင်းမင် ပထမဆုံးတံခါးကို ဖျက်ဆီးလိုက်ကတည်းက သူက ငါတို့ထက် ပိုတက်ကြွလာတော့တာပဲ”
“လျိုယီက ကျွန်တော်တို့ကို တစ်ခုခုဖုံးကွယ်ထားတာဖြစ်မယ်”
ကြင်နာတတ်သော ကောင်းမင်သည်လည်း လျူယီ၏ စိတ်အားထက်သန်မှုကို ခံစားမိသည်။
“တံခါးတွေနောက်မှာ သူလိုအပ်တဲ့တစ်ခုခု ရှိနေတာလား”
“မဟုတ်ဘူး ၊ ငါ သူ့ကို မယုံဘူး”
အဖွဲ့တစ်ခေါင်းဆောင်သည် သူ၏သရဲတက်တူးကို ထိတွေ့လိုက်သည်။ ခဏတာ တွေဝေနေပြီးနောက် သူသည် သွေးများပေကျံနေသော လက်ဆောင်တစ်ခုကို ထုတ်ယူပြီး အနာဂတ်တံခါးထဲသို့ ဝင်ရောက်သွားလိုက်သည်။