တိုက်ခိုက်ကြပြီ
Vol. 26 Ch. 383
“နောက်ထပ် တစ်လှမ်းဆက်တိုးရင် ငါရွှံ့ရုပ်တုကို ဖျက်ဆီးပစ်မယ်”
ဝမ်ကျားသည် ချောင်ပိတ်ပိတ်မိနေသော်လည်း သူ၏မျက်လုံးများမှာ ပင်လယ်ကဲ့သို့ တည်ငြိမ်နေလေသည်။ မည်သူကမျှ သူ၏အတွေးများကို ခန့်မှန်း၍ မရပေ။ တားမြစ်ဂိမ်းရှိ လုံခြုံရေး အဖွဲ့ဝင်များအားလုံး၏အဓိကခေါင်းဆောင်ဖြစ်သူ ဝမ်ကျားသည် သူ၏ဂုဏ်သတင်းသာမက သူ၏ သန်မာသော စွမ်းအားများအပေါ် အခြေခံ၍ ဤရာထူးသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။အစောပိုင်း အခိုက်အတန့်များ၌ အဆောက်အအုံထဲတွင် ရှင်းလင်းသော ပြောင်းလဲမှုများကို သူခံစားနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအချို့သည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သူ၏ သရဲတက်တူးသည် အပြည့်အဝပြန်မကောင်းသေးသော်လည်း ယင်း၏စွမ်းအားအချို့ကို စတင် အသုံးပြုနိုင်လာပြီဖြစ်သည်။
“ရွှံ့ရုပ်တုကို ပေးစမ်း! ငါ့ကို ပေးစမ်း!”
ဘွားဘွားသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုမူနေသည်။ သူမဝတ်ဆင်ထားသော အနီရောင် အဝတ်အစားများသည် အပြစ်မဲ့သူများ၏ သွေးများဖြင့်စိမ်ထားသကဲ့သို့ ခြောက်ခြားစရာကောင်းလောက်အောင် နီရဲနေလေသည်။
“ဝမ်ကျား ရုန်းကန်မနေပါနဲ့တော့ မင်းရဲ့ အဆုံးကို ရောက်နေပြီ”
ကျိုးကျွင်းသည် အလွန်တော်သည်။ ဝမ်ကျားက သူ့နောက်လိုက်လာမည်ကို သူ စိုးရိမ်သောကြောင့် အရူးဘွားဘွားကို အရင်သွားခွင့်ပြုလိုက်လေသည်။ အကယ်၍ ကောင်းမင်သည် အတိတ်တံခါးကို မဖျက်စီးဘဲ ထာဝရဘဝတိုက်ခန်းများကို အပြောင်းအလဲဖြစ်စေခြင်းမရှိခဲ့လျှင် ကျိုးကျွင်း၏ အစီအစဉ်များမှာ အဆင်ပြေနေမည်ဖြစ်သည်။ သို့သော်လည်း သူ၏စွမ်းအား ပြန်ရလာသည်ကို ခံစားမိသောအခါ သူစိုးရိမ်လာခဲ့သည်။
“အယောင်ဆောင် နတ်ဘုရားတွေ ငါ့ကို သတ်ချင်တာကတော့ ပုံမှန်ပဲ… ခြောက်ခြားဂိမ်းကစားသမားတွေ ငါ့ကို သတ်ချင်တာကိုတောင် ငါ နားလည်နိုင်တယ်၊ ဒါပေမဲ့ မင်းတို့ အားလုံးလည်း လုံခြုံရေးဌာနကအဖွဲ့ဝင်တွေပဲမဟုတ်လား… ဘာလို့ ငါ့အသက်ကို လိုချင်နေကြတာလဲ”
ဝမ်ကျားသည် အရာအားလုံးကို သိပေသည်။ သူ အချိန်ဆွဲချင်ရုံသာ။
“ကျင်းထောင်ရှန်းက ငါ သူ့ကို အာဏာအတွက်ယှဉ်ပြိုင်မှာကို စိုးရိမ်နေတာလား၊ အဲဒီ လူယုတ်မာကတော့… ငါမရှိတော့ရင် အရိပ်က ဟန်ဟိုင်းကိုဝါးမျိုသွားမှာကို သူမကြောက်ဘူးလား”
“မင်းရဲ့ငယ်သားတွေအသက်ရှင်ဖို့ မင်းသေပေးမှရမယ်”
ကျိုးကျွင်းက ရက်စက်သော အမှန်တရားကို ထုတ်ဖော်လိုက်သည်။
“ငါတို့က ဌာနချုပ်ရဲ့ ဓားတွေပဲ။ ဓားတစ်လက်က တွေးတောနေဖို့ မလိုဘူး။ မင်းရဲ့ အကြီးဆုံး အမှားက အများကြီး တွေးပြီး နည်းနည်းလေး လုပ်တာပဲ”
ဝမ်ကျား လှောင်ပြောင်လိုက်သည်။ သူသည် ရွှံ့ရုပ်တုကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။
“မင်းတို့ ငါ့ကို သတ်ပြီးရင် ရှင်းလုကလုံခြုံရေးအဖွဲ့ဝင်တွေကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ထင်နေတာလား”
“သူတို့ လူသားတွေ ဖြစ်နေသရွေ့ ဆန္ဒတွေ ၊ မိသားစုတွေနဲ့ အားနည်းချက်တွေ ရှိနေဦးမှာပဲ”
ကျိုးကျွင်းသည် အချိန်ထပ်မဖြုန်းချင်တော့ပေ။ သူ လက်ဝှေ့ယမ်းလိုက်သည်။
“ပိုင်ရှောင်၊ ဟယ်ကျင်း၊ သူ့ကို သတ်လိုက်တော့!”
သို့သော်လည်း သူတို့ နှစ်ဦးလုံး မရွေ့ခဲ့ကြပေ။ ကျိုးကျွင်း၏မျက်လုံးများ အေးခဲသွားသည်။
“ကျင်းထောင်ရှန်း ပြောတာကို မင်းတို့ မေ့နေပြီလား”
ကျိုးကျွင်းသည် ထိုလူနှစ်ဦးကို စေလွှတ်ရခြင်းမှာ သူတို့တွင် သူ့ရာထူးကို ခြိမ်းခြောက်နိုင်မည့် စွမ်းအားရှိပြီး ကျင်းထောင်ရှန်း၏ယုံကြည်မှုကို အပြည့်အဝမရရှိသေးသောကြောင့် ဖြစ်သည်။ ကြိမ်ဖန်များစွာတိုက်တွန်းပြီးနောက် နောက်ဆုံးတွင် ပိုင်ရှောင်ထွက်လာခဲ့သည်။ သူ၏လက်မောင်းတွင် ဧရာမဒဏ်ရာကြီးတစ်ခု ရှိနေသည်။ သူ့တွင် ထည့်သွင်းထားသော လူသေဓာတ်ပုံ အပိုင်းအစများကိုလည်း ကောင်းမင်၏အလောင်းထဲသို့ ပို့ဆောင်ထားခဲ့ပြီဖြစ်သည်။
“ကျုပ်တို့ ပြန်ဆုံပြန်ပြီနော်”
ဝမ်ကျားသည် ပိုင်ရှောင်ကို မြင်သောအခါ အနည်းငယ်တုန်လှုပ်သွားသည်။ နောက်ဆုံးအကြိမ်တွင် သူသည် ပိုင်ရှောင်အား ဓားကိုလက်လျှော့၍ သူ့နှင့် ပူးပေါင်းရန် ခြိမ်းခြောက်ခဲ့သေးသည်။အကြောင်းအရာများက အလွန်မြန်ဆန်စွာ ပြောင်းလဲသွားပြီး သူသည် ပိုင်ရှောင်၏လက်ထဲတွင် သေဆုံးတော့မည့် အခြေအနေဖြစ်နေခဲ့သည်။
“ဘဝကြီးက အရမ်းကို အဓိပ္ပာယ်မရှိတာပဲ။ ငါလည်း ကံကြမ္မာရဲ့ စွန့်ပစ်ခြင်း ခံလိုက်ရပြီလား”
ပိုင်ရှောင်သည် အတွင်းစိတ်ထဲ၌ ရုန်းကန်နေခဲ့သည်။ သူသည် ကောင်းမင်နှင့်အကြိမ်များစွာ မဆုံဖူးပါသော်လည်း ယွမ်ဟွေ့က ကောင်းမင်ကိုသတ်လိုက်သည်ဟု သိလိုက်ရသောအခါ စစ်ပွဲများစွာသူ့ဘေးနားမှ တိုက်ခိုက်ခဲ့သော အရေးပါသည့်မိတ်ဆွေတစ်ဦးကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။ ၎င်းသည် သူ့အား အလွန်အမင်း စိတ်ဓာတ်ကျစေပြီး သူနှင့်ပေါင်းစည်းထားသော ဆိုးယုတ်မှုနတ်ဘုရားကို သက်ရောက်စေခဲ့သည်။ စည်းမျဉ်းများ၏ဖိနှိပ်မှုသည် ဆက်ရှိနေသော်လည်း သူ့နှလုံးသားထဲမှ ဆိုးယုတ်မှုများပေါက်ကွဲထွက်လာပြီး ဓားတစ်ဝိုက်တွင် ရစ်ပတ်သွားသည်။ အဝေးမှ စောင့်ကြည့်နေသော ကျိုးကျွင်းသည် သူ့မျက်လုံးများကို မှေးလိုက်သည်။ ပိုင်ရှောင်အလေးအနက်ထားသောအခါ ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူကား ထိုလူကို အလွန်အမင်း အထင်သေးခဲ့ခြင်းဖြစ်သည်။
“နတ်ဘုရားတွေရဲ့ ဖိနှိပ်မှုကြားကနေ ဒီလိုစွမ်းအားကိုတောင် ထုတ်နိုင်တာလား!”
ယွမ်ဟွေ့အံ့အားသင့်သွားသော်လည်း သူသည် အခြားလုံခြုံရေးအဖွဲ့ဝင်တစ်ဦးဆီ လျင်မြန်စွာ လှည့်လိုက်သည်။
“ဟယ်ကျင်း မင်းနောက်မှာ ဆက်နေလို့မဖြစ်တော့ဘူးနော်။ ပိုင်ရှောင်ကို ကြည့်လိုက်ဦး”
“ဒါဆို မင်းတို့နှစ်ယောက် ဘာလို့ရှေ့မတိုးတာလဲ”
ဟယ်ကျင်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“အခန်း ၁၃ က အမှိုက်နှစ်ကောင်”
ဆိုးယုတ်မှုသည် မြင့်တက်လာလေသည်။ ဝမ်ကျား၏အမူအရာကား မှောင်မိုက်နေ၏။ သို့သော်လည်း မကြာမီ သူ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်လာလေသည်။အကြောင်းမှာ ပိုင်ရှောင်၏ နာကြည်းမုန်းတီးမှုသည် သူ့ဆီသို့ဦးတည်မနေသောကြောင့် ဖြစ်သည်။
“ကံကြမ္မာက ငါ့အတွက် တခြားလမ်းကြောင်းတစ်ခု စီစဉ်ပေးခဲ့သလိုပဲ”
သူ၏မျက်လုံးများက ပကတိအနက်ရောင် ပြောင်းသွားသည်။ ဝမ်ကျားသည် ဤအခြေအနေတွင် လူတိုင်း၏ကံကြမ္မာ ကြိုးမျှင်များကို မြင်နိုင်ပေသည်။ အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာနမှ လူများကို သူစစ်ဆေးလိုက်ပြီးနောက် ဝမ်ကျားသည် အစီအစဉ်တစ်ခုချလိုက်သည်။
သူ ပထမဆုံးလုပ်ဆောင်လိုက်သည့်အရာသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။ သူသည် အဖိုးတန်ရွှံ့ရုပ်တုအား ဟယ်ကျင်းဆီသို့ ပစ်လိုက်ခြင်းပင်!။
ရုပ်တုကိုပိုင်ဆိုင်ရခြင်းသည် အဆောက်အအုံအတွင်းရှိ စည်းမျဉ်းအများစုကို လျစ်လျူရှုနိုင်ပြီး နတ်ဘုရား၏လျှို့ဝှက်ချက်များကို တစ်ချက်မျှ ကြည့်ရှုနိုင်လေသည်။ ၎င်းသည် ထာဝရဘဝတွင် အရေးကြီးဆုံးသော ပစ္စည်းဖြစ်သည်။
ဟယ်ကျင်းသည် သူဘာမှမလုပ်ရဘဲ ဤမျှ ကြီးမားသော ‘လက်ဆောင်ကြီး’ ကို ရသွားသဖြင့် လန့်ဖျပ်သွားသည်။ ဘွားဘွားသူ့ဆီ လှည့်လာသောအခါ သူသည် ရုပ်တုကိုကိုင်၍ ပြေးထွက်သွားတော့သည်။ ကျိုးကျွင်း တွေးထားသကဲ့သို့ပင် ဟယ်ကျင်းနှင့် ပိုင်ရှောင်တို့သည် မကြာသေးမီကမှ အဖွဲ့ထဲဝင်ရောက်ခဲ့သောကြောင့် ကျင်းထောင်ရှန်းသည် သူတို့အား အပြည့်အဝ ယုံကြည်ခြင်းမရှိခဲ့ပေ။ သူတို့သည်လည်း သူ့အား အပြည့်အဝမယုံကြည်ပေ။ ဝမ်ကျားအား သတ်ဖြတ်ရခြင်းနှင့် နှိုင်းယှဉ်ပါက နတ်ဘုရား၏စွမ်းအားကို သူတို့ကိုယ်တိုင် စားသုံးခြင်းက ပိုဆွဲဆောင်မှု ရှိလေသည်။ ထို့အပြင် လက်ရှိအခြေအနေအရ သူမပါဝင်သော်ငြား ကျန်သုံးဦးသည် ဒဏ်ရာရနေသော ဝမ်ကျားကို အလွယ်တကူရှင်းလင်းနိုင်ကြမည်ဖြစ်သည်။
“ကျုပ် အဖွားကြီးကို အာရုံလွှဲသွားမယ် ၊ ဝမ်ကျားကို သတ်ဖို့ ခင်ဗျားတို့နဲ့ကျုပ် မပြိုင်ဆိုင်တော့ဘူး”
ဟယ်ကျင်း၏အသံက ကော်ရစ်ဒါအဆုံးမှ ထွက်ပေါ်လာသည်။ သူအလွန် လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
“ဟယ်ကျင်း!”
ကျိုးကျွင်း အော်ဟစ်လိုက်သည်။ သူ တစ်ခုခုမလုပ်နိုင်ခင် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ဝမ်ကျားသည် ပိုင်ရှောင်နောက်သို့မလိုက်ဘဲ သူ့ဆီသို့သာ တိုက်ခိုက်လာသည်ကို သတိပြုမိလိုက်သည်။
“ပိုင်ရှောင်နဲ့ ဝမ်ကျားက ရန်ငြိုးရှိတာ မဟုတ်ဘူးလား”
ကျိုးကျွင်း နားမလည်ခဲ့ပေ။ လူတိုင်းသည် ဝမ်ကျားကိုလိုက်ရှာနေသော်လည်း ဝမ်ကျား၏ပစ်မှတ်မှာ သူတစ်ဦးတည်း ဖြစ်သည်။
“သူ့ကို တားကြ!”
သူ အနီးရှိလက်နက်တစ်ခုကို ဆွဲကိုင်လိုက်သည်။ ကျိုးကျွင်းသည် ခန္ဓာကိုယ်ကြီးမားပြီး တိုက်ခိုက်ရေးကောင်းသည်။ သရဲတက်တူး မရှိဘဲနဲ့ပင် လက်ချင်းယှဉ်တိုက်ခိုက်ရာ၌ ဝမ်ကျားက သူ့အား အနိုင်ယူနိုင်မည်ဟု သူမထင်ပေ။ ကျိုးကျွင်း တိုက်ခိုက်လိုက်သည်။ သူ၏ဓားသည် ဝမ်ကျား၏ မျက်ခုံးနားမှ ပျံသန်းသွားကာ နံရံကိုထိမှန်သွားသည်။ ကျိုးကျွင်းသည် သက်လတ်ပိုင်းအရွယ်ဝမ်ကျား၏ လျင်မြန်ဖျတ်လတ်မှုကြောင့် အံ့အားသင့်သွားသည်။
“သူက ငါ့တိုက်ခိုက်ရေး ပုံစံတွေကို ဖတ်နိုင်တာလား”
သူ နောက်ထပ် တိုက်ကွက်တစ်ခု မထုတ်မီတွင် ကျိုးကျွင်းသည် ဝမ်ကျား၏လက်သီးချက်ကို ခံလိုက်ရသည်။ လက်သီးထိုးချက်သည် ပြင်းထန်ပါသော်လည်း ကျိုးကျွင်းကို တားဆီးရန် မလုံလောက်ပေ။ ကျိုးကျွင်း နောက်ထပ်ခုတ်ထစ်ရန် ကြိုးစားသောအခါ သူ့ရင်ဘတ်တွင် ဆစ်ခနဲ နာကျင်သွားသည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ၏ယူနီဖောင်းသည် အလွန်ပါးလွှာသော အနက်ရောင် သံချောင်းတစ်ချောင်းဖြင့် ထိုးဖောက်ခံထားရသည်ကို သူသတိပြုမိလိုက်သည်။ ၎င်းသံချောင်းသည် သူ့ရင်ဘတ်ထဲသို့ ဖောက်ဝင်နေလေသည်။
“ကျိန်စာသင့် ပစ္စည်းလား”
သူ၏ခြေလက်များမှာ စတင်ထုံထိုင်းလာပြီး အာရုံခံနိုင်စွမ်းဆုံးရှုံးလာတော့သည်။ ကျိုးကျွင်း၏ လုပ်ဆောင်ချက်များ နှေးကွေးသွား၏။ ဝမ်ကျားသည် သူ့ကိုသတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး နောက်ထပ် တိုက်ခိုက်မှုတစ်ခု စတင်လိုက်သည်။
“မကောင်းတော့ဘူး!”
ယွမ်ဟွေ့သည် ကျိုးကျွင်းကို မကျေနပ်သော်လည်း သူတစ်ယောက်တည်းဖြင့် ဝမ်ကျားကို ဖြိုချနိုင်မည် မဟုတ်ကြောင်း သိသည်။ သူသည် အခြားသူများကို အကူအညီတောင်းရန် လျင်မြန်စွာ ဆင့်ခေါ်လိုက်သည်။
ကျိုးကျွင်း အန္တရာယ်ကြုံနေရသော်လည်း ပိုင်ရှောင် မလှုပ်ရှားပေ။ ဆိုးယုတ်မှုများလွှမ်းမိုးထားသော သူ့မျက်လုံးများက ယွမ်ဟွေ့အား နောက်ကျောမှ ကြည့်နေလေသည်။ ဓားသည် ဖြည်းဖြည်းချင်း မြှောက်တက်လာသည်။ သူ၏မျက်လုံးများသည် ဆိုးယုတ်မှုစိတ်နှင့် တာဝန်ကြားတွင် လူးလာခေါက်တုံ့ ဖြစ်နေလေသည်။
“ကျင်းထောင်ရှန်းရဲ့ ရည်ရွယ်ချက်က ဝမ်ကျားနဲ့ ကောင်းမင်ကို သတ်ပစ်ဖို့ပဲ ၊ အခု ကောင်းမင် သေသွားပြီဆိုတော့ ဝမ်ကျားသေတာနဲ့ တာဝန်ပြီးမြောက်သွားပြီ”
ပိုင်ရှောင်သည် ကောင်းမင်၏ပုံပျက်ပန်းပျက် ရုပ်အလောင်းကို သယ်ဆောင်ထားသည်။
“ကျန်တဲ့သူတွေကတော့ ပဋိပက္ခထဲမှာ သေဆုံးသွားတာဟာ အရမ်းကိုကောင်းတဲ့ အကြောင်းပြချက်တစ်ခုပဲ”