ကံကြမ္မာလမ်းဆုံ
Vol. 26 Ch. 387
ကောင်းမင်လှိုင်းလုံးကြီးကြောင့် ပန်းချီဆရာကောင်းမင်၏သဘောထားမှာ ပြောင်းလဲသွား၏။သူသည် တစ်ဦးတည်းသောကောင်းမင် ဖြစ်လာရန်အတွက် သူတစ်ယောက်တည်းထွက်သွားလိုခဲ့ခြင်းဖြစ်သည်။
“မင်းတို့ငါ့ကို ဘယ်လိုရှာတွေ့တာလဲ”
ပန်းချီဆရာကောင်းမင်က သူ့လက်များကို ဖြည်းဖြည်းချင်း ပြန်ရုတ်၍ ရုပ်တုကို သူ့ရင်ဘတ်တွင်ပိုက်ထားလိုက်သည်။
“ငါတို့က သွေးချင်းဆက်နေတဲ့လူတစ်ယောက်တည်းပဲလေ ၊ တစ်ယောက်နှလုံးခုန်သံကိုတောင် တခြားတစ်ယောက်က ကြားနိုင်တယ် ၊ ဘယ်လိုလုပ် မင်းကို အန္တရာယ်တွေကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းလို့ ဖြစ်မှာလဲကွာ”
ကြင်နာတတ်သောကောင်းမင်က ယဉ်ကျေးစွာပြောလိုက်သည်။
ကော်ရစ်ဒါအလယ်ရှိ အခန်းသည် သိပ်မကျယ်ပေ။ ကောင်းမင်များဖြင့် ထိုအခန်းအား တစ်ယောက်တည်း ပြည့်သလောက် ဖြစ်နေလေသည်။ ပန်းချီဆရာကောင်းမင်အတွက် ထွက်ပြေးရန် လုံးဝမဖြစ်နိုင်တော့သောကြောင့် ကောင်းမင်တစ်ယောက်ချင်းစီ၏ မျက်နှာကို လိုက်ကြည့်လိုက်သည်။ ကောင်းမင်ပုံစံများစွာကို မြင်တွေ့ရပြီး သူအသိအမှတ်ပြုလိုက်သည်။ သူတို့အများစုမှာ အန္တရာယ်မရှိသော်လည်း အချို့မှာမူ သူ့အား စိုးရိမ်ပူပန်စေ၏။
စိတ်ရှုပ်ထွေးနေသောပန်းချီဆရာကောင်းမင်ထက် ဟယ်ကျင်းမှာမူ ကြောက်လန့်နေခြင်းဖြစ်သည်။ သူသည် နံရံနှင့်ကပ်နေခဲ့ပြီး ကောင်းမင်၏မျက်နှာပုံစံတူများ သူ့အကြည့်ထဲ ဝင်လာသည်နှင့်အမျှ အသက်ရှူကျပ်သလို ခံစားနေရသည်။ သူသည်ကား ကောင်းမင်ကြောက်ရောဂါ (Gao Ming-phobia) ခံစားရလုနီးပါး ဖြစ်နေတော့သည်။
“အနာဂတ်ဆိုတဲ့ သရဲက ဘယ်အချိန်မဆို ရောက်လာနိုင်တယ်။ မင်းဆုံးဖြတ်တာ ပိုကောင်းလိမ့်မယ်”
အသားကောင်းမင်က ရှေ့ဆုံးတွင် ရပ်နေခြင်းဖြစ်သည်။ သူ့တစ်ကိုယ်လုံးတွင် ဆုတောင်းစာများ ဖုံးအုပ်နေပြီး ပန်းချီဆရာကောင်းမင်ထက်ပင် ကြောက်စရာကောင်းနေသေးသည်။ ပန်းချီဆရာကောင်းမင်လည်း သူတို့အချိန်သိပ်မရှိတော့ကြောင်း သိသည်။ သူ၏ထောင်ချောက်သည် သရဲဘွားဘွားကို အချိန်ကြာကြာ ထိန်းထားနိုင်မည်မဟုတ်ပေ ။
“ကောင်းပြီလေ ၊ ငါ မင်းတို့အတွက် လမ်းပြပေးမယ်၊ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်”
ပန်းချီဆရာကောင်းမင်က ရွှံ့ရုပ်တုကို မြောက်ပြသည်။
“ရုပ်တုကို ငါကိုင်ထားမယ်၊ မင်းတို့ ဘယ်သူမှ ငါ့ဆီက လာမလုရဘူး ၊ အပြင်လူတစ်ယောက်ယောက်က လာလုဖို့ ကြိုးစားရင်လည်း ဝိုင်းတားပေးရမယ်”
“သေချာတာပေါ့။ ငါတို့က မူရင်းတစ်ခုတည်းက လာတာပဲလေ ၊ ဘာလို့ မင်းဆီကလုမှာလဲ”
အတည်ပြုချက် ရပြီးနောက် ပန်းချီဆရာကောင်းမင်က ရုပ်တု၏လည်ပင်းကို တင်းတင်းဆုပ်ကိုင်၍ ပစ္စုပန်တံခါးဆီသို့ ဦးတည်သွားလိုက်သည်။ လူတိုင်း အသက်အောင့်ပြီး သူ့ကို စိုက်ကြည့်နေကြသည်။ တစ်ခုရှိသည်က သူတစ်ယောက်တည်း ထွက်ပြေးသွားမှာကို ကြောက်သောကြောင့်ဖြစ်သည်။ နောက်တစ်ခုက တံခါးနောက်ကွယ်၌ မည်သည့်အရာများ ဖုံးကွယ်ထားကြောင်း သိလိုသောကြောင့် ဖြစ်သည်။
သာမန်ပုံစံရှိသော ရွှံ့ရုပ်တုသည် တံခါးအပြင်ဘက်ရှိ အမှောင်ထုနှင့် ထိတွေ့လိုက်သောအခါ အဆောက်အအုံအတွင်းရှိ နာရီများအားလုံး အလုပ်မလုပ်တော့သလို ဖြစ်သွားခဲ့သည်။ အချို့က နောက်ပြန်လှည့်သွားကြပြီး အချို့မှာမူ လက်တံများစတင်တုန်ခါလာလေသည်။ ရွှံ့ရုပ်တုအား ထာဝရဘဝတိုက်ခန်းမှ ထုတ်ယူလိုက်သည်နှင့် အချိန်စီးဆင်းမှုမှာ ရှုပ်ထွေးသွားလိမ့်မည်ဖြစ်သည်။
“ရွှံ့ရုပ်တုနှစ်ခုကို အတိတ်နဲ့ အနာဂတ်လို့ ခေါ်ပြီး နှစ်ခုစလုံးက အချိန်နဲ့ ဆက်စပ်နေတယ်၊ ဒီနာရီတွေမှာ အဓိပ္ပာယ်ကြီးကြီးမာမားတစ်ခု ရှိနေတာလား၊ ဒါတွေက နတ်ဘုရားတွေရဲ့ အစိတ်အပိုင်းတွေလား… ဒါမှမဟုတ် သင်္ကေတတွေလား”
ပန်းချီဆရာကောင်းမင်သည် မရပ်မနား တရွေ့ရွေ့သွားနေ၏။ သူသည် ရုပ်တု၏လည်ပင်းကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် အတိတ်၏ဦးခေါင်းကို လိမ်ချိုးမိတော့မတတ်ဖြစ်နေသည်။
“ထွက်သွားပြီ! သူ ထွက်သွားနေပြီ!”
ရွှံ့ရုပ်တုအနီးရှိ အမှောင်ထုများ ပျောက်ကွယ်သွားခဲ့သည်။ ရွှံ့ရုပ်တုသည် ကြောက်မက်ဖွယ်ကောင်းသော အနီရောင်တစ်ခု တောက်ပလာခဲ့သည်။ တံခါးပေါ်ရှိ နတ်ဘုရားပုံစံကွက်များနှင့် ရုပ်တုပေါ်ရှိ ပန်းချီပုံများ ထိပ်တိုက်တွေ့ဆုံလိုက်သည်။ ရုပ်တုအတွင်းမှ နားကွဲမတတ်စူးရှရှအော်သံတစ်ခု ပဲ့တင်ထပ်လာခဲ့ပြီး အဆောက်အအုံအတွင်းရှိ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
စတုတ္ထထပ်မှ ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။ ပန်းချီဆရာကောင်းမင်၏ အရေပြားပေါ်တွင် သွေးစများဖြင့်အက်ကြောင်းများ ပေါ်ထွက်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မကောင်းဆိုးဝါးသရဲပန်းချီပုံများက သူ့ဝိညာဉ်အား စားသုံးနေကြသဖြင့် စတင်ပုပ်ပွလာတော့သည်။
“ရွှံ့ရုပ်တုက အဘွားကြီးကို ဆင့်ခေါ်နေပြီ ၊ သူ ငါ့ထောင်ချောက်ထဲကနေ ထွက်နိုင်သွားပြီ!”
ပန်းချီဆရာကောင်းမင်သည် ရွှံ့ရုပ်တုက ထိုမျှပြင်းထန်စွာ တုံ့ပြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူ အံကြိတ်၍ ပစ္စုပန်တံခါး၏ ခြေနင်းခုံကို ဖြတ်ကျော်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှံ့ရုပ်တုက မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ရာ ထာဝရဘဝတိုက်ခန်း၏ မမြင်နိုင်သောစည်းမျဉ်းများ ပျက်စီးသွား၏။ အဆောက်အအုံအတွင်းရှိ လူတိုင်းသည် ရွှံ့ရုပ်တု မျက်လုံးဖွင့်လိုက်သည်နှင့် အစစ်အမှန်ကမ္ဘာကို မြင်တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အရိပ်များနှင့် မြူခိုးများ ဖုံးအုပ်နေလေသည်။ မူရင်းအိမ်ငှားများက သူတို့၏ယုံကြည်မှုကို ပေးအပ်ပြီးနောက် အတိတ်နတ်ဘုရား၏ပြောင်းလဲခြင်းကို ခံရပြီး မကောင်းဆိုးဝါးများ ဖြစ်လာကြသည်။ သူတို့အရေအတွက်မှာ အလွန်များပြားလှသည်။ သူတို့သည်လည်း အဆောက်အအုံအတွင်းရှိ အပြင်လူများကို ကြည့်နေကြလေသည်။ သူတို့က ဆာလောင်နေကြပြီး လောဘတကြီးဖြစ်နေကြသည်။ သူတို့သည် သူတို့၏အရိုးများကို ကြေမွအောင်ဝါးစား၍ အသွေးအသားများကို စုပ်ယူလိုကြသည်။
“အတိတ်ကိုလည်း မကြောက်နဲ့၊ အနာဂတ်ကိုလည်း မကြောက်နဲ့။ ထွက်ပေါက်က ပစ္စုပန်မှာပဲ”
အသားကောင်းမင်က လုဇန်နှင့်စကားပြောခဲ့ပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
“ဒါကြောင့် အတိတ်တံခါးကို မဖျက်ဆီးခင် ပစ္စုပန်တံခါးကို မဖွင့်နိုင်တာပဲ၊ အံ့ဩစရာမရှိဘူး ၊ ပစ္စုပန်တံခါးက ထွက်ပေါက်ဖြစ်နေတာကိုး”
ဖန်လီက ယင်းကိုကြားသောအခါ သက်ပြင်းချလိုက်သည်။ ဤမူမမှန်ဖြစ်ရပ်သည် အလွန်ခက်ခဲသည်။ ပြင်ပလူတစ်ယောက် ဝင်ရောက်လာသည်နှင့် သူတို့၏ စွမ်းအားများကို ရုတ်သိမ်းခံရမည်ဖြစ်သည်။ သူတို့သည် သာမန်လူသားတစ်ဦးအနေဖြင့် ရှင်သန်ရမည်။ တစ်ယောက်ကိုတစ်ယောက် အမဲလိုက်ခြင်းမှ ရှောင်တိမ်း၍ အတိတ်တံခါးကို အကြိမ်ကြိမ်စိန်ခေါ်ရန်အတွက် သူတို့၏ တန်ဖိုးအရှိဆုံးသော မှတ်ဉာဏ်ကို လက်မှတ်အဖြစ် ပေးအပ်ရမည်။ အတိတ်တံခါးကို ဖျက်ဆီးနိုင်သည်အထိ ကံကောင်းခဲ့လျှင်ပင် သရဲများ ၊ သစ္စာဖောက်များ၏လက်ချက်ဖြင့် အသတ်မခံရမီ လျှို့ဝှက်သော့ချက်ဖြစ်သည့် အတိတ်နတ်ဘုရား၏ရုပ်တုကို ရှာဖွေရဦးမည်ဖြစ်သည်။ ကြောက်စရာအကောင်းဆုံးအရာမှာ ဤမျှနှင့် မပြီးဆုံးသေးခြင်းပင်။ သူတို့သည် မူမမှန်ဖြစ်ရပ်၏ စည်းမျဉ်းများကို ခဏသာ ဖယ်ရှားနိုင်ခဲ့ပြီး အနာဂတ်၏မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုမျှော်လင့်ချက် တစ်စွန်းတစ်စလေးအတွက် ဤမျှကြိုးစားခဲ့ကြရခြင်းဖြစ်သည်။
“ဒီမကောင်းဆိုးဝါးတွေက ရုပ်တုကို ကြောက်နေပုံပဲ”
ပန်းချီဆရာကောင်းမင်သည် ထာဝရဘဝတိုက်ခန်းမှ ပထမဆုံးထွက်သွားသူဖြစ်သည်။ သူသည် သန္ဓေပြောင်းနံရံ၊ နံရံတစ်ဖက်ရှိ လူချမ်းသာရပ်ကွက်နှင့် မီတာတစ်ရာခန့်အကွာရှိ ဂိတ်ပေါက်ကို သတိပြုမိလိုက်သည်။
“ကျန်တဲ့ကောင်းမင်တွေကို အဆောက်အအုံထဲမှာနေဖို့ ဖိအားပေးခံရမယ်ဆိုရင် ငါပဲ အစစ်အမှန်ကောင်းမင် ဖြစ်လာလိမ့်မယ်”
ပန်းချီဆရာကောင်းမင် လှေကားပေါ်မှ ပြေးဆင်းရန် ပြင်လိုက်စဉ် ရုပ်တုပေါ်ရှိ နတ်ဘုရားပုံစံကွက်များက သူ့ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွား၏။ ၎င်းတို့သည် သစ်ပင်အမြစ်များကဲ့သို့ သူ့ဝိညာဉ်ထဲ တွင်းဝင်သွားပြီး သူပိုင်ဆိုင်သမျှ အရာအားလုံးကို စုပ်ယူသွား၏။ ရုပ်တု၏ အကာအကွယ်မရှိပါက သူ့အား မူရင်းအိမ်ငှားများက ချက်ချင်း ဆုတ်ဖြဲပစ်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း သူသာရုပ်တုကို ဆက်လက်ဆုပ်ကိုင်ထားပါက ရုပ်တုက သူ့အား နောက်ဆုံးတွင် ခြောက်ကပ်အောင် စုပ်ယူပစ်လိမ့်မည်ဖြစ်သည်။
“ဟယ်ကျင်း!”
ပန်းချီဆရာကောင်းမင်က ဟယ်ကျင်းကို ပေးထားသည့် ကတိကို သတိရလိုက်သည်။
“အခုအချိန်ပဲ!”
ဟယ်ကျင်း တုန်လှုပ်သွားခဲ့သည်။ ပန်းချီဆရာကောင်းမင်က သူ့ကို မှတ်မိနေသေးသည့်အတွက် အံ့ဩသွားမိသည်။ သူ ပန်းချီဆရာကောင်းမင်ဆီသို့ အပြေးသွားလိုက်သည်။ သူတို့သည် အလွန်နီးနေသော်လည်း ဟယ်ကျင်းမှာ အဆောက်အအုံအပြင်ဘက်ရှိ မကောင်းဆိုးဝါးများ၏ ဖမ်းခံလုနီးပါး အကြိမ်အနည်းဖြစ်ခဲ့ရသည်။ သူနောက်ကျောတစ်လျှောက် ချွေးအေးများဖြင့် စိုရွှဲနေပြီး နောက်ဆုံးတွင် ပန်းချီဆရာကောင်းမင်ဘေးသို့ ရောက်ရှိသွားခဲ့သည်။
“ငါ တကယ် ကံကောင်းတာပဲ”
ဟယ်ကျင်းမှာ ဘာမှပြောချိန်မရလိုက်ဘဲ ပန်းချီဆရာကောင်းမင်က ရုပ်တုကို လက်လွှဲပေးလိုက်၏။ နတ်ဘုရားပုံစံကွက်များက သူတို့နှစ်ဦးလုံးထံ ပျံ့နှံ့သွားတော့သည်။ အနီးနားရှိ သရဲများ သူတို့နှစ်ဦးထံ မချဉ်းကပ်နိုင်တော့ပေ။ အတိတ်နတ်ဘုရား၏ နတ်ဘုရားပုံစံကွက်များသည် ထိုမကောင်းဆိုးဝါးများ မစော်ကားဝံ့သော အရာတစ်ခုဖြစ်သည်။ ၎င်းသည် ကိစ္စကောင်းတစ်ခုဖြစ်သော်လည်း ဟယ်ကျင်းသည် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ဆွဲဆုတ်ခံနေရကြောင်း သတိပြုမိလိုက်သည်။ သူ၏ မှတ်ဉာဏ်များစွာသည် ရုပ်တုထဲသို့ စီးဝင်နေခဲ့သည်။
“ချီးပဲ”
သူ ထွက်ပြေးချင်သော်လည်း သူ့ခန္ဓာကိုယ်က သူ့စကားကို နားမထောင်တော့ချေ။ ပန်းချီဆရာကောင်းမင်သည်လည်း ရွှံ့ရုပ်တုကို ပစ်ချပြီး ထွက်ပြေးချင်သော်လည်း နတ်ဘုရားပုံစံကွက်များက သူ့ခန္ဓာကိုယ်အား ချုပ်နှောင်ထားသည်။ သူ့အရေပြားများ ကွဲအက်လာခဲ့ပြီး မလှုပ်ရှားနိုင်တော့ချေ။
ပန်းချီဆရာကောင်းမင်နှင့် ဟယ်ကျင်းတို့၏ အခြေအနေသည် လူတိုင်း၏အာရုံစိုက်မှုခံရသော်လည်း မည်သူကမှ သူတို့ကို ကူညီရန်မဝံ့ရဲကြချေ။ ထွက်ပေါက်သည် မီတာတစ်ရာပင် မဝေးတော့သော်လည်း လူတစ်ဦးတစ်ယောက်တည်းဖြင့် ရောက်ရှိနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်အား ရပ်ကွက်ပြင်ပသို့ ထုတ်ပေးရန်မှာ လူများစွာ စတေးရပေလိမ့်မည်။ သို့သော်လည်း ဘယ်သူက ထိုမျှလောက်ထိ ကိုယ်ကျိုးစွန့်နိုင်မည်နည်း။
အဆောက်အအုံအတွင်းရှိ လုံခြုံရေးအဖွဲ့ဝင်များနှင့် ခြောက်ခြားဂိမ်းကစားသမားများသည် စုံစမ်းစစ်ဆေးရေးဌာနမှ ကတိပေးထားသော ဆုလာဘ်များအတွက် ရောက်လာကြခြင်းဖြစ်သည်။ အဖွဲ့များစွာသည်လည်း ယာယီဖွဲ့စည်းထားခြင်းသာ။ ဒေါက်တာလီနှင့်ဇနီးပင် ပန်းချီဆရာကောင်းမင်ကို ထုတ်ပေးရန်အတွက် သူတို့၏အသက်များကို စတေးရန်တွန့်ဆုတ်နေမည်ဆိုလျှင် ကျန်လူများအကြောင်း ပြောစရာမလိုတော့ချေ။
ပစ္စုပန်တံခါးပွင့်သွားပြီး သော့ချက်ကို ရှာတွေ့ခဲ့သော်လည်း မျှော်လင့်ချက်သည် အလွန်ဝေးကွာနေဆဲဖြစ်သည်။
“ဒီ အတိတ်နတ်ဘုရားက တကယ်ရွံစရာကောင်းတာပဲ”
ပန်းချီဆရာကောင်းမင်က ကျိန်ဆဲလိုက်သည်။
ပန်းချီဆရာကောင်းမင် လက်လျှော့တော့မည့်အချိန်တွင် ကောင်းမင်များအားလုံး ရပ်ကွက်ပြင်ပရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
သူတို့၏ ဒိုင်ယာရီများအားလုံးတွင် အရာတစ်ခုကို ဖော်ပြထားသည်။ ၎င်းမှာ သူတို့၏ကံကြမ္မာ လမ်းဆုံဖြစ်သည်။ သူတို့သည် နောက်တစ်ရက်တွင် အတန်းလိုက်လှုပ်ရှားမှုသို့ တက်ရောက်ရမည် ဖြစ်သည်။ သူတို့သည် နေမထွက်မီ ကျောင်းသို့သွားမည့် ဘတ်စ်ကားကိုစီးရန် ထိုမှတ်တိုင်သို့ ရောက်ရှိနေရမည် ဖြစ်သည်။