ငါဖြစ်လာခြင်း
Vol. 26 Ch. 388
“ထာဝရဘဝအိမ်ရာအပြင်ဘက်က ဘတ်စ်ကားမှတ်တိုင်…”
ကောင်းမင်းများအားလုံး၏ အကြည့်သည် တစ်နေရာတည်းတွင် စုဝေးသွားကြသည်။ စတုတ္ထထပ် ဓာတ်လှေကားထဲတွင် ပိတ်မိနေသော သရဲဘွားဘွားသည် လွတ်မြောက်လာတော့မည်ဖြစ်သည်။ အနာဂတ်ဟုခေါ်သော မကောင်းဆိုးဝါးသည်လည်း အချိန်မရွေးရောက်ရှိလာနိုင်၏။ ထွက်ပေါက်အပြင်ဘက်တွင်ရှိနေသော ပန်းချီဆရာကောင်းမင်နှင့် ဟယ်ကျင်းတို့မှာ အချိန်ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်ချေ။သူတို့ သေဆုံးသွားပါက ရွှံ့ရုပ်တုသည် အဆောက်အအုံအပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး အဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။
“ငါတို့သာထွက်သွားရင် သေလိမ့်မယ် ၊ အတိတ်နတ်ဘုရားက အရမ်းကောက်ကျစ်တယ်နော်၊ ငါတို့အထဲမှာ နေမယ်ဆိုရင် အခွင့်အရေးတစ်ခုရှိသေးတယ်”
ဖန်လီက ဖြောင်းဖျရန်ကြိုးစားနေသော်လည်း ကောင်းမင်တို့၏ ပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်ကို လျှော့တွက်မိသည်။
“ဖြစ်နိုင်ပါတယ် ၊ ငါတို့ တစ်ခါလောက်စမ်းကြည့်ဖို့ အခွင့်ရေးရှိနိုင်သေးတယ်”
အသားကောင်းမင်က ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။သူ့အမူအရာသည် အလွန်အလေးအနက်ဖြစ်နေ၏။အခြားကောင်းမင်များက အသားကောင်းမင်ပြောသည်ကို နားလည်ကြသည်။တကယ်တမ်းတွင် သူတို့သည် အတိတ်တံခါးအတွင်းတွင် တူညီသောအရာကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။သို့သော်လည်း ဤသည်မှာ လက်တွေ့ဘဝဖြစ်သည်။သူတို့ကျရှုံးလျှင် သေရမည်ဖြစ်သည်။
“မရူးစမ်းနဲ့”
ဖန်လီက အသားကောင်းမင်၏တံတောင်ဆစ်ကို ဖမ်းဆွဲလိုက်သည်။သူက အသားကောင်းမင်အား အခြားကောင်းမင်များကို ဖြောင်းဖျစေချင်သော်လည်း သူတို့အားလုံးပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်ရှုနေကြကြောင်း သဘောပေါက်လိုက်သည်။သူတို့အကြည့်များတွင် သူနားမလည်နိုင်သော ခံစားချက်တစ်ခုရှိနေလေသည်။သူတို့သည် ဘဝတွင် မတူညီသောရွေးချယ်မှုများကို ကိုယ်စားပြုသော်လည်း ထိုအခိုက်အတန့်တွင် တူညီသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပုံရသည်။ထိုရွေးချယ်မှုအတွက် အကြိမ်မည်မျှပင် မေးခွန်းထုတ်စေကာမူ သူတို့ယိမ်းယိုင်လိမ့်မည် မဟုတ်ချေ။
“ပန်းချီဆရာကောင်းမင်ရဲ့ ဝိညာဉ်က အတိတ်နတ်ဘုရားကြောင့် ခြေမွခံရတော့မယ် ၊ ငါ ရုပ်တုကို သူ့ဆီက သွားယူမယ် ၊ ငါမထိန်းနိုင်တော့ရင် နောက်တစ်ယောက်က ငါ့ဆီကဆက်ယူလိမ့်မယ်”
အသားကောင်းမင်က ခိုင်မာစွာကြေညာလိုက်သည်။
“မင်းတို့ဒါကို သေချာစဉ််းစားရမယ် ၊ ဒီတံခါးကနေ ခြေတစ်လှမ်းထွက်လိုက်တာနဲ့ ပြန်လမ်းရှိတော့မှာ မဟုတ်ဘူး”
ကြင်နာတတ်သောကောင်းမင်က အားလုံး၏မျက်နှာများကို ဝေ့ကြည့်လိုက်သည်။
“ငါတို့မှာ အဆုံးသတ်နှစ်ခုပဲ ရှိတယ် ၊ ပထမ ငါတို့ဟာ နတ်ဘုရားရဲ့အပြစ်ပေးမှုကို ခံယူပြီး အနည်းဆုံး ငါတို့ထဲက တစ်ယောက်ကို မှတ်တိုင်ဆီပို့ပေးရမယ် ၊ဒုတိယ ငါတို့အားလုံး မှတ်တိုင်ကို သွားတဲ့လမ်းမှာ သေမယ် “
ဓာတ်လှေကားဆီမှ သရဲဘွားဘွား၏ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ပန်းချီဆရာ ကောင်းမင်မှာ ရုပ်တု၏စုပ်ယူခြင်းခံနေရသည်နှင့်အမျှ သရဲဘွားဘွားမှာ စွမ်းအားများပိုရရှိလာသည်။
“ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ၊ မှတ်တိုင်ကို ရောက်ကိုရောက်ရမယ် ၊ သွားကြစို့ဟေ့”
အသားကောင်းမင်နှင့် ကြင်နာတတ်သောကောင်းမင်တို့က လမ်းကြောင်းကို ဦးဆောင်၍ တုံ့ဆိုင်းခြင်းမရှိဘဲ အမှောင်ထုထဲတိုးဝင်လိုက်ကြသည်။နောက်ထပ်ဖြစ်ပျက်လာသော အရာသည် ကစားသမားအားလုံးနှင့် လုံခြုံရေးအဖွဲ့ဝင်များကို ထိတ်လန့်သွားစေခဲ့သည်။ မတူညီသော ကောင်းမင်များသည် အကြောက်တရားနှင့်သေခြင်းတရားကို ဂရုမစိုက်တော့ပဲ အမှောင်ထုထဲသို့ ပြေးဝင်သွားကြတော့သည်။
ကောင်းမင်အချို့မှာ ထွက်ပေါက်ထွက်လိုက်သည်နှင့် သရဲများ၏ဆွဲဆုတ်ခြင်းခံလိုက်ရသည်။ သို့သော်လည်း ကောင်းမင်အများစုက ရုပ်တုကို ထိတွေ့လိုက်ပြီဖြစ်သည်။
“ငါ့ကိုပေး”
နတ်ဘုရားပုံစံကွက်များက ကောင်းမင်အားလုံးထံပျံ့နှံ့သွားသည်။သို့သော်လည်း ရွှံ့ရုပ်တုကိုကိုင်ထားသူသာ အများဆုံးသက်ရောက်ခံရသည်။သူတို့ကား အတိတ်နတ်ဘုရားကို တကိုယ်တည်းရင်ဆိုင်နေကြလေပြီ။ရုပ်တုကို ကိုင်ဆောင်ထားသော အသားကောင်းမင် ခန္ဓာကိုယ်ပေါ်ရှိ ဆုတောင်းစာများသည် သွေးများစတင်ပန်းထွက်လာ၏။သူသည် ထောင်ပေါင်းများစွာသော လှီးဖြတ်မှုများကို ခံစားနေရဟန်ရှိလေသည်။သားစားကြူးနတ်ဘုရား၏ ဒေါသတကြီးဟိန်းဟောက်နေသံကို သူကြားနေရသည်။
ရွှံ့ရုပ်တုကား လေးသထက်လေးလာပေသည်။သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို စုပ်ယူခြင်းခံလိုက်ရသည်။အသားကောင်းမင်သည် ခြေလှမ်းငါးလှမ်း လှမ်းလိုက်ပြီးနောက် သူ့မျက်နှာမှာ ပုံပျက်ပန်းပျက်ဖြစ်လာတော့သည်။ခြောက်လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်ပြီး သူလဲကျသွား၏။အနီးအနားရှိ ဆာလောင်နေသော သရဲများက သူ့ထံခုန်ဝင်လိုက်ကြသည်။ ကံကောင်းစွာဖြင့် ဆရာဝန်ကောင်းမင်က ရုပ်ထုကို ပြန်ကိုင်လိုက်သည်။
ရွှံ့ရုပ်တုသည် အိမ်ရာနှင့် ဝေးကွာလာသည်နှင့် ရုပ်တုပေါ်မှ သွေးရောင်အလင်းများပိုမိုတောက်ပလာလေသည်။ ရုပ်တု၏ အသွင်အပြင်သည် ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သူခြေနှစ်လှမ်းသာ လှမ်းရသေးသော်လည်း ဆရာဝန်ကောင်းမင်၏ နှလုံးမှာ ပေါက်ကွဲလုမတတ်ဖြစ်လာခဲ့သည်။သူအသိစိတ်က ဝေဝါးသွားရသည်။သူသည် နတ်ဘုရား၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။သူသာ ရွှံ့ရုပ်တုကို လွှတ်ချလိုက်ပါက အနီးနားတွင် ဝန်းရံနေသောသရဲများက သူတို့ကို ဝါးမြိုသွားပေလိမ့်မည်။ရွှံ့ရုပ်တု၏ အကာအကွယ်တစ်ခုသာလျှင် သူတို့အနီးသို့ မချဉ်းကပ်နိုင်အောင်တားဆီးထားသည်။သို့သော်လည်း ရွှံ့ရုပ်တုက သူတို့၏ မှတ်ဉာဏ်နှင့်ဝိညာဉ်ကို တက်ကြွစွာစားသုံးနေခဲ့သည်။
ပုန်ကန်တတ်သောကောင်းမင်က သူအင်္ကျီကြယ်သီးကို ဆုတ်ဖြဲလိုက်ပြီး ရွှံ့ရုပ်တုကို ဖမ်းကိုင်လိုက်၏။သူသည် စုဝေးလိုသည့် အော်ဟစ်သံတစ်ခုဖြင့် ရှေ့သို့ပြေးတက်သည်။သို့သော်လည်း ရုပ်တု၏ ခြောက်ခြားမှုကို သူလျှော့တွက်မိသည်။သူ၏ မရဏဘုံထဲမှ ထွက်ခွာခြင်းကို ရပ်တန့်၍ ကောင်းမင်အားဖိနှိပ်နိုင်ရန် အတိတ်နတ်ဘုရားသည် သူ၏နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။ပုန်ကန်တတ်သောကောင်းမင်သည် ကျိန်စာတိုက်ခံလိုက်ရသကဲ့သို့ ဒူးများကောက်ကွေးသွား၏။သူသည် တောင်တစ်လုံးကို ထမ်းထားရသကဲ့သို့ဖြစ်နေပြီး မလှုပ်ရှားနိုင်တော့ချေ။
မတူညီသောကောင်းမင်များက ထိုနည်းလမ်းကိုသုံး၍ ရှေ့သို့ လမ်းခင်းနေကြသည်။အရူးကောင်းမင်က ရုပ်တုမျက်နှာကို ကိုက်ချလိုက်သည်။သူ ရုပ်တုကို ဖျက်ဆီးချင်နေခြင်းဖြစ်သည်။သို့သော်လည်း ရုပ်တုသည် အိမ်ရာနှင့်အကွာအဝေးတစ်ခုအတွင်းရှိနေသရွေ့ အလိုလိုပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သူသတိပြုမိသည်။၎င်းအား အပြည့်အဝဖျက်ဆီးနိုင်မည့် တစ်ခုတည်းသောအခွင့်အရေးမှာ ၎င်းကို ထာဝရဘဝအိမ်ရာအပြင်ဘက် ထုတ်သွားရန်ဖြစ်သည်။
မည်သည့်ကောင်းမင်တစ်ဦးကမှ နောက်မဆုတ်ကြချေ။အဆောက်အအုံအတွင်းရှိ ခြောက်ခြားဂိမ်းကစားသမားများမှာ အံ့အားသင့်နေကြပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။ ကောင်းမင်ဟူသော အမည်နာမသည် မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူတို့ကိုယ်တိုင်မြင်တွေ့ခဲ့ရချေပြီ။
သေဆုံးနေသော နတ်ဘုရားများသည် ယုံကြည်မှုများကိုစုတ်ယူ၍ ကောင်းမင်အားဖိနှိပ်နိုင်ရန် သူတို့၏နတ်ဘုရားအာရုံကို အသုံးပြုခဲ့ကြသည်။အရာအားလုံးကိုဆုံးရှုံးထားသောကောင်းမင်သည် သာမန်လူတစ်ယောက်သာဖြစ်သည်။သို့သော်လည်း သူသည် ခြေတစ်လှမ်းတိုင်းကို သူ့သေဆုံးမှုတိုင်းဖြင့် အလဲအထပ်ပြုနေခဲ့လေသည်။
ကောင်းမင်များ ထွက်ပေါက်အပြင်ဘက်သို့ ပြေးထွက်သွားသောအခါ မည်သူကမှ သူတို့အပေါ် မျှော်လင့်ချက်မထားခဲ့ပေ။ဖန်လီသည်ပင် ယင်းကိစ္စကို ဖြောင်းဖျရန်ကြိုးစားခဲ့သေးသည်။ သို့သော် ထိုအခိုက်အတန့်က သူတို့၏စိတ်များကို စတင်ပြောင်းလဲစေခဲ့သည်။သာမန်လူတစ်ယောက်၏ ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ကောင်းမင်သည် ကံကြမ္မာကိုစိန်ခေါ်ရာတွင် အမှန်တကယ်အောင်မြင်နိုင်ပါမည်လား။
ကောင်းမင်များခင်းထားခဲ့သော လမ်းကြောင်းသည် ဖြည်းညင်းစွာဖြင့် ရပ်ကွက်ဂိတ်ဆီသို့ နီးကပ်လာပြီဖြစ်သည်။ရပ်နေသောကောင်းမင်များ၏အရေအတွက်မှာ လျော့နည်းလာတော့သည်။အချို့မှာ မြေပြင်ပေါ်သို့လဲကျသွားသည်။အချို့မှာ နတ်ဘုရား၏ဝါးမြိုခြင်းခံရသည်။အချို့မှာ သရဲများ၏ လုယူသွားခြင်းခံရပြီး အချို့မှာ အမှောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။များစွာသော နာကျင်မှုများနှင့်ကြုံတွေ့ခဲ့ရပြီးနောက် ကံကြမ္မာ၏ရွေးချယ်မှုများ ကုန်ဆုံးလာခဲ့သည်။ဘဝတွင် ဖြစ်နိုင်ခြေများစွာ မကျန်တော့ချေ။အထီးကျန်ဆန်သော ရုပ်သွင်အနည်းငယ်သာ ကျန်ရစ်တော့သည်။
“ဒါက …ငါ့အလှည့်ရောက်လာတော့မယ်ပါရဲ့”
ကြင်နာတတ်သောကောင်းမင်က ပုံမှန်ကောင်းမင်၏လက်များကို ဆုပ်ကိုင်ထားခဲ့သည်။သူသည် ကောင်းမင်အားလုံးထဲတွင် အကြင်နာတတ်ဆုံးသူဖြစ်သည်။ပုံမှန်ကောင်းမင်နှင့် ပထမဆုံးတွေ့ခဲ့သူမှာလည်း သူသာပင်။ သူ၏အခြားရင်းနှီးသောကိုယ်ပိုင်ရုပ်သွင်များမှာ အတိတ်၏စားသုံးခြင်းခံလိုက်ရပြီဖြစ်သည်။ကောင်းမင်ဆုံးရှုံးခဲ့ရသည်မှာ သူ၏ရူးသွပ်မှု ၊ အိမ်မက်များ ၊ ကြောက်ရွံ့မှုနှင့် စိတ်ခံစားချက်များ…။
ဂိတ်သည် သူတို့ရှေ့ရောက်နေချေပြီ။ကြင်နာတတ်သော ကောင်းမင်က ခံစားတတ်သောကောင်းမင်ထံမှ ရုပ်တုကို လက်လွှဲယူလိုက်သည်။နောက်လူသည် အံတင်းတင်းကြိတ်၍ ရှေ့ဆက်သွားလိုနေသော်လည်း ကြင်နာတတ်သောကောင်းမင်က သူအကောင်းဆုံးလုပ်ခဲ့ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
ကြင်နာတတ်သော ကောင်းမင်က ခြေလှမ်းသုံးလှမ်းမြောက် လှမ်းလိုက်သောအခါ နတ်ဘုရားပုံစံများကွက်များသည် သူ့ခန္ဓာကိုယ်ထဲဝင်၍ သူ၏နှလုံးသားကို ဆုပ်ကိုင်လိုက်သည်။ သူ လေးလှမ်းမြောက် လှမ်းလိုက်သောအခါ သူ့အသိစိတ်သည် ကြေမွသွားခဲ့ရပြီး သူ့အရေပြားမှ သွေးများ စိမ့်ထွက်လာတော့သည်။
“မင်းနဲ့အတူ ဒီအထိပဲ လိုက်ပါနိုင်တော့မယ်ကွာ”
ကြင်နာတတ်သော ကောင်းမင်က သူ့ဘေးရှိ နောက်ဆုံးလူအား ရုပ်တုကို ပေးအပ်လိုက်သည်။
“အတိတ်ကလိုပဲ မင်းဘတ်စ်ကားမှတ်တိုင်ကို ရောက်နိုင်မှာပါ! ငါဒါကို သေချာပေါက်သိတယ်!”
ရုပ်တုကို ကိုင်ထားရင်း ပုံမှန်ကောင်းမင်၏ဝိညာဉ်မှာ တုန်ယင်သွားခဲ့သည်။ နတ်ဘုရား၏အသိစိတ်က သူ့ခန္ဓာကိုယ်ထဲသို့ တူဖြင့်ထုချလိုက်သလို ဝင်ဆောင့်သည်။
ကောင်းမင်သည် နတ်ဘုရား၏စွမ်းအားဧရိယာထဲမှ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။ အတိတ်နတ်ဘုရားသည် ကောင်းမင်အား ရပ်တန့်နိုင်ရန် အသည်းအသန် ကြိုးစားသည်။
“ငါအရမ်းနာကျင်ပြီး အရမ်းခံစားနေရတယ်။ ငါက သာမန်အဖြစ်ဆုံးလူဆိုတာ ငါသိပါတယ်။ ငါ့မှာ ဘာမှမရှိခဲ့ဘူး။ ငါဟာ တခြားဘယ်သူ့ထက်မှ မသာလွန်ခဲ့ဘူး။
“ချစ်ခြင်းမေတ္တာရဲ့မျှော်လင့်ချက်ကို ငါဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သေဖို့သတ္တိလည်း ငါ့မှာ မရှိခဲ့ဘူး။ ငါ့လို တစ်ကိုယ်ကောင်းဆန်တဲ့၊ ကြောက်တတ်တဲ့၊ အားနည်းတဲ့သူကို ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာ ငါတကယ် နားမလည်နိုင်ခဲ့ဘူး”
ကောင်းမင်များ ပို၍ပို၍ သေဆုံးသွားသည်နှင့်အမျှ သူတို့သည် ရှေ့သို့ ဆက်သွားရန် ဘယ်တော့မှ မရပ်တန့်ရန် သူ့အားအော်ဟစ်ပြောဆိုနေသလို ခံစားရသည်။
ပူနွေးနေသော သွေးများက သူ့မျက်နှာပေါ်သို့ လွင့်စင်လာခဲ့သည်။ လက်များက သူ၏နှလုံးသားကို ပင့်မြှောက်ပေးထားသကဲ့သို့ ခံစားရသည်။ သူ၏ ခုန်ပေါက်နေသော နှလုံးသားသည် မငြိမ်းသေနိုင်သော မီးတောက်တစ်ခုလိုပင်။ အမှောင်မှိုက်ဆုံးညကပင် ၎င်းကို တိတ်ဆိတ်စေနိုင်မည် မဟုတ်ချေ။
လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ ရှိကြသည်။ ရွေးချယ်မှုတစ်ခုစီသည် မတူညီသော လမ်းကြောင်းများဆီသို့ ဦးတည်လိမ့်မည်ဖြစ်သည်။ သူတို့သည် သူတို့၏နောက်ဆုံးအသက်များကို စတေး၍ သူတို့ကိုယ်သူတို့ ကျွန်ုပ်အား ယက်လုပ်ထည့်သွင်းခဲ့ကြပေသည်။