ထိန်းချုပ်ခြင်း
Vol. 26 Ch. 390
အတိတ်၏ရုပ်တုကို ဖျက်ဆီးလိုက်ပြီးနောက် ကောင်းမင်သည် သူအစစ်အမှန်ကို ရှာတွေ့ရှိခဲ့ရုံသာမက အတိတ်၏တစ်စိတ်တစ်ပိုင်း ယုံကြည်ချက်ကိုပါ ခိုးယူနိုင်ခဲ့သည်။
တကယ်တမ်း အတိတ်သို့ သွားသော ဘတ်စ်ကားပေါ်တွင် ကောင်းမင်၏ ဝိညာဉ်သည် အတိတ်နတ်ဘုရား၏ စည်းမျဉ်းများနှင့် ပြည့်စုံစွာကိုက်ညီခဲ့သည်။ ထို့ကြောင့် အတိတ်နတ်ဘုရားသည် ကောင်းမင်ကို အလွယ်တကူ မသေစေလိုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကောင်းမင်အား သစ္စာရှိနောက်လိုက်အဖြစ်သို့ ပြောင်းလဲပစ်လိုခဲ့သည်။ ကံမကောင်းစွာဖြင့်၊ ကောင်းမင်၏အသိစိတ် မှာ ကံကြမ္မာက လှုပ်ခါနိုင်ခြင်းမရှိတော့သည့်အဆင့်သို့ ရောက်ရှိနေခဲ့လေသည်။ ၎င်းက ကောင်းမင်၏အသိစိတ်ကို ခွဲထုတ်ရန် ကြိုးစားခဲ့ပြီး ကောင်းမင်အား ကိုယ်ပွားများစွာအဖြစ် ပိုင်းခြားခဲ့သည့်တိုင် အတိတ်နတ်ဘုရားသည် သူ့ကိုမည်သို့မျှ မလုပ်ဆောင်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။ ၎င်းသည် အတော်လေးကူကယ်ရာမဲ့သော နတ်ဘုရားတစ်ပါးဖြစ်ခဲ့ရသည်။
သွေးလမ်းကြောင်းပေါ် လျှောက်ရင်း ခြေရာတိုင်းကို ကောင်းမင် လေ့လာလိုက်သည်။ ယင်းတို့သည် သူ၏မတူညီသော ကိုယ်ပွားဗားရှင်းများ ချန်ထားခဲ့သော ခြေရာများဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ကောင်းမင်အတွက် နောက်ဆုံးအပိုင်းကို အလင်းပေးရန် သူတို့၏ဝိညာဉ်များကို လောင်ကျွမ်းပစ်ခဲ့ကြသည်။ ဖြစ်ပျက်ခဲ့သောအရာအားလုံးသည် ကောင်းမင်၏များစွာသော သေဆုံးမှုများကို စစ်မှန်စွာပုံဖော်ပြသခြင်းပင် ဖြစ်သည်။ ထိုသေးငယ်သော မီးပွားများက ညကောင်းကင်အား ထွန်းလင်းစေခဲ့ပေသည်။
“သူတို့က ငါ… ငါက သူတို့ပဲ”
အမှောင်ထဲတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးများ က ချဉ်းကပ်ဝံ့ခြင်း မရှိချေ။ကောင်းမင်သည် ထာဝရဘဝအိမ်ရာထဲသို့ အလွယ်တကူ ပြန်ရောက်လာ၏။ သူ ထွက်ခွာရန် ကြိုးစားစဉ်က ခြေတစ်လှမ်းတိုင်းအတွက် အကြီးအကျယ်ပေးဆပ်ခဲ့ရသော်လည်း အပြန်လမ်းကို လျှောက်လာသည့်အခါ တစ်မိနစ်သာ ကြာမြင့်ခဲ့သည်။
“မင်း အသက်ရှင်နေသေးတာ အံ့သြစရာပဲ”
ကောင်းမင်က ဒဏ်ရာအပြင်းအထန်ရနေသော ရှရန်နှင့် သေချင်ယောင်ဆောင်နေသော ဟယ်ကျင်းတို့ကို ကြည့်လိုက်သည်။ အခြားကောင်းမင်များသည် ပုံမှန်ကောင်းမင်နှင့် ပြန်လည်ပေါင်းစည်းရန် အခြားနည်းလမ်းကို အသုံးပြုခဲ့ကြသော်လည်း ပန်းချီဆရာ ကောင်းမင်မှာမူ ရုန်းကန်နေဆဲဖြစ်သည်။ ရုပ်တုကြေမွသွားသည်နှင့်အမျှ ကောင်းမင်အပေါ်ရှိ အတိတ်နတ်ဘုရား၏ စွမ်းအားမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ပန်းချီဆရာ ကောင်းမင်၏မျက်နှာသည် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူသည် ကောင်းမင်မဟုတ်တော့ချေ။
“ဆရာရှ၊ ခင်ဗျားရဲ့ပန်းတိုင်ကို ကျွန်တော် သိပါတယ်၊ ဒါကြောင့် ကျွန်တော် နတ်ဘုရားရဲ့ဖိနှိပ်မှု ခံရခါနီး နောက်ဆုံးအချိန်လေးမှာ ခင်ဗျားကို လွှတ်ပေးခဲ့တာပဲ”
ကျောင်းဝတ်စုံဝတ်ထားသော ကောင်းမင်သည် ရှရန်ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။
“ကျွန်တော် ခင်ဗျားကိုအခွင့်အရေး ပေးခဲ့တယ်။ ခင်ဗျားသာ အစောပိုင်းကတည်းက ခင်ဗျားရဲ့ ဝိညာဉ်ကို လောင်ကျွမ်းပစ်ဖို့ ဆန္ဒရှိခဲ့မယ်ဆိုရင် ခင်ဗျားဟာ တကယ်ပဲကျွန်တော့်နေရာကိုယူပြီး ကောင်းမင်အသစ်ဖြစ်နေလောက်ပြီ”
ရှရန်သည် သနားစရာ ကောင်းနေခဲ့သည်။ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ယဉ်ကျေးစွာ ဆဲရေးလိုက်သည်။
“ကျွန်တော့်ရဲ့ ညှဉ်းပန်းနှိပ်စက်ခန်းက အသားနှလုံးသားထဲမှာ ရှိတယ်၊ အနာဂတ်နတ်ဘုရားက သမာသမတ်ကျမယ်လို့ မျှော်လင့်တယ်၊ သူသာ စီတုအန်းကို လွှတ်ပေးလိုက်ရင် ကျွန်တော်တို့ အားလုံးအတွက် မကောင်းဘူး”
ကောင်းမင်သည် ရှရန်ကို ပွေ့ချီ၍ ထာဝရဘဝအိမ်ရာသို့ မော့ကြည့်လိုက်သည်။ ရုပ်တု ပျက်စီးသွားပြီးနောက် နတ်ဘုရားနှစ်ပါး အပြင်လူများအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များ၏ တစ်ဝက်ခန့်သည် ပျောက်ကွယ်သွားခဲ့ရသည်။
ဟောင်းနွမ်းနေသော တိုက်ခန်းအဆောက်အအုံများအတွင်း၌ ပရမ်းပတာ ဖြစ်နေကြသည်။ မကောင်းဆိုးဝါးများနှင့် အပြင်လူများသည် သဘာဝအရ ရန်ဘက်များဖြစ်သည်။ စုံစမ်းရေးမှူးများနှင့် ခြောက်ခြားဂိမ်းကစားသမားများကြားတွင်လည်း ရန်လိုမှုများ ရှိနေကြသည်။မြို့တော်အရှေ့ပိုင်း၏ လုံခြုံရေးအဖွဲ့ဝင်များနှင့် ရှင်းလုလုံခြုံရေးအဖွဲ့ဝင်များပင်လျှင် အချင်းချင်းတိုက်ခိုက်နေကြသည်။ သွေးများက နေရာတစ်ခုလုံးကို စွေးစွေးနီနေစေသည်။ အပေါ်ဆုံးထပ်မှ စတင်လောင်ကျွမ်းခဲ့သော မီးသည် အောက်အထိပြန့်နှံ့လာပြီး အတွင်းမှလူများကို ပြေးထွက်ရန် တွန်းအားပေးနေခဲ့သည်။
“ထာဝရဘဝအိမ်ရာက ပျက်စီးသွားခဲ့ပြီ ၊ အတွင်းထဲကလူတွေ ရပ်ကွက်ထဲ သွားလာနေတဲ့ သန္ဓေပြောင်းမကောင်းဆိုးဝါးတွေကို ရင်မဆိုင်ချင်ဘူးဆိုရင် လူချမ်းသာရပ်ကွက်ထဲကို နံရံပေါ်က ခုန်ကူးသွားဖို့ အခွင့်အရေးများတယ်”
နံရံသည် ကမ္ဘာနှစ်ခုကို ဖန်တီးထား၏။ ထာဝရဘဝအိမ်ရာသည် ပရမ်းပတာများထဲသို့ နစ်မြုပ်နေသော်လည်း လူချမ်းသာရပ်ကွက်မှာမူ လုံးဝတိတ်ဆိတ်မှုများဖြင့် ဖုံးလွှမ်းနေလေသည်။ လူအများအပြားမှာ စောင့်ကြည့်နေဆဲဖြစ်သည်။
“ဘေးကပ်ဆိုးရောက်လာရင်တော့ လူချမ်းသာနဲ့ လူဆင်းရဲက အတူတူပါပဲ”
ကောင်းမင်သည် ဟယ်ကျင်းကို ကောက်ယူ၍ ထာဝရဘဝအိမ်ရာထဲသို့ ခေါ်ဆောင်သွား၏။ ရှင်သန်နိုင်ခဲ့သော ဟယ်ကျင်းသည် ကောင်းမင်အား ချက်ချင်းပင် ဦးညွတ်ကန်တော့တော့သည်။ ကောင်းမင်အား ကြောက်ရွံ့မှုက ရောဂါတစ်ခုဖြစ်ခဲ့လျှင် ဟယ်ကျင်း၏ရောဂါသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
“ဖန်လီ၊ လုပ်တာကောင်းတယ်”
ကောင်းမင်က ဖန်လီအား လေးစားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“တကယ်တော့ ငါဘာမှ မလုပ်ခဲ့ရပါဘူးကွာ”
ဖန်လီ ရှက်ရွံ့သွားသည်။ သူသည် ကောင်းမင်အဖွဲ့နောက် လိုက်ခဲ့ခြင်းမှအပ ဘာမှမလုပ်ခဲ့ရဟု ခံစားရသည်။ သူက ကောင်းမင်ကို ကယ်တင်ခဲ့သည်ဟုပြောမည့်အစား ကောင်းမင်အုပ်စုက သူ့ကို ကယ်တင်ခဲ့ခြင်းနှင့် ပိုတူပေသည်။
ကောင်းမင်သည် ဆရာရှကို ဖန်လီနှင့်ဒေါက်တာလီတို့ထံ အပ်လိုက်သည်။ သူသည် အခြားသူများ၏ အကြည့်များကို လျစ်လျူရှု၍ သူ့အလောင်းဆီသို့ ရောက်လာခဲ့သည်။အလောင်းကောင်းမင်သည် ကံအဆိုးဆုံး ကောင်းမင်ဖြစ်သည်။ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့သည် နေ့စဉ်နှင့်အမျှ သူနှင့် တွဲဖက်နေခဲ့ချေသည်။ တစ်ကမ္ဘာလုံးက သူ့အား အနိုင်ကျင့်နေသလိုပင် ဖြစ်ခဲ့ရသည်။
“နတ်ဘုရားနှလုံးသားကို ငါပြန်ရခဲ့ပြီးပြီ ၊ ဒါပေမဲ့ ငါ့အလောင်းက ဒီမှာရှိနေတုန်းပဲ၊ ဒါက လူသေဓာတ်ပုံ ကြောင့်များလား”
ကောင်းမင် အလောင်းရင်ဘတ်ပေါ်ရှိ ဓာတ်ပုံကို ကောက်ယူလိုက်သည်။ ပုံထဲတွင် သူသည် စုံစမ်းစစ်ဆေးရေးဌာနမှအဆင့်မြင့်အရာရှိယူနီဖောင်းကို ဝတ်ဆင်ထားသည်။
“ဒီပုံက အရမ်းကို မရင်းမနှီးဖြစ်နေတယ်၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ အဆင့်တွေထဲမှာ ငါဒီလောက်အမြင့်ထိ ရောက်ဖူးမယ်လို့ မထင်ဘူး၊ ဒါက တကယ်ပဲငါလား”
ကောင်းမင်သည် ဓာတ်ပုံကို သိမ်းဆည်းလိုက်ပြီးနောက် အလောင်းကို သူ့နောက်ကျောတွင် ပိုးလိုက်သည်။ ထို့နောက် အနာဂတ်တံခါးကို ကြည့်လိုက်သည်။ အတိတ်နှင့် ပစ္စုပ္ပန်တံခါးများက ပျက်စီးသွားခဲ့ပြီးဖြစ်သည်။ ဤတံခါးတစ်ခုတည်းသာ ကံဆိုးခြင်းအရှိန်အဝါတစ်ခု ဖြာထွက်နေခြင်းဖြစ်သည်။
“ငါ ဒီမူမမှန်ဖြစ်ရပ်ထဲ မဝင်ခင်တုန်းက ကောင်းယန်ကို သွားရှာခဲ့သေးတယ်၊ ငါတိုက်ခိုက်ခံရတော့ သူငါ့ကို မက်ဆေ့ချ်တွေအများကြီး ပို့ခဲ့တယ် ၊ ဒီကိစ္စတွေကို သူသိနေတာကတော့ ပုံမှန်ပဲ ၊ ဒါပေမဲ့ လျိုယီက ဘယ်လိုသိခဲ့တာလဲ ၊ သူက အနာဂတ်တံခါးထဲမှာ ဘာကိုများ သဲကြီးမဲကြီးရှာနေတာလဲ”
စုံစမ်းစစ်ဆေးရေးဌာနက ရွေးချယ်ထားသော ‘နိုင်ငံသား’ အများစုသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများ၏ထောက်ခံမှုတချို့ ရှိကြသည်။ လျိုယီသည် မူမမှန်မှုတစ်ခုဖြစ်သည်။ သူမသည် တစ်ကိုယ်တည်းဖြစ်ပြီး ခန့်မှန်းရခက်ပေသည်။
တံခါးပေါ်တွင် သွေးများ ပိုမိုထွက်လာ၏။ အနာဂတ်နတ်ဘုရားကို ကိုယ်စားပြုသော နတ်ဘုရားပုံစံကွက်များက တစ်ခုနှင့်တစ်ခု ထပ်နေကြသည်။ ကောင်းမင်သည်လည်း ထိုတံခါးနောက်ကွယ်တွင် မည်သည့်အရာများ ဝှက်ထားသည်ကို သိချင်နေ၏။ မီးတောက်များက ဆက်လက်ပျံ့နှံ့နေသည်။ ဓာတ်လှေကားအတွင်းမှ တဒုံးဒုံးမြည်သံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းမင် အနာဂတ်တံခါးကို ဖွင့်ရန်ကြိုးစားနေစဉ်တွင် အရေးအကြောင်းများရှိနေသော လက်တစ်စုံက ပထမထပ်ရှိဓာတ်လှေကားတံခါးများကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်သည်။ ဓာတ်လှေကားထဲတွင် အစက်အပြောက်များရှိနေသော သရဲဘွားဘွား၏မျက်နှာ ပေါ်ထွက်လာလေသည်။ သူမသည် ခြေလက်များဖြင့် နံရံများကို ကုတ်ခြစ်၍ ဇောက်ထိုးကြီး ဖြစ်နေ၏။ သူမ၏မျက်လုံးများထဲတွင် မည်သည့်လူသားဆန်မှုမှ မရှိတော့ပေ။ အတိတ်၏ရုပ်တု ပျက်စီးသွားပြီးနောက် သူမ၏ယုံကြည်မှုသည် ပြိုလဲသွားခဲ့ပြီး သတ်ဖြတ်တတ်ရန်သာသိသော မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
“သူ့ရဲ့တည်ရှိမှုက အသားကောင်းမင်နဲ့ ရွှံ့ရုပ်တုကို ထိန်းသိမ်းထားဖို့ပဲ ၊ အခု သူတို့နှစ်ယောက်စလုံး မရှိတော့ပေမယ့် သူက ဘာလို့ဒီမှာရှိနေသေးတာလဲ”
သူမ၏အကြည့်များ သူ့အပေါ်ကျရောက်လာသည်ကို ခံစားမိသောအခါ ကောင်းမင်က ဖန်လီနှင့် ကျန်လူများကို ခေါ်၍ ထာဝရဘဝအိမ်ရာမှ ထွက်ခွာလိုက်သည်။ သရဲဘွားဘွားသည် လိုက်မဖမ်းခဲ့ချေ။ သူမသည် ဟိန်းဟောက်နေပြီး လူသားတစ်ဦးပုံစံနှင့် တဖြည်းဖြည်းကွာခြားသွားခဲ့သည်။ မကြာမီ အနာဂတ်ဟုခေါ်သော မကောင်းဆိုးဝါးသည် ပထမထပ်တွင် ပေါ်လာတော့သည်။ ၎င်းသည် အနာဂတ်တံခါးအနီးတွင် လှည့်ပတ်နေပြီး မှုန်ဝါးနေသော မျက်နှာမှာ ပိုမိုရှင်းလင်းလာလေသည်။
အတိတ်သေဆုံးသွားပြီးနောက် နောက်ဆုံးတွင် အနာဂတ်ရောက်ရှိလာပြီဖြစ်သည်။
“ကောင်းမင်၊ ကျုပ်တို့ ဒီအခွင့်အရေးကိုယူပြီး ပြေးသင့်လား”
ဖန်လီသည် သေလုနီးပါးဖြစ်နေသော ရှရန်ကို သယ်ဆောင်ထားသည်။
“မင်းရဲ့ သူငယ်ချင်းက တကယ်ဆေးကုဖို့ လိုနေတာနော်”
“မလိုဘူး ၊ သူအသက်ရှင်လိမ့်မယ်လို့ ငါ ယုံတယ်”
ကောင်းမင်သည် ခြံစည်းရိုးကို ခုန်ကျော်၍ လူချမ်းသာရပ်ကွက်ထဲသို့ တရားဝင်ဝင်ရောက်လိုက်သည်။
“ယုံကြည်တာက ဒဏ်ရာတွေကို ကုနိုင်လို့လား”
ဖန်လီနှင့် ဒေါက်တာလီတို့က အကူညီမဲ့စွာ ခေါင်းခါလိုက်ကြသည်။ စုံစမ်းရေးမှူးများနှင့် များစွာသော ခြောက်ခြားဂိမ်းကစားသမားများက သူတို့နောက် လိုက်ပါလာကြသည်။ ထာဝရဘဝအိမ်ရာကား ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။သရဲဘွားဘွားနှင့်နှိုင်းယှဉ်လျှင် ကောင်းမင်တို့အဖွဲ့နောက် လိုက်ပါခြင်းက ပို၍ ဘေးကင်းမည်မှာ ထင်ရှားလှသည်။