← Chapters

ထောင်ချောက်

Vol. 34 Ch. 440

ထောင်ချောက်

Vol. 34 Ch. 440

နားခိုရာဂိုဏ်းတည်ရှိရာ တောကြီးအတွင်း သုံးရောင်ခြယ် လိပ်ပြာများ ပိုမိုများပြားလာသဖြင့် တောက်ပသော အကျဥ်းထောင်ကြီးပမာ ထင်မှတ်ရသည်။ နီအန်က တိတ်ဆိတ်၍ ဟိန်းသံများ ပျောက်ကွယ်နေသောကြောင့် ထူးခြားလွန်းနေပြီး ပိုးကောင်များမှာလည်း တရွေ့ရွေ့ လှုပ်ရှားနေကြသည်။

"အဖေ ဦးလေး ထန်တင်း တွေ့ချင်ပါတယ်"

ထိုအခိုက်တွင် ကောင်းကင်ရင်းမြစ်သခင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာကာ နားခိုရာဂိုဏ်း အပြင်သို့ ရောက်ရှိလာသည်။ မကြာမီ အနက်ရောင် မျက်နှာတစ်ခု ထွက်ပေါ်လာပြီး စကားပြောလိုက်တိုင်း ဓားစွမ်းအင်များ တုန်ခါနေ၏။

"ဘာကိစ္စလဲ"

"ဦးလေး သေချာကြည့်ပါ"

ပုံရိပ်ဖော်ပုလဲကို ကမ်းပေးလိုက်သောအခါ အင်မော်တယ်သုံးယောက်သည် တစ်ကြိမ် ကြည့်ရှုလိုက်ရုံဖြင့် အချိန်ကြာမြင့်စွာ အတွေးနက်သွား၏။

"သွေးမိစ္ဆာနယ်မြေကို ငါ ကိုင်တွယ်လိုက်မယ်။ မင်းက ရှေးဟောင်းအပျက်အစီးနယ်မြေကို ပြန်သွားပြီး သိုင်းဧကရာဇ်မျိုးဆက်ကို သေချာ ရှင်းပစ်ရမယ်"

"ဟုတ်ကဲ့"

ဤညွှန်ကြားချက်အရ သူတို့၏ ပထမဦးစားပေးမှာ နီအန်နှင့် နားခိုရာဂိုဏ်း ဖြစ်ပြီး ဒုတိယဦးစားပေးမှာ အစစ်အမှန် မိစ္ဆာမျိုးနွယ် ဖြစ်လာသည်။ နောက်ဆုံး ဦးစားပေးမှာ သိုင်းဧကရာဇ်မျိုးဆက်ကို ရှင်းပစ်ရန် ဖြစ်ကာ အင်မော်တယ်သုံးပါး မျိုးဆက်များသာ ကိုင်တွယ်ပေလိမ့်မည်။

"ဒီလိုဆိုမှတော့ မိစ္ဆာကို ငါတို့ ဂရုစိုက်စရာ မလိုတော့ဘူး။ အင်မော်တယ်သုံးပါးနေ့အတွက် အာရုံစိုက်လိုက်တော့မယ်"

ထန်တင်းသည် ကောက်ကျစ်ယုတ်မာသော အပြုံးဖြင့် ပြန်လည်ထွက်ခွာသွားကာ မိုးလင်းချိန်တွင် ကျောင်းအုပ်ယွီက မိစ္ဆာ ပြန်လည်ထွက်ပေါ်လာကြောင်း လူထုထံ အသိပေးခဲ့၏။ အရုဏ်ဦးအိမ်တော်မှ ယွမ်ရှောင် အပြင်ထွက်လာသောအခါ စကားဝိုင်းများ၏ ခေါင်းစဥ်သည် အစစ်အမှန် သွေးမိစ္ဆာအဖြစ် ပြောင်းလဲသွားသည်။

"သခင်လေးယွမ်"

ဘုရားကျောင်းအကြီးအကဲက ဘွဲ့ကို ရုတ်သိမ်းလိုက်လျှင်ပင် ကျောင်းတော်တပည့်များစွာသည် အသိအမှတ်ပြုနေဆဲပင်။

"အစ်ကိုယွမ် နောက်ဆုံးတော့ အပြစ်တင်ခံရတာ မရှိတော့ဘူး။ ကျောင်းတော်အပြင်ဘက်မှာ ကျိန်ဆဲနေတဲ့ လူအုပ်ကြီး ပျောက်ကွယ်သွားတယ်။ ဘုရားကျောင်းအကြီးအကဲကိုယ်တိုင် မင်းက အရုဏ်ဦးအိမ်တော်ကနေ မထွက်ခွာဘူးလို့ အာမခံပေးခဲ့တယ်"

ယွမ်ရောင်နှင့် လူငယ်လေးများသည် အမှန်တကယ် ပျော်ရွှင်ဝမ်းမြောက်နေကြပြီး အစစ်အမှန် မိစ္ဆာ ထွက်ပေါ်လာသည့်တိုင်အောင် စိတ်သက်သာရာရနေသည်။

"ငါ့နာမည်ကို ရှင်းလင်းပေးပြီး ယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဤစကားများကို ကြားသောအခါ တကယ့်တရားခံ ဖြစ်သော ယွမ်ရှောင်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွား၏။

"အစ်ကိုကြီးချီနဲ့ တခြားလူတွေ ပြန်ရောက်နေပြီလို့ ကြားတယ်။ သူတို့ရော ဘယ်လိုလဲ"

သူက စကားလမ်းကြောင်းပြောင်း၍ မေးလိုက်သောအခါ သွေးမိစ္ဆာနယ်မြေသို့ ပြန်လည် ထွက်ခွာသွားသည်ဟု သိလိုက်ရသဖြင့် မင်သက်သွားသည်။ ချီယန်က အစစ်အမှန် မိစ္ဆာ ထွက်ပေါ်လာသောအခါ သာမန်ပြည်သူများကို ကာကွယ်ပေးရန် ရည်ရွယ်ထားသောကြောင့် သူ့အတွက် လေးစားစရာ ဖြစ်လာခဲ့၏။

"အဲ့ဒီမှာ သွေးဝိညာဥ်တွေ အများကြီး ရှိတယ်လို့ ကြားတယ်။ ကျောင်းတော်က မိစ္ဆာသတ်ဖို့ တာဝန်တွေ ထုတ်ပြန်ထားပြီးပြီ။ ကျွန်တော်တို့ ညီအစ်ကိုတွေလည်း သွားကြမလို့"

ယွမ်ရောင်က အသိပေးလိုက်ပြီး အချို့လူငယ်များမှာ ကြောက်နေကြသော်လည်း တာဝန်သိစိတ်ကြောင့် သတ္တိများ ရှိလာခဲ့သည်။

"အစ်ကိုယွမ်ရော လိုက်မှာလား"

"မလိုက်ရဘူး။ မနက်ဖြန်က အင်မော်တယ်သုံးပါးနေ့၊ နောက်နှစ်ရက်နေရင် တရားခွင်က ရှိသေးတယ်"

လူငယ်တစ်ယောက်က ထောက်ပြလိုက်သောကြောင့် လူတိုင်း စိတ်ဓာတ်ကျသွား၏။

"လန်ရီကော ဘယ်မှာလဲ"

"အစ်မလန်က ရှေးဟောင်းမျှော်စင်ရဲ့ ဆယ်ထပ်မြောက်ကို စိန်ခေါ်နေတယ်"

ယွမ်ရှောင်၏ မေးခွန်းကို အားလုံးက ပြိုင်တူ ဖြေလိုက်ကြ၏။ ၎င်းမှာ သူတို့ စုဝေးနေရခြင်း၏ အကြောင်းအရင်းဖြစ်ကာ ရှေးဟောင်းကျောင်းတော်သို့ သူ ပထမဆုံး ရောက်ရှိစဥ်က ရှစ်ထပ်မြောက်ကို ကျော်ဖြတ်နေခြင်း ဖြစ်သည်။

"ဘာလို့ အလင်းမျက်နှာပြင်က ပိတ်ထားရတာလဲ"

ရှေးဟောင်းမျှော်စင်အောက်တွင် ဗလာဖြစ်နေသောကြောင့် သူ့ကို ဇဝေဇဝါ ဖြစ်သွားစေ၏။

"ကိုးထပ်မြောက်ကနေစပြီး ဉာဏ်အလင်းနဲ့ သက်ဆိုင်တာဖြစ်လို့ လူသိရှင်ကြား မထုတ်ပြန်ဘူး"

ယွမ်ရောင်က ရှင်းပြလိုက်ခြင်းပင်။

"နားလည်ပြီ"

ဆိုလိုရင်းမှာ သူမ အောင်မြင်ခြင်း ရှိမရှိကို သိနိုင်ရန် ဤနေရာ၌ စောင့်ကြည့်ရပေလိမ့်မည်။ ယွမ်ရှောင်က ခေါင်းမော့၍ ရှေးဟောင်းမျှော်စင်၏ ဆယ်ထပ်မြောက်ကို စိုက်ကြည့်နေခဲ့၏။

"သူမက ရှေးဟောင်းမျှော်စင်နဲ့ ပေါင်းစည်းပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ"

ကြယ်ပြာက ရင်ဘတ်အတွင်းမှ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ချန်ရီက ရှေးခေါင်းလောင်းကို ထိန်းချုပ်သလိုမျိုးလား"

"ဟုတ်တယ်။ သူမသာ အောင်မြင်သွားရင် စွမ်းအား တိုးတက်လာလိမ့်မယ်"

"ငါ့ကိုရော မှတ်မိသွားနိုင်လောက်လား"

"ပုံမှန်ဆိုရင်တော့ မဖြစ်နိုင်ဘူး။ သူမက ကပ်ဘေး ရင်ဆိုင်ဖို့ မွေးဖွားလာတဲ့ လူဝင်စားတစ်ယောက်သာသာပဲ။ ဒါပေမယ့် အောင်မြင်သွားရင် မူလကိုယ်နဲ့ ချိတ်ဆက်နိုင်စွမ်း အားကောင်းလာလိမ့်မယ်။ အခုကစပြီး သူမနဲ့ ဆက်ဆံရင် တချို့ အရာတွေကို လျှို့ဝှက်ထားသင့်တယ်"

"နားလည်ပြီ"

ကြယ်ပြာသည် လေးနက်တည်ငြိမ်စွာ အကြံပေးလာသဖြင့် ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်၏။

"လန်ရီရဲ့ နှလုံးကို ဘယ်အချိန် ထိုးဖောက်ပြီး ချန်ရီကို အသက်သွင်းမှာလဲ။ ရှေးဟောင်းမျှော်စင်နဲ့ ပေါင်းစည်းတာ အောင်မြင်သွားရင် ဘာလုပ်လုပ် ခက်ခဲလာမှာပဲ"

"ကြည့်ရတာတော့ တစ်ယောက်ယောက်က အသစ်တွေ့လို့ အဟောင်းမေ့ပြီ ထင်တယ်"

၎င်းက မဲ့ပြုံးတစ်ချက်ဖြင့် သတိပေးလာသကဲ့သို့ လနီသည်လည်း လှောင်ရယ်လိုက်ပြန်သည်။ ယွမ်ရှောင်ကမူ အံကြိတ်နေပြီး လူသားတစ်ယောက်၏ ဗီဇသဘာဝအရ ထိုလုပ်ရပ်ကို အကောင်အထည်ဖော်ရန် လက်တွန့်နေခြင်း ဖြစ်၏။

"လန်ရီ ငါ့ကို ကယ်ပါဦး"

ယွမ်ရှောင်နှင့် လူငယ်တပည့်များ ရှေးဟောင်းမျှော်စင်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေစဥ် ငိုရှိုက်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ လူအုပ်အကြားမှ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် အပြေးတစ်ပိုင်း တိုးထွက်လာ၍ မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ငိုကြွေးနေခဲ့၏။

"လျိုရင်ရင်"

သူမက ရှေးဟောင်းမျှော်စင်သို့ ဝင်ရောက်ရန် ဦးတည်နေသဖြင့် ယွမ်ရှောင်မှာ လမ်းပိတ်ထားလိုက်သည်။ သို့သော် သူမက ရပ်တန့်မသွားဘဲ ရင်ခွင်အတွင်း ရောက်သည်အထိ ပြေးလာကာ ကယ်ပါယူပါ တစာစာ အကူအညီတောင်းနေခဲ့၏။

"ဘာဖြစ်တာလဲ။ စိတ်အေးအေးထားပြီး ပြောစမ်း"

သူမသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း လန်ရီနှင့်အတူ တစ်မိသားစုတည်း ကြီးပြင်းလာသော ညီအစ်မတစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် သာမန်လူများ ဒုက္ခရောက်နေလျှင်ပင် ပစ်မထားတတ်သော ယွမ်ရှောင်အနေဖြင့် မျက်နှာ လွှဲထားရန် မဖြစ်နိုင်ချေ။ သူ၏ လေသံ ခပ်တင်းတင်းကြောင့် လျိုရင်ရင်မှာ တည်ငြိမ်သွားကာ အားကိုးတကြီး ဖက်တွယ်ရင်း အကြောင်းစုံ ရှင်းပြလိုက်၏။

"သူတို့က ငါ့အိမ်ကို ရောက်လာပြီး မိစ္ဆာအမြုတေ ရှာတွေ့ခဲ့တယ်။ ငါတို့က မိစ္ဆာမျိုးနွယ်ကို အမှုထမ်းနေတယ်လို့ စွပ်စွဲပြီး တစ်မိသားစုလုံး ကွပ်မျက်ဖို့ အမိန့်ပေးထားတယ်"

ထိုစကားကြောင့် ယွမ်ရှောင်က နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

"ရှေးဟောင်းအစောင့်တပ် ရောက်လာပြီး ငါ့မိသားစုကို ခေါင်းဖြတ်ဖို့ ဖမ်းဆီးသွားတယ်။ ကျေးဇူးပြုပြီး ကယ်တင်ပေးပါဦး"

လျိုရင်ရင်မှာ အကြောက်လွန်နေပြီး တစ်ကိုယ်လုံး တုန်ရီ၍ အသက်ရှူရန်ပင် အားတင်းရုန်းကန်နေရကာ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေ၏။

"အစ်ကိုယွမ် ဒါက သေချာပေါက် ထောင်ချောက်ဆင်လိုက်တာပဲ"

ယွမ်ရောင်က ဒေါသတကြီး ပြောလိုက်ပြီး နောက်ကွယ်၌ ရှိနေသော လက်သည် မည်သူဖြစ်သည်မှာ ရှင်းလင်းနေသည်။

"လန်ရီ ငါတို့မိသားစုကို ကယ်ပေးပါဦး။ ငါ တောင်းဆိုပါတယ်"

လျိုရင်ရင်က နှလုံးကြေကွဲဖွယ် ငိုကြွေးရင်း ဒူးထောက်ချလိုက်သောအခါ မျက်ဝန်းများ နီရဲနေသည့် အဖြူရောင်ဝတ် မိန်းကလေးတစ်ယောက် ရှေးဟောင်းမျှော်စင်၏ ဆယ်ထပ်မြောက်မှ ချက်ချင်း ခုန်ချလာလေသည်။

All Chapters