← Chapters

ကွပ်မျက်ပွဲ

Vol. 34 Ch. 441

ကွပ်မျက်ပွဲ

Vol. 34 Ch. 441

"သတင်းကြားပြီးပြီလား။ လျိုစံအိမ်ကို သွားကြဟေ့"

မိုးလင်းသောအခါ တက်ကျမ်းကို ကျင့်ကြံပြီးနောက် လမ်းများအထက်တွင် ပြည့်နှက်နေသည့် လူအုပ်ကြီးမှာ အသံဗလံများ ဆူညံနေသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် အပေါင်ဆိုင် လုပ်ကိုင်သော လျိုအိမ်တော်များ ရှိသော်လည်း ကပ်ဘေးသယ်ဆောင်သူကို လက်ခံပျိုးထောင်ပေးသည်မှာ တစ်ခုတည်းပင် ရှိ၏။ လူလှိုင်းလုံးကြီးသည် မခမ်းနားသော်လည်း အသွင်အပြင် သင့်တင့်သော အလယ်အလတ် အိမ်ကြီးတစ်ခုထံ ချက်ချင်း ဦးတည်လိုက်ကြသည်။ ဝင်ပေါက်တွင် လူများစွာ ပြည့်နှက်နေပြီး ပတ်ဝန်းကျင် အဆောက်အအုံများတွင် ခေါင်းတဆန့်ဆန့်ဖြင့် စောင့်ကြည့်နေသူများလည်း မနည်းမနောပင်။

လျိုအိမ်တော် အရှေ့ကွက်လပ်တွင် ရှေးဟောင်းအစောင့်တပ်သား တစ်ထောင်ကျော် နေရာယူထားပြီး သံချပ်ကာ ကိုယ်စီ ဝတ်ဆင်ထား၏။ သူတို့၏ လက်ထဲတွင် လျိုအိမ်တော်ရှိ သက်ကြီးရွယ်အိုများနှင့် ကလေးများပါမကျန် ကျားမ မရွေး ဖမ်းဆီးချုပ်နှောင်ထားသည်။

"ဘာတွေဖြစ်နေတာလဲ"

လူအုပ်ထဲတွင် နောက်ကျမှ ရောက်လာသူများမှာ အခြေအနေကို သဘောမပေါက်သဖြင့် စုံစမ်းလိုက်သောအခါ အသေးစိတ် သိလာရသည်။ လမ်းပြအသင်းနန်းတော်နှင့် ကျောက်စိမ်းအင်မော်တယ် မျှော်စင် ဖြစ်ရပ်များ၏ တရားခံမှာ မိစ္ဆာမျိုးနွယ်ဟု အတည်ပြုခဲ့ပြီး လျိုစံအိမ်တွင် မိစ္ဆာများ ရုပ်ခန္ဓာကျင့်ကြံရန် အသုံးပြုသော အမြုတေများ ရှာတွေ့ခဲ့၏။ ဤအချင်းအရာသည် လူသားမျိုးနွယ်ကို သစ္စာဖောက်သော လုပ်ရပ်ဖြစ်၍ လူတိုင်း ဒေါသထွက်စွာ ကျိန်ဆဲလိုက်ကြသည်။

"လျိိုမိသားစုက ချမ်းသာနေတာတောင် အကျိုးအမြတ်အတွက် မိစ္ဆာတွေနဲ့ ပူးပေါင်းရဲတယ်။ ရွံစရာ ကောင်းလိုက်တာ"

"ကောင်းကင်အမိန့်နန်းတော်က သူတို့ကို သေဒဏ်ပေးလိုက်တာ ကောင်းတယ်။ သစ္စာဖောက်တွေကို ပြင်းပြင်းထန်ထန် သတိပေးဖို့ လူပုံအလယ်မှာ ကွပ်မျက်ပြလိမ့်မယ်"

"တစ်မိသားစုလုံးကို ကွပ်မျက်မှာလား။ ကောင်းတယ် ကောင်းတယ် ဟား ဟား"

သိန်းပေါင်းများစွာသော လူအုပ်ကြီးက ထူးထူးခြားခြား သွေးဆာနေဟန်ဖြင့် အားရဝမ်းသာ ဖြစ်နေကြ၏။ ကွပ်မျက်ပွဲကို ဦးဆောင်သူများမှာ အင်မော်တယ်သုံးပါး မျိုးဆက်များအနက် အသက်နှစ်ဆယ်အောက်တွင် အသန်မာဆုံးဖြစ်သောကြောင့် ထန်ကျစ်ပင် သူတို့နှင့် မယှဥ်သာချေ။ အသက်ငယ်ငယ်နှင့် ယိုယွင်းမှုနယ်ပယ်ကို ရောက်ရှိနေသောကြောင့် သမိုင်းတွင် ထူးခြားသော ပါရမီရှင်များ ဖြစ်ကာ အစောင့်တပ်သားများအကြား ထင်ရှားသော ပုံရိပ်နှစ်ခုအပေါ် လူများစွာ လေးစားအားကျစွာ ကြည့်နေကြပြီး ဦးနှောက်ဆေးခံထားရသဖြင့် မျက်ကန်းယုံကြည်ခဲ့ကြသည်။ ကောင်းကင်ရင်းမြစ်နယ်မြေမှ ထန်ချန်နှင့် လူသားထိပ်တန်းနယ်မြေမှ ကျန်းရှင်း၊ သူတို့သည် ငယ်စဥ်ကတည်းက အစောင့်တပ်တွင် လေ့ကျင့်ခဲ့ကြပြီး မရေမတွက်နိုင်သော ကမ္ဘာများတွင် မိစ္ဆာများကို သတ်ဖြတ်ခဲ့သည်ဟု ကျော်ကြား၏။ ထိုလူအုပ်ကြီးသည် လန်ရီကိုမူ ဖန်လုံအိမ်ထဲမှ ပန်းတစ်ပွင့်ပမာ အထင်သေးနေကြပြီး မည်မျှကျင့်ကြံဆင့် မြင့်မားပါစေ၊ တကယ့်တိုက်ပွဲတွင် ထိုနှစ်ယောက်ကို ရှုံးနိမ့်လိမ့်မည်ဟု ပါးစပ်အရသာခံ ပြောဆိုနေပြန်သည်။

လျိုမိသားစုတစ်ခုလုံး သေခြင်းတရားနှင့် နီးကပ်နေသော်လည်း လူသားများမှာ လူစိတ်မရှိစွာ လှောင်ပြောင်ဟားတိုက်နေကြသည်။ သူတို့၏ အကျိုးစီးပွားကို မထိခိုက်သရွေ့ အရာရာက ပျော်စရာကောင်းပေလိမ့်မည်။ ထန်ချန်သည် ရွှေရောင် သံချပ်ကာနှင့် ခမောက်ကို ဝတ်ဆင်ထားပြီး အရှိန်အဝါတစ်ခု တောက်ပနေကာ မျက်နှာထား တင်းမာသည်။ ကျန်တစ်ဖက်တွင် ကျန်းရှင်းသည် ရိုးရှင်းသော အနက်ရောင်ဝတ်ရုံ ဆင်မြန်းကာ ဆံပင်ဖရိုဖရဲနှင့် ခြေဗလာ ဖြစ်၏။

"ခေါင်းဆောင်ထန် ခေါင်းဆောင်ကျန်း လျိုမိသားစုဝင် တစ်ထောင်ကျော်ကို ဖမ်းဆီးထားပါတယ်။ လျိုရင်ရင်တစ်ယောက်တည်း လွတ်မြောက်နေပါတယ်"

ရှေးဟောင်းအစောင့်တပ်သားတစ်ယောက်က အစီအရင်ခံနေစဥ် ဖမ်းဆီးခံရသူများအနက် သက်လတ်ပိုင်းလူတစ်ယောက် ရှေ့ထွက်လာကာ သူတို့ရှေ့တွင် ဒူးထောက်လိုက်သည်။

"အရှင်တို့ ဒါက မတရား ကြံစည်ခံရတာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ အပြစ်ကင်းစင်ကြောင်း သက်သေပြခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်"

လျိုယွမ်က နဖူးမှ သွေးထွက်သည်အထိ အကြိမ်ကြိမ် ဦးညွှတ်ကာ တုန်တုန်ရီရီနှင့် တောင်းဆိုနေသည်။

"လျိုယွမ် မင်းတို့အပြစ်ကို ကောင်းကင်အမိန့်နန်းတော်က စီရင်ပြီးပြီ။ ဒါပေမယ့် ငါ့စိတ်ကြိုက် ဖြစ်လာအောင် နောက်ထပ် အမိန့်တစ်ခု ထပ်ထည့်လိုက်မယ်။ တစ်မိသားစုလုံးကို ကွပ်မျက်ပြီးရင် ကြယ်မီးတောက်အလံထဲမှာ ဆယ်နှစ်တိတိ ဝိညာဥ် လောင်ကျွမ်းစေရမယ်။ လူတိုင်း ဒါကို သတိပေးချက်အဖြစ် မှတ်သားထားကြစမ်း"

ထန်ချန်၏ ခံစားချက်ကင်းမဲ့သော အကြည့်က လူအုပ်ကြီးကို ဖြတ်ကျော်သွား၍ လျိုမိသားစုထံ ကျရောက်သွားသည်။ ဝိညာဥ်ကို မီးလောင်တိုက်သွင်းပြီး ပြန်လည်ဝင်စားခြင်း မရှိစေရန် တားမြစ်သည်မှာ တစ်မိသားစုလုံး သတ်ဖြတ်ခံရသည်ထက် ပိုမို ဆိုးရွားပေသည်။

"တကယ့်ကို အင်မော်တယ်မျိုးဆက် ပီသပါတယ်"

"လူသားမျိုးနွယ်ကို သစ္စာဖောက်ရင်တော့ အကျိုးဆက်ခံရမှာပဲ"

"ဒီလိုပြတ်ပြတ်သားသား အပြစ်မပေးရင် နောက်ထပ်သစ္စာဖောက်တွေ ပေါ်လာနိုင်တယ်"

လူအုပ်ကြီးကမူ ရက်စက်ယုတ်မာသော ထိုအကြံကို မဆိုင်းမတွ သဘောတူခဲ့ကြ၏။ လျိုယွမ်သည် သူ၏ အသနားခံမှုကြောင့် တစ်မိသားစုလုံး ပို၍ ရက်စက်သော အဆုံးသတ်ထံ ရောက်ရှိသွားမည်ဟု ထင်မထားခဲ့ချေ။ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားကာ သူ၏မျက်လုံးမှ သွေးများပင် စီးကျလာခဲ့သည်။ လျိုမိသားစုဝင် ကလေးများက ငိုကြွေးနေကြပြီး နားလည်နိုင်သော အသက်အရွယ် ရောက်သည့် ဆယ်ကျော်သက်လေးများမှာ ကြယ်မီးတောက်အကြောင်း ကြားရုံဖြင့် သတိလစ်ကုန်သည်။

"ငါ ဝန်ခံတယ်။ ဒီကိစ္စက ငါတစ်ယောက်တည်း လုပ်တာပဲ။ လျိုမိသားစုနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ကလေးတွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်"

သူက မြေကြီးနှင့် ဦးခေါင်းကို သွေးများ တသွင်သွင် စီးကျလာသည်အထိ ထုရိုက်ရင်း တောင်းပန်နေသော်လည်း အကြောင်းမထူးချေ။

"မင်းကိုယ်မင်း အပြစ်တင်လိုက်စမ်း။ ဒီကလေးတွေ မသေစေချင်ရင် ဘာလို့ လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့တာလဲ"

ကျန်ရှင်းက ရက်စက်စွာဖြင့် ငြင်းဆန်လိုက်သည်။

"မင်းတစ်ယောက်တည်း မပြောနဲ့။ မျိုးရိုးကိုးဆက်အထိ သတ်ရင်တောင် မလုံလောက်ဘူး။ လူထုကို ကျုပ် မေးခွန်းထုတ်ချင်တယ်။ တစ်မိသားစုလုံးကို သတ်တာက တရားမျှတတယ်လို့ ထင်လား"

"သူတို့အားလုံးကို သတ်ပစ်ရမယ်"

ထန်ချန်က လူထုသဘောထား တောင်းခံလိုက်သောအခါ တခဲနက် ထောက်ခံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

"ငါတို့လို လူသားမျိုးနွယ်တွေက ဖြောင့်မတ်မှန်ကန်မှု ရှိတယ်။ မိစ္ဆာမျိုးနွယ်နဲ့ တစ်မိုးအောက်တည်းမှာ မနေနိုင်ဘူး။ အချိန်ကျပြီ။ အကုန်သတ်လိုက်တော့"

ထို့နောက် သူက လက်ကာပြ၍ လူအုပ်ကို ငြိမ်သက်စေပြီး ရှေးဟောင်းအစောင့်တပ်ထံ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ တပ်သားများအနက် တစ်ဝက်က လျိုမိသားစုဝင်များကို ဖမ်းချုပ် ဒူးထောက်ခိုင်းထားပြီး ကျန်တစ်ဝက်မှာ ဓားဆွဲထုတ်လိုက်သောအခါ လေထဲတွင် အေးစက်စက် တောက်ပနေသည်။

"လျိုယွမ်က လန်ရီကို လက်ခံပေးခဲ့လို့ အကောက်ကြံခံလိုက်ရတာများလား"

ဉာဏ်ကောင်းသူအချို့၏ စိတ်ထဲတွင် ဤအတွေး ဖြစ်ပေါ်လာသော်လည်း မည်သူမျှ အသံထွက်မပြောဝံ့ခဲ့ပေ။ ထို့အပြင် ဦးနှောက်ထဲရှိ အမည်မသိရသော အရာတစ်ခုက အင်မော်တယ်သုံးပါးအပေါ် အကြွင်းမဲ့ ယုံကြည်ပြီး ထို့သို့ သံသယ မဝင်သင့်ဟု တရစပ် နားချနေ၏။ ထို့ကြောင့် ရွှေရောင်မြူခိုးအောက်တွင် ကွပ်မျက်သူများ ဖြစ်စေ၊ ကြည့်ရှုနေသူများဖြစ်စေ ခံစားချက်ကင်းမဲ့သော မျက်နှာများဖြင့် သနားကရုဏာစိတ် ပျောက်ကွယ်နေပုံပေါ်သည်။ ဓားသွားများ ကျဆင်းကာနီးတွင် အဖြူရောင်ပုံရိပ်တစ်ခု ဘုန်းခနဲ ဆင်းသက်လာသောကြောင့် ပတ်ဝန်းကျင်ကို ဖရိုဖရဲ ဖြစ်သွားစေကာ ကွပ်မျက်ပွဲ ဟန့်တားနှောင့်ယှက်ခံလိုက်ရလေသည်။

All Chapters