← Chapters

ကယ်ဆယ်ရေး

Vol. 34 Ch. 443

ကယ်ဆယ်ရေး

Vol. 34 Ch. 443

စုံတွဲ၏ ကယ်တင်မှုသည် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့ပြီး သွေးမိစ္ဆာ အပေါင်းအပါများကို ကယ်ဆယ်ခြင်းအားဖြင့် ပြစ်မှုကြီးတစ်ခု ဖြစ်သည်ဟု ရှေးဟောင်းအစောင့်တပ်သားများမကဘဲ လူအုပ်ကြီးက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် အင်မော်တယ်သုံးပါးကို သူတို့က မျက်စိမှိတ် ယုံကြည်ကြပြီး မည်သူမျှ ဆန့်ကျင်ခွင့် မရှိသောကြောင့် ဒေါသထွက်ကုန်သည်။

"ဒါက နယ်မြေတစ်ခုလုံး သည်းခံနိုင်စရာမရှိဘူး"

"ဒီနှစ်ယောက်ကိုလည်း ကွပ်မျက်ပစ်ဖို့ တောင်းဆိုပါတယ်"

လျိုအိမ်တော် ဝင်ပေါက်၌ ချက်ချင်း ပရမ်းပတာ ဖြစ်သွားပြီး ဒေါသထွက်နေသော လူအုပ်ကြီးအပြင် ထန်ချန်နှင့် ကျန်းရှင်းလည်း ရှေ့ထွက်လာကာ ကြေညာလိုက်ကြသည်။

"ကောင်းကင်အမိန့်နန်းတော်ကို ဆန့်ကျင်ပြီး သစ္စာဖောက်တွေကို ကူညီတယ်။ ဒါက အင်မော်တယ်သုံးပါးကို ပေါ်တင် စော်ကားလိုက်တာပဲ။ လူထုတစ်ခုလုံး သက်သေ ရှိတဲ့အတွက် ဘယ်လောက်ပါရမီရှိရှိ မလွတ်မြောက်စေရဘူး။ လန်ရီ မင်းကို ရှေးဟောင်းအပျက်အစီးနယ်မြေက အရင်းအမြစ်တွေ ပေးအပ်ပြီး ပျိုးထောင်ပေးခဲ့တာတောင် အမှားကြီး ကျူးလွန်နေတယ်။ ပြည်သူအားလုံး စိတ်ပျက်သွားကြလိမ့်မယ်"

"ဒီနှစ်ယောက်ကို သတ်လိုက်"

ဦးနှောက်ဆေးခံထားရသော လူအုပ်ကြီးသည် မိဘနှင့် ရင်သွေးများကို ဤစုံတွဲ သတ်ဖြတ်သွားသည့်အလား ဒေါကန်နေကြသည်။ သူတို့၏ အော်သံများက လန်ရီအပေါ် ဖိအားတစ်ခုပမာ ကျဆင်းလာပြီး မျက်လုံးတိုင်းတွင် ကူပိုးကောင်များ တွားသွားရင်း အဆက်မပြတ် လှုံ့ဆော်ပေးနေ၏။ ထန်ချန်နှင့် ကျန်းရှင်းသည် ဘယ်ညာနှစ်ဖက်မှ ဝင်ရောက် တိုက်ခိုက်လိုက်သောအခါ သူမ၏ သက်တော်စောင့်များလည်း မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရခက်ခဲစေသည်။ ထန်ချန်၏ ရွှေရောင်သံချပ်ကာသည် စစ်နတ်ဘုရားပမာ တောက်ပလင်းလက်ပြီး လက်ထဲတွင် မီးများ တောက်လောင်နေသော စစ်အလံတစ်ခု ဆွဲကိုင်ထား၏။ ၎င်းသည် လှံတစ်ချောင်းနှင့် တူညီပြီး နတ်ဘုရားနှောင်ကြိုးထက် များစွာ သာလွန်သည့် ရတနာတစ်ခု ဖြစ်ကာ ကြယ်မီးတောက်အလံဟု အမည်ရသည်။ သူက ၎င်းကို ဆွဲကိုင်၍ ရှေးဟောင်းအစောင့်တပ်ကို ဦးဆောင်ရင်း ကမ္ဘာပေါင်းများစွာတွင် အောင်ပွဲဆင်ခဲ့သည်ဟု ကောလဟာလများ ရှိ၏။

"ဘုန်း"

စစ်အလံ ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် လေနှင့် မိုး ကျရောက်လာပြီး အင်မော်တယ်သုံးပါး တိုက်ရိုက်မျိုးဆက် ပါရမီရှင်တစ်ယောက်၏ ကြောက်မက်ဖွယ် ခွန်အားကို ထုတ်ဖော်ပြသနေ၏။ သူက ယင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ယိုယွင်းမှုငါးမျိုးကို ဖြတ်ကျော်ခဲ့ပြီးသောကြောင့် အနာဂတ် အကန့်အသတ်မဲ့ကာ ထန်ကျစ်ထက် များစွာ သာလွန်သည်။ ကျန်းရှင်းကမူ အနက်ရောင် ဓားဝိညာဥ်တစ်ခု ဆွဲကိုင်ပြီး အမှောင်ထုကြီးနှင့် တူညီကာ ဓားရိုး၌ ငါးထောင့်ကြယ်တစ်ခု တပ်ဆင်ထား၏။ ဓားသွားအထက်တွင် ရွှေရောင်ကြိုးမျှင်များ ရစ်ပတ်ထားပြီး ဓားအော်ရာ အလွှာ ရှစ်သိန်းကျော်နှင့် ဓားစက်ကွင်း ခုနစ်ခု ပိုင်ဆိုင်သည်။ အဆင့်မြင့်ယန်အဆင့် ကြယ်ဧကရာဇ်၏ဓား ဖြစ်ပြီး ထိပ်တန်း လူသားအင်မော်တယ်ပြီးလျှင် အမြင့်ဆုံး ဖြစ်သည်ဟု အားလုံး ကြွေးကြော်နေကြ၏။

သူတို့က ပခုံးချင်းယှဥ်ရပ်ကာ ကောင်းကင်ကို တုန်လှုပ်စေသော ခွန်အားကြောင့် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်ကြသည်။ လန်ရီနှင့် တစ်ကြိမ်တစ်ခါပင် မတိုက်ခိုက်ဖူးသော်လည်း အသက်ငါးနှစ် ပိုကြီးသောကြောင့် ယှဥ်နိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားကြ၏။ တစ်ယောက်က သိုင်းကျင့်ကြံသူ၊ တစ်ယောက်က ဓားသမား ဖြစ်ကာ သူမသည် ထိုနှစ်ယောက်ကို ဒေါသဖြင့် စိုက်ကြည့်နေခဲ့ပြီး နဖူးအထက်တွင် ဘုရင် ဟူသော စာလုံး ထူးဆန်းစွာ ဖြစ်တည်လာသည်။ ကျားတစ်ကောင်၏ ဟိန်းသံ ထွက်ပေါ်လာသောကြောင့် လူအုပ်ကြီးက တိတ်ဆိတ်သွားကာ ပုံမှန်အမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အရှိန်အဝါကြီး ပေါက်ကွဲထွက်ပေါ်လာ၏။

"ဘုန်း"

သူမက မြေပြင်ကို ခြေဆောင့်ချလိုက်သောအခါ ကြမ်းခင်း ကျောက်ပြားများ ကြေမွ၍ ရန်သူများထံ လွင့်ပျံသွားသည်။ ဘယ်ညာ လက်နှစ်ဖက်တွင် တူနှင့် ပုဆိန် ထွက်ပေါ်လာကာ ပုဆိန်အထက်တွင် မိုးကြိုးကိုးစင်း ရစ်ပတ်ထားပြီး ဆူးချွန်တပ် တူကြီးအထက်၌ အဖြူရောင်မီးများ တောက်လောင်နေသဖြင့် ပတ်ဝန်းကျင် လေထုပင် ပေါက်ကွဲလာ၏။ ရွှေရောင်မြူခိုးများပင် လောင်ကျွမ်းသွားခဲ့ပြီး ဤရတနာနှစ်ခုသည် ကြယ်မီးတောက်အလံအောက် နိမ့်ကျခြင်းမရှိဘဲ မိုးကြိုးပုဆိန်နှင့် နေမင်းတူ ဖြစ်သည်။ နှစ်ခုလုံးသည် ရှေးဟောင်းကျောင်းတော်ရှိ သိုင်းကျင့်ကြံသူများ၏ အဖိုးတန် အမွေအနှစ်ဖြစ်ကာ လှုပ်ရှားလိုက်သောအခါ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက သားရဲတစ်ကောင်ပမာ ကြမ်းကြုတ်ခက်ထန်သွားပုံပေါ်၍ လူတိုင်းကို ကျော်စိမ့်သွားစေ၏။

လန်ရီ၏ တိုက်ခိုက်ပုံသည် ဒဲ့တိုးဆန်ပြီး လှည့်ကွက်များ မရှိပေ။ ယွမ်ရှောင်၏ ဓားချက်က အနုပညာဆန်ဆန် လှပသော်လည်း သူမ၏ တိုက်ကွက်များမှာ လုံးဝ ဆန့်ကျင်ဘက်ပင်။ သူမသည် တူနှင့် ပုဆိန်ကို မြေကြီးထံ ရိုက်ချလိုက်သော အရှိန်အဟုန်မျိုးဖြင့် ပြေးထွက်သွားကာ ရန်သူ၏ နဖူးထံ ခုတ်ပိုင်းပစ်လိုက်၏။ ထန်ချန်သည်လည်း သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အနီးကပ်တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သဖြင့် အလံကို ထိုးသွင်းလိုက်ရာ အချင်းကိုက်တစ်ရာ ရှိသော မီးတောက်ဝဲတစ်ခု ဖြစ်တည်လာသည်။ လန်ရီကမူ အေးစက်စက် ကြည့်နေပြီး အရှိန် နှေးသွားခြင်း မရှိဘဲ ညာလက်ရှိ နေမင်းတူဖြင့် ၎င်းကို ပိတ်ဆို့ထားခဲ့၏။ သူမသည် ခွန်အားသက်သက်ဖြင့် ရန်သူ၏ တိုက်ကွက်ကို ချိုးဖျက််ခဲ့ပြီး ဘုန်းခနဲ ထိပ်တိုက်တွေ့ဆုံသွားသောအခါ မျက်စိကျိန်းလောက်အောင် မီးပွားများ လွင့်စင်လာသည်။

ကြယ်မီးတောက်အလံသည် နံရံတစ်ခုနှင့် ပိတ်ဆို့ခံလိုက်ရသည့်အလား တုံ့ခနဲ ရပ်သွားကာ အဖြူရောင် မီးလျှံက ကြယ်မီးတောက်များကို ဝါးမျိုလိုက်သည်။ ၎င်းမှာ ဖိအားကြောင့် ကွေးညွှတ်သွားသဖြင့် ထန်ချန် မျက်နှာပျက်သွားစဥ် ပြန်ကန်ထွက်လာသေ အင်အားကြောင့် လွင့်ထွက်ကာ လက်ဖဝါး အက်ကွဲ၍ ရင်ဘတ်သံချပ်ကာလည်း အက်ကြောင်းထင်သွား၏။ လူအုပ်အတွင်း လွင့်ထွက်သွားသည့်အပြင် နံရိုးများလည်း ကျိုးကြေကုန်သဖြင့် သွေးများ အန်ထုတ်လိုက်ရပြီး စိတ်တစ်ခုလုံး ဗလာ ဖြစ်နေသည်။ တစ်ဖက်မိန်းကလေးမှာ ဆယ်ကျော်သက်အရွယ် ဖြစ်ပြီး အမြဲတမ်း နှိုင်းယှဥ်ခံရသော်လည်း ကိုယ့်ကိုကိုယ် ပိုပိုသာသာ တွက်ချက်ထားခဲ့၏။ သို့သော် တစ်ချက်တည်းဖြင့် နောက်ဆုတ်ပေးလိုက်ရပြီး လူအုပ်ကြီးမှာလည်း အံ့သြလွန်းသဖြင့် အသက်ရှူရပ်မတတ် တုန်လှုပ်သွားသည်။

လန်ရီသည် ထန်ချန်ကို ရိုက်ထုတ်ပြီးနောက် ထပ်မံ ဝင်ရောက်လာသော ကြယ်ဧကရာဇ်ဓားကို မိုးကြိုးပုဆိန်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြန်သည်။ ဓားစွမ်းအင်က ပင်လယ်ပမာ ကြီးမားသော်လည်း ၎င်းသည် တိတိကျကျ ထိုးဖောက်ဝင်ရောက်လာကာ ပိုင်းချသွားသဖြင့် ဓားစက်ကွင်းခုနစ်ခုအနက် သုံးခု ပျက်စီးသွားစေ၏။ ထန်ချန်ကဲ့သို့ ကျန်းရှင်းလည်း လွင့်ထွက်သွားကာ ဓားဝိညာဉ် အက်ကွဲလာသဖြင့် ပို၍ အခြေအနေ ဆိုးရွားပေသည်။

"ဟင်"

လူအုပ်ကြီးမှာ အထင်ကြီးလေးစားခဲ့သော ပါရမီရှင်နှစ်ယောက် မြေပြင်တွင် လူးလိမ့်နေသည်ကို မယုံကြည်နိုင် ဖြစ်နေ၏။ သူတို့ ထင်ထားသည်မှာ လန်ရီကို မနိုင်လျှင်ပင် လက်ရည်တူ တိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်ဟုပင်။ သို့ရာတွင် သူမ၏ တိုက်ကွက် တစ်ခုတည်းကိုပင် မယှဥ်နိုင်ဘဲ ခွေးများပမာ ညည်းညူနေရသောအခါ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများ တုန်ရီနေကြသည်။

"ပါရမီရှင်နှစ်ယောက်ကို တစ်ကိုယ်တော် တိုက်ခိုက်နိုင်တယ်။ မိစ္ဆာ သစ္စာဖောက်တွေနဲ့ ပူးပေါင်းသွားတာ နှမြောစရာပဲ"

သူတို့၏ အမြင်တွင် လှပမြင့်မြတ်သော ပန်းတစ်ပွင့် ညစ်ညမ်းသွားသောအခါ တန်ဖိုး မရှိတော့ပေ။

"လန်ရီ ရှေးဟောင်းကျောင်းတော်ကို ပြန်သွား"

အဖြူရောင်ဝတ် သက်တော်စောင့်များက အလောတကြီး သတိပေးလိုက်ပြီး ဤနိုင်ပွဲမှာ အချည်းနှီးဖြစ်ကြောင်း နားလည်ထားသောကြောင့်ပင်။ ပါရမီ မည်မျှ ထူးခြားပါစေ၊ နယ်မြေတစ်ခုလုံး၏ ရန်သူ ဖြစ်လာလျှင် သွေးခင်းလမ်းတစ်ခုသာ ရှိပေလိမ့်မည်။ လက်ရှိတွင် သန်မာသော ကျင့်ကြံသူများစွာ ခဏချင်း ရောက်ရှိလာပြီး ထန်ချန်နှင့် ကျန်းရှင်းကို ကာကွယ်ပေးထား၏။ အချိန်နှင့်အမျှ အင်မော်တယ်သုံးပါး၏ နောက်လိုက်များ အရေအတွက် များလာမည်ဖြစ်ကာ လျိုမိသားစုဝင်များ လွတ်မြောက်ရန် ခက်ခဲလာပေလိမ့်မည်။

"အခုသွားကြစို့။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"

အကင်းပါးသော လန်ရီက အံတစ်ချက်ကြိတ်၍ လျိုယွမ်နှင့် အခြားလူများကို မြန်မြန် ထွက်ပြေးရန် အလောတကြီး ပြောလိုက်သည်။ ဤအချိန်မှစ၍ အရာရာ ပြောင်းလဲသွားပြီဖြစ်ကာ အသက်ဝါးမျို ကူကောင်ဖြင့် ဦးနှောက်ဆေးခံထားရသည့် နယ်မြေတစ်ခုလုံးမှာ အင်မော်တယ်သုံးပါးကို ဆန့်ကျင်လျှင် မဟာရန်သူတော်ကြီးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

"လန်ရီ ကြည့်လိုက်စမ်း။ ဒါက ဘာလဲ"

ထန်ချန်သည် ဒဏ်ရာကြောင့် နာကျင်နေသော ရင်ဘတ်ကို ကိုင်ထားရင် အေးစက်စက်အမူအရာဖြင့် သိုလှောင်အိတ်တစ်လုံးကို ဆွဲထုတ်လိုက်လေသည်။

All Chapters