လောကကြီးကို ထိန်းချုပ်လိုလျှင် ဖိအား ကြီးမားပေလိမ့်မည်
Vol. 34 Ch. 444
ထန်ချန်သည် သိုလှောင်အိတ်ကို ဖွင့်လိုက်သောအခါ တောက်ပသော အရာဝတ္ထုအချို့ ပြုတ်ကျလာခဲ့ပြီး ပြီးပြည့်စုံသော သံချပ်ကာ ချပ်ဝတ်တစ်စုံ ဖြစ်နေသည်။ ၎င်းအထက်တွင် ကျားအထက်မှ အစင်းကြောင်းများ ရှိနေပြီး ကြောက်ရွံ့လေးစားဖွယ်ရာ အရှိန်အဝါ ထွက်ပေါ်၍ အစိတ်အပိုင်း တစ်ခုချင်းစီသည် ကျားဖြူပုံသဏ္ဍာန်များဖြင့် တန်ဆာဆင်ထားကာ အထူးသဖြင့် ရင်ဘတ်ချပ်ကာ နေရာ၌ ကျားခေါင်းတစ်လုံး ထွင်းထုထား၏။
"သိုင်းဧကရာဇ်ချပ်ဝတ်က သူတို့ဆီ ဘယ်လိုရောက်နေတာလဲ"
အဖြူရောင်ဝတ် သက်တော်စောင့်တစ်ယောက်က တုန်လှုပ်သော မျက်နှာအမူအရာဖြင့် ရေရွတ်သည်ကို ယွမ်ရှောင် ကြားလိုက်ရ၏။ ထို့နောက် ၎င်းသည် ဝမ်းနည်းဖွယ် ညည်းသံတစ်ချက် ထုတ်လွှတ်ကာ လန်ရီထံ ပျံသန်းသွားပြီး အလိုအလျောက် ဝတ်ဆင်ပြီးသားဖြစ်သွားကာ မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ပြောင်းလဲသွားခဲ့သည်။ နှစ်ပေါင်းများစွာ အိပ်ပျော်နေပုံရသော ရတနာက အသက်ဝင်လာ၍ လောကကြီး၏ ချီကို စုပ်ယူကာ တုန်လှုပ်ခြောက်ခြားဖွယ် ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။
"ဘာဖြစ်နေတာလဲ။ ထန်ချန်က သူမကို ရတနာတစ်ခု ပေးလိုက်တာလား"
ဤမြင်ကွင်းသည် သာမန်ကျင့်ကြံသူများကို စိတ်ရှုပ်သွားစေသော်လည်း အကြီးအကဲများမှာ တုန်တုန်ရီရီနှင့် လက်ညှိုးထိုး အော်ဟစ်နေကြသည်။ သိုင်းဧကရာဇ်ချပ်ဝတ်၊ ထိုအမည်သည် အမှတ်တရများစွာကို သတိရသွားစေကာ ရာစုနှစ်များစွာအကြာက ရှေးဟောင်းအပျက်အစီးနယ်မြေအား သိုင်းဧကရာဇ်မျိုးနွယ် အုပ်ချုပ်စဥ် အသုံးပြုခဲ့သည့် ရတနာပင်။
"သမိုင်းမှတ်တမ်းအရ သိုင်းဧကရာဇ် တိုက်ရိုက်မျိုးဆက်ဖြစ်မှ ဒီချပ်ဝတ်ကို အသက်သွင်းနိုင်တယ်လို့ ပြောထားတယ်"
ထန်ချန်၏ စကားသည် လူတိုင်းကို တောင့်တင်းသွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ လူသားများ၏ မျက်ဝန်းများမှာ ဒေါသဖြင့် ရဲရဲနီလာ၏။
"လန်ရီ မင်းက ကပ်ဘေးသယ်ဆောင်သူလို့ ကောလဟာလ ရှိပေမယ့် ငါတို့တွေက အမြဲတမ်း ကာကွယ်ပေးခဲ့တယ်။ အခု သက်သေက ငြင်းမရတော့ဘူး။ သွေးမိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းထားတဲ့အပြင် အပြစ်သားမျိုးနွယ်ရဲ့ တိုက်ရိုက် မျိုးဆက်တောင် ဖြစ်နေသေးတယ်။ ပြည်သူတွေကိုယ်စား မေးမယ်။ အပြစ် ဝန်ခံစမ်း"
ထန်ချန်က လက်ညှိုးငေါက်ငေါက်ထိုး၍ ကြေညာလိုက်ပြီး အင်မော်တယ်သုံးပါး မျိုးဆက်များတွင် သူမကို ဒုက္ခပေးရန် နည်းလမ်း ပြင်ဆင်ထားကြောင်း သိသာနေ၏။ သူတို့က ၎င်းကို ထုတ်ဖော်ပြသရန် အကောင်းဆုံး အခိုက်အတန့် ဖန်တီးခဲ့ပြီး လျိုစံအိမ်ကို ကယ်တင်၍ ကောင်းကင်အမိန့်နန်းတော်ကို ဆန့်ကျင်ခြင်းမှာ အချိန်ကိုက်ပင်။ ကပ်ဘေး သယ်ဆောင်သူ အဖြစ် အတိအကျ သတ်မှတ်ခံလိုက်ရလျှင် ရှေးဟောင်းကျောင်းတော် ဆက်လက် ကာကွယ်ပေးသည့်တိုင်အောင် လူထု ထောက်ခံမှု ပျောက်ကွယ်သွားပေလိမ့်မည်။ ဒေါသတကြီး အော်သံများနှင့် ပြစ်တင် ဆဲဆိုသံများသည် သူမထံ လှိုင်းလုံးကြီးပမာ အလုံးအရင်း ကျရောက်လာသည်။
"အပြစ်သားမျိုးဆက်က အပိုင်းပိုင်း ခုတ်သတ်ခံရဖို့ ထိုက်တန်တယ်"
"သိုင်းဧကရာဇ်မျိုးနွယ်ရဲ့ အပြစ်ကြောင့် ဒီကောင်မကို အလောင်းပါမကျန်အောင် သတ်ကြ"
"ကပ်ဘေးသယ်ဆောင်သူက ရှေးဟောင်းအပျက်အစီးနယ်မြေမှာ အချိန်အကြာကြီး နေထိုင်ခဲ့တယ်။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ လူသားမျိုးနွယ်ကို နောက်တစ်ကြိမ် အဆိပ်ခတ် လုပ်ကြံဦးမှာလား"
နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အသက်ဝါးမျိုကူကောင်၏ အဆက်မပြတ် ဦးနှောက်ဆေးမှုကြောင့် သိုင်းဧကရာဇ်မျိုးနွယ်အပေါ် အမုန်းတရားမှာ ဆက်လက် ကြီးထွားနေဆဲပင် ဖြစ်သည်။ လူအုပ်ကြီးက ရူးသွပ်စွာ အော်ဟစ်ကြိမ်းမောင်းနေစဥ် မျက်လုံးများ ဖောင်းကားနီရဲ၍ ကူကောင်များပင် ပြုတ်ကျလုနီးပါး တိုးထွက်လာနေ၏။ ဤမြင်ကွင်းက ခြောက်ခြားစရာကောင်းလှသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ကူပိုးကောင်များကို မည်သူမျှ မြင်နိုင်စွမ်း မရှိချေ။ မုန်းတီးနေကြသော မျက်နှာများကို ကြည့်နေရင်း လန်ရီမှာ သူမ၏ စိတ်ဓာတ်ကျဖွယ် ငယ်ဘဝကို မြင်ယောင်လာမိသည်။ ထိုအချိန်၌ သူမ ထိတွေ့လိုက်သမျှ ကလေးတိုင်း နာကျင်သွားရပြီး ကျိန်စာသင့်သူဟု အမည်ထွက်ခဲ့သဖြင့် အပေါင်းအသင်းမရှိဘဲ ချောင်တစ်ခုခုတွင် ပုန်းအောင်းနေရလေ့ရှိသည်။
"ဘာလို့ သမီးက သူများတွေကို နာကျင်စေရတာလဲဟင်ယ"
"မင်းရဲ့ ပါရမီက သူတို့ထက် အများကြီး မြင့်မားတယ်။ ကောင်းကင်အထက်က ဧကရီတစ်ပါး ဖြစ်လာပြီး လူသားမျိုးနွယ်ရဲ့ ကံတရားကို ပြောင်းလဲရမယ့် သူ ဖြစ်နေလို့ပေါ့ကွယ်။ ဒီလိုလူတွေက မကြာခဏ အထင်လွဲခံရပြီး စွပ်စွဲခံရတတ်တယ်"
ကျောက်စိမ်းဓားအင်မော်တယ် အဘွားက ဤသို့ရှင်းပြခဲ့သောကြောင့် သူမအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များကို သည်းခံရင်း ဆက်လက် ရှင်သန်ခဲ့သည်။
"ဘာမှအရေးမကြီးပါဘူးကွယ်။ သမီးက ကိုယ့်တာဝန်ကို လုပ်ရင် တစ်နေ့မှာ လူသားအားလုံး နားလည်လာပြီး အမြင်မှန်ရသွားလိမ့်မယ်။ ဒါက စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်အတွက် လမ်းစဥ်ပဲ။ ကောလဟာလတွေနဲ့ အမုန်းတရားကြောင့် မပြိုလဲစေနဲ့"
သူမက အလွန် ငယ်သေးသောကြောင့် အဘွားဖြစ်သူ၏ စကားကို အတိအကျ နားမလည်နိုင်ခဲ့ပေ။ လက်ရှိတွင် လောကကြီးက သူမကို ကပ်ဘေးသယ်ဆောင်သူ အပြစ်သားအဖြစ် တံဆိပ်ကပ်ကာ ကျိန်ဆဲသံများစွာ နှလုံးသားအထိ ထိုးဖောက်ဝင်ရောက်လာသောကြောင့် ချုံးပွဲချ ငိုပစ်လိုက်ချင်သည်။ ဤအရာမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် သည်းခံနိုင်သော ခံစားမှုမျိုး မဟုတ်ဘဲ နားအတွင်း သံရည်ပူ လောင်းချလိုက်သကဲ့သို့ နာကျင်လွန်း၏။
"ငါ ကျင့်ကြံနေရတာ ဒီလိုလူတွေကို ကယ်တင်ဖို့လား"
ပထမဆုံးအကြိမ်အဖြစ် လန်ရီ၏ စိတ်ဓာတ် ယိမ်းယိုင်သွားကာ သံသယများ ပြည့်နှက်လာစဥ် လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး ထွေးပွေ့ပေးထားခဲ့သည်။ သူမက ခေါင်းမော့ကြည့်လိုက်ရာ အမုန်းတရားဖြင့် ဆဲဆိုနေသော လူများအပြင် ကြင်နာစွာ ပြုံးပြနေသည့် ယွမ်ရှောင်ကို မြင်လိုက်ရပေ၏။ သူ၏ အပြုံးက အမှောင်ထုကို ထိုးဖောက်လာသော နေမင်းရောင်ခြည်ပမာ ကျိန်ဆဲသံများကို မီးခိုးပမာ လွင့်ပြယ်သွားစေ၍ အနွေးဓာတ်တစ်ခု ပေးစွမ်းခဲ့သည်။
"အစ်ကိုကြီး သူတို့က ကူပိုးကောင်ကြောင့် ငါ့ကို မုန်းနေတာ ဟုတ်ရောဟုတ်ပါ့မလား"
"ဒါက အရေးမကြီးဘူး။ ဒီအဖြေကို ရှာချင်တယ်မလား။ အင်မော်တယ်သုံးယောက်ဆိုတဲ့ စောက်ရူးတွေကို သတ်ပစ်လိုက်တာပေါ့။ လူသားတွေရဲ့ ခေါင်းထဲက ပိုးကောင်တွေကို မီးရှို့ပစ်ကြမယ်"
ယွမ်ရှောင်က လန်ရီ၏ မျက်ဝန်းများအတွင်း စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်ကာ ပိုမိုတင်းကြပ်စွာ ဖက်ထားပေးလိုက်သည်။
"တကယ်လို့ သူတို့က ဆက်ပြီး မုန်းနေရင်ရော..."
"ဒါဆိုရင်လည်း လူ့အမှိုက်တွေ အကုန် သတ်ပစ်လိုက်မယ်လေ။ လောကကြီး ငြိမ်းချမ်းတဲ့အထိ သတ်ကြမယ်"
ယွမ်ရှောင်၏ သဘောထားအရ လူသားမျိုးနွယ်ကို ချစ်ခင်ပေးလိုလျှင် လူ့သဘာဝ ဉာဏ်နည်းမှုများကို ရင်ဆိုင်ရပေလိမ့်မည်။ လောကကြီးကို ထိန်းချုပ်လိုလျှင် သို့မဟုတ် ငြိမ်းချမ်းစေလိုလျှင် ကြီးမားလှသော ဖိအားကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။
"သိပ်ပြီး ခံစားမနေနဲ့။ ရှေးဟောင်းကျောင်းတော်ကို မြန်မြန် ပြန်ကြမယ်။ တကယ့်စစ်ပွဲက အခုမှ လာတော့မှာ။ ကောင်းတဲ့ဘက်က ကြည့်ရင် မင်းရဲ့ အမွေအနှစ်ကို အလကား ရလိုက်တယ်လေ"
ယွမ်ရှောင်သည် စိတ်ဓာတ်ကျနေရာမှ တိုက်ခိုက်လိုစိတ် ပြန်လည် ပြင်းထန်လာသော လန်ရီ၏ ခေါင်းလေးကို တစ်ချက်ပုတ်ကာ သတိပေးခဲ့၏။ သူမက ချိုမြိန်စွာ ပြုံးလိုက်သောအခါ ကျိန်ဆဲနေသူများ ပိုမို ဒေါသထွက်လာကြပြီး အသက်ရှူသံများ ပြင်းထန်ကာ စိတ်ထဲတွင် မီးလောင်နေသည့်ပမာ ခံရခက်နေကြသည်။
"ဒါကို မြင်လား။ သာမန်လောကတစ်ခုမှာ ကပ်ဘေးလူဝင်စားတစ်ယောက်ကို ဖန်ဆင်းရှင်က ပျိုးထောင်ပေးနိုင်တယ်။ ငါတို့အစ်ကိုကြီးက ရှေးဟောင်းအင်မော်တယ်ဘိုးဘေးထက်တောင် အရည်အချင်း ရှိတယ်"
"ဒါလေး လုပ်ရတာ ဘယ်လောက်များကြီးကျယ်နေလို့လဲ။ ငါ့အတွက် နို့စားနွားမတွေ အခုထိ တစ်ကောင်မှ ရှာမပေးသေးဘူး"
အင်္ကျီရင်ဘတ်ထဲတွင် ရှိနေသော ကြယ်ပြာက တစ်ချက်ပြုံး၍ ချီးကျူးစကား ဆိုလိုက်သော်လည်း လနီမှာ ကဖျက်ကယက် လုပ်နေဆဲ ဖြစ်လေသည်။