← Chapters

စီရင်ချက်

Vol. 34 Ch. 445

စီရင်ချက်

Vol. 34 Ch. 445

လန်ရီ၏ အနားတွင် အဖြူရောင်ဝတ် သက်တော်စောင့် တစ်ရာကျော် အစောင့်အကြပ် အဖြစ် ရပ်တည်ပေးနေကြပြီး ဤအခြေအနေတွင် ဖြေရှင်းရန် နည်းလမ်းများ မရှိသော်လည်း သက်ပြင်းကိုယ်စီချကာ လေးစားမှု ဆက်လက်တည်ရှိနေသည်။ သူမသည် ရှုပ်ထွေးမှုများအကြား ပြတ်ပြတ်သားသား သဘောပေါက်လိုက်သောအခါ လျိုမိသားစုကို ရှေးဟောင်းကျောင်းတော်သို့ ပို့ဆောင်ပေးရန် ညွှန်ကြားခဲ့သည်။ ဆန်းကြယ်ဘုရားကျောင်း၏ သခင်များထက် ခွန်အား ပိုမို သာလွန်သော ဤသက်တော်စောင့်များအတွက် လူတစ်ထောင်ကျော်ကို ကာကွယ်ရန် ပြဿနာများစွာ မရှိချေ။

"သွားကြစို့"

သူတို့သည် လျိုမိသားစုဝင်များကို ကာကွယ်၍ ဆူဆူပူပူ လုပ်နေသော လူအုပ်အကြားမှ လျင်မြန်စွာ ခေါ်ထုတ်သွားကြ၏။ လျိုမိသားစုမှာ အသတ်မခံရသေးသော်လည်း သစ္စာဖောက်ဟူ၍ တံဆိပ်ကပ်ခံလိုက်ရပြီး ကြောက်လန့်နေသောကြောင့် ကလေးငယ်များ ငိုကြွေးနေဆဲပင်။ ယွမ်ရှောင်သည်လည်း လန်ရီကို ဓားပျံအပေါ် ဆွဲတင်၍ လှစ်ခနဲ ကောင်းကင်သို့ ပျံတက်သွားသည်။ နောက်တွင် ကျန်ရစ်ခဲ့သော ထိန်းချုပ်ခံ လူအုပ်ကြီးကို သူကိုယ်တိုင် လှည့်မကြည့်သကဲ့သို့ သူမကိုလည်း ကြည့်ခွင့် မပေးခဲ့ချေ။ သူမက သိုင်းဧကရာဇ် တိုက်ရိုက်မျိုးဆက် ဖြစ်ကြောင်း သတင်းပြန့်သွားသောအခါ ဤနယ်မြေတစ်ခုလုံး မီးများ တောက်လောင်သကဲ့သို့ ရှုပ်ထွေးကုန်သည်။

လျိုအိမ်တော်နှင့် မနီးမဝေး အဆောက်အအုံတစ်ခုအထက်တွင် ရွှေ၊ငွေနှင့်အနက်ရောင် ဝတ်ဆင်ထားသော ကျင့်ကြံသူ သုံးရာကျော် ရပ်နေကြပြီး ကောင်းကင်ရင်းမြစ်သခင် ထန်တင်း ဦးဆောင်လာခြင်း ဖြစ်၏။ မျှော်စင်သခင်၊ စီချင်း၊ ကောင်းကင်အရာရှိများနှင့် စံအိမ်သခင်များ ပါဝင်ပြီး လျိုအိမ်တော် ဖြစ်ရပ် အစမှအဆုံးတိုင်အောင် မျက်နှာထား အေးစက်တင်းမာနေကြသည်။

"ရှေးဟောင်းမျှော်စင်ကသာ ဒီကောင်မနဲ့ ကံတရား ဆက်နွယ်ပြီး ကာကွယ်မပေးခဲ့ရင် ငါတို့လည်း ဒီလောက် အလုပ်ရှုပ်နေမှာ မဟုတ်ဘူး။ ဒီပြဿနာလောက်ကို အရင်ကတည်းက ဖြေရှင်းနိုင်ခဲ့လောက်တယ်"

မျှော်စင်သခင်က ရုတ်တရက် ညည်းညူလိုက်သည်။

"ဒီအချိန်ကို စောင့်နေခဲ့တာ နှစ်ပေါင်းရာချီသွားပြီ။ အင်မော်တယ်သုံးပါးနေ့မှာ နေနဲ့လ ပေါင်းစည်းသွားလိမ့်မယ်။ ရှေးဟောင်းမျှော်စင်ရဲ့ အလင်းရောင် ပျောက်ကွယ်သွားတာနဲ့ တပြိုင်နက် တားမြစ်နယ်မြေဆိုတာ မရှိတော့ဘူး။ ဆန့်ကျင်ဘက် အင်အားစုတွေကို တစ်ချက်တည်း ရှင်းပစ်ရလိမ့်မယ်"

စီချင်းသည် အနီရောင် မျက်ဝန်းများဖြင့် ရှေးဟောင်းကျောင်းတော် ရှိရာသို့ ကြည့်နေရင်း တီးတိုးရေရွတ်လိုက်၏။

"နေနဲ့လ ပေါင်းစည်းသွားတဲ့ တောက်ပမှုအောက်မှာ ကမ္ဘာအားလုံးက အင်မော်တယ်သုံးပါး လက်အောက်ခံ ဖြစ်လာရမယ်"

ကျန်ကျင့်ကြံသူများလည်း စိတ်အားထက်သန်စွာ ကြွေးကြော်နေကြပြီး ငါနှင့်မတူ ငါ့ရန်သူ သဘောထားမျိုးဖြင့် အားလုံးကို သတ်ပစ်ကြပေလိမ့်မည်။

"လန်ရီက သိုင်းဧကရာဇ် မျိုးဆက်တစ်ယောက် ဖြစ်ပြီး သစ္စာဖောက် လျိုမိသားစုမှာ ကြီးပြင်းလာခဲ့တယ်။ ဒီအကြံနဲ့ဆိုရင် သိုင်းဧကရာဇ်မျိုးနွယ်နဲ့ သွေးမိစ္ဆာ မျိုးနွယ် ပူးပေါင်းနေတယ်လို့ ဦးနှောက်ဆေးလို့ ရပြီ။ ဒီကောင်မမှာ ဘာဂုဏ်သိက္ခာမှ မကျန်တော့ဘူး"

ထန်ယီလန်က ကောက်ကျစ်စွာ ပြုံးနေခဲ့ပြီး ကျူးကျန်းသည်လည်း ခေါင်းများကို ဖြတ်ပစ်ရန် အသင့်ပြင်ထား၏။ ရှေးဟောင်းကျောင်းတော်သည် ကပ်ဘေးသယ်ဆောင်သူ အပြစ်သားကို ခိုလှုံခွင့်ပေးထားသည်ဟု နယ်မြေတစ်ခုလုံး သတင်းများ ပျံ့နှံ့နေပြီ ဖြစ်သည်။

"ကောင်းကင်ရင်းမြစ်သခင် ယွီချန်က အစွမ်းထက် ယန်နယ်ပယ် ကျင့်ကြံသူလို့ ကြားထားတယ်။ သူမက ငရဲကိုးထပ်ကမ္ဘာမှာ ယွမ်ရှန်ကျင်းကို တစ်ချက်တည်း သတ်ပစ်ခဲ့ပါတယ်။ ကျုပ်တို့ ကိုယ်တိုင် ကြီးကြပ်ပြီး တိုက်ခိုက်ရမှာလား"

လူတိုင်း သတ်ဖြတ်လိုစိတ် ပြင်းထန်နေစဥ် ချင်ကျန်းသည် တွေးတွေးဆဆနှင့် အကြံတောင်းခံလာခဲ့သည်။ အင်မော်တယ်သုံးပါးသည် လက်ရှိတွင် နားခိုရာဂိုဏ်း၌ နီအန်သားရဲကို ပိတ်ဆို့ထားရသဖြင့် ခက်ခဲမှုများ ရှိနေသည်။ အများစုက အဖြေကို သိလိုသောကြောင့် ထန်တင်းထံ အကြည့်အားလုံး ကျရောက်သွား၏။

"မြေအင်မော်တယ်က ဒီမိန်းမကို ကိုင်တွယ်ဖို့ ယာယီ ပြန်လာလိမ့်မယ်"

ထိုစကားကြောင့် အင်မော်တယ်သုံးပါး မျိုးဆက်များ အားတက်သွားကြပြီး မျှော်စင်သခင် ဦးဆောင်သော လက်ပါးစေများလည်း စိတ်အေးကုန်သည်။ အင်မော်တယ်သုံးပါးသည် ဆုံးရှုံးမှုများ မဖြစ်စေလိုသောကြောင့် ရှေးဟောင်းကျောင်းတော်ကို ချေမှုန်းရာတွင် မျိုးဆက်များအား စတေးလိုစိတ် ရှိပုံမရချေ။ နေနှင့် လ ပေါင်းစည်း၍ ရှေးဟောင်းမျှော်စင်ကို ဖိနှိပ်ထားနိုင်သမျှ ကာလပတ်လုံး သူတို့အတွက် နိုင်ပွဲက ကိုးဆယ်ရာခိုင်နှုန်း အောင်မြင်ပြီဟု ဆိုနိုင်၏။

"ဒါပေမယ့် နီအန်သားရဲကို အချိန်အကြာကြီး ထိန်းချုပ်ထားဖို့ လွယ်ပါ့မလား"

"ကိစ္စမရှိပါဘူး။ အကြံအစည်အတွက် အရာရာ ပြင်ဆင်ထားပြီးပြီဆိုတော့ မြေအင်မော်တယ်အတွက် အချိန်ခဏလောက်ပဲ လိုအပ်မှာပါ"

ထန်ယီလန်၏ စိုးရိမ်သော မေးခွန်းကို ထန်တင်းက ပေါ့ပေါ့ပါးပါးဖြင့် ယုံကြည်မှုရှိရှိ ဖြေပေးခဲ့သည်။ သူမ၏ စိတ်ထဲတွင် အမုန်းတရားများ လှိုင်းထန်နေပြီး ယွမ်ရှောင်ကို ဖမ်းဆီးကာ ထန်ကျစ်အတွက် လက်စားချေပေးရန် စိတ်ဓာတ်ပြင်းပြနေ၏။ ထန်တင်းက ယွမ်ရှောင်နှင့် လန်ရီ ထွက်ခွာသွားသော အရပ်မျက်နှာသို့ တစ်ချက်ကြည့်ရင်း သူမကိုယ်တိုင် စိတ်ကြိုက် စီရင်ရန် ခွင့်ပြုလိုက်သည်။

ထို့နောက် သူက ကောင်းကင်သို့ ပျံတက်၍ လူလုံးထွက်ပြလိုက်သောအခါ ဒေါသတကြီး ပွက်လောရိုက်နေသည့် ကျင့်ကြံသူများမှာ ပိုးဖလံများ အလင်းရောင်ကို မြင်လိုက်ရသည့်အလား စုရုံးလာကြသည်။

"ကောင်းကင်ရင်းမြစ်သခင် သစ္စာဖောက်တွေကို သတ်ပေးပါ"

သူတို့က ပျော်ရွှင်စွာ ဒူးထောက်ချလိုက်ပြီး ကောင်းကင်သို့ လက်နှစ်ဖက် မြှောက်ကာ တောင်းဆိုလိုက်ကြ၏။ လမ်းပေါင်းများစွာတွင် လူပင်လယ်ပမာ ပြည့်နှက်နေပြီး မျက်လုံးများ သွေးနီရောင် တောက်ပကာ မျက်ကန်း ကိုးကွယ်ယုံကြည်နေခြင်း ဖြစ်သည်။

"သတ်ကြ"

"ကပ်ဘေးသယ်ဆောင်သူကို သတ်ပြီး သစ္စာဖောက်တွေကို ကွပ်မျက်၊ ရှေးဟောင်းကျောင်းတော်ကို အမှုန့်ချေပစ်လိုက်"

ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ဤအော်သံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေပြီး ရွှေရောင်မြူခိုးများ ပိုမိုများပြားလာသောအခါ ထန်တင်းသည် ကိုယ့်ကိုကိုယ် နတ်ဘုရားပမာ မှတ်ယူ၍ အထက်စီးဆန်ဆန် ပြုံးနေခဲ့သည်။ အင်မော်တယ်သုံးပါး မျိုးဆက်သည် မီးကုန်ယမ်းကုန် ရက်စက်ယုတ်မာခဲ့သော်လည်း ကူပိုးကောင်များကို ကျင်လည်စွာ အသုံးချခဲ့သောကြောင့် တရားမျှတမှု ဖော်ဆောင်သူများအဖြစ် ရပ်တည်နိုင်စွမ်း ရှိနေ၏။ သူကိုယ်တိုင် ဘိုးဘေးများ ဦးနှောက်ဆေး၍ ဖန်တီးထားခဲ့သော ဤကမ္ဘာကြီးကို အရူးအမူး နှစ်သက်လာကာ ကိုယ့်ကိုကိုယ် နတ်ဘုရားအဖြစ်ပင် အထင်မှားစပြုလာသည်။

"ကောင်းကင်အမိန့်နန်းတော်က ကြေညာချက် ထုတ်ပြန်လိုက်တယ်။ ကပ်ဘေးသယ်ဆောင်သူ လန်ရီကို သတ်စေ။ သူ မသေမချင်း ဒီအမိန့်တော် တည်မြဲစေ"

ထန်တင်း၏ စကားဆုံးသည်နှင့် တပြိုင်နက် ထောက်ခံအားပေးသံများ နယ်မြေတစ်ခွင် ပေါက်ကွဲထွက်ပေါ်လာကာ လူထုမှာ ကျေနပ်အားရနေကြ၏။

"ကပ်ဘေးသယ်ဆောင်သူကို ကာကွယ်ပေးတဲ့ ဘယ်သူမဆို မျိုးဆက် ကိုးဆက် သတ်ဖြတ်ခံရမယ်။ ဝိညာဥ်ကို မီးတောက်ထဲမှာ ထာဝရ တောက်လောင်စေပြီး ပြန်လည်မွေးဖွားခွင့် မရှိစေရ။ ဘိုးဘေးသင်္ချိုင်းတွေအထိ တူးဖော်ပြီး နတ်ဆိုးပင်လယ်ထဲ ဖြန့်ကြဲပစ်ရမယ်"

သူက နောက်တစ်ကြိမ် ထပ်မံ ကြေညာလိုက်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေရှိ လူသားများ သွေးပွက်ပွက် ဆူလာကာ ကျယ်ကျယ်လောင်လောင် အားပေးလိုက်ပြန်သည်။

"ကောင်းကင်ရင်းမြစ်သခင်က ငါတို့ကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးတော့မယ်"

"ကောင်းကင်ရင်းမြစ်သခင် ထာဝရ အသက်ရှည်ပါစေ"

"မိစ္ဆာတွေနဲ့ နတ်ဆိုးကို ကိုင်တွယ်ဖို့ ဒီလို ပြတ်သားနေရမယ်။ သူတို့ကို အမြစ်ပါမကျန် ချေမှုန်းပြီး သတ်ဖြတ်မှသာ လောကကြီး ငြိမ်းချမ်းလိမ့်မယ်"

ဤသို့ဖြင့် ရှေးဟောင်းကျောင်းတော်တစ်ခုလုံး အပြစ်ရှိကြောင်း စီရင်ချက် ချခံလိုက်ရပြီး မည်သည့် ဥပဒေ အကာအကွယ်မှ မရနိုင်တော့ပေ။ မရေမတွက်နိုင်သော လူသားများက ရှေးဟောင်းကျောင်းတော်ထံ စိုက်ကြည့်နေကြပြီး ရွှေရောင်မြူခိုးများအတွင်း မျက်လုံးများ ပိုမိုနီရဲ၍ ပြူးကျယ်လာကာ ရူးသွပ်သွားဟန်ဖြင့် ရယ်မောပျော်ရွှင်နေကြလေသည်။

All Chapters