← Chapters

အစွမ်းကုန် ထုတ်ပြီ

Vol. 34 Ch. 446

အစွမ်းကုန် ထုတ်ပြီ

Vol. 34 Ch. 446

ကောင်းကင်ရင်းမြစ်နယ်မြေ၏ အမိန့် ရောက်ရှိလာသောအခါ ရှေးဟောင်းကျောင်းတော်သည် လုံးဝပရမ်းပတာ ဖြစ်သွားပြီး ကမ္ဘာပေါင်းများစွာမှ ရောက်နေသော တပည့်များမှာ နားမလည်နိုင်သဖြင့် တုန်လှုပ်နေကြသည်။ လန်ရီက သိုင်းဧကရာဇ် ချပ်ဝတ်ကို အမွေဆက်ခံလိုက်သောကြောင့် ကပ်ဘေးသယ်ဆောင်သူဖြစ်ကြောင်း လူပေါင်းများစွာ မြင်တွေ့ခဲ့သဖြင့် သတင်းအတု မဖြစ်နိုင်ပေ။ တပည့်ပေါင်းသောင်းချီက အလျင်စလို စုရုံး၍ ထိတ်လန့်နေသော မျက်နှာများဖြင့် တိုင်ပင်လိုက်ကြ၏။ ကပ်ဘေးသယ်ဆောင်သူတစ်ယောက်က မည်သို့သော ပြစ်မှုမျိုး ကျူးလွန်ထားသဖြင့် လူထုတစ်ရပ်လုံးကို ဒေါသထွက်စေသည်ကို အခြားကမ္ဘာမှ ရောက်လာသူများ နားမလည်သဖြင့် နယ်ခံတပည့်များက အကြောင်းစုံ ရှင်းပြလိုက်ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းရာချီအကြာက သိုင်းဧကရာဇ်မျိုးနွယ်သည် ခေါင်းမာမာနှင့် သွေးမိစ္ဆာသင်္ဘောကို တိုက်ခိုက်ခဲ့သောကြောင့် လူသားအရေအတွက် သန်းပေါင်းများစွာ စတေးခဲ့ရသည်။ ထို့အပြင် သိုင်းဧကရာဇ် ရုပ်ခန္ဓာ ကျင့်ကြံရန် မိန်းကလေးငယ်ပေါင်းများစွာ၏ နှလုံးသားများကို ဆွဲထုတ်ခဲ့သဖြင့် မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြသည်။ ကောင်းကင်က ဒေါသထွက်ကာ အပြစ်ပေးခဲ့သဖြင့် ကပ်ဘေးနယ်ပယ်မှ ယိုယွင်းမှုနယ်ပယ်အဖြစ် ပြောင်းလဲသွားကာ အဆင့်တက်သူများစွာ အသက်ဆုံးကုန်သည်။ ယိုယွင်းမှုနယ်ပယ်သို့ ရောက်လျှင် ဤအချက်က မည်မျှ မျှော်လင့်ချက်မဲ့ကြောင်း အလိုလို နားလည်သွားပေလိမ့်မည်။ သို့သော် ဤအချက်များမှာ ရှေးဟောင်းအပျက်အစီးနယ်မြေကို အုပ်ချုပ်ကြီးစိုးရန် အင်မော်တယ်သုံးပါး ဖန်တီးထားသည့် အတုအယောင်များ ဖြစ်ကြောင်း တုံးအဉာဏ်နည်းသော လူသားများ မသိနိုင်ခဲ့ပေ။

နှစ်ပေါင်းများစွာကြာအောင် ဦးနှောက်ဆေးခဲ့ပြီး ကြီးပြင်လာသော လူငယ်တိုင်း ငယ်ဘဝတွင် သိုင်းဧကရာဇ်မျိုးနွယ်၏ အပြစ်အကြောင်း ဇာတ်လမ်းပေါင်းစုံ ခေါင်းထဲသို့ ရိုက်ထည့်ခံခဲ့ရသည်။ နယ်မြေတစ်ခုလုံး၏ မှတ်တမ်းများတွင် အတိအကျ ရေးသားထားသော အချက်အလက်များ ဖြစ်သောအခါ ကပ်ဘေးသယ်ဆောင်သူသည် ဘုံရန်သူ ဖြစ်လာခဲ့၏။ လန်ရီအပေါ် မည်မျှ လေးစားပါစေ၊ နယ်မြေတစ်ခုလုံး ဒေါသမီးတောက်လောင်နေသည်ကို မြင်ရသောအခါ တပည့်များမှာ ကြောက်ရွံ့လာကြသည်။ ထို့အပြင် သူမကို ကူညီလျှင် မျိုးရိုးကိုးဆက် အသတ်ခံရရုံသာမက ဘိုးဘေးများပင် သင်္ချိုင်းမှ တူးထုတ်ခံရမည်ဟု ကြေညာထားသောအခါ သတ္တိ မရှိကြတော့ပေ။

လန်ရီကြောင့် တပည့်များ သေဆုံးရမည်ဟု ထိတ်ထိတ်လန့်လန့် ဖြစ်နေစဥ် ဆန်းကြယ်ဘုရားကျောင်းက ကြေညာချက်တစ်ခု ထုတ်ပြန်လာသည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်များနှင့် အကြီးအကဲများက လန်ရီနှင့် ဝေးဝေးနေလိုပြီး အပြစ်ကင်းစင်ကြောင်း သက်သေပြလိုလျှင် ဆန်းကြယ်ဘုရားကျောင်းထံ တစ်ရက်အတွင်း လာရောက် ခိုလှုံရပေမည်။ ညသန်းခေါင်အချိန် ရောက်သည်အထိ လာရောက်ခိုလှုံခြင်းမရှိလျှင် ကျောင်းတော်ရှိ မည်သူမဆို အပြစ်သားအဖြစ် သတ်မှတ်ခံရကာ ကောင်းကင်ရင်းမြစ် အမိန့်အတိုင်း စီရင်ခံရပေလိမ့်မည်။ မည်သူမျှ ချွင်းချက်မထားဟု ထည့်သွင်းထားသောကြောင့် ကျောင်းအုပ်ယွီကိုပင် ဂရုမစိုက်ကြောင်း သိသာနေကာ ဆန်းကြယ်ဘုရားကျောင်းသည် ရှေးဟောင်းကျောင်းတော်၌ အင်မော်တယ်သုံးပါး လက်အောက်ခံအဖြစ် ပေါ်ပေါ်တင်တင် ပြုမူရဲနေ၏။

"သွားကြ။ နေ့တစ်ဝက်ပဲ အချိန် ရှိတော့တယ်။ အခု ဆန်းကြယ်ဘုရားကျောင်းကို မသွားရင် ငါတို့အကုန် အပြစ်သား ဖြစ်ကုန်လိမ့်မယ်"

ရှေးဟောင်းကျောင်းတော်၏ နေရာတိုင်းရှိ တပည့်များနှင့် အကြီးအကဲများသည် အထိတ်တလန့် မျက်နှာထားဖြင့် ဆန်းကြယ်ဘုရားကျောင်းထံ အရူးတစ်ပိုင်း ပြေးလွှားသွားကြသည်။

"မဟုတ်တာတွေ မပြောနေကြနဲ့"

သွေးမိစ္ဆာနယ်မြေသို့ တိုက်ပွဲဝင်ရန် ခရီးပြင်ဆင်နေသော တပည့်များအနက် ယွမ်ရောင်မှာ ဒေါသတကြီး ဖြစ်နေသည်။ မူလတွင် သူတို့က ယွမ်ရှောင်နှင့် လန်ရီကို ထောက်ခံခဲ့သော်လည်း ကြောက်စိတ်ကြောင့် ဘက်ပြောင်းကုန်သည်။

"အစ်ကိုရောင် ခင်ဗျားအဖေက ကျောင်းတော်ရဲ့ သူတော်စင်တစ်ယောက်လေ။ အင်မော်တယ်သုံးပါးက အပြစ်ပေးရင်တောင် လွတ်မြောက်နိုင်စွမ်း ရှိတယ်။ ငါတို့လို တခြားကမ္ဘာက လာတဲ့ မထင်မရှား တပည့်တွေက ဘာကြောင့် သေတဲ့အထိ တိုက်ခိုက်ရမှာလဲ။ ကိုယ့်ရွေးချယ်ခွင့်နဲ့ ကိုယ်ပဲ။ အတင်းအကြပ် မလုပ်ပါနဲ့"

သူနှင့် ရင်းနှီးစွာ ပေါင်းသင်းနေကြသော တပည့်များပင် စောဒကတက်နေကြသည်။

"ငါက မင်းတို့ကို မတားတော့ပါဘူး။ ဒါပေမယ့် လန်ရီကို ကျိန်ဆဲနေတာ ရပ်လိုက်စမ်း။ သူက ဘယ်တုန်းကများ မင်းတို့အပေါ် ရက်ရက်စက်စက် ဆက်ဆံဖူးလို့လဲ။ အမြဲကောင်းပေးခဲ့တာ မဟုတ်ဘူးလား"

သူ၏ စကားလုံးများက တပည့်များစွာကို တိတ်ဆိတ်သွားစေကာ လန်ရီအနေဖြင့် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်မှာ အမှန်တရား ဖြစ်နေသည် မဟုတ်ပါလော။

"နယ်မြေတစ်ခုလုံးက သူ့ကို အပြစ်သားလို့ စွပ်စွဲနေကြတယ်။ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာ ငါတို့ မသိဘူး။ ဒီနေရာမှာ ငါတို့က သာမန်ပြည်သူတွေပဲ။ ဒါပေမယ့် တကယ့်အမှန်တရား ပေါ်ပေါက်လာတဲ့အထိ ပါးစပ်ပိတ်ထားပါ့မယ်။ လန်ရီကို လေးစားကြ"

နောက်ဆုံးတွင် သူတို့က သဘောတူလိုက်ကြသော်လည်း အသက်ဘေးမှ လွတ်မြောက်ရန် ဆန်းကြယ်ဘုရားကျောင်းသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ လူနည်းစုသာ အနားတွင် ကျန်ရစ်သဖြင့် ယွမ်ရောင်သည် လေးကန်စွာ သက်ပြင်းချလိုက်မိပြီး ယခင်နှင့် မတူခြားနားသော ရှေးဟောင်းကျောင်းတော်အတွက် စိတ်ပူနေခဲ့သည်။ ထိုအချိန်တွင် ဆန်းကြယ်ဘုရားကျောင်းသည် ရှေးဟောင်းကျောင်းတော်၏ လူဦးရေ ကိုးဆယ်ရာခိုင်နှုန်းအထိ လက်ခံခဲ့ပြီး အသက်နှင့် သေခြင်းတရား အကြားတွင် အင်မော်တယ်သုံးပါးဘက်သို့သာ ယိမ်းယိုင်သွားကြ၏။ ဤသို့ဖြင့် စည်ကားသက်ဝင်နေကျဖြစ်သော ရှေးဟောင်းကျောင်းတော်မှာ ခြောက်ကပ်တိတ်ဆိတ်သွား၍ ကမ္ဘာပျက်ကပ် အကြို ရောက်ရှိလာသကဲ့သို့ပင်။

လျိုအိမ်တော် ဖြစ်ရပ် မတိုင်ခင် ရှေးဟောင်းမျှော်စင်၏ ဆယ်ထပ်မြောက်ကို လန်ရီ စိန်ခေါ်သည်အား လူပေါင်းများစွာ အားပေးခဲ့ကြသော်လည်း လက်ရှိတွင် အဖြူရောင်ဝတ် သက်တော်စောင့် တစ်ဖွဲ့သာ ရှိနေခဲ့သည်။ သူတို့က စက်ဝိုင်းသဏ္ဍာန် စောင့်ကြပ်နေကာ လေးနက်တည်ငြိမ်သော အမူအရာနှင့် ပြတ်သားသော အကြည့်များ ပိုင်ဆိုင်ထားကြ၏။ လူသားမျိုးနွယ်နှင့် လောကကို ကယ်တင်ရန် အပုပ်ချမှုနှင့် ရက်စက်မှုများကို ခါးစည်းရင်ဆိုင်ကာ အမြင်မှားနေသူများကို ဆွဲထုတ်ရန် လက်မလျှော့သော ဤအင်အားစုကို အဝေးမှ စောင့်ကြည့်နေသော ယွမ်ရှောင်ကိုယ်တိုင် လေးစားသွားခဲ့သည်။

ယွီချန်နှင့် ယွမ်တဟဲလည်း ရောက်ရှိလာခဲ့ပြီး လန်ရီထံမှ အခြေအနေကို နားလည်အောင် စုံစမ်းခဲ့၏။ သူတို့၏ ဂုဏ်သိက္ခာ အမည်းစက်ထင်သွားသော်လည်း လန်ရီကို အပြစ်မတင်ဘဲ ဤအချိန်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း သိသာနေသည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်အများစုသည် ဆန်းကြယ်ဘုရားကျောင်းသို့ ရောက်ရှိသွားကာ ဘက်ပြောင်းသွားသော်လည်း သူတို့သည် လောကကြီး ကောင်းကျိုးအတွက် မည်သူမျှ မလျှောက်လှမ်းဝံ့သော ငရဲထံ ဦးတည်ရဲကြသည်။ လန်ရီသည် သူတို့၏ မျှော်လင့်ချက်ဖြစ်ကာ ယွမ်ရှောင်တွင် ဝှက်ဖဲများစွာ ရှိနေသော်လည်း အသိပေးမထားခဲ့ချေ။ ထို့ကြောင့် သူတို့သည် သူမအတွက် အသက်စွန့်ရန် ပြင်ဆင်ထားကြောင်း သိနိုင်ပြီး မျက်ဝန်းများ တောက်ပနေကာ စိတ်ဓာတ်ခွန်အား ပေးစွမ်းနေသည်။

"လုပ်စရာရှိတာကို ဆက်လုပ်။ ကျန်တာ ငါတို့ တာဝန်ထားလိုက်"

ယွီချန်သည် တပည့်ဖြစ်သူ၏ ဆံပင်ကို သပ်တင်ပေးလိုက်ရင်း ကြင်နာစွာ အားပေးသည်။

"သမီးတို့ အနိုင်ရဖို့ အခွင့်အရေး ရှိလား ဆရာ"

လန်ရီက မော့ကြည့်၍ ဝမ်းနည်းစွာ မေးခွန်းထုတ်၏။

"မင်းရှိနေသမျှ မျှော်လင့်ချက် ရှိပါတယ်"

"ဒါပေမယ့် ဆရာ သေဆုံးသွားမှာကို ကြောက်မိတယ်"

သူမသည် ဆရာဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားရင်း မျက်ရည်ဝဲလာသောအခါ ယွီချန်က ခေါင်းယမ်း၍ နှစ်သိမ့်ပေးခဲ့သည်။

"အဆင်ပြေပါတယ်။ ငါတို့က အရေးမကြီးပါဘူးကွယ်"

ထို့နောက် သူမသည် နောက်ဆုတ်သွား၍ ရှေးဟောင်းမျှော်စင်အတွင်း ဝင်ရောက်ရန် အချက်ပြလိုက်သောအခါ လန်ရီမှာ နောက်ဆံမတင်းဟန်ဖြင့် လှည့်ကြည့်ရင်း ထွက်ခွာသွားရ၏။ သူမသည် အသက်ကို ခပ်ပြင်းပြင်းရှူ၍ တိုက်ပွဲအတွက် ပြင်ဆင်ရန် လိုအပ်လာခဲ့သည်။ အပြစ်သားဟု စွပ်စွဲခံရပြီးလျှင် တိုက်ပွဲ ရောက်ရှိလာရန် နီးကပ်နေပြီး နီအန်သားရဲ ထွက်ပေါ်လာခြင်းထက်ပင် လန်ရီကို ကိုင်တွယ်ရန် အင်မော်တယ်သုံးပါးက ဆုံးဖြတ်ထား၏။

"အင်မော်တယ်သုံးပါးနေ့က မနက်ဖြန်ဆို ရောက်ပြီ။ ငါ့ကို တရားစီရင်ဖို့ ဘာညာတွေ မရှိတော့ဘူး။ တစ်ရက်စောပြီး လှုပ်ရှားရုံကလွဲလို့ ကွာခြားချက် မရှိပါဘူး။ ငါ့လုပ်ရပ်တွေကို ဖုံးကွယ်ထားစရာ မလိုတော့ဘူး ဟား ဟား"

ယွမ်ရှောင်က ကျေနပ်စွာ ရယ်မောလိုက်ရင်း ရှေးဟောင်းမျှော်စင်အောက်တွင် တင်ပျဥ်ခွေထိုင်ကာ ဧရာမသိုလှောင်အိတ်ကို သွန်ချ၍ ခက်ထန်ကြမ်းတမ်းသော တိုက်ပွဲ၌ ပါဝင်ရန် အသင့်ပြင်လိုက်လေသည်။

All Chapters