← Chapters

အိပ်မက်ပင်လယ် ကမာကောင်

Vol. 34 Ch. 447

အိပ်မက်ပင်လယ် ကမာကောင်

Vol. 34 Ch. 447

ယွမ်ရှောင် ပထမဆုံး ထုတ်ယူလိုက်သည်မှာ ကပ်ဘေးနတ်ဆိုးအရိုးများ ဖြစ်ကြပြီး ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ် ဝါးမျိုရန်အတွက် ပြဿနာ မရှိချေ။ သူက လက်တစ်ဖက်ဖြင့် ဓားဝိညာဥ်၊ ကျန်လက်တစ်ဖက်ဖြင့် ရှည်လျားသော အပြာရောင် ကျောရိုးရှည်တစ်ချောင်း ဆွဲကိုင်ထား၏။ ဓားကို စွမ်းအင် လှိုင်းထန်နေသည့် ၎င်းအတွင်း စိုက်ချလိုက်ရာ မိုးပြာရောင်မီးခိုးများ ထွက်ပေါ်လာပြီး ခဏအတွင်း သစ်ကိုင်းခြောက်ပမာ ညှိုးရော်၍ မှိန်ဖျော့သွားသည်။ ၎င်း၏ စွမ်းအင်များသည် ဓားဝိညာဥ်အတွက် အားဖြည့်စာ ဖြစ်သွားပြီး အားကောင်းသော ဓားအော်ရာ အလွှာများ ဖြစ်တည်လာစေကာ အသက်ရှူချိန် နှစ်ကြိမ်အတွင်း စုပ်ယူခံလိုက်ရ၏။

အခြားသူများ စုပ်ယူဝါးမျိုရန် နှစ်ပေါင်းများစွာ ကြာနိုင်သော ရတနာများကို ယွမ်ရှောင်က တစ်ခုပြီးတစ်ခု အသုံးချနေပြီး အရေအတွက် ရာချီအထိ များပြားလာသည်။ အဖြူရောင်ဝတ် သက်တော်စောင့်များသည် လန်ရီကို ကာကွယ်ရန် အပြည့်အဝ အာရုံစိုက်ထားသောကြောင့် သတိမထားမိခဲ့ကြပေ။ မူလတွင် အကျိုးသက်ရောက်မှု ကြီးမားပြီး ကပ်ဘေးအရိုး ငါးဆယ်သည် ဓားအော်ရာ နှစ်သိန်းအထိ များပြားလာစေသော်လည်း နောက်ထပ် ခုနစ်ဆယ် အသုံးပြုခဲ့သောအခါ အရေအတွက် သုံးသိန်းကျော်အထိသာ တိုးတက်လာခဲ့၏။ သူက စိတ်မရှည်သောကြောင့် အားလုံးကို ဝါးမျိုပစ်လိုက်မိပြီး နောက်ပိုင်းတွင် အကျိုးသက်ရောက်မှု လျော့နည်းမည်ကို ကြိုသိထားလျှင် ဓားအစောင့်အရှောက်နှင့် အခြားလူများအတွက် ချန်ထားပေလိမ့်မည်။

ကပ်ဘေးနတ်ဆိုးအရိုးများကို ဝါးမျိုပြီးသောအခါ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်သည် မိုးပြာရောင် စွမ်းအားကို ပင်လယ်ပမာ ထူထပ်စွာ ထုတ်ဖော်နေခဲ့ပြီး အစွမ်းထက် လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ကျောက်စိမ်းအင်မော်တယ် မျှော်စင် ပိုင်ဆိုင်ထားသော ရတနာများက အံ့သြစရာကောင်းလွန်းပြီး ယွမ်ရှောင်၏ ဓားကို အစစ်အမှန် ဖျက်ဆီးရေးလက်နက် အဖြစ် ပြောင်းလဲပေးခဲ့၏။ ထို့နောက် သွေးကျောက်များအလှည့် ကျရောက်လာခဲ့ပြီး အရေအတွက် တစ်သောင်းကျော်ကာ နတ်ဆိုးစွမ်းရည်အမျိုးမျိုး ထုတ်ဖော်နေကြသည်။ ယိုယွင်းမှုနယ်ပယ် သွေးကျောက်များအထက်တွင် ယင်နယ်ပယ်ဖြစ်ပြီး ဧရာမ နတ်ဆိုးကြီးများ၏ စွမ်းအားနှင့် အရိုးကို သန့်စင်ထားခြင်းဖြစ်ရာ ယင်နယ်ပယ် ကျင့်ကြံသူ နတ်ဆိုးတစ်ကောင် အစွမ်းကို သယ်ဆောင်ထားသည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ယွမ်ရှောင်သည် လက်ရှိတွင် ယင်နယ်ပယ် သွေးကျောက် ငါးရာကျော် ပိုင်ဆိုင်ထားပြီး သခင်ရွေးချယ်ပွဲ၌ စန်းနန် ကိုင်ဆောင်သော ဓားဝိညာဥ်တွင် ခုနစ်ခု တပ်ဆင်ထားခဲ့၏။ သူ အသတ်ခံလိုက်ရသောအခါ ဖခင်ဖြစ်သူက အလောတကြီး ရောက်ရှိလာ၍ သွေးကျောက်များကို ပြန်လည်သိမ်းယူသွားသဖြင့် မည်မျှ အဖိုးတန်ကြောင်း သိနိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင် ယွမ်ရှောင်က ယင်နယ်ပယ်အဆင့် ဓားစက်ကွင်းများ အသုံးပြုရန် ရည်ရွယ်မထားချေ။

ဒုတိယမြောက် တာအိုကျင့်ကြံခြင်းတွင် နယ်ပယ်ရှစ်ခု ရှိပြီး တာအိုနှလုံးသား၊ ကံပင်လယ်၊ ကောင်းကင်ခန်းဆောင်၊ မူလဝိညာဥ်၊ ချီစက်ဝန်း၊ ကပ်ဘေးငါးမျိုး၊ ယင်နှင့် ယန် အဆင့်များ ဖြစ်ကြ၏။ နတ်ဆိုးများတွင်လည်း ယန်နယ်ပယ် ကျင့်ကြံသူများ ရှိကြပြီး ယွမ်ရှောင်၏ လက်ထဲတွင် မျှော်စင်၏ ၃၃ထပ်မြောက်မှ ဓားစက်ကွင်းများ ရှိနေကာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး လိုချင်နေသည့် ရတနာများလည်း ဖြစ်၏။ ယန်နယ်ပယ် သွေးကျောက် ဆယ်ခု တိတိ ရှိနေပြီး ပို၍ အဖိုးတန်စေသည်မှာ အားလုံးသည် အမေ့ခံ နတ်ဆိုးပင်လယ်၏ ကြောက်မက်ဖွယ် ထူးခြားသော နတ်ဆိုးတစ်မျိုးဖြစ်သည့် အိပ်မက်ပင်လယ် ကမာကောင်များထံမှ ထုတ်ယူထားခြင်းပင်။

၎င်းတို့သည် ပုံရိပ်ယောင် စွမ်းရည်များ ပိုင်ဆိုင်ကြပြီး ခြောက်ခြားဖွယ် အမေ့ခံ နတ်ဆိုးပင်လယ်ကို လှပသော နယ်မြေတစ်ခုအလား ပြောင်းလဲခဲ့သည်။ တစ်ကောင်ချင်းစီသည် သီးခြား ပုံရိပ်ယောင်ပိုင်နက်များတွင် နေထိုင်ပြီး အတုကို အစစ်သို့ ပြောင်းလဲနိုင်စွမ်းရှိရာ မည်မျှအစွမ်းထက်ကြောင်း သိနိုင်၏။ ဤသွေးကျောက် ဆယ်ခုတွင် အိပ်မက်ပုံရိပ်ယောင်များ ပါဝင်ပြီး တစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်ရမည့်အစား အပြန်အလှန် အားဖြည့်ပေးနိုင်ကြသည်။ ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြုလိုက်လျှင် ဓားဝိညာဥ်၏ သတ်ဖြတ်နိုင်စွမ်း မြင့်တက်လာနိုင်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေတွင် အိပ်မက်ပင်လယ် ကမာကောင်များ၏ သွေးကျောက်များကို အသုံးပြုခြင်းမှာ အကောင်းဆုံးဟု မှတ်ယူထားကြ၏။

သွေးကျောက်များသည် အဖြူရောင် ကျောက်စိမ်းပုလဲများနှင့် ဆင်တူပြီး မြူခိုးများ ထုတ်လွှတ်နေကာ အလင်းရောင် တောက်ပနေသည်။ ယွမ်ရှောင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် သွေးဆောင်ခံလိုက်ရပြီး လိုလားတောင့်တမှုတို့ ဖြစ်ပေါ်လာ၏။ သူက လက်တွန့်မနေဘဲ ၎င်းတို့အားလုံးကို ဓားဝိညာဥ်၌ ချက်ချင်း တပ်ဆင်လိုက်သောအခါ သတ်ဖြတ်ရေး လက်နက်တစ်ခုဖြစ်သော ဓား၏ အရှိန်အဝါ ပျောက်ကွယ်လာကာ သတ္တဝါများအတွက် နူးညံ့နွေးထွေးသော တူရိယာတစ်ခုအလား ပြောင်းလဲသွားခဲ့သည်။

"ပြည့်စုံတယ်"

သူက ဓားသွားကို ပွတ်သပ်လိုက်သောအခါ အင်မော်တယ်တစ်ယောက်နှင့် ဆင်တူနေပြီး ဓားစက်ကွင်းများ၏ စွမ်းအားအရ သူယောင်မယ် ဆယ်ယောက် ထွက်ပေါ်လာ၍ ခဏတာ ကပြကာ ဖြုတ်ခနဲ ပျောက်ကွယ်သွားကြ၏။ ဘဝက အစစ်အမှန်အားဖြင့် အိပ်မက်တစ်ခုနှင့် ဆင်တူပြီး အလှအပများနှင့် သွေးဆောင်ဖြားယောင်းခြင်းမှ လွတ်မြောက်ရန် ခက်ခဲသည်။ ကမာကောင်များသည် နတ်ဆိုးပင်လယ်၏ အကြီးအကဲများဖြစ်ကာ များပြားလှသော နတ်ဆိုးများအတွက် ခက်ခဲကြမ်းတမ်းသည့် နယ်မြေကြီးကို နေချင်စဖွယ်ဖြစ်အောင် ပြုပြင်ခဲ့ကြ၏။

"ဓားဝိညာဥ်ကို အဆင့်မြှင့်တင်ပြီးပြီ"

ယွမ်ရှောင်က ဓားစက်ကွင်းများ၏ ပုံရိပ်ယောင်အတွင်းမှ ရုန်းထွက်လိုက်ပြီး နဖူးအထက်မှ သက်စောင့်တံဆိပ်အား ထပ်မံ ဆင့်ခေါ်လိုက်သည်။ စုပ်ယူရန် အခြား သက်စောင့်တံဆိပ်များ မရှိသောကြောင့် ရုန်းအရေအတွက် တိုးပွားလာရန် ကိုယ့်ကိုကိုယ် အားကိုးရမည်ဖြစ်သော်လည်း မခက်ခဲပေ။ သူက ရုန်းစုတ်တံတစ်ချောင်း၊ ရုန်းမင်အဖြစ် ဖော်စပ်ရန် ဆေးပင်များနှင့် အစီအရင် ပုံကြမ်းများ လိုအပ်နေသည်။ ရုန်းစုတ်တံနှင့် မင်ကုန်ကြမ်းများကို မျှော်စင်ထံမှ ရရှိလာခဲ့ပြီဖြစ်သော်လည်း အစီအရင်ပုံကြမ်းများ မရှိသောကြောင့် ဦးနှောက်ခြောက်စရာ ဖြစ်သည်။ ၎င်းသည် လျှို့ဝှက်ကျင့်စဥ်များကဲ့သို့ အဖိုးတန်သောကြောင့် ရောင်းချစရာ ကုန်ပစ္စည်းများ မဟုတ်ချေ။

"ဦးလေးဖုန်း"

ထို့ကြောင့် ယွမ်ရှောင်သည် ရှေးဟောင်းမျှော်စင်ကို ငေးမောကြည့်ရှုနေသည့် ဖုန်းချင်းထံ ချဥ်းကပ်လိုက်သည်။

"ယွမ်ရှောင် မင်းရဲ့အသက်ကို စတေးတော့မလို့လား"

ဖုန်းချင်းသည် ယင်ယန် စစ်တုရင်ပညာရပ်ကို ပြန်လည် ဖော်ထုတ်ပေးခဲ့သော ကျေးဇူးရှင်ကို ဤနေရာ၌ အချည်းနှီး မသေစေလိုပေ။

"ကျုပ်က ထွက်ပြေးဖို့ ဝါသနာ မပါဘူး"

"မိတ်ဆွေအစစ်အမှန်ဆိုတာ အခက်အခဲကြုံမှ ထွက်ပေါ်လာတတ်တယ်။ မင်းက တကယ့်လူကောင်းလေးပဲ"

"ဦးလေး ကျုပ် အစီအရင်ပုံကြမ်းတွေ လိုချင်တယ်။ အဆင့်မြင့်လေ ကောင်းလေပဲ"

ယွမ်ရှောင်က ချီးကျူးစကားများနှင့် အချိန်မဖြုန်းလိုသောကြောင့် ရုန်းကျင့်ကြံသူတစ်ယောက် ဖြစ်သော ဖုန်းချင်းထံ ချက်ချင်း အကူအညီတောင်းလိုက်သည်။

"ဒီလိုအချိန်မှာ ကျောင်းတော်ရဲ့ ကျင့်စဥ်တွေကို ဖတ်ရှုဖို့ ကုသိုလ်မှတ်တွေ မလိုတော့ပါဘူး။ အကုန် ပရမ်းပတာ ဖြစ်နေပြီး ပြဿနာ တစ်ခု ရှိတယ်။ ဆန်းကြယ်ဘုရားကျောင်းက ငါ့နေရာကို အရင်ဆုံးလာပြီး ကျောင်းတော်ထိန်းသိမ်းဖို့အတွက်လို့ ခေါငစဥ် တပ်တယ်။ ပြီးတော့ ကျင့်စဥ်နဲ့ မှတ်တမ်းအားလုံးကို အတင်းအကြပ် သယ်သွားကြတယ်လေ"

တစ်ဖက်လူ၏ စကားကြောင့် သူက နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိ၏။ ဖုန်းချင်းတို့ လူစုသည် လန်ရီကို ကာကွယ်ရန် အပြည့်အဝ အားထုတ်ထားသဖြင့် သတိလစ်ဟင်းနေသည့် အချက်အား ဆန်းကြယ်ဘုရားကျောင်းက အမြတ်ထုတ်သွားခြင်းပင်။

"ဒါတွေက ကျောင်းတော်ရဲ့ အမွေအနှစ်တွေပဲ။ ကျုပ်တို့ အနိုင်ရရင်တောင် ကျင့်စဥ်တွေ ဖျက်ဆီးခံလိုက်ရရင် ဘိုးဘေးတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ကျောင်းအုပ်ယွီက တစ်ခုခု လုပ်ဖို့ အစီအစဥ် မရှိဘူးလား"

"ခက်ခဲတယ်။ ငါတို့အများစုက လန်ရီကို ကာကွယ်ပေးဖို့ လိုအပ်တယ်။ ဆန်းကြယ်ဘုရားကျောင်းက တပည့်ပေါင်းများစွာကို စည်းရုံးထားပြီး တိုက်ပွဲ ဖြစ်မယ်ဆိုရင် သူတို့က ထိုးကျွေးခံရလိမ့်မယ်။ ဒီအကြောင်းပြချက်နဲ့ဆိုရင် ဆန်းကြယ်ဘုရားကျောင်းက ငါတို့ကို အပြစ်တင်ဖို့ လူထုရဲ့ ဒေါသကို လှုံ့ဆော်ဖို့ နောက်ထပ်အခွင့်အရေး ရသွားလိမ့်မယ်"

ဖုန်းချင်းသည် သေရမည်ကို မကြောက်သော်လည်း အပြစ်မဲ့သူများ၏ အသက်ဖြင့် အကြပ်ကိုင်ခံရမည်ကိုမူ ကြောက်ရွံ့ပေသည်။ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ လန်ရီနှင့် ရှေးဟောင်းမျှော်စင်ကို ကာကွယ်ရန် ဖြစ်သောကြောင့် ယွမ်ရှောင် နားလည်သွားခဲ့သည်။ သူက ဆန်းကြယ်ဘုရားကျောင်း၏ လက်ရှိ အင်အားကို စုံစမ်းလိုက်သောအခါ အင်မော်တယ်သုံးပါး မျိုးဆက်များ ကာကွယ်ရေးနှင့် တပည့်များကို ဦးနှောက်ဆေးရန် ရောက်ရှိနေကြောင်း သိလိုက်ရပြန်၏။

"လန်ရီနဲ့ မျှော်စင် ပေါင်းစပ်တာက တိုးတက်မှု ရှိလား"

"မင်း ဒါကို ဘယ်လိုလုပ် သိနေရတာဲ"

သူ၏ မေးခွန်းကြောင့် ဖုန်းချင်းမှာ သိသိသာသာ အံ့သြသွားသော်လည်း ဖြေကြားပေးခဲ့သည်ါ

"တိုးတက်မှုတော့ ရှိပါတယ်။ တစ်ရက် နှစ်ရက်လောက်ကြာရင် လန်ရီက ရှေးဟောင်းမျှော်စင်ကို ဘယ်သွားသွား ယူဆောင်သွားနိုင်လိမ့်မယ်။ ကိုယ့်အသက်ကို ကာကွယ်ဖို့တော့ ပြဿနာရှိမှာ မဟုတ်ဘူး"

"ကျုပ် နားလည်ပြီ။ ဒါဆိုရင် အင်မော်တယ်သုံးပါးဆိုတဲ့ အရူးတွေက ရှေးဟောင်းမျှော်စင်ကို ကြောက်နေတာလား"

ယွမ်ရှောင်က ခဏတာ စဥ်းစား၍ နောက်ဆုံးအနေဖြင့် မေးခွန်းတစ်ခု မေးလိုက်လေသည်။

All Chapters