← Chapters

မုန်တိုင်းဗဟိုချက်

Vol. 34 Ch. 437

မုန်တိုင်းဗဟိုချက်

Vol. 34 Ch. 437

ကောင်းကင်ရင်းမြစ်နယ်မြေ အလယ်ပိုင်းတွင် ဘုရားကျောင်းဆန်ဆန် ဆောက်လုပ်ထားသော ရွှေရောင်နန်းတော်တစ်ခု တည်ရှိပြီး ဝင်ပေါက်၌ ကောင်းကင်အမိန့်ဟု ဆိုင်းဘုတ် ရေးထိုးထားသည်။ ၎င်းအတွင်း၌ ရွှေရောင်ရင့်ရင့် မြူခိုးများ ဝေ့ဝဲနေကာ တည်ငြိမ်လေးနက်သော အခြေအနေအောက်တွင် လူတစ်ရာကျော် စုဝေးနေ၏။ အားလုံးက အဖိုးတန် အဝတ်အစားကိုယ်စီနှင့် သက်လတ်ပိုင်း အရွယ်များ ဖြစ်ပြီး အနားတွင် ချီစွမ်းအင် အတက်အကျများ ရှိကာ နက်ရှိုင်းသန်မာသော စွမ်းအား ပိုင်ဆိုင်ကြသည်။ ၎င်းသည် အင်မော်တယ် သုံးပါး မျိုးဆက်တွင် အဓိက အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အဖွဲ့ဝင်များမှာ ကောင်းကင်အရာရှိများအောက် အဆင့်အတန်း မနိမ့်ကြပေ။ ဓားစံအိမ်သခင်နှင့် ကျူးကျန်းစသော လူများလည်း ရှိနေကြပြီး အမြင့်ဆုံးနေရာတွင် မုတ်ဆိတ်ဖြူ အဘိုးအိုပိန်တစ်ယောက် ထိုင်နေကာ ခန္ဓာကိုယ်မှ မြူခိုးများ တရစပ် ထွက်ပေါ်နေသည်။ အရေပြားထက်တွင် အစက်အပြောက်များ ရှိနေပြီး သေကာနီးအရွယ် ဖြစ်သော်လည်း အဖြူရောင် မျက်လုံးတစ်စုံ တောက်ပလျက် ရှိသည်။

"စီချင်းနဲ့ မျှော်စင်သခင် ရောက်ရှိလာပါတယ်"

"ဝင်ခွင့်ပေးလိုက်"

အားနည်းပုံရသော အဘိုးအိုက ခေါင်းမော့၍ ညွှန်ကြားလိုက်ပြီး စကားအဆုံးတွင် အနီရောင်ဝတ် မိန်းမတစ်ယောက်နှင့် ယောကျ်ားတစ်ယောက် အတူတကွ ရောက်ရှိလာကြ၏။ မျှော်စင်သခင်သည် ဆံပင်ရှည်ကို နောက်လှန်စီးထား၍ ပုလဲနားကပ်တစ်ရံ ဝတ်ဆင်ပြီး အသွင်အပြင်မှာ ထူးဆန်းသည်။ ကျော်ကြားသော ကျောက်စိမ်းအင်မော်တယ် မျှော်စင် သခင်ဖြစ်ကာ မျက်နှာတစ်ခုလုံး ညှိုးငယ်နေပြီး သမီးဖြစ်သူကို အရာအားလုံးထက် တန်ဖိုးထားသောကြောင့်ပင်။ ကြီးမားသော ဥစ္စာဓနနှင့် သမီးကို ဆုံးရှုံးလိုက်ရခြင်းမှာ မည်သူ့အတွက်မဆို ကြီးမားလှသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။

"ကောင်းကင်ရင်းမြစ်သခင်ကို ဂါရဝပြုပါတယ်"

သူတို့က အဘိုးအိုကို ဦးညွှတ်လိုက်ကြပြီး အင်မော်တယ်သုံးပါး ပြီးလျှင် အပြင်လောကတွင် ဒုတိယမြောက် အလေးစားဆုံး ပုဂ္ဂိုလ်လည်း ဖြစ်၏။ ရာစုနှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော အင်မော်တယ်သုံးပါး၏ တိုက်ရိုက်အဆက်အနွယ်များအနက် ထိုအဘိုးအိုလည်း တိုက်ရိုက် ပါဝင်သည်။

စီချင်းနှင့် မျှော်စင်သခင်ကို ထိုင်ရန် သူက အချက်ပြလိုက်ပြီး အမှုအခင်းနှစ်ခုအကြောင်း အစီရင်ခံရန် အမိန့်ပေးလိုက်၏။ ပထမဆုံး ဖြစ်ရပ်က ရှေးဟောင်းကျောင်းတော်တွင် ဖြစ်သောကြောင့် မျှော်စင်သခင် နောက်ဆုတ်သွား၍ စီချင်း ရှေ့ထွက်လာကာ အကြောင်းစုံ တင်ပြလိုက်ပြီး မိစ္ဆာ အစစ်အမှန် ဟုတ်မဟုတ် မဆုံးဖြတ်ရသေးကြောင်း ပြောလိုက်သည်။ မျှော်စင်သခင် အလှည့်ရောက်သောအခါ ရတနာများ ခိုးယူခံရပုံကို အသေးစိတ် လျှောက်တင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်ကို အသာထား၍ ယွမ်ရှောင်အား သေသေချာချာ ဖမ်းဆီးစစ်ဆေးရန် အကြံပြုခဲ့သည်။ သူ၏ အမြင်တွင် တစ်ဖက်လူက အရုဏ်ဦးအိမ်တော်၌ ရှိနေသည့်တိုင်အောင် ပြစ်မှုများနှင့် အကြီးအကျယ် ဆက်စပ်နေသူပင်။ ကောင်းကင်အရာရှိများနှင့် စံအိမ်သခင်များကလည်း အမြင်တူညီစွာ ထောက်ခံလာကြ၏။

"ကောင်းကင်ရင်းမြစ်သခင်က ရှေးဟောင်းကျောင်းတော်ကို ကျော်လွန်ပြီး ယွမ်ရှောင်ကို ဖမ်းဆီးဖို့ အမိန့်ပေးပါ"

စီချင်းက တောင်းဆိုနေစဥ် အပြင်ဘက်မှ ကြေညာသံတစ်ခု ထွက်ပေါ်လာပြီး ကျောင်းအုပ်ယွီနှင့် သူတော်စင်များ ရောက်ရှိလာသောကြောင့်ပင်။

"ယွီချန်တစ်ယောက်တည်းကို ဝင်ခွင့် ပေးလိုက်"

ကောင်းကင်ရင်းမြစ် သခင်က အက်ကွဲကွဲ အသံဖြင့် အမိန့်ပေးလိုက်သောအခါ အင်မော်တယ်သုံးပါး မျိုးဆက်များ၏ အေးစက်စက် အကြည့်အားလုံး ဝင်ပေါက်ထံ ရောက်ရှိသွားသည်။

"ဒီကိစ္စတွေက ကျောင်းတော်နဲ့ရော ငါနဲ့ရော မသက်ဆိုင်ဘူးဆိုတာ ရှင်းလင်းဖို့ ကိုယ်တိုင်လာခဲ့တာ"

ယွီချန်က အတွင်းသို့ ဝင်မလာဘဲ ဝင်ပေါက်တွင် ရပ်တန့်၍ တစ်လုံးချင်း ကြေညာလိုက်သည်။

"ဒါကို အင်မော်တယ်သုံးပါးဆီ အစီအရင်ခံလိုက်ရင်တောင် အဖြေက တူတူပဲ။ ငါတို့အတွက် ကျောက်စိမ်းအင်မော်တယ် မျှော်စင်က ရတနာတွေ မလိုအပ်ဘူး။ အင်မော်တယ်သုံးပါး မျိုးဆက် လူငယ်တွေကိုလည်း ကောင်းကောင်းမွန်မွန် သင်ကြားပေးလာတာ လူတိုင်း အသိပဲ"

ကောင်းကင်ရင်းမြစ် သခင်က ခဏတာစဥ်းစား၍ ခေါင်းညိတ်ပြခဲ့သည်။

"ဒါဆိုရင် ကျောင်းအုပ်ယွီရဲ့ အမြင်မှာ မိစ္ဆာမျိုးနွယ် ပြန်လည် ထွက်ပေါ်လာတာလား"

"မသိပါဘူး။ ကျောင်းတော်မှာ ဖြစ်ခဲ့တဲ့အတွက် မင်းတို့အားလုံးနဲ့ ပူးပေါင်းပြီး သေချာစုံစမ်းမယ်။ တရားခံကို မကြာခင် ရှာတွေ့မယ်ဆိုတာ အာမခံပါတယ်"

"တကယ်လို့ မိစ္ဆာတွေသာဆိုရင် မင်း ဘယ်လိုတုံ့ပြန်မှာလဲ"

ကောင်းကင်ရင်းမြစ်သခင်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်၏။

"မိစ္ဆာမျိုးနွယ်က ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ရန်သူ ဖြစ်တယ်။ ရှေးဟောင်းကျောင်းတော်က ရန်သူကို ဆန့်ကျင်ဖို့ မင်းတို့နဲ့အတူ ရပ်တည်မယ်။ တစ်ယောက်ယောက် စေလွှတ်ပြီး သွေးမိစ္ဆာနယ်မြေအကြောင်း စုံစမ်းသင့်တယ်"

"ကောင်းပြီ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး။ နှုတ်ဆက်ပါတယ်"

ထို့နောက် သူမသည် အဘိုးအိုကို တစ်ချက်စိုက်ကြည့်၍ ချက်ချင်း လှည့်ထွက်သွားသဖြင့် အားလုံးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"ပြောသွားတာက အဓိပ္ပါယ်ရှိတယ်။ သူတို့က ဆက်လက်ရပ်တည်ဖို့ ရှေးဟောင်းမျှော်စင်ကို အားကိုးနေရတာပဲ။ တကယ်သာ ပါဝင်ပတ်သက်ခဲ့ရင် မငြိမ်မသက် ဖြစ်တာကလွဲလို့ ဘာအကျိုးမှ မရှိဘူး"

မျှော်စင်သခင်က သူ့အမြင်ကို ထုတ်ပြောသည်။

"ငါတို့က သက်သေရှာမတွေ့နိုင်ဘူးလို့ လောင်းကြေးထပ်ထားတာလည်း ဖြစ်နိုင်တယ်"

စီချင်းက အေးစက်စက် ပြောလိုက်သောအခါ ကောင်းကင်ရင်းမြစ် သခင်သည် လက်ကာပြ၍ လေးနက်စွာ ညွှန်ကြားလိုက်၏။

"ဘာဖြစ်ဖြစ် တရားခံက အခုထိ ရှိနေသေးတယ်။ အင်မော်တယ်သုံးပါးနေ့ ရောက်လာတော့မယ်။ နောက်ထပ် ဒီလိုဖြစ်ရပ်တွေ မဖြစ်စေရဘူး။ နယ်မြေတစ်ခုလုံးကို အသွားအလာ ကန့်သတ်ထားပြီး တရားခံ မပေါ်မချင်း သေချာ စစ်ဆေးကြစမ်း"

"ဟုတ်ကဲ့"

လူတိုင်းက ခေါင်းညိတ်လိုက်ကြသော်လည်း စီချင်းမှာ ထပ်မံ အထွန့်တက်လာပြန်သည်။

"ကောင်းကင်အမိန့်တော် ထုတ်ပြန်မှာပါလား"

"မလိုအပ်ဘူး။ ဒီလူငယ်လေးက ယွီချန်ရဲ့ လူတစ်ယောက်ပါပဲ။ သူမကိုယ်တိုင် ဒီနေရာကို လာပြီး ရှင်းပြသွားတာကို ငါတို့ဘက်က စည်းကျော်စရာ မလိုဘူး။ အချိန်တန်ရင် လန်ရီကို သတ်ပြီး ယွီချန်နဲ့ အပေါင်းအပါတွေကို ကိုင်တွယ်ရင် လုံလောက်ပြီ"

ကောင်းကင်းရင်းမြစ်သခင်၏ မျက်လုံးထဲတွင် လန်ရီက ယွမ်ရှောင်ထက် ပို၍ အရေးပါနေပုံပေါ်သည်။ လန်ရီကို အမြစ်ပြတ် ချေမှုန်းရန် အင်မော်တယ်သုံးပါးက တိုက်ရိုက် အမိန့်ပေးထားသောကြောင့် နောက်ထပ်အနှောင့်အယှက်များ ဖြစ်မလာစေရန် သူက အားလုံးကို နယ်မြေတစ်ခွင် တင်းတင်းကြပ်ကြပ် ထိန်းချုပ်စေခဲ့၏။

ရှေးဟောင်းကျောင်းတော်အထက် တိမ်တိုက်များအကြားတွင် အဖြူရောင် ကြာပန်းတစ်ပွင့် မျောလွင့်နေပြီး ယွီချန် ကျင့်ကြံနေစဥ် မီးခိုးရောင်ဝတ် အကြီးအကဲ ရှန်ချန် ရောက်ရှိလာသည်။

"အရုဏ်ဦးအိမ်တော်ကနေ ယွမ်ရှောင် ထွက်သွားပေမယ့် သွေးလင်းနို့ ကျိန်စာ ကျန်ရစ်နေခဲ့တယ်။ ဒီကလေးက တော်တော် ဉာဏ်များတာပဲ။ ရဲတင်းသွက်လက်ပြီး လုပ်ရဲကိုင်ရဲ ရှိတယ်။ သွေးမိစ္ဆာတွေ ပြန်ပေါ်လာသလိုမျိုး လိမ်လည်နိုင်ခဲ့တယ်"

ရှန်ချန်က အံ့သြလေးစားစိတ်ဖြင့် စိတ်လိုလက်ရ ချီးကျူးနေသည်။

"ဒါက သူ့အတွက် အသုံးဝင်ပေမယ့် ငါတို့အတွက် မဟုတ်ဘူး"

ယွီချန်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။

"သူကိုယ်တိုင်ကတော့ အသုံးဝင်ပါတယ်"

ယွမ်ရှောင်နှင့် နီအန် ထွက်ပေါ်လာခြင်းသည် အင်မော်တယ်သုံးပါးနှင့် မျိုးဆက်များကို အလုပ်ရှုပ်စေခဲ့ပြီး လန်ရီအတွက် အချိန်ဆွဲထားပေးနိုင်သည်။ မုန်တိုင်း၏ ဗဟိုချက်အဖြစ် ကိုယ်တိုင် လှုပ်ရှားနေသော ငရဲကိုးထပ်ကမ္ဘာမှ လူငယ်လေးအပေါ် သူတို့နှစ်ယောက် ဤမျှ မျှော်လင့်မထားမိချေ။

"သူ့အဆင့် တိုးတက်လာတာက မြန်လွန်းနေတယ်။ တကယ့်အဆင့်ကို ဖိနှိပ်ထားပြီး တစ်ဆင့်ချင်း ဖောက်ထွက်နေတာများလား"

ရှန်ချန်က သူ့အတွေးကို ထုတ်ပြော၏။

"မသိဘူး။ စိုးရိမ်စရာ ကိစ္စတွေတော့ ရှိတယ်။ လန်ရီက ကပ်ဘေးသယ်ဆောင်သူဆိုတဲ့ သတင်းတွေ ပိုပြီး မြန်မြန် ထွက်လာနေပြီ။ စကားလုံးတွေ အပြင် လုပ်ရပ်တွေ ဘောင်ကျော်လာမှာ ပူပန်နေရတယ်"

အမူအရာတည်ငြိမ်သော်လည်း ယွီချန်၏ ရင်ထဲတွင် စိုးရိမ်မကင်း ဖြစ်နေသည်။

"သိပ်မကြာခင် ဖြစ်လာမယ့်အရာက ဖြစ်ကို ဖြစ်လာလိမ့်မယ်"

ရှန်ချန်က လေးနက်တည်ငြိမ်စွာ တစ်လုံးချင်း ပြောလိုက်သည်။

"လန်ရီကို ရှေးဟောင်းမျှော်စင်နဲ့ မြန်မြန် ပေါင်းစည်းဖို့ ပြောထားတယ်"

ထို့နောက် သူမသည် အဖြူရောင် ကြာပန်းကို ထိန်းချုပ်၍ မီးခိုးရောင်ဝတ် အကြီးအကဲကို ဖြတ်ကျော်ပျံသန်းသွားလေသည်။

All Chapters