သွေးကြွေး
Vol. 34 Ch. 438
အရုဏ်ဦး အိမ်တော်၏ ကျင့်ကြံရေးအခန်းအတွင်း တင်ပျဥ်ခွေထိုင်နေသော ယွမ်ရှောင်၏ ကိုယ်တွင်းမှ ပေါက်ကွဲသံများ တဝုန်းဝုန်း ထွက်ပေါ်လာပြီး အသွေးအသား၌ အဖြူရောင်အလင်းများ တောက်ပ၍ အဝေးမှ ကြည့်လျှင် ကြယ်၉၉လုံး ရှိနေသည်နှင့် ဆင်တူ၏။ ၎င်းမှာ သိုင်းမီးဖို ကျင့်ကြံခြင်း ဖြစ်ပြီး ထိုအမှတ်များသည် ကြွက်သားအတွင်း ဒန်တန်ကဲ့သို့ လုပ်ဆောင်ကာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်နိုင်သည်။ ၎င်းက နတ်ဆိုး ရုပ်ခန္ဓာ ကျင့်ကြံရေးနှင့် ဆင်သယောင်ရှိသော်လည်း ဒန်တန်နှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ် တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ ခန္ဓာကိုယ်သည် ဓား၊ ရုန်းနှင့် သိုင်း လမ်းစဥ် သုံးမျိုးအထိ ကျင့်ကြံလာနိုင်ပြီး အမှတ်ကိုးဆယ်ကျော်မှာ မတူခြားနားသော ယန်အဆင့် သတ္တုရင်းမြစ်များနှင့် ဖန်တီးထားပေသည်။
နေ့ဘက်တွင် သူက ယင်အဆင့် သတ္တုရင်းမြစ်ကိုပင် မဝယ်နိုင်ခဲ့သော်လည်း လက်ရှိ၌ ယန်အဆင့်များပင် အသုံးပြုထားနိုင်သည်။ အမှတ်တစ်ခုချင်းစီသည် ထူးခြားသော လက္ခဏာများ ပိုင်ဆိုင်ကာ ပေါင်းစပ်လိုက်သောအခါ အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်လာ၏။ ထို့အပြင် ဖန်ဆင်းရှင်မျိုးစေ့ တစ်ရာကျော် ဝါးမျိုခဲ့သောကြောင့် နေကိုးစင်းဒန်တန်၊ ကြယ်သွေးကြောများနှင့် ရွှေရောင်မူလဝိညာဥ်ထံ ပေါင်းစပ်သွားကာ ပိုမို အားကောင်းလာခဲ့သည်။ ရှေးဟောင်းအပျက်အစီးနယ်မြေသည် အဆင့်အတန်း မြင့်မားသော်လည်း ဖန်ဆင်းရှင်မျိုးစေ့အရာ၌ ကံကြမ္မာ၏ ဇာတ်လိုက်ဖြစ်သော ရဲရှင်းချန်နှင့် လင်းချန်အောက် နိမ့်ကျကြသည်။ ၎င်းတို့မှာ နေကိုးစင်း ဒန်တန်နှင့် ကြယ်သွေးကြောများအောက် အားနည်းသဖြင့် ပိုမို အားကောင်းလာစေရန်သာ စုပ်ယူခံလိုက်ရ၏။ လက်ရှိတွင် သူက နောက်ပိုင်း ချီစက်ဝန်းအဆင့် ဖြစ်သော်လည်း ပြည့်စုံခြင်း ယိုယွင်းမှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရန် ပြဿနာမရှိချေ။
"လန်ရီ ဘယ်မှာလဲ"
"ရှေးဟောင်းမျှော်စင်ကို သွားပါတယ်"
ကျင့်ကြံရာမှ ထွက်လာသောအခါ မည်သူမှ မရှိနေသောကြောင့် ယွမ်ရှောင် မေးလိုက်သောအခါ အရိပ်ထဲမှ ဖြေကြားလာခဲ့၏။ အပြင်ဘက်တွင် အရာရာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မကြာခင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
သွေးမိစ္ဆာနယ်မြေတွင် မြေပြင်က ပုပ်သိုး၍ အလောင်းများ ပြန့်ကြဲနေကာ သွေးများ စွန်းထင်းသဖြင့် ကမ်းရိုးတန်းနှင့် သဲသောင်ပြင်များပင် အနီရောင် ဖြစ်သည်။ ချောက်ကမ်းပါးအောက်သို့ ကြည့်လိုက်လျှင် လှိုင်းတံပိုးထန်နေသည့် သွေးပင်လယ်ကို မြင်နိုင်ပြီး မရေမတွက်နိုင်သော ဝိညာဥ်ငိုသံများ ထွက်ပေါ်နေ၏။ ဤကြောက်မက်ဖွယ် ပင်လယ်ကြီးသည် ရာစုနှစ်ချီ တည်ရှိခဲ့ပြီး အနားရှိ ရွေ့လျားနိုင်စွမ်းရှိသော ကမ္ဘာအားလုံး ပြောင်းရွှေ့သွားကာ ဒုက္ခသည်များသာ ကျန်ရစ်ခဲ့၏။
"ချီယန် လာဦး"
ကျယ်လောင်သော အော်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အလင်းတန်းများ လှုပ်ရှားနေကြ၍ ပြောလိုက်သူမှာ ယွမ်ကျင်း ဖြစ်သည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်အုပ်စုသည် တိုက်ပွဲများစွာ ဖြတ်သန်းလာရပုံပေါ်ပြီး တစ်ကိုယ်လုံး ဒဏ်ရာဗလပွနှင့် သွေးစွန်းနေကြ၏။ ကမ်းရိုးတန်းရှိ ဂူတစ်ခုထံ ညွှန်ပြ၍ သွေးဝိညာဥ်တစ်ကောင် ရှိကြောင်း သူက ပြောလိုက်သောအခါ ချီယန် ဦးဆောင်၍ တပည့်များ ဝင်ရောက်သွားကြသည်။ ဂူအတွင်းပိုင်း၌ လူခေါင်းခွံ ထောင်ပေါင်းများစွာ ရှိနေပြီး မိန်းမတစ်ယောက်၏ အောက်ပိုင်းသည် အနက်ရောင် သွေးကြောပမာ ယှက်နွယ်၍ ၎င်းတို့ကို ရစ်ပတ်ထားသည်။
"သတ်ကြ"
ထိပ်တန်း တပည့်များ ဖြစ်သောကြောင့် လုပ်ဆောင်ချက်များ စနစ်ကျပြီး လျင်လျင်မြန်မြန် ဖြစ်ကာ ဓားနှင့် ရုန်းကျင့်ကြံသူများက တိုက်ခိုက်၍ သိုင်းကျင့်ကြံသူများမှာ ကာကွယ်ပေးကြ၏။ သွေးဝိညာဥ်သည် စွမ်းအင်အများအပြား စုဆောင်းထားသော်လည်း ထိုအုပ်စု၏ တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ သေဆုံးသွားကာ ဂူတစ်ခုလုံး ပြိုကျသွားသည်။
"ဒါက ၁၀၉ကောင်မြောက်ပဲ။ ညီအစ်ကိုတို့ လုပ်တာ ကောင်းတယ်"
ချီယန်က အသက်ပြင်းပြင်းရှူ၍ ချီးကျူးနေစဥ် ယွမ်ကျင်းမှာ မျက်နှာရှိ သွေးများကို သုတ်နေခဲ့၏။ ရာစုနှစ်ပေါင်းများစွာ ကြာသည်အထိ မိစ္ဆာသွေးများနှင့် မကျေနပ်ချက်များ တည်ရှိနေဆဲဖြစ်ကာ စားသောက်ခံလိုက်ရသော အသက်များအတိုင်း ပိုမို ကြီးထွားလာနေသည်။ အဆိုးဆုံးအနေဖြင့် သွေးမိစ္ဆာနယ်မြေတစ်ခုလုံးမှ အစစ်အမှန် သွေးမိစ္ဆာတစ်ကောင် မွေးဖွားလာလျှင် အင်မတန် ကြောက်စရာကောင်းပေလိမ့်မည်။ သွေးဝိညာဥ်များကို ရှင်းလင်းရန် သူတို့က အားစိုက်ထုတ်နေရသဖြင့် အမြင့်ဆုံးတာဝန် သတ်မှတ်ကာ စစ်ကူ လွှတ်ပေးရန် ကျောင်းတော်ထံ သတင်းပို့ထားခဲ့သည်။ ဂူအတွင်းရှိ ခေါင်းခွံများကို သူတို့က တိတ်ဆိတ်စွာ ကြည့်နေကြပြီး အရွယ်အစား ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သွေးဝိညာဥ်၏ အစာ ဖြစ်ခဲ့၏။
တစ်ချိန်က သိုင်းဧကရာဇ်မျိုးနွယ်သည် သွေးမိစ္ဆာ သင်္ဘောကို ချေမှုန်းခဲ့သော်လည်း အင်မော်တယ်သုံးပါး မျိုးဆက်သာ ထွန်းတောက်လာခဲ့သည်။ ထို့ကြောင့် ဤနယ်မြေကို ရှင်းလင်းရန်မှာ သူတို့၏ တာဝန် ဖြစ်သင့်သော်လည်း တစ်ယောက်တလေပင် ရောက်မလာဖူးချေ။ သူတို့၏ လက်ပါးစေ ရှေးဟောင်းအစောင့်တပ်သည် အောက်ကမ္ဘာများသို့ သွားလာတတ်သော်လည်း အန္တရာယ်များ ဖြေရှင်းရန် မဟုတ်ဘဲ သတ္တုရင်းမြစ် တူးဖော်ရန်၊ ရတနာလုယူရန်နှင့် လျှို့ဝှက်နယ်မြေများကို ဂူဖောက်ရန်သာ ဖြစ်၏။ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုတည်းတွင် အသံကောင်းဟစ်နေသည့် ထိုကြောင်သူတော်များမှာ သာမန်လူများကို မျက်စိထဲပင် မထည့်သော်လည်း အင်မော်တယ်သုံးပါးက လောကနှင့် တာအိုကို ကာကွယ်သည်ဟု ကြွေးကြော်လေ့ရှိကြသည်။
"တော်တော် သတ္တိရှိကြတာပဲ"
ထိုအချိန်တွင် အရိုးထိ အေးစက်လောက်သော ရယ်သံတစ်ခု အနီးအနားမှ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ချီယန်တို့အားလုံး တုန်လှုပ်သွားကြသည်။ အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သောအခါ သွေးစွန်းနေသည့် ငွေရောင်ချပ်ဝတ်စစ်တပ်တစ်ခု မြူခိုးအကြားမှ ထွက်ပေါ်လာ၍ သတ်ဖြတ်လိုစိတ် ပြင်းထန်နေပုံရ၏။ အများစုမှာ ဝါရင့်စစ်သည်တော်များ ဖြစ်ကြပြီး ရှေးဟောင်းအစောင့်တပ်ရှိ အနက်ရောင် တပ်ရင်းဖြစ်ကာ တစ်ယောက်ချင်းစီသည် နောက်ပိုင်းအဆင့် ယိုယွင်းမှုနယ်ပယ်ထက် ကျော်လွန်သည်။
"သတိထားပြီး အရာရာကို မှတ်တမ်းတင်ထားကြ"
အမြဲတမ်း စေ့စေ့စပ်စပ် လုပ်ကိုင်တတ်သော ယွမ်ကျင်းက အခြားသူများကို သတိပေးလိုက်၏။ တစ်ဖက်အဖွဲ့ကို ဦးဆောင်လာသူမှာ ရွှမ်မုန်ဆိုသော မိန်းကလေးတစ်ယောက်ဖြစ်ကာ မြေသခင်၏ မြေးလည်းဖြစ်သည်။
"မင်းတို့က သွေးဝိညာဥ်တွေကို သတ်ဖို့ ရောက်လာတာလား"
"မှားတယ်။ မင်းတို့ကို သတ်ဖို့"
သူမ၏ စကားအဆုံးတွင် အနက်ရောင်တပ်ရင်း စစ်သည် သုံးဆယ်ကျော်သည် ရုတ်တရက် လူဖြန့်၍ ရှေးဟောင်းကျောင်းတော် တပည့်များကို ဝိုင်းထားလိုက်ကြသည်။
"ဒါက ဘာသဘောလဲ"
"ကျောင်းတော်ရဲ့ လူတွေကို အဆုံးသတ်ဖို့"
ရွှမ်မုန်၏ နဖူးရှိ အသက်တံဆိပ် လည်ပတ်သွားကာ ရုန်းပေါင်းရှစ်သိန်း ပိုင်ဆိုင်သည့် ခေါင်းရှစ်လုံး မြွေတစ်ကောင် အဖြစ် ထွက်ပေါ်လာသည်။ ကျိန်ဆဲနေလျှင်လည်း အသုံးမဝင်ကြောင်း နားလည်ထားသည့် ချီယန်က ဤဖြစ်ရပ်ကို မှတ်တမ်းတင်ထားပြီး ဖောက်ထွက်နိုင်ရန်သာ မျှော်လင့်ထား၏။ တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် သူတို့က တက်ညီလက်ညီ တိုက်ခိုက်ကြသော်လည်း အရေအတွက်နှင့် အတွေ့အကြုံ ကွာခြားသဖြင့် အောက်စည်းသို့ ကျရောက်နေ၏။
"မြန်မြန်လုပ်ကြ"
ရွှမ်မုန်က အေးစက်စက် ပြောလိုက်ပြီး များပြားလှသော အသက်တံဆိပ်များ ထွက်ပေါ်လာကာ လေးဘက်လေးတန် ပိတ်ဆို့ထားသည်။
"မိစ္ဆာတွေကို မသတ်ဘဲ လူသားအချင်းချင်း သတ်ဖြတ်နေတယ်။ ကိုယ့်ကိုကိုယ် အင်မော်တယ် မျိုးဆက်လို့ ခေါ်ရဲသေးတာလား။ မင်းတို့ကမှ တကယ့် မိစ္ဆာတွေပဲ"
ချီယန်က ထိန်းချုပ်မရနိုင်လောက်အောင် ဒေါသထွက်နေပြီး စိတ်ပျက်အားငယ်နေခဲ့သည်။
"ဟား ဟား ဟား"
ထိုစစ်သည်တော်များမှာ လှောင်ပြောင်ရယ်မောရင်း ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ သူတို့အား ပိတ်လှောင်ထားကြ၏။
"မြန်မြန်သေလိုက်စမ်း"
ရွှမ်မုန်က ညွှန်ပြလိုက်သောအခါ ခေါင်းရှစ်လုံး မြွေသည် ချီယန်ထံ ဝင်ရောက်သွားပြီး ထန်ကျစ်ထက် များစွာ သန်မာသောကြောင့် အင်မော်တယ်သုံးပါး မျိုးဆက် အဓိကပါရမီရှင်များကို ရှေးဟောင်းကျောင်းတော်သို့ စေလွှတ်မထားကြောင်း သိသာသည်။
"ဘုန်း"
ထိုအချိန်တွင် သွေးပင်လယ်ကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါသွားကာ မရေမတွက်နိုင်သော သွေးတန်းများ ကောင်းကင်သို့ မြင့်တက်လာသဖြင့် တိုက်ပွဲကို ခဏတာ ရပ်တန့်သွားစေသည်။ သွေးမြူခိုးများအလယ်တွင် ပုံရိပ်တစ်ခု ရှိနေပြီး ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ပြိုင်ဘက်ကင်းအလှတရားနှင့် ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
"ပြေးကြ"
အစစ်အမှန် မိစ္ဆာဆိုလျှင် ရင်မဆိုင်ဝံ့သော အနက်ရောင် တပ်ရင်းရှိ လူတိုင်း အလန့်တကြား ထွက်ပြေးလိုကြသည်။ သို့သော် ရွှမ်မုန်ထံ အကြည့်တစ်ချက် ကျရောက်လာပြီး သွေးပင်လယ်ကို ဗြောင်းဆန်သော မိန်းကလေးမှာ သူမကို ပစ်မှတ်ထားနေ၏။
"ဒါက ဘာကြီးလဲ"
စကားမဆုံးခင်မှာပင် သူမက ဖြောင်းခနဲ ဖြတ်ရိုက်လိုက်ပြီး အော်သံတစ်ချက်ပင် မထွက်လိုက်ရဘဲ ရွှမ်မုန်၏ ဦးခေါင်း ကောင်းကင်သို့ မြှောက်တက်၍ သွေးပင်လယ်အတွင်း ပြုတ်ကျသွားခဲ့သည်။ ငွေရောင်သံချပ်ကာဝတ် ခန္ဓာကိုယ်က တုန်ရီနေဆဲ ဖြစ်ပြီး အခြားသူများလည်း တုန်လှုပ်နေကြသည်။ ထို့နောက် သူမသည် မရေမတွက်နိုင်သော သွေးစက်များ ပစ်ထုတ်၍ ငွေရောင်ချပ်ဝတ် စစ်သည်များ အနားရောက်သောအခါ သွေးနဂါးအသွင် ပြောင်းလဲပြီး ဝါးမျိုစေခဲ့သည်။
"ရှေးဟောင်းအပျက်အစီးနယ်မြေကို ပြန်ကြတော့။ ငါတို့ သွေးကြွေးတောင်းဖို့ ရောက်လာပြီလို့ ပြောလိုက်"
သူမ၏ မျက်နှာက ဝေဝေဝါးဝါး ဖြစ်နေသော်လည်း ချီယန်တို့ အုပ်စုကို အေးစက်စွာ စိုက်ကြည့်၍ စကားတစ်ခွန်းသာ မှာကြားပြီး အန္တရာယ်မပေးတော့ချေ။