ဘေးကြပ်နံကြပ်
Vol. 34 Ch. 439
ရှေးဟောင်းကျောင်းတော်၊ သီးခြား ခြံဝန်းတစ်ခုအတွင်း ချီယန်သည် ဆရာဖြစ်သော ယွီချန်ရှေ့တွင် ဒုန်းခနဲ ဒူးထောက်ချလိုက်ပြီး အခြားလူငယ်များလည်း ပါဝင်သည်။ သူတို့သည် သွေးမိစ္ဆာနယ်မြေမှ အလျင်စလို ပြန်လာကြပြီး ယွမ်တဟဲနှင့် ဖုန်းချင်းကို ခေါ်ဆောင်ကာ သူမကို တွေ့ဆုံရန် တန်းတန်းမတ်မတ် ရောက်ရှိလာကြ၏။ အကြီးအကဲသုံးယောက်သည် အခြေအနေကို သိရှိပြီးဖြစ်သောကြောင့် မျက်နှာအမူအရာ လေးနက်တည်ငြိမ်နေသည်။
"ပစ္စည်းကို လွှဲပေးလိုက်ပါ"
ဖုန်းချင်း၏ စကားအဆုံးတွင် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော ယွမ်ကျင်းသည် ပုံရိပ်ဖော် ပုလဲတစ်လုံးကို ကျောင်းအုပ်ယွီထံ ကမ်းပေးလာသည်။ ၎င်းမှာ ပုံရိပ်များကို အချိန်နှင့်တပြေးညီ မှတ်တမ်းတင်နိုင်သော ရတနာမျိုးဖြစ်ပြီး အန္တရာယ်နှင့် သတ်ဖြတ်မှုများ ပြည့်နှက်နေသော ကျင့်ကြံရေးလမ်းကြောင်းတွင် မှားယွင်းစွပ်စွဲမှုကို ရှောင်လွှဲရန် ကျင့်ကြံသူတိုင်း သယ်ဆောင်ထားတတ်ကြ၏။ ကျောင်းအုပ်ယွီက ၎င်းကို ချီစွမ်းအားဖြင့် အသက်သွင်းလိုက်သောအခါ ဖြစ်ကြောင်းကုန်စင် မြင်နိုင်သကဲ့သို့ အမှာစကားအားလည်း ကြားနိုင်ပေသည်။ သွေးနဂါးများကို ထိန်းချုပ်ထားသော ပုံရိပ် ထွက်ပေါ်လာလျှင် သူမကိုယ်တိုင်ပင် မျက်မှောင်ကြုတ်၍ အစစ်အမှန် မိစ္ဆာတစ်ကောင်ဟု ရေရွတ်လိုက်မိသည်။ ချီယန်တို့လူစုက မျက်နှာထား လေးနက်တင်းမာပြီး ကျန်လူငယ်များတွင်လည်း ဤဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ပုံရိပ်ဖော်ပုလဲများ ရှိနေကြသည်။
"ဆရာနဲ့ ဆရာဦးလေးတို့။ အစစ်အမှန် မိစ္ဆာ ထွက်ပေါ်လာပြီဆိုတော့ ဘာဆက်လုပ်ရမလဲ။ အင်မော်တယ်သုံးပါး နယ်မြေတွေကို အစီအရင်ခံသင့်လား"
ချီယန်က မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်။ သတင်းပို့ရမယ်။ အင်မော်တယ်သုံးပါးက သိုင်းဧကရာဇ်မျိုးနွယ်ကို ချောင်ထိုးထားပြီး ရှေးဟောင်းအပျက်အစီးနယ်မြေကို အုပ်ချုပ်နေမှတော့ ဒါကို ကိုင်တွယ်ဖို့ တာဝန်ယူရမယ်"
ဖုန်းချင်းက ခေါင်းညိတ်ပြသည်။
"သူတို့က အလေးအနက် မထားလောက်ဘူးလို့ ကျွန်တော် ထင်တယ်"
"အလေးအနက်ထားရလိမ့်မယ်။ ဒါက သူတို့ရဲ့ အာဏာကို စိန်ခေါ်နိုင်စွမ်း ရှိတယ်။ ဒီမှတ်တမ်းရဲ့ နောက်ဆုံးအပိုင်းကို ခွဲထုတ်ပြီး ကောင်းကင်အမိန့်နန်းတော်ကို ပို့ပေးလိုက်"
ကျောင်းအုပ်ယွီက မှတ်ချက်ပေး၍ ပုံရိပ်ဖော်ပုလဲကို ယွမ်တဟဲထံ ကမ်းပေးကာ ညွှန်ကြားသည်။
"ဆရာ မိစ္ဆာကို မသတ်ဘဲ ကျွန်တော်တို့ကို လုပ်ကြံတဲ့ အနက်ရောင်တပ်ရင်းအကြောင်း မဖော်ထုတ်ရဘူးလား"
ချီယန်မှာ စိတ်ပျက်စွာ ရေရွတ်လိုက်ပြီး အကြီးအကဲသုံးယောက်အတွက် ဤကိစ္စမှာ စက်ဆုပ်စရာကောင်းသော်လည်း လက်ရှိ၌ ကြိုတင်သိထားရုံဖြင့် လုံလောက်၏။ တရားမျှတမှုကို ရှာဖွေခြင်းက လောလောဆယ်တွင် အကျိုးမရှိသဖြင့် ချီယန်နှင့်လူငယ်တပည့်များ မကျေမနပ်ဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။ သူတို့က မိစ္ဆာအဆက်အနွယ် သွေးဝိညာဥ်များကို သတ်ခဲ့ပြီး အင်မော်တယ်သုံးပါး မျိုးဆက်များ လုပ်ကြံခဲ့သောအခါ အစစ်အမှန် မိစ္ဆာတစ်ကောင်မှ ကယ်တင်ပေးသွားသဖြင့် ခါးသက်သက် ဖြစ်နေကြ၏။
"ဒါက တရားမျှတမှုအပေါ် ထားတဲ့ မင်းရဲ့ သတ်မှတ်ချက်ကို ဆန့်ကျင်နေတာလား"
ကျောင်းအုပ်ယွီက တပည့်ဖြစ်သူ၏ သဘောထားကို တီးခေါက်မိဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်ပါတယ်။ ကျုပ် နားမလည်ဘူး"
ချီယန်က ဒေါသများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လာသော်လည်း အကျိုးစီးပွားနှင့် ပတ်သက်လျှင် ရှုပ်ထွေးလွန်းသော လောကကြီး၌ ဤသတ်မှတ်ချက်များမှာ အရေးမပါတော့ပေ။
"ဆရာ အခု အစစ်အမှန် မိစ္ဆာပေါ်လာပြီဆိုတော့ သာမန်လူတွေအတွက် အန္တရာယ်ရှိနေပြီ။ ဘယ်သူက သူတို့ကို ကာကွယ်ဖို့ တာဝန်ယူမှာလဲ။ ကျုပ်တို့က အနက်ရောင်တပ်ရင်းကို ကြောက်လို့ ပုန်းနေရမှာလား"
"လောလောဆယ် ရွေးချယ်စရာ မရှိလို့ သည်းခံထားလိုက်ပါ။ ဖြစ်နိုင်ရင် မျှော်လင့်ချက် ရှိလာနိုင်တယ်"
"ကျုပ်က သည်းခံနိုင်ပေမယ့် သာမန်လူတွေ ဘယ်လိုလုပ်ကြမှာလဲ။ သူတို့ရဲ့ အသက်တွေကို စတေးရမှာလား။ ဆရာ အင်မော်တယ်သုံးပါး မျိုးဆက်တွေ ဘာလုပ်လုပ် ကျုပ် ဂရုမစိုက်ဘူး။ ကျေးဇူးပြုပြီး သွေးမိစ္ဆာနယ်မြေကို ပြန်သွားပါရစေ။ အသက်နဲ့ရင်းပြီး တိုက်ခိုက်ရင်း တရားမျှတမှုအတွက် အဓိပ္ပါယ်ရှိရှိ သေဆုံးချင်ပါတယ်"
ချီယန်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သောကြောင့် သူမကိုပင် ခဏတာ မင်သက်သွားစေသည်။
"ကျောင်းအုပ်ကြီး ကျွန်တော်တို့လည်း လိုက်သွားချင်ပါတယ်"
ယွမ်ကျင်းနှင့် အခြားလူငယ်များကလည်း တောင်းဆိုလာသောကြောင့် သူရဲကောင်းဆန်ဆန် အလင်းများ တောက်ပနေကြသည်။ လောကကြီးတွင် အမှောင်တိမ်တိုက်များ ဖုံးလွှမ်းကာ မကောင်းဆိုးဝါးနှင့် လူယုတ်မာများ ခြေချင်းလိမ်နေသော်လည်း ဤလူငယ်အုပ်စုတွင် မျှော်လင့်ချက်တစ်ခု မြင်နိုင်၏။
"သွားကြ၊ ငါ ခွင့်ပြုတယ်"
"ကျေးဇူးတင်ပါတယ် ဆရာ"
ကျောင်းအုပ်ယွီက ခွင့်ပြုလိုက်သည်နှင့် တပြိုင်နက် ထိုအုပ်စုမှာ ရှေးဟောင်းကျောင်းတော်အပြင်သို့ ခြေဦးလှည့်လိုက်ကြသည်။.
"ဆရာ ညီမလေးရော အခြေအနေ အဆင်ပြေရဲ့လား"
တံခါးအနားသို့ ရောက်သောအခါ ချီယန်က ပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။
"အဆင်ပြေပါတယ်။ မင်း မသွားခင် တွေ့လိုက်ပါလား"
"ရပါတယ် ဆရာ။ ညီမလေး အဆင်ပြေနေသမျှ ကျုပ်အတွက် ဝမ်းသာစရာပါပဲ"
သူက ခဏတာ စဥ်းစား၍ အပြုံးတစ်ခုဖြင့် နှုတ်ဆက် ထွက်ခွာသွားသည်။ အမှန်တကယ်အားဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် လန်ရီ ရင်ဆိုင်ရမည့် ရန်သူများမှာ သူတို့ထက် ပို၍ ခက်ခဲကြောင်း ကျောင်းအုပ်ယွီက မပြောလိုက်ချေ။
"အစ်မကြီး ငါတို့လည်း သွားတော့မယ်"
အကြီးအကဲနှစ်ယောက်သည်လည်း တာဝန်များ ဆောင်ရွက်ရန် ကိုယ်စီ ထွက်ခွာသွားကြသဖြင့် သူမ တစ်ယောက်တည်း ကျန်ရစ်သောအခါ အမှောင်ထဲမှ အကြီးအကဲ ရှန်ချန်း ထွက်ပေါ်လာ၏။
"အစစ်အမှန် မိစ္ဆာတစ်ကောင်ဆိုတာက ဖြစ်နိုင်လို့လား။ အရင်က သေချာပြောနိုင်ပေမယ့် အခုတော့ ဝေဝေဝါးဝါးပဲ"
"မှတ်တမ်းထဲက မိစ္ဆာဟာ ငယ်ရွယ်ပြီး အစွမ်းထက်တာကိုတော့ ငါ ပြောနိုင်တယ်"
"ဒီကောင်တွေက ပိုးဟပ်တွေလိုပဲ။ နောက်ထပ် ပေါ်လာလိမ့်မယ်"
ရှန်ချန်းက မျက်မှောင်ကြုတ်၍ လေးနက်စွာ ကောက်ချက်ချလိုက်သည်။
"ရှေ့မှာ ဝံပုလွေ၊ နောက်မှာ ကျား။ ငါတို့တော့ ဘေးကြပ်နံကြပ် ဖြစ်နေပြီ"
ကျောင်းအုပ်ယွီက ညှင်သာစွာ သက်ပြင်းချခဲ့၏။
"ဒါပေမယ့် အင်မော်တယ်သုံးပါးမျိုးဆက်လည်း အခက်တွေ့နေလောက်ပြီ။ ငါတို့က သူတို့အချင်းချင်း တိုက်ခိုက်တာကို ဘေးထွက်ကြည့်နေရင် လူသားမျိုးနွယ်အတွက် လမ်းစတစ်ခု ပေါ်လာနိုင်မလား။ ဒီဖြစ်ရပ်သုံးခုလုံးမှာ မိစ္ဆာမျိုးနွယ်က အင်မော်တယ်သုံးပါး မျိုးဆက်ကိုပဲ အန္တရာယ်ပေးခဲ့တယ်။ သူတို့ကြားမှာ ပြဿနာဖြစ်နေပြီလို့ ငါ ပြောနိုင်တယ်"
အကြီးအကဲရှန်ချန်းက လေးနက်တည်ငြိမ်စွာ ဆက်ပြောသည်။
ကောင်းကင်ရင်းမြစ် နယ်မြေ၊ ကောင်းကင်အမိန့်နန်းတော်တွင် ယွမ်တဟဲက ပုံရိပ်ဖော်ပုလဲကို ပေးအပ်၍ ပြန်လည်ထွက်ခွာသွားသောအခါ တင်းမာသော ပတ်ဝန်းကျင်တစ်ခု ကျန်ရစ်စေသည်။ မှတ်တမ်း၏ နောက်ဆုံးအပိုင်းသာ ဖြစ်သော်လည်း မိစ္ဆာမ ထွက်ပေါ်လာ၍ အင်မော်တယ်သုံးပါး တိုက်ရိုက်မျိုးဆက် ရွှမ်မုန်၏ ဦးခေါင်းကို ရိုက်ချ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအား ရှင်းလင်းစွာ မြင်နိုင်၏။ မှတ်တမ်းကို ကြည့်ပြီးသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ခြားဖွယ် တိတ်ဆိတ်သွားကာ လူတိုင်း မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်ကုန်သည်။
"ကောင်းကင်ရင်းမြစ်သခင်"
အစစ်အမှန် မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာသောကြောင့် တုန်လှုပ်ကြောက်လန့်နေသည့် အင်မော်တယ်သုံးပါး မျိုးဆက်အားလုံး အဘိုးအိုထံ အကြည့်ရောက်သွားကြသည်။
"ဒါက တကယ့် မိစ္ဆာပဲ။"
သူက အတည်ပြုလိုက်သောအခါ ရှေးဟောင်းကျောင်းတော်နှင့် ကျောက်စိမ်းအင်မော်တယ် မျှော်စင်ရှိ ဖြစ်ရပ်များမှာ မိစ္ဆာများနှင့် ဆက်စပ်နေကြောင်း လူတိုင်း သေချာသွားခဲ့၏။
"ဒါဆိုရင် ယွမ်ရှောင်နဲ့ မသက်ဆိုင်ဘဲ သွေးမိစ္ဆာမျိုးနွယ်က လက်စားချေတာလား"
ကောင်းကင်အရာရှိများနှင့် စံအိမ်သခင်များ မျက်မှောင်ကြုတ်နေသကဲ့သို့ မျှော်စင်သခင်လည်း မျက်နှာထား ညှိုးငယ်နေသည်။ သမိုင်းတလျှောက်လုံး သွေးမိစ္ဆာမျိုးနွယ်သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ရန်သူဖြစ်ခဲ့ပြီး သိုင်းဧကရာဇ်မျိုးနွယ်သာ သွေးမိစ္ဆာသင်္ဘောကို အမြစ်မဖြတ်နိုင်ခဲ့လျှင် ယနေ့တိုင် တိုက်ခိုက်နေရပေလိမ့်မည်။ အင်မော်တယ်သုံးပါး မျိုးဆက်များ ကိုယ်တိုင်ပင် သွေးမိစ္ဆာမျိုးနွယ်ကို ကြောက်ရွံ့ထိတ်လန့်ကြပြီး အားလုံး တိတ်ဆိတ်နေစဥ် ကောင်းကင်ရင်းမြစ်သခင်မှ ကျယ်လောင်စွာ ကြေညာလိုက်၏။
"ငရဲကိုးထပ်ကမ္ဘာကို ငါ ခရီးတစ်ခု သွားရလိမ့်မယ်။ မင်းတို့က အင်မော်တယ်သုံးပါးနေ့အတွက် ပြင်ဆင်ထားကြ"
"ဟုတ်ကဲ့"
အားလုံး ခေါင်းညိတ်လိုက်ကြပြီး ကောင်းကင်ရင်းမြစ်သခင်ကိုယ်တိုင် အင်မော်တယ်သုံးပါးထံ သတင်းသွားပို့မည်ဖြစ်ရာ အခြေအနေ မည်မျှလေးနက်ကြောင်း သိနိုင်လေသည်။