ဆန်းကြယ်ဘုရားကျောင်းကို တိုက်ခိုက်ခြင်း
Vol. 34 Ch. 448
ဖုန်းချင်းက ယွမ်ရှောင်၏ မေးခွန်းကို ခေါင်းညိတ်ကာ ပြန်လည် ဖြေကြားပေးခဲ့သော်လည်း သူကိုယ်တိုင် မသေချာပေ။ သိုင်းဧကရာဇ် မျိုးနွယ် ပျက်စီးသွားသောအခါ အင်မော်တယ်သုံးပါးသည် ရှေးဟောင်းကျောင်းတော်ကို ဖျက်ဆီးချင်ခဲ့သော်လည်း မျှော်စင်ကြောင့် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းမှာ ယနေ့ထက်တိုင် တည်ရှိနေဆဲ ဖြစ်ကာ သက်ရှိအားလုံးအပေါ် ရာနှုန်းပြည့် ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း သက်သေပြနေ၏။ သို့သော် ရန်သူများ၏ အားနည်းချက်ကို အတိအကျ ရှာမတွေ့သေးသဖြင့် လုပ်ရကိုင်ရ ခက်ခဲစေသည်။ ယွမ်ရှောင်က ဖုန်းချင်းကို ကျေးဇူးတင်စကားဆို၍ လေးစားစွာ ဦးညွှတ်ပြီး ကိုယ့်နေရာကို ပြန်သွားလိုက်၏။
"အစ်ကိုကြီး ဆန်းကြယ်ဘုရားကျောင်းကို တစ်ကိုယ်တော် တိုက်ခိုက်မလို့လား"
"အခုတော့ စောပါသေးတယ်။ နေဝင်သွားရင် လုပ်ငန်း စကြတာပေါ့"
ကြယ်ပြာမှာ ရင်ဘတ်ထဲမှ ခေါင်းတိုးထွက်လာ၍ မေးလိုက်သောအခါ သူက ကောင်းကင်ကို တစ်ချက်မော့ကြည့်ကာ ခေါင်းညိတ်ပြခဲ့သည်။ ညမှောင်လာလျှင် အဖြူရောင် သေမင်း ပြန်လည် ထွက်ပေါ်လာမည်ဖြစ်ပြီး အစီအရင်ပုံကြမ်းများ မရှိသောကြောင့် အသက်တံဆိပ်ကို အဆင့်မြှင့်တင်ရန် လောလောဆယ် စွန့်လွှတ်ထားခဲ့၏။ ကောင်းကင်ရှိ အတုအယောင် နေမင်းက အနောက်အရပ်သို့ တိုးဝင် ပျောက်ကွယ်သွားသောအခါ အရှေ့ဘက်မှ ငွေရောင်လတစ်စင်း မြင့်တက်လာ၍ အမှောင်ထု ကျူးကျော်လာသည်။ သူက ကျင့်ကြံနေသဖြင့် အခြေတည်အဆင့် ချီစက်ဝန်းနယ်ပယ်သို့ ထိုးဖောက်သွားကာ ခန္ဓာကိုယ်အတွင်းရှိ သိုင်းမီးဖို ဆုံမှတ်များ ပိုမိုအားကောင်းလာ၍ နေကိုးစင်းဒန်တန်လည်း ပို၍ သန်မာလာ၏။ သူက ယိုယွင်းမှုနယ်ပယ်သို့ နီးကပ်လာသောအခါ လေထဲတွင် သေခြင်းတရားအငွေ့အသက်များ စတင်ခံစားလာရပြီး ကျင့်ကြံသူအရေအတွက်များစွာ သေဆုံးလေ့ရှိသော ထိုအဆင့်ကို ကိုယ်တိုင် ကျော်ဖြတ်နိုင်ခြင်း ရှိမရှိ စူးစမ်းလိုစိတ်များ ဖြစ်တည်နေသည်။
"လန်ရီ ငါ ပြန်လာတာကို စောင့်နေနော်"
ထို့နောက် ယွမ်ရှောင်သည် ရှေးဟောင်းမျှော်စင်ကို တစ်ချက်ကြည့်၍ တိတ်တဆိတ် ထွက်ခွာသွားပြီး မည်သူမျှ သတိမထားမိခဲ့ပေ။ ညဘက်တွင် ရှေးဟောင်းကျောင်းတော်သည် သုဿန်တစပြင်အလား ခြောက်ကပ်နေပြီး လူတိုင်း ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်ရသည်။ ဆန်းကြယ်ဘုရားကျောင်းတွင် မီးများ ထိန်ထိန်လင်းနေသော်လည်း သူက မျက်မှောင်ကြုတ်၍ ရပ်တန့်သွားသဖြင့် ကြယ်ပြာမှ စူးစမ်းလိုက်၏။
"ဘာလို့ ရပ်လိုက်တာလဲ"
"စစ်မင်းသမီးက လူသားအင်မော်တယ်ဆိုတဲ့ကောင်နဲ့ တွေ့နေပြီ"
သွေးမိစ္ဆာပင်လယ်၏ ညဘက်တွင် အနက်ရောင်သွေးများနှင့် ရွှံ့နွံများ အဆုံးမဲ့ တည်ရှိနေပြီး ရန်ငြှိုးတရားများ ထုတ်လွှတ်နေသည်။ မကောင်းဆိုးဝါး ဝိညာဥ်များနှင့် တစ္ဆေသရဲအမျိုးမျိုး လှည့်ပတ်သွားလာကာ ထူထပ်သော သွေးမြူခိုးများကြောင့် နေအလင်းရောင်ပင် မထိုးဖောက်နိုင်ချေ။
"ဘုန်း"
မရေမတွက်နိုင်သော သွေးလှိုင်းလုံးကြီးများက ကောင်းကင်သို့ မြင့်တက်လာပြီး ၎င်းကိုပင် အနီရောင် စွန်းထင်းသွားသယောင် ထင်မှတ်ရ၏။ ရွှေရောင်ရင့်ရင့် ဝတ်ရုံနှင့် လူတစ်ယောက်က လေထဲတွင် မျောလွင့်နေသဖြင့် ဆံပင်များ တဖြတ်ဖြတ် လှုပ်ရှားနေသည့်အပြင် ဓားစွမ်းအင်များကိုလည်း ပင်လယ်ပမာ ထုတ်ဖော်ထားသည်။ သူက ရုတ်တရက် လက်ညှိုးထိုးလိုက်သောအခါ ရှည်လျားသော ဓားအလင်းတစ်ခု ပင်လယ်အတွင်း ကျရောက်သွားခဲ့၏။ သွေးပင်လယ် အနက်ပိုင်းတွင် စစ်မင်းသမီး ရှိနေပြီး ပျော့ပျောင်းစွာ ရွေ့လျား၍ ၎င်းကို ရှောင်တိမ်းလိုက်သည်။
"မိစ္ဆာမ မင်း ဘယ်ပြေးချင်နေတာလဲ"
ကောင်းကင်မှ ပုံရိပ်က လှောင်ပြောင်လိုက်ပြီး ထပ်မံ တိုက်ခိုက်နေပြီး အစွမ်းထက်သောကြောင့် ပင်လယ်အောက်ရှိ ကျောက်သားများ ကြေမွကာ ချော်ရည်ပူများ ဖြစ်ပေါ်လာစေသည်။ သွေးမိစ္ဆာနယ်မြေက လောင်ကျွမ်းခံလိုက်ရပြီး အနက်ရောင်သွေးခဲများမှာ ပွက်ပွက်ဆူနေသော အနီရောင်သွေးရည်များအဖြစ် ပြောင်းလဲကုန်၏။ ရလဒ်အနေဖြင့် ကံကောင်းသည်မှာ သူမ၏ ကပ်ဘေးမိစ္ဆာသွေးဖြင့် သွေးစွမ်းအင် စုပ်ယူနှုန်း ဆယ်ဆအထိ မြင့်တက်လာခြင်းပင်။
ကျန်တစ်ဖက်ရှိ ဆန်းကြယ်ဘုရားကျောင်း ရင်ပြင်တွင် တပည့်များနှင့် အကြီးအကဲများအပါအဝင် လူတစ်သိန်းကျော် သပ်ရပ်စွာ အတန်းလိုက် ထိုင်နေကြပြီး စင်မြင့်တစ်ခုအထက်တွင် ကြီးကြပ်ရန် စီချင်းနှင့် သခင်နှစ်ဆယ်ကျော် နေရာယူထားသည်။ ရှေ့တည့်တည့်တွင် အဖြူရောင် အရည်များ ထည့်သွင်းထားသော ဧရာမအိုးကြီးတစ်လုံး ရှိနေပြီး အဖြူရောင်မီးခိုးများ ထုတ်လွှတ်ကာ ရင်ပြင်တစ်ခုလုံးအား ဖုံးလွှမ်းစေသည်။ အိပ်မက်တစ်ခုပမာ သက်တောင့်သက်သာ ရှိသော ခံစားချက်ကြောင့် လူတစ်သိန်းကျော်၏ မျက်နှာထားများ စိတ်အေးသွားဟန်ဖြင့် ပျော့ပြောင်းလာသည်။
"လူတိုင်း မင်းတို့က ကမ္ဘာများစွာရဲ့ အနာဂတ်ထောက်တိုင်တွေ ဖြစ်တယ်။ အင်မော်တယ်သုံးပါးက မင်းတို့ကို မျှော်လင့်ချက်ကြီးကြီးမားမား ထားတယ်။ ဒါကြောင့် ကောင်းကင်အမိန့်နန်းတော်က တက်ကျမ်းကို သင်ကြားပေးဖို့ စစ်မှန်တဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို စေလွှတ်လိုက်တယ်"
စီချင်း စကားပြောလိုက်သောအခါ လူပေါင်းတစ်သိန်းကျော် ခေါင်းမော့လိုက်ကြပြီး မျက်နှာတိုင်း စိတ်အေးချမ်းသာနေပုံရ၏။ သူမ ညွှန်ပြရာသို့ ကောင်းကင်မှ ရွှေရောင်ရင့်ရင့် ဓားအလင်းတန်းတစ်ခု ဆင်းသက်လာကာ ကျန်းရှင်း ဖြစ်နေသည်။ သူ၏ အမည်နာမသည် ဆန်းကြယ်ဘုရားကျောင်းတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး လန်ရီကြောင့် ထိခိုက်ထားသော ဓားဝိညာဥ်မှာလည်း ပြန်လည် ကုသပြီး ဖြစ်ပုံပေါ်သည်။
"ညီအစ်ကိုတို့အားလုံးကို ငါ ကျန်းရှင်းက ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်"
သူက ဖော်ရွေစွာ ပြုံးပြလိုက်သောအခါ ကျောင်းတော်တပည့်များလည်း အပြုံးကိုယ်စီဖြင့် တုံ့ပြန်လိုက်၏။ သူတို့၏စိတ်ထဲတွင် လန်ရီဆိုသော ပါရမီရှင်မှာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာပြီး ဤလူငယ်လေးနှင့် ခြားနားလှသည်ဟု အထင်မှားနေကြသည်။
"စလိုက်ရအောင်"
စီချင်းနှင့် ဘုရားကျောင်းသခင်များက စင်မြင့်အထက်မှ ဆင်းသွားသောအခါ ကျန်းရှင်းတစ်ယောက်တည်းသာ ကျန်ရစ်သည်။ သူက ချောင်းတစ်ချက်ဟန့်၍ လည်ချောင်းရှင်းပြီး စကားပြောရန် ပြင်ဆင်နေစဥ် မိုးပြာရောင်အလင်းတစ်ခု ကောင်းကင်မှ ထပ်မံ ဆင်းသက်လာလေသည်။