← Chapters

မိစ္ဆာတစ်ပိုင်း လူသားတစ်ပိုင်း စီချင်း

Vol. 34 Ch. 450

မိစ္ဆာတစ်ပိုင်း လူသားတစ်ပိုင်း စီချင်း

Vol. 34 Ch. 450

နောက်ဆုံးတွင် ခံစားချက်မဲ့သော ယွမ်ရှောင်၏ မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ကျန်းရှင်းမှာမူ မျက်လုံးများမှလွဲ၍ မထိခိုက်သကဲ့သို့ ထင်ရသော်လည်း ဦးနှောက်ပျက်စီးသွားခဲ့သည်။ ဓားသမားများ၏ စစ်မှန်သော တိုက်ပွဲတွင် အဆုံးအဖြတ် ဓားချက်က ခဏအတွင်း ရောက်ရှိလာတတ်ပြီး အိပ်မက်ပင်လယ် ကမာနတ်ဆိုးဆယ်ကောင်၏ ပုံရိပ်ယောင်၊ ဓားအော်ရာ အလွှာသုံးသန်းကျော်နှင့် သိုင်းမီးဖို ဆုံမှတ်များ၏ ပေါင်းစပ်စွမ်းအားသည် သူ ယှဥ်ပြိုင်နိုင်သော အရာ မဟုတ်ချေ။ အရာရာတိုင်းက အလွန့်အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသောအခါ ဆန်းကြယ်ဘုရားကျောင်းတွင် မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိပေ။ ဘုရားကျောင်းအကြီးအကဲ၊ စံအိမ်သခင်များ၊ ဘုရားကျောင်းသခင်များနှင့် အနက်ရောင်တပ်သားများ နေရာ၌ တောင့်တင်းအေးခဲသွားကာ ရင်ပြင်တစ်ခုလုံး သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်သွားသည်။

"သေချာကြည့်ကြ"

ယွမ်ရှောင်သည် ဓားဝိညာဥ်ကို သုံးပေရှည်သော ဓားအဖြစ် ပြောင်းလဲကာ ထုတ်ဖော်ပြလိုက်သောအခါ ဓားစက်ကွင်းဆယ်ခု ထွက်ပေါ်လာပြီး မိုးပြာရောင် ဓားသွားအထက်၌ တိမ်ဖြူရောင် ပုံရိပ်ယောင်စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းက ဓားအော်ရာ အလွှာသုံးသန်းကျော် ပိုင်ဆိုင်ထားသောကြောင့် မိန်းကလေးတပည့်များမှာ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်၍ ပါးစပ်အဟောင်းသား အံ့သြနေကြ၏။ ဓားစက်ကွင်း ဆယ်ခုကိုလည်း မြင်နိုင်သောကြောင့် ယွဲ့မိုလင်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်၍ ထခုန်လိုက်မိသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် အင်မော်တယ်သုံးပါး မျိုးဆက်များ အပါအဝင် မည်သူမဆို ဓားစက်ကွင်း ရှစ်ခုထက် ပိုမို ပိုင်ဆိုင်ထားလျှင် မိစ္ဆာလမ်းစဥ် ဟူ၍ သုတ်သင်ခံရပေလိမ့်မည်။

သေဒဏ်ထိုက်သော ပြစ်မှုမျိုးဖြစ်သော်လည်း လူပုံအလယ်၌ ယွမ်ရှောင်က ထုတ်ဖော်ပြသနေပြီး ဓားစက်ကွင်း အားလုံးမှာ ယန်နယ်ပယ်များချည်း ဖြစ်သောကြောင့် လူပေါင်းတစ်သိန်းကျော်၏ မျက်လုံးများ တုန်ရီကာ ရင်ဘတ်များ ခုန်ပေါက်လှုပ်ရှားနေသဖြင့် မည်သူမျှ စကားမပြောနိုင်ကြပေ။ သို့သော် လူအများစု၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် ဖြစ်နိုင်ချေများ ရုတ်တရက် သတိရမိလိုက်သည်။

"ဒီလိုဓားအော်ရာ.အရေအတွက်ကို ရနိုင်ဖို့ ကပ်ဘေးနတ်ဆိုးအရိုးများစွာ လိုအပ်တယ်။ ဒီဓားစက်ကွင်း ဆယ်ခုကလည်း ကျောက်စိမ်းအင်မော်တယ်မျှော်စင် ပိုင်ဆိုင်တာ မဟုတ်ဘူးလား"

စီချင်းက ကောက်ချက်ချလိုက်သောအခါ အနားရှိ စံအိမ်သခင်များနှင့် ဘုရားကျောင်းသခင်များအားလုံး အကြည့် ရောက်လာပြီး ပြစ်မှုတစ်ခုအကြောင်း စိတ်ထဲ၌ တပြိုင်နက် ဖြစ်တည်လာ၏။

"သွေးမိစ္ဆာနယ်မြေမှာ အစစ်အမှန် မိစ္ဆာတစ်ကောင် ထွက်ပေါ်လာတယ်ဆိုပြီး ဒီအရင်းအမြစ်တွေက သူ့ဆီ ဘယ်လိုလုပ် ရောက်နေတာလဲ"

ဓားစံအိမ်သခင်က မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သောအခါ ယွမ်ရှောင်သည် တစ်ချက်စိုက်ကြည့်၍ အေးအေးဆေးဆေး ဖြေပေးလိုက်၏။

"ရှင်းပါတယ်။ လမ်းပြအသင်းနန်းတော်ရော ကျောက်စိမ်းအင်မော်တယ်မျှော်စင်ကိုပါ ဖျက်ဆီးခဲ့တာ ငါပဲလေ။ သွေးမိစ္ဆာနယ်မြေက မိစ္ဆာတွေကတော့ ငါ အပြစ်ပုံချလိုက်တာပေါ့။ ဒီလိုနည်းလမ်းတွေကို မင်းတို့ ကျွမ်းကျင်ပါတယ်"

"မင်း အပြစ်ပုံချတာ အောင်မြင်နေပြီ။ ဘာကြောင့် ပြစ်မှုတွေကို အခုလာပြီး ဝန်ခံရတာလဲ"

"ဘာကြောင့်လဲဆိုတော့ ငါ ဆက်ပြီး စိတ်မထိန်းနိုင်တော့လို့ပေါ့ကွာ။ မင်းတို့ကို သတ်ချင်လှပြီ။ ဒီအဖြေကို ကျေနပ်ရဲ့လား"

ယွမ်ရှောင်က ရယ်မောရင်း ဓားစံအိမ်သခင်နှင့် စကားစမြည်ပြောနေစဥ် အရေအတွက် သောင်းချီသော အနက်ရောင်တပ်သားများမှာ ဆန်းကြယ်ဘုရားကျောင်းအတွင်းမှ ခြင်တစ်ကောင်ပင် လွတ်ထွက်မသွားနိုင်အောင် တင်းတင်းကြပ်ကြပ် ဝိုင်းထားလိုက်ပြီဖြစ်၏။ စီချင်း၊ စံအိမ်သခင်ဆယ်ယောက်နှင့် ဘုရားကျောင်းသခင် နှစ်ဆယ်ကျော် စင်မြင့်ပေါ် ပြေးတက်လာကြပြီး ကျန်းရှင်းကို သတ်ဖြတ်လိုက်ခြင်းမှာ အမှန်တကယ် ခွင့်လွှတ်မရနိုင်သော ပြစ်မှုမျိုးပင်။ သို့သော် လက်ရှိ ယွမ်ရှောင် ပြသနေသော ခွန်အားမှာ ပါရမီရှင်တစ်ယောက်၏ အဆင့်မျိုး မကတော့ဘဲ ထိပ်တန်းအကြီးအကဲတစ်ယောက်နှင့် တူညီလာနေကြောင်း စီချင်းကိုယ်တိုင် ဝန်ခံရပေလိမ့်မည်။ ရက်အနည်းငယ်အတွင်း ကျင့်ကြံဆင့်ရော ခွန်အားပါ မြင့်မြင့်မားမား တိုးတက်လာရသော အကြောင်းအရင်းကိုမူ သူမလည်း နားမလည်ပါချေ။

"ငါ့ကို သတ်ချင်တာလား"

ယွမ်ရှောင်က ပြုံးလိုက်သော်လည်း အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ မျက်ဝန်းများ ကျဥ်းမြောင်းနေ၏။

"မင်းနဲ့ လန်ရီက ငါတို့လမ်းမှာ ပိတ်နေတယ်။ သေဖို့အတွက် အချိန်မကျန်တော့တဲ့ ပုရွက်ဆိတ်တွေပဲ"

စီချင်းက ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။

"ဒီလိုလား။ ဒါဆိုရင် ငါ့ကို နောက်ဆုံးတစ်ခုလောက် လုပ်ခွင့်ပေးပါ"

သူက တဟားဟား ရယ်မောရင်း မြူခိုးများ ဖုံးလွှမ်းနေသော အိုးကြီးကို ဆောင့်ကန်လိုက်ရာ အဖြူရောင်အရည်များ ကြမ်းပြင်ပေါ် ဖိတ်ကျ၍ တရှဲရှဲ လောင်ကျွမ်းသံများ ထွက်ပေါ်လာ၏။

"ဒီမြူခိုးတွေထဲမှာ အသက်ဝါးမျိုဂူကောင်တွေ ရှိတယ်။ အဲ့တာတွေက လေထဲမှာ ရှိနေပြီးသားပါပဲ။ မင်းတို့ တက်ကျမ်းကို ကျင့်ကြံလိုက်တာနဲ့ တပြိုင်နက် ဒီဂူကောင်တွေကို ရှူသွင်းမိလိမ့်မယ်။ ဦးနှောက်ကို ထိုးဖောက်ဝင်ရောက်ပြီး အဆက်မပြတ် နားချမယ်။ ဒီလိုဆိုရင် မင်းတို့က အင်မော်တယ်သုံးပါးကို လောကရဲ့ တာအိုကယ်တင်ရှင်တွေ အဖြစ် အထင်မှားလာကြလိမ့်မယ်။ တကယ်တော့ ဒီကောင်တွေကမှ မကောင်းဆိုးဝါး ဂူကျင့်ကြံသူတွေ ဖြစ်နေခဲ့တာကွ"

"သိုင်းဧကရာဇ် မျိုးနွယ်က ကျင့်ကြံဖို့အတွက် မိန်းကလေးတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးဘူး။ ကပ်ဘေးနယ်ပယ်ကနေ ယိုယွင်းမှုနယ်ပယ် ပြောင်းလဲသွားတာက လူသားကျင့်ကြံသူတွေ လက်လှမ်းမီနိုင်တဲ့ အရာမျိုးလည်း မဟုတ်ဘူး။ အင်မော်တယ်သုံးယောက်ဆိုတဲ့ အကောင်တွေက စစ်ပွဲအပြီး သိုင်းဧကရာဇ်မျိုးနွယ် အားနည်းနေတာကို အခွင့်ကောင်းယူပြီး သမိုင်းကို ပြင်ဆင်ခဲ့တာပဲ။ ဒီနှစ်ပေါင်းသုံးရာအတွင်း သူတို့က ကျင့်ကြံသူအားလုံးကို အတင်းအကြပ် တက်ကျမ်း ကျင့်ကြံစေပြီး ယုံကြည်မှုစွမ်းအားနဲ့ အဆင့်တက်နေခဲ့တယ်"

ယွမ်ရှောင်က ရှည်ရှည်ဝေးဝေး ရှင်းပြပြီးနောက် ကျောင်းတော်တပည့် တစ်သိန်းထံ မျက်နှာမူလိုက်သည်။

"မင်းက အရှင်သုံးပါးကို ကြိုက်သလောက် အပုပ်ချလို့ရတယ်။ ဒါပေမယ့် ကပ်ဘေးသယ်ဆောင်သူရော မိစ္ဆာတွေနဲ့ပါ ပူးပေါင်းနေတဲ့ သစ္စာဖောက်ရဲ့ စကားကို ဘယ်သူက ယုံကြည်မှာလဲ"

စီချင်းသည် ဟားတိုက် လှောင်ပြောင်လိုက်သော်လည်း သူကမူ ပမာမခန့် ရှိနေဆဲပင်။

"ငါ သိပါတယ်။ လူတိုင်းကို အမှန်တရား ပြောပြရုံပါပဲ။ လူသားမျိုးနွယ်မှာ မကောင်းမှုမျိုးစုံ ကျူးလွန်နေကြတော့ ဘယ်သူ့ကိုဖြစ်ဖြစ် မျက်စိမှိတ် ယုံကြည့်လို့ မရဘူးဆိုတာ ပညာပေးချင်တယ်။ အမှန်တရားကတော့ အနိုင်ရသူရဲ့ လက်ထဲမှာ ကြိုက်သလိုပုံသွင်းနိုင်တဲ့ ရွှံ့ရုပ်လေးပါပဲ"

ဤစကားလုံးများနှင့် ထုတ်ဖော်ခဲ့သော အမှန်တရား ပေါင်းစပ်လိုက်သောအခါ ကျောင်းတော်တပည့်များကို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။ အချို့က ယုံကြည်ပြိီး မယုံကြည်သူများတွင်လည်း အကြောင်းပြချက် ကိုယ်စီရှိကာ သက်ဆိုင်ရာ အတွေ့အကြုံများအပေါ် မူတည်နေ၏။ ယွမ်ရှောင်က မည်သူ့ကိုမျှ အတင်းအကြပ် ယုံကြည်ရန် စေခိုင်းနိုင်စွမ်း မရှိသော်လည်း ယုံကြည်သူအချို့ ဦးနှောက်ဆေးခြင်းမှ လွတ်မြောက်သွားလျှင် ရည်မှန်းချက် အောင်မြင်ပြီဟု မှတ်ယူထားသည်။

"ဒီကောင့်ကို စကားဆက်ပြောခွင့် မပေးနဲ့"

စံအိမ်သခင်တစ်ယောက်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်သောအခါ အမှားအယွင်းများ ထပ်မံ ဖြစ်ခွင့်မပေးနိုင်တော့သည့် စီချင်း ကိုယ်တိုင် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။

"ငါ ကိုင်တွယ်လိုက်မယ်"

သူမက လူပုံအလယ်တွင် ပထမဆုံးအနေဖြင့် အနီရောင်ဝတ်ရုံရှည်ကို ဖယ်ရှားလိုက်သောအခါ သွေးမြူခိုးများ ထွက်ပေါ်လာ၍ လင်းနို့တစ်အုပ် ထပျံသွား၏။ အနက်ရောင်မျက်ဝန်းနှင့် အနီရောင် ဆံပင်ရှည်များ ပိုင်ဆိုင်ထားကာ ဆွဲဆောင်အားပြင်းထန်သော မျက်နှာမျိုး ထွက်ပေါ်လာသည်။

"ကြည့်ကြစမ်း။ သူခိုးက လူဟစ်နေတယ်။ မင်းတို့ရဲ့ ဆန်းကြယ်ဘုရားကျောင်း အကြီးအကဲက မိစ္ဆာတစ်ကောင် ဖြစ်နေပါလား"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး အမှန်တကယ်ပင် စီချင်းမှာ အင်မော်တယ်သုံးပါး မျိုးဆက် တစ်ယောက် မဖြစ်နိုင်ပေ။ အကြောင်းအရင်းမှာ လူသားတစ်ပိုင်း မိစ္ဆာတစ်ပိုင်း သွေးနှော ဖြစ်နေပြီး ဓားနှသ့် ရုန်း နှစ်မျိုး ကျင့်ကြံနိုင်စွမ်းလည်း ရှိနေသည်။ စီချင်းကို မည်သို့ ဖန်တီးခဲ့ကြောင်း သူ မသိသော်လည်း စိတ်မဝင်စားပါချေ။

စီချင်း၏ ရုပ်ခန္ဓာပတ်လည်တွင် ယင်နယ်ပယ် အရှိန်အဝါ ထွက်ပေါ်နေပြီး ယွမ်ရှောင်ထံ ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းစေခဲ့သည်။

"မင်းတစ်ယောက်တည်းဆိုရင်တော့ မလုံလောက်သေးဘူး။ စံအိမ်သခင်တွေ၊ ဘုရားကျောင်းသခင်တွေ၊ အနက်ရောင်တပ်ရင်း အကုန်တူတူ တက်လာစမ်း"

သို့သော် ယွမ်ရှောင်ကမူ ထီမထင်ဟန် အရေးမစိုက်ဟန်ဖြင့် အေးစက်စက် ပြုံးကာ စိန်ခေါ်လိုက်လေသည်။

All Chapters