လျှပ်စီးသားတော်
Vol. 23 Ch. 335
ပိုင် မတ်တက်ရပ်ကာ ဓားထုတ်လိုက်ချိန်တွင် မူလက အလွန်ငြိမ်သက်နေခဲ့သော ပြိုင်ကွင်းသည် အပ်ကျသံကို ကြားရနိုင်လောက်သည့်ပမာ တိတ်ဆိတ်သွားလေ၏။
နောက်ဆုံးတွက် ပိုင် တိုက်ခိုက်ပေတော့မည်။ မဟာမိတ်ပြိုင်ပွဲတွင် ယွင်လုံနတ်ပြည်ထောင်ဘက်က အားကောင်းလွန်းနေခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ ပိုင် တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
ယခုမှသာ သူ ပထမဆုံး တိုက်ခိုက်ခြင်း ဖြစ်လေသည်။
ယီယွင်သည်လည်း ထရပ်လိုက်ပြီး ညာလက်တွင် မရဏအသံလှိုင်းဓား ကိုင်ထားသည်။ ညာလက်တွင် ဓားမောက် ကိုင်ထားကာ ဘယ်လက်တွင် ဓားကိုင်ထားလေ၏။
" ဓားမောက်ကို ညာလက်မှာကိုင်ပြီး ဓားကို ဘယ်လက်မှာ ကိုင်ထားတာပဲ။ ယီယွင်က ဓားမောက်ကို အဓိကအားကိုးတော့မလို့လား "
လူများစွာတို့မှာ ယီယွင်က ဓားမောက်အသုံးပြုကာ ပိုင်အား ရင်ဆိုင်တော့မည်ကို မြင်သောအခါတွင် စိုးရိမ်သွားကြလေ၏။ သူတို့အတွက်မူ ယီယွင်၏ဓားက ဓားမောက်ထက် ပိုစွမ်းလေသည်။
" သူက ဘာကြောင့် ဓားမသုံးတော့တာလဲ " လူများစွာ သိချင်နေကြသည်။
တစ်ယောက်က ခေါင်းယမ်းကာ..." ပိုင်နဲ့ ရင်ဆိုင်ဖို့အတွက် ယီယွင်က ဓားကို ဆက်မသုံးနိုင်တော့တာ ဒါမှမဟုတ် သူက စွမ်းအင်ကုန်ခမ်းမှုကို မကိုင်တွယ်နိုင်တော့တာ ဖြစ်နိုင်တယ် "
ယီယွင်က ဓားမောက်ကိုသာ ပိုမိုမှီခိုမည်ဆိုလျှင် ပိုင်အား မည်သို့ အနိုင်ယူပါမည်နည်း။
" ငါ့ကို ပြန်လည်ကုသချိန် နှစ်နာရီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းက ငါ ပြန်သက်သာလာဖို့အတွက် နှစ်နာရီအချိန်ပေးဖို့ မကြောက်ခဲ့တာက မင်းရဲ့ရှုံးနိမ့်မှု ဖြစ်သွားနိုင်တယ် " ယီယွင်က မရဏအသံလှိုင်းဓားကို အသာယမ်းကာ ယွမ်ချီ ထိုးသွင်းလိုက်သည်။
ဝေါင်း...။
ဓားမောက်ထံမှ နဂါးဟိန်းသံပမာ အသံတစ်ခု ထွက်ပေါ်လာသည်။ မရဏအသံလှိုင်းဓားက အသံနှင့်ပင် လူသတ်နိုင်လေ၏။
သို့သော် ပိုင်က မရဏအသံလှိုင်းဓား၏ မြည်ဟိန်းသံကို မမှုပေ။ အသံလှိုင်းက သူနှင့် သုံးပေအကွာသို့ ရောက်ရှိချိန်တွင် ဓားချီအကာအကွယ်ကြောင့် ပျက်စီးသွားလေ၏။.
" မင်း ငါ့ကို ကျေးဇူးတင်ချင်ရင် အားကုန်ထုတ်သုံး။ ငါ တိုက်ခိုက်ရဖို့ကို မျှော်လင့်နေတာ အတော်ကြာနေပြီ။ မင်းက ငါ့ကို အနိုင်ယူနိုင်စွမ်းရှိဖို့ပဲ ငါ မျှော်လင့်တယ်။ နှမြောဖို့ကောင်းတာက နှစ်နှစ်ကျော်အတွင်းမှာ ယွင်လုံနတ်ပြည်ထောင်ရဲ့ လူငယ်မျိုးဆက်တွေက ငါ့ကို အနိုင်မယူနိုင်ကြဘူး "
" တစ်ပွဲပြီးတစ်ပွဲ အနိုင်ရနေတာက ငါ့ကို ကျေနပ်အားရမှု မဖြစ်စေရုံတင်မကဘူး စိတ်လဲရှုပ်စေတယ်။ ယွင်လုံနတ်ပြည်ထောင်က သေးငယ်တဲ့ စင်မြင့်လေးတစ်ခုပဲ။ ယွင်လုံနတ်ပြည်ထောင်ရဲ့ နံပါတ်တစ် ဒါမှမဟုတ် လူငယ်မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်းဆိုတဲ့ အနှစ်မပါတဲ့ ဘွဲ့ထူးတွေကြောင့် ငါ အကန်းမဖြစ်ချင်ဘူး။ အဲ့ဒီလိုဖြစ်ခဲ့မယ်ဆိုရင် ယွင်လုံနတ်ပြည်ထောင်ကနေ ထွက်ခွာပြီး ပိုအားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုထဲကို ဝင်တဲ့အချိန်မှာ ငါ့ကိုယ်ငါ ဘယ်လောက်သန်မာလဲဆိုတာကို သိနိုင်တော့မှာမဟုတ်ဘူး။ ငါက ရေတွင်းထဲက ဖားတစ်ကောင်လို ရယ်စရာကောင်းနေတာမျိုးတောင် ဖြစ်သွားနိုင်တယ် "
" ငါက အဲ့ဒီလိုအခြေအနေမျိုးနဲ့ အဆုံးမသတ်ချင်ဘူး။ ဒါကြောင့် မင်း ပေါ်ထွက်လာတာက ငါ့ကို စိတ်လှုပ်ရှားစေခဲ့တယ်။ ငါ မင်းလက်ချက်နဲ့ ရှုံးခဲ့ရမယ်ဆိုရင် ငါ ဝမ်းသာမိမှာပဲ။ ငါ့ကို အခြားသူတွေက အနိုင်ယူမှာကို မကြောက်ဘူး။ ထိပ်သီးကျွမ်းကျင်သူအစစ်တစ်ဦးက ဘယ်လောက်အထိ တိုးတက်နိုင်လဲဆိုတာကို မသိလိုက်ရမှာပဲ ငါကြောက်တယ်။ လူသားတွေမှာ ပန်းတိုင်းမရှိတော့ရင် လမ်းပျောက်သွားလိမ့်မယ်။ ပန်းတိုင်တစ်ခု ရှိနေမှပဲ ငါ စိတ်လှုပ်ရှားရလိမ့်မယ် "
တိတ်ဆိတ်နေသည်သာများသည့် ပိုင်က စကားများစွာ ပြောလာခဲ့သည်။
ယီယွင် အနည်းငယ် မှင်တက်မိသွားသည်။ ပိုင်တွင် ထိုကဲ့သို့ အတွေးအမြင်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
အပြောကျယ်လှသော လောကကြီးထဲတွင် တိုင်အာနတ်ပြည်ထောင် သို့မဟုတ် ယွင်လုံနတ်ပြည်ထောင်တို့က သမုဒ္ဒရာထဲမှ ရေတစ်စက်ပမာ ဖြစ်သည်မှာ အမှန်ပင်ဖြစ်လေ၏။ ပိုင်က လောကကြီး မည်မျှကျယ်ဝန်းကြောင်း မသိသော်လည်း တွေးခေါ်တတ်လေသည်။
မှိုတစ်ပွင့်ဟာ နေနဲ့ည အပြောင်းအလဲကို မသိနိုင်သလို သတ်တမ်းတိုတဲ့ ပုစဥ်းရင်ကွဲကလည်း ရာသီအပြောင်းအလဲကို မသိနိုင်ပေ။ လူတစ်ဦး လောကကြီး ကျယ်ဝန်းကြောင်းကို သိနေသည့်တိုင်အောင် စူးစမ်းရှာဖွေခြင်းမပြုဘဲ နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ ကြာပြီးသည့်နောက် ဖုန်မှုန့်ဖြစ်သွားခဲ့ပါက ထိုသူက မှိုပွင့်နှင့် ပုစဥ်းရင်ကွဲတို့ထက် မည်သည်များ ကွာခြားနေပါဦးမည်နည်း။
ကံကြမ္မာကို လက်မခံနိုင်သူများအဖို့ ထိုကဲ့သိုဘဝမျိုးက သေးနုပ်လွန်းလေသည်။ ယီယွင်က လက်ရှိမျိုးဆက်၏ အဓိကဇာတ်ကောင်တစ်ဦး ဖြစ်လာပြီး လောကကြီးနှင့် တန်းတူဖြစ်လာရန် ဆန္ဒရှိသည်။
ခရမ်းရောင်သလင်းကျောက် ရှိနေသည့် ယီယွင်က အခြားသူများ၏အထက်တွင် ရှိနေနှင့်ပြီး ဖြစ်လေသည်။ ထို့ကြောင့် သူ့အဖို့ ပျင်းရိနေရန် အကြောင်းအရင်းရှိပါမည်လော။
" စကားတွေပြောနေဖို့ မလိုတော့ပါဘူး။ တိုက်ကြမယ် " ပိုင်က ဆိုလိုက်လေ၏။ သူ၏ဓားသွားတွင် အလင်းတစ်ခု တောက်ပသွားလေသည်။
ပိုင် လေ့ကျင့်ထားသည့် ဥပဒေသက အလင်း ဖြစ်လေ၏။
ယွမ်အုတ်မြစ်ချနယ်ပယ် လက်ရွေးစင်များက ဥပဒေသတစ်ခုကို သတ်သတ်မှတ်မှတ် ကျင့်ကြံကြသည်။ မိုးကြိုးဥပဒေသသည် လေ ၊ နှင်း ၊ မိုးကြိုး ၊ လျှပ်စီးတို့ကဲ့သို့ သဘာဝဥပဒေသများထဲမှ တစ်ခုဖြစ်လေသည်။ ယင်းတို့က ဓာတ်ငါးပါးနှင့် အဆင့်တူသော်လည်း စွမ်းအားကမူ သာလွန်သည်။
" ဒီဓားရဲ့အမည်က အလင်းနက် " ပိုင်က ဓားသွားပေါ်တွင် လက်ခလယ်နှင့်လက်ညှိုး တင်ကာ ပွတ်လိုက်လေ၏။ ဓားသွားက အနက်ရောင်ဖြစ်ပြီး အလင်းရောင်တစ်ခုပင် ရောင်ပြန်ဟပ်ခြင်း မရှိပေ။ ဓားသွားသည် သုံးပေခန့်ရှည်လေပြီး ဓားနှောင့်က ရိုးစင်းကာ ဓားလက်ကိုင်တွင်မူ မြွေသားရေဟောင်း ပတ်ထားသည်။
" ငါ တိုက်တော့မယ် "
ပိုင် စကားဆုံးသည်နှင့် ခရမ်းရောင်အလင်းတစ်ခု တောက်ပသွားသည်။ အလင်းနက်ဓားက ယီယွင်အား ထိုးလာသည်။ ပိုင်၏ဓားက မြန်ဆန်လှပြီး လူသားအကန့်အသတ်ထက် ကျော်လွန်နေသည်။
လူအများအဖို့ ခရမ်းရောင်အလင်းတစ်ခုနှင့် ပိုင်၏ဓားက ယီယွင်၏ရင်ဘက်အား ထိုးဖောက်သွားသည်ကိုသာ မြင်လိုက်ရသည်။
" ဘယ်လို "
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယီယွင်၏ပုံရိပ်က ဝေဝါးကာ ပျောက်ကွယ်သွားလေသောကြောင့် လူအများ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
ယီယွင်က ပေတစ်ရာအကွာတွင် ပြန်ပေါ်လာသည်။ ပုံရိပ်အကြွင်းအကျန်ကို ဓားနှင့်ထိုးမိသွားခဲ့ခြင်း ဖြစ်လေသည်။
" မင်းရဲ့ လှုပ်ရှားမှုနည်းစနစ်က မဆိုးဘူး။ အဆင့်ကြီးအောင်မြင်မှုအဆင့် တဒင်္ဂလှုပ်ရှားမှု " ပိုင်က ချီးကျူးလိုက်လေသည်...." ပြီးပြည့်စုံသွားရင် ရန်သူတွေရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်တယ်။ ဒါပေမဲ့.... "
ပိုင်က ရုတ်တရက်ပင် စကားစဖြတ်ကာ ပြန်ပြောသည်..." မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တာက အကန့်အသတ်ရှိတယ်။ တဒင်္ဂလှုပ်ရှားမှုရဲ့ အလားအလာက ဒီလောက်အထိပဲ။ တဒင်္ဂလှုပ်ရှားမှုက အဆင့်နိမ့်ပိုင်းတွေမှာပဲ အလုပ်ဖြစ်လိမ့်မယ်။ လူတစ်ဦးရဲ့အဆင့် တဖြည်းဖြည်းချင်း တိုးလာတဲ့အခါမှာ အထူးသဖြင့် ဥပဒေသတွေကို စပြီးလေ့လာတဲ့အခါမှာ ဥပဒေသစွမ်းအားတွေက တဒင်္ဂလှုပ်ရှားမှုထက် အပြတ်အသတ် သာလွန်ကြတာကြောင့် တဒင်္ဂလှုပ်ရှားမှုနေရာမှာ အစားထိုးနေရာယူကြတယ်။ မိုးကြိုးနဲ့လျှပ်စီး ဥပဒေသတွေက အမြန်နှုန်းအတွက် အကောင်းဆုံး ဥပဒေသတွေပဲ "
" မင်း လုပ်ပြသွားတာက မင်းရဲ့အမြန်နှုန်း အကန့်အသတ်ပဲဆိုရင် မင်း ရှုံးနှင့်နေပြီးသားဖြစ်နေမှာကို ငါ စိုးရိမ်မိတယ် " ပိုင်က စကားပြောရင်နေရင်း ခန္ဓာကိုယ်တွင် လျှပ်စီးများ ကျလာသည်။ သူ တစ်ချက်လှုပ်လိုက်သည်နှင့် အရိပ်အကြွင်းအကျန်များစွာ ထွက်ပေါ်လာ၏။
" အဆုံးစွန် အမြန်နှုန်း "
ပိုင်က အလင်းနက်ဓားကို ယမ်းလိုက်ရာ အရိပ်အကြွင်းအကျန်များ ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် ပိုင်၏အမြန်နှုန်းက ယခင်ကထက် ပိုမြန်လာသည်။
စင်မြင့်ပေါ်တွင် အရိပ်အကြွင်းအကျန်ဆယ်ခု ရှိနေလေသည်။ လူအများက ပိုင်၏အရိပ်အကြွင်းအကျန်များကို ထွင်းဖောက်ကာကြည့်ရန် အာရုံစိုက်လိုက်ကြသော်လည်း မမြင်နိုင်ကြပေ။
လျှပ်စီးအလင်းများနှင့် အရိပ်အကြွင်းအကျန်များက နေရာတိုင်းတွင် ရှိနေလေ၏။
" အတော်မြန်တဲ့ အမြန်နှုန်းပဲ။ အနက်ဝတ်လူငယ်က အမြန်နှုန်းနဲ့တင် အသာစီးယူလို့ရနေပြီ။ ဒါ့အပြင် အမြန်နှုန်းက သူရဲ့စွမ်းအားမှာ ကဏ္ဍငယ်တစ်ခုလောက်ပဲ ဖြစ်လောက်မယ် " တိုင်အာနတ်မြို့မှ အကြီးအကဲတစ်ဦး မျက်နှာပျက်နေသည်။
ဤလောကထဲမှ သိုင်းပညာများကို လုံလောက်စွာမြန်နေလျှင် အနိုင်ယူ၍ ရလေသည်။ အမြန်နှုန်းက အဆုံးစွန်အကန့်အသတ်အထိ ရောက်နေပါက ရန်သူ တုန့်ပြန်နိုင်ခြင်းမရှိမီတွင် လည်မျိုအား ထိုးဖောက်ပစ်နိုင်သည်။
အရိပ်အကြွင်းအကျန်များက ယီယွင်အား ဝိုင်းလာချိန်တွင် လူအများ အသက်အောင့်လိုက်ကြ၏။
ယီယွင် မရဏအသံလှိုင်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း စိုးရိမ်လာသည်။ ပိုင်၏အမြန်နှုန်းက အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ဝှစ်...။
ခရမ်းရောင်အလင်းတစ်ခု ယီယွင်၏ရှေ့တွင် ပေါ်ထွက်လာကာ ရုတ်တရက်ပင် ထိုးသွင်းလာလေ၏။ သိပ်သည်းလှသော ဓားအလင်းများက လျှပ်စီးပိုက်ကွန်တစ်ခု ဖြစ်သွားကာ ယီယွင်အား ဖုံးလွှမ်းသွားသည်။
တဒင်္ဂလှုပ်ရှားမှု... ။
ယီယွင် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားလေ၏။ သို့သော် ပိုင်၏အမြန်နှုန်းက ယီယွင်၏ ရှောင်တိမ်းမှုအမြန်နှုန်းထက် ပိုမြန်နေလေသည်။
ရှဲ...ရှဲ...။
လျှပ်စီးသံများနှင့်အတူ ယီယွင်၏ ယွမ်ချီအကာအကွယ် တစ်စစီဖြစ်သွားလေ၏။ လျှပ်စီးလှိုင်းက ယီယွင်၏သွေးကြောများထဲ ဝင်ရောက်သွားခဲ့ပြီး အကြောသေသွားသည့်ပမာ ခံစားလိုက်ရသည်။
ဓားချီကြောင့် ယီယွင်၏အဝတ်များ စုတ်ပြဲနေပြီး လက်မောင်းနှင့်ပခုံးများတွင် သွေးစီးကြောင်းများ ဖြစ်လာလေ၏။
တိုင်အာနတ်ကျင့်စဥ်... ။
ယီယွင် ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများ လည်ပတ်လိုက်သည်။ သန့်စင်ယန်ချီများက သူ၏ခန္ဓာကိုယ်ထဲရှိ လျှပ်စီးလှိုင်းများကို ချေမှုန်းပစ်လေ၏။ သူ၏ခန္ဓာကိုယ် လျှပ်တပြက်လှုပ်ရှားသွားကာ ပေနှစ်ရာအကွာသို့ ရောက်ရှိသွားသည်။
မြန်လွန်းတယ်...။
ယီယွင် အံ့ဩနေသည်။ သူက တဒင်္ဂလှုပ်ရှားမှုအား သုံးခဲ့သော်လည်း ပိုင်၏ ဓားအလင်းများကို ပြည့်ဝစွာ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
" ယွင်လုံနတ်ပြည်ထောင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ ငါ့ကို ယှဥ်နိုင်တဲ့သူ မတွေ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ ငါ့ရဲ့အမြန်နှုန်းကို အမီမလိုက်နိုင်တာကြောင့်ပဲ။ ငါ့ထက် နှေးတဲ့သူတိုင်းကို အလွယ်တကူ တိုက်ခိုက်နိုင်တယ်လေ။ ငါ တစ်ခါမှ သုံးမကြည့်ဖူးသေးတဲ့ အကွက်တွေတောင် ရှိလာခဲ့တယ်။ မင်းက ဒီလောက်ပဲစွမ်းတာလား ယီယွင်။ ဒါဆိုရင်တော့ ငါ အတော်စိတ်ပျက်သွားပြီ။ အစကတော့ ငါ မင်းနဲ့ အားကုန်ထုတ်ပြီး တိုက်ခိုက်ရလိမ့်မယ်လို့ ထင်ထားခဲ့တာ "
ပိုင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စီးအရိပ်အကြွင်းအကျန်များစွာ ထွက်ပေါ်နေ၏။ နတ်အရိုင်းမြေစင်မြင့်ထက်၌ ခရမ်းရောင်လျှပ်စီးများ နေရာအနှံ့တွင် ရှိနေလေသည်။ ပိုင်အတွက် သူ၏အမြန်နှုန်းကို ထိန်းချုပ်ရန်မှာ အလွန်လွယ်ကူကြောင်း ရှင်းလင်းလှလေသောကြောင့် သူက တည်ငြိမ်စွာပင် စကားပြောနိုင်နေသည်။
ထိုမြင်ကွင်းနှင့် ပိုင်၏စကားများကြောင့် တိုင်အာနတ်မြို့မှ စစ်သည်များ တုန်လှုပ်သွားရ၏။ ပိုင် မည်မျှသန်မာကြောင်းကို နောက်ဆုံးတွင် သူတို့ နားလည်သွားချေပြီ။ ပြိုင်ဘက်၏အမြန်နှုန်းက ပိုင်ထက် နိမ့်ကျနေခဲ့လျှင် ပိုင်က အနိုင်ယူသည်ကို ခံရပေလိမ့်မည်။
ယီယွင်၏အမြန်နှုန်းက အလွန်မြန်ဆန်သော်လည်း ပိုင်ထက် နိမ့်နေသေးသည်။ အဆုံးစွန်အမြန်နှုန်းက ပိုင်၏ လျှပ်စီးဥပဒေသ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေ၏။
ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များကမူ လုံးဝပင် စိတ်လှုပ်ရှားနေကြသည်။ ပိုင်က ယွင်လုံနတ်ပြည်ထောင်၏ စစ်နတ်ဘုရားဖြစ်ပြီး လျှပ်စီးသားတော်ဟုလည်း ကျော်ကြားလေသည်။
အများစုသည် ပိုင်၏အမည်ကိုသာ ကြားဖူးကြပြီး ပိုင် တိုက်ခိုက်သည်ကို မမြင်ဖူးကြပေ။ ယနေ့တွင် ပိုင်၏ထင်ပေါ်မှုကို မြင်လိုက်ရချိန်၌ သူတို့ အလွန်စိတ်လှုပ်ရှားနေကာ ကြီးစွာမျှော်လင့်မိနေသည်။
" ပြိုင်ဘက်ရဲ့အမြန်နှုန်း မင်းထက် နိမ့်နေမယ်ဆိုရင် မင်း အနိုင်ယူတာကို ခံရမယ်တဲ့လား "
ယီယွင်က ခန္ဓာကိုယ်မှ သွေးများကို အသာသုတ်လိုက်သည်။ ယီယွင်က သူ၏အမြန်နှုန်းကို အမြဲတမ်းလိုပင် ယုံကြည်ချက်ရှိသည်။ ယီယွင်၏စွမ်းအားများ ကြီးစွာတိုးတက်မလာသေးမီက လျိုယွီရှင်းနှင့် ချိုးနျိုတို့အား အမြန်နှုန်းဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်လေသည်။ ထိုစဥ်က ယီယွင်သည် လူတိုင်း အံ့ဩရအောင် လုပ်နိုင်ခဲ့သော်လည်း ယခုတွင်မူ သူက ပိုင်ထက် နှေးကွေးကြောင်းကို ဝန်ခံရပေတော့မည်။
အမြန်နှုန်း နှေးကွေးနေပါက ခံစစ်တွင်ဖြစ်စေ ထိုးစစ်တွင်ပင်ဖြစ် ကြီးစွာပင် အရေးမသာလှပေ။
တိုက်ခိုက်ချိန်တွင် ပိုင်၏ ဓားချက်များနှင့် လက်ဝါးချက်များကို ခုခံနိုင်ခြင်းမရှိပါက ဤတိုက်ပွဲတွင် သူ ရှုံးနိမ့်ရခြင်းဖြင့် အဆုံးသတ်မည်မှာ သေချာလေသည်။
ထို့ကြောင့်ပင် ပိုင်သည် ယီယွင်၏အမြန်နှုန်းက သူ့ထက် နိမ့်နေလျှင် ယီယွင် ရှုံးရလိမ့်မည်ဟု ပြောခဲ့ခြင်းဖြစ်လေ၏။
လက်ရှိတွင် ပိုင်၏အမြန်နှုန်းက ထပ်မံကာ တိုးလာနေသည်။ စင်မြင့်ပေါ်တွင် အရိပ်အကြွင်းအကျန်များ ပိုမိုကာပေါ်လာနေပြီး အရိပ်အကြွင်းအကျန်တစ်ခုချင်းစီတွင် လျှပ်စီးများ ထကြွနေလျက်ဖြင့် ယီယွင်အား လုံးဝဥဿုံ ဝန်းရံထားလေသည်။