ဆိုးရွားသော
Vol. 23 Ch. 337
လျှပ်စီးစက်ကွင်းထဲတွင် ပိတ်လှောင်ခံထားရသည့် ယီယွင်မှာ လှိုင်းများက အရေပြားကို ထိုးဖောက်နေသည်ဟု ခံစားနေရပြီး တစ်ကိုယ်လုံး ထုံကျဥ်နေသည်။
" ငါက မင်းကို အမြန်နှုန်းတစ်ခုတည်းနဲ့ အနိုင်မရနိုင်မှတော့ ငါ မင်းကို တိုက်ရိုက်တိုက်ခိုက်တော့မယ် "
ပိုင်၏ခန္ဓာကိုယ်တွင် ခရမ်းရောင်လျှပ်စီးများ ပေါ်လိုက်ပျောက်လိုက်ပုံစံဖြင့် ဖုံးလွှမ်းနေလေ၏။ သူ၏အဝတ်နှင့် ဆံနွယ်များက ခရမ်းရောင်လျှပ်စီးများနှင့်အတူ လှုပ်ရှားနေကြသည်။
အမြန်နှုန်းကို ဘေးဖယ်ထားလိုက်သည့် ပိုင်၏ စွမ်းအင်များ မြင့်တက်လာသည်။ လက်ရှိတွင် သူက မိုးကြိုးနှင့်လျှပ်စီးများကို ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပါးအလားပင်။
ဝုန်း...။
မြည်ဟီးသံကြီးနှင့်အတူ ပိုင် လှုပ်ရှားလာသည်။ သူက ပထမဆုံးအကြိမ် အားကုန်ထုတ်သုံးခြင်း ဖြစ်လေ၏။
လျှပ်စီးစက်ကွင်းထဲမှ နတ်လျှစ်စီးများ စုစည်းနေသည့် အလင်းနက်ဓားက ယီယွင်ကို ခုတ်ပိုင်းလာသည်။ လေထဲမှ ခရမ်းရောင်လျှပ်စီးများက အဆုံးစွန်အထိ ရောက်ရှိနေကာ အနက်ရောင်ပြောင်းနေသည်။ အနက်ရောင်လျှပ်စီးများက ဆယ်ပေခန့်ရှည်သော လျှပ်စီးသားရဲတစ်ကောင်အဖြစ် ဖွဲ့စည်းသွားလေ၏။ ကျားနှင့်တူသော လျှပ်စီးသားရဲက ယီယွင်ဆီသို့ ပြေးဝင်သွားလေသည်။
" လျှပ်စီးသတ်ကွက် "
အနက်ရောင်လျှပ်စီးသားရဲက ယီယွင်ဆီသို့ ပျံသန်းသွားချိန်တွင် အောက်ခြေမှ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများ အရည်ပျော်ကျသွားရသည်။
ယီယွင်၏ခန္ဓာကိုယ်တွင် နေအလင်းချီများ မြင့်တက်လာကာ ကျောဘက်တွင် ထန်တောင်ကြားပုံရိပ် ထွက်ပေါ်လာသည်။
ပိုင်၏တိုက်ကွက်က ပြောင်မြောက်လှသည်ကို ယီယွင် သိသည်။ ကျင့်ကြံမှုအဆင့် ကွာခြားမှုကြောင့် သူ့အဖို့ တိုင်အာနတ်ကျင့်စဥ် တစ်ခုတည်းနှင့် ခုခံနိုင်မည်မဟုတ်ပေ။
ဟူး...။
ယီယွင်က ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်သလင်းကျောက်ကို အဆုံးစွန်အထိ တွန်းအားပေးလိုက်ရာ သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များ မြင့်တက်လာသည်။ သန့်စင်ယန်စိတ်ဝိညာဥ်က ဘေးပတ်လည်မှ သန့်စင်ယန်စွမ်းအင်များကို လျင်မြန်စွာစုပ်ယူ တောက်ပနေသော နေမင်းတစ်စင်းအဖြစ် ပြောင်းလဲသွားလေ၏။
ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်နဲ့တစ်သားတည်း။
ယီယွင် ဓားမောက်နှင့် ခုတ်လိုက်သည်။ သူနှင့်ဓားမောက်က တစ်သားတည်းဖြစ်သွားကာ ဥက္ကာခဲတစ်လုံးပမာ ပြေးထွက်သွားလေ၏။
ဘုန်း...။
ပြင်းထန်သော ပေါက်ကွဲအားလှိုင်းများက ခရမ်းရောင်အဖြိုက်နက် အခင်းပြားများကို ပိုင်းဖြတ်သွားလေ၏။
" သတိထား "
စင်မြင်နှင့်အနီးဆုံး စစ်သည်များမှာ ကြောက်မက်ဖွယ်ရာ ဓားချီနှင့် ဓားမောက်ချီကို ရှင်းလင်းစွာပင် ခံစားမိကြသည်။ သူတို့အကာ အကာအကွယ်အလွှာ ပိုင်းခြားပေးထားသည့်တိုင်အောင် ကြီးမားသောဖိအားကို ခံစားနေရဆဲပင်။
ယီယွင်၏ခန္ဓာကိုယ် တုန်ယင်သွားကာ လက်မောင်း ထုံကျဥ်သွားလေ၏။ လျှပ်စီးက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သွေးကြောများထဲတွင် မွှေနှောက်သွားသည်ဟု သူ ခံစားလိုက်ရသည်။ ပိုင်၏လျှပ်စီးက စွမ်းအင်များ အဆုံးမဲ့စီးဆင်းနေဟန်ရှိပြီး သန့်စင်ယန်စွမ်းအင်နှင့် အလွယ်တကူ ပျောက်ကွယ်မသွားပေ။
တူညီစွာဖြင့်ပင် ပိုင်လည်း အခြေနေမကောင်းလှပေ။ ယီယွင်၏ ဓားမောက်ချီက ထက်ရှလွန်းလေ၏။ သန့်စင်ယန်ဓားနန်းတော်မှ ဓားဆန္ဒကို ထိုးထွင်းသိမြင်မှု ရရှိပြီးနောက်တွင် ယီယွင်၏ ယွမ်ချီထဲ၌ မသေမျိုးဂုဏ်သတ္တိများ အရိပ်အငွေ့မျှ ပါဝင်နေသည်။ ထိုမသေးမျိုးစွမ်းအားက ယီယွင် သန့်စင်ယန်ဓားနန်းတော်၏ ဓားဆန္ဒကို အသုံးပြုခြင်းမရှိသည့်တိုင်အောင် ပေါ်လာခဲ့လေသည်။
ယီယွင်၏ သန့်စင်ယန်စွမ်းအင်များက ပိုင်၏ခန္ဓာကိုယ်အား ငြိမ်းသက်မရသော မီးများပမာ လောင်ကျွမ်းနေကာ ပိုင် အလွန်နာကျင်နေရသည်။
နှစ်ဦးလုံး ပေတစ်ရာကျော် ဆုတ်ခွာသွားကြပြီး သွေးများဗြောင်းဆန်ကာ မျက်နှာများ ဖြူလျော်နေသည်။
" ယီယွင် " ချူရှောင်းရန် သွေးဆုတ်ဖြူလျော်သွားရပြီး ဝမ်ယွီနှင့် အခြားသူများမှာလည်း အလွန်စိုးရိမ်သွားကြသည်။
ထိုတိုက်ခိုက်မှုနှင့်ပင် နှစ်ဦးလုံး အတွင်းဒဏ်ရာများ ရသွားခဲ့ချေသည်။ ပိုင် ဒဏ်ရာရသည်မှာ ကိစ္စကြီးမဟုတ်သော်လည်း ယီယွင် ဒဏ်ရာရသည်ကမူ အခြေအနေကို ဆိုးသွားစေလေ၏။
ပိုင် မရှိလျှင်ပင် ယွင်လုံနတ်ပြည်ထောင်ဘက်၌ လူဆယ်ယောက် ကျန်နေသေးသည်။ ထိုသူများက ပိုင်နှင့်ဖုန်းလင်ထက် နိမ့်ကျသည့်တိုင်အောင် သန်မာကြလေ၏။
ယီယွင်က ပိုင်နှင့် တိုက်ခိုက်ပြီးသွားလျှင် ယွမ်ချီများ မည်မျှကျန်ပါမည်နည်း။
" ကောင်းလိုက်တဲ့ ဓားမောက်သိုင်းကွက်။ အတော်အားကောင်းတဲ့ သန့်စင်ယန်စွမ်းအင် " ပိုင် စကားဆိုရင်း မျက်နှာသည် မူမမှန်စွာ နီရဲသွားလေ၏။ သူ၏နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ခု ကျလာသည်။ ယီယွင်နှင့် ထိပ်တိုက်ရင်ဆိုင်မိခြင်းသည် သူ၏သွေးကြောများကို ထိခိုက်စေခဲ့လေ၏။
" ဒါပေမဲ့ လောလောဆယ်တော့ မင်း ခံစားရကောင်းမှာမဟုတ်ဘူး။ ငါ့ရဲ့ လျှပ်စီးက အလွယ်တကူနဲ့ ပျောက်မသွားနိုင်ဘူးလေ " ပိုင် ယီယွင်ကိုကြည့်ကာ ပြုံးလိုက်သည်။ ထိုအပြုံးသည် လက်ရည်တူသူနှင့် ဆုံတွေ့မိကာ စိတ်လှုပ်ရှားရာမှ ဖြစ်ပေါ်လာရခြင်းပင်။ ယီယွင်နှင့် တိုက်ခိုက်ရသည်မှာ သူ့အား ပို၍ ပို၍ပင် စိတ်လှုပ်ရှားစေသည်။
ယီယွင်က မရဏအသံလှိုင်းဓားကိူ တင်းကျပ်စွာကိုင်ထားကာ ပိုင်၏မျက်လုံးကို စိုက်ကြည့်နေသည်။ ပိုင်နှင့် တိုက်ခိုက်ရသည်မှာ အမှန်ပင် အလွန်ခက်ခဲလှ၏။
" ထပ်လာမယ် " ပိုင် ဟစ်အော်ကာ ထပ်မံတိုက်ခိုက်လာသည်။
ဝေါင်း...။
ဟိန်းသံတစ်ခုနှင့်အတူ ပိုင်၏ကျောဘက်တွင် လျှပ်စီးနက်သားရဲ ထပ်မံကာ ပေါ်လာ၏။ လျှပ်စီးနက်သားရဲက အလင်းနက်ဓားနှင့် ပေါင်းစည်းသွားပြီး ဓားတစ်ချောင်းလုံး တောက်ပလာသည်။
ပိုင်က လေထဲသို့ ခုန်တက်သွားရာ မြောက်မြားစွာသော လျှပ်စီးများက လိုက်ပါသွားလေ၏။ ကြီးမားသော လျှပ်စီးမြွေတစ်ကောင်က ပိုင်ဆီသို့ တိုးဝင်သွားသည့်အလားပင်။ လျှပ်စီးစက်ကွင်းနှင့်ဆိုလျှင် သူ အားအပြည့်ထုတ်သုံး၍ ရလေသည်။
ပိုင်က အောက်သို့ဆင်းလာကာ ယီယွင်ကို တိုက်ခိုက်လေ၏။
ယီယွင် သူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူ၏ကျောဘက်၌ ထန်တောင်ကြားပုံရိပ် ချက်ချင်းပေါ်လာ၏။ ဤတစ်ကြိမ်တွင် အသူရာငရဲအား ကိုယ်စားပြုသည့် အလောင်းတောင်နှင့် သွေးပင်လယ် ပုံရိပ်သည်လည်း ပေါ်ထွက်လာသည်။
ဟူး...ဟူး...ဟူး...။
ဓာတ်သဘာဝအရ ဆန့်ကျင်ဘက်နီးပါးဖြစ်နေသည့် စွမ်းအင်နှစ်ခုကို မရဏအသံလှိုင်းဓားထဲ ထည့်သွင်းကာ ပိုင်အား ခုတ်ပိုင်းလိုက်လေသည်။
" ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်ရဲ့အနှစ်သာရက သတ်ဖြတ်ခြင်း "
ဝုန်း...။
ပြင်းထန်သော ဆုံတွေ့မှုနှင့် အပူချိန်ကြောင့် ယီယွင်၏အောက်မှ ခရမ်းရောင်အဖြိုက်နက် အခင်းပြား အက်ကွဲသွားကာ တွင်းတစ်ခု ဖြစ်သွားလေသည်။ ယီယွင်၏တစ်ကိုယ်လုံး နတ်အရိုင်းမြေစင်မြင့်ထဲတွင် မြုပ်ဝင်လုနီးပါး ဖြစ်နေလေ၏။
သို့သော် ပိုင်မှာမူ မီတာဆယ်ချီကာ နောက်သို့လွင့်သွားရပြီး လေထဲတွင် သွေးအန်လိုက်ရသည်။
ဝုန်း...။
ပိုင်သည် ခရမ်းရောင်အဖြိုက်နက် နံရံနှင့် ဝင်ဆောင့်မိသွားလေ၏။ သူ မြေပြင်သို့ လျောကျသွားပြီးနောက် အလင်းနက်ဓားကို အားပြုကာ ထရပ်လာသည်။ သူ၏မျက်လုံးများက တိုက်ခိုက်လိုစိတ်များနှင့် တောက်ပနေ၏။
လက်ရှိတွင် ယီယွင်၏အဝတ်များ စုတ်ပြဲနေသည်။ ကြွက်သားကောက်ကြောင်းများ ၊ သွေးစီးကြောင်းများ ၊ လျှက်စီးနက် လောင်ကျွမ်းမှုကြောင့် အမဲကွက်များကို မြင်နေရလေ၏။
ပိုင်၏ ဤတိုက်ကွက်က ယခင်ကထက် ပိုအားကောင်းသည်။ လျှပ်စီးစက်ကွင်း၏ စွမ်းအင်များအားလုံးကို ဓားကွက်ထဲတွင် ဖိသိပ်ထားသည့်အလားပင် ယီယွင်၏သွေးများကို ဗြောင်းဆန်သွားစေလေသည်။
" ခံစားရတာ အရမ်းကောင်းတယ် "
ပိုင် အလွန်စိတ်လှုပ်ရှားနေသည်။ သူက ဒဏ်ရာပိုရလေ ပိုမိုကာ စိတ်လှုပ်ရှားလေ ဖြစ်နေသည့်အလားပင်။
" လူငယ်မျိုးဆက်တွေထဲမှာ ငါ စိတ်ကျေနပ်ရအောင် တိုက်ခိုက်ပေးနိုင်တဲ့သူကို မတွေ့ရတာ အတော်ကြာသွားပြီ " ပိုင် စကားဆိုနေရင်း အရှိန်အဝါများ တိုးလာသည်။ သူ ခံစားနေရသည့် ဒဏ်ရာများက အရေးမပါသည့်အလားပင်။
" ပိုင်ရဲ့အရှိန်အဝါတွေ တိုးလာတာလား "
လူအများ ထိတ်လန့်သွားကြသည်။ ယွမ်ချီကုန်ဆုံးမှုကြောင့် ယီယွင်နှင့် ပိုင်တို့၏ တိုက်ပွဲက ပြင်းထန်မှုလျော့နည်းလာလိမ့်မည်ဟု ထင်မိခဲ့သော်လည်း ယခုတွင်မူ ပိုင်၏ပုံစံအရ တိုက်ပွဲက ပိုမိုပြင်းထန်လာမည့်ပုံပင်။
" ပိုင်က ထုတ်မပြရသေးတဲ့ စွမ်းအားတွေ အများကြီးရှိသေးတယ်။ ဒါမှမဟုတ် ယီယွင်နဲ့တိုက်ခိုက်ရတာ စိတ်လှုပ်ရှားရတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ စွမ်းအားတွေ ထွက်ပေါ်လာတော့မယ်လို့ ပြောရမလားပဲ "
" ပိုင်က ရှုထောင့်ပုံရိပ်ကို ထုတ်မသုံးသေးဘူး "
ယွင်လုံနတ်ပြည်ထောင်မှ လူများ စိတ်လှုပ်ရှားနေကြသည်။ သူတို့အတွက်မူ အဖွဲ့စုံပြိုင်ပွဲက အတက်အကျများ ပြည့်နေသည်။ ယီယွင်က ထူးချွန်သည့်တိုင်အောင် နောက်ဆုံးရလဒ်ကို ပြောင်းနိုင်မည်မဟုတ်ပေ။ ပိုင်က ယွင်လုံနတ်ပြည်ထောင်၏ စစ်နတ်ဘုရား ဖြစ်လေ၏။
" ဒီအရူးကောင် "
ခန်းယန်က ပိုင်ကိုကြည့်ကာ ကျိန်ဆဲလိုက်သည်။ ဤတိုက်ပွဲ ပိုမိုပြင်းထန်လာသည်ကို သူ ဝန်ခံမိသည်။ ပိုင်က တိုက်ခိုက်လေလေ သန်မာမှုကြီးမားလေလေ အမျိုးအစားပင်။ ဤကဲ့သို့ တိုက်ပွဲရူးနှင့် တိုက်ခိုက်ရသည်မှာ အခက်ခဲဆုံး ဖြစ်လေ၏။
" ခန်းယန် " ထိုစဥ် ခန်းယန်၏နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ခန်းယန် လှည့်ကြည့်လိုက်ရာ မြို့သခင်ကို မြင်လိုက်ရသည်။
" ဒီတိုက်ပွဲရဲ့ရလဒ်က မသေချာသေးဘူး။ ယီယွင် ရှုံးခဲ့မယ်ဆိုရင် ခင်ဗျားက ယီယွင်ကို ကယ်ဖို့အတွက် လှုပ်ရှားရမယ်။ သူနဲ့ပိုင်ရဲ့ တိုက်ပွဲမှာ သူ့ကို ဘာမှမဖြစ်စေနဲ့ "
" ယီယွင်က ပိုင်ကို အနိုင်ရခဲ့မယ်ဆိုရင်လည်း ကျုပ်တို့က အဖွဲ့စုံပြိုင်ပွဲကနေ နုတ်ထွက်ရမယ်။ ကျုပ်တို့တွေ နိုင်ဖို့အကြောင်းမရှိတာကြောင့် ဒိတိုက်ပွဲပြီးရင် ဆက်ပြီးတိုက်ခိုက်နေဖို့ မလိုအပ်ဘူး။ ဒါ့အပြင် တစ်ယောက်ယောက်က ယီယွင်ကို ဒဏ်ရာရအောင်လုပ်ပြီး ဒီတိုက်ပွဲကနေ ယွင်လုံနတ်ပြည်ထောင် ကျော်ကြားသွားမှာကိုလည်း ကျုပ် စိုးရိမ်မိတယ်။ ယီယွင်က အားနည်းတဲ့ ဂျူနီယာတွေရဲ့ လက်ထဲမှာ ရှုံးသွားရတာမျိုးကို ကျုပ် မလိုချင်ဘူး "
မြို့သခင်၏စကားကြောင့် ခန်းယန် နွေးထွေးသွားရလေ၏။ ခန်းယန်က ယီယွင်ကို တပည့်တစ်ပိုင်းအဖြစ် သတ်မှတ်ထားသည်။ မြို့သခင်က အဖွဲ့စုံပြိုင်ပွဲတွင် အောင်ပွဲနောက်သို့ လိုက်ပါခြင်းမရှိဘဲ ယီယွင်၏ဘေးကင်းရေးကိုသာ ဦးစားပေးနေခြင်းကြောင့် ခန်းယန် ကျေးဇူးတင်မိနေသည်။
" ကျုပ် ရှိနေရင် ယီယွင် ဘာမတော်တဆမှ ဖြစ်လာမှာမဟုတ်ဘူး "
............
နတ်အရိုင်းမြေစင်မြင့်ပေါ်တွင် ယီယွင်နှင့်ပိုင်က ပေတစ်ရာခန့်အကွာတွင် ရပ်နေကြ၏။ နှစ်ဦးလုံးက အခြားသူ၏ အစွမ်းထက်သော ခွန်အားကို ခံစားမိနေကြသည်။
" ယီယွင်... ဒီတိုက်ပွဲပြီးရင် နောက်တိုက်ပွဲတွေအတွက် မင်း စိုးရိမ်နေတာကို ငါသိတယ်။ ဒါပေမဲ့ မင်းရဲ့ စိုးရိမ်မှုတွေက မလိုအပ်ဘူးလို့ ငါထင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်း အားကုန်ထုတ်မသုံးရင် ငါ့ကို အနိုင်ရဖို့က အခွင့်အရေးတစ်ခုတောင် ရှိမနေလို့ပဲ "
" အားကုန်ထုတ်မယ်ဆိုရင်တောင် မင်း အနိုင်ရဖို့ အခွင့်အရေးက သေးငယ်တယ်။ ဟိုဓားကွက် ထုတ်မသုံးရင် မင်း ငါ့ကို အနိုင်ရဖို့ဆိုတာက မဖြစ်နိုင်လုနီးပါးပဲ "
ပိုင်သည် ယီယွင်၏ဓားကွက်အား အမှန်တကယ်ပင် ရင်ဆိုင်လိုသောကြောင့် နောင်တရနေသည်။ သူက အထွတ်အထိပ်တွင်ရှိနေသည့် ယီယွင်နှင့် တိုက်ခိုက်လိုလေသည်။
ပိုင်၏ကျောဘက်တွင် လျှပ်စီးနက်သားရဲ တတိယအကြိမ် ပေါ်ထွက်လာကာ... " ငါတို့တိုက်ပွဲက တိုင်အာနတ်ပြည်ထောင်နဲ့ ယွင်လုံနတ်ပြည်ထောင်တို့ရဲ့ အဖွဲ့စုံပြိုင်ပွဲ ချန်ပီယံကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့ ငါ ဆန္ဒရှိတယ်။ ဒါပေမဲ့ ငါ့မှာ အဲ့ဒီလိုဆုံးဖြတ်ပေးနိုင်တဲ့ အာဏာ ရှိမနေတာက နှမြောစရာပဲ။ မင်းကို နှစ်နာရီ အနားပေးတာက အကန့်အသတ်ပဲ "
ယီယွင်က ခေါင်းညိတ်ကာ..." ငါ နားလည်ပါတယ် "
ပိုင်က ကိုယ်ပိုင်တိုက်ပွဲတွင် ဆုံးဖြတ်ချက် ချနိုင်သော်လည်း အဖွဲ့စုံပြိုင်ပွဲတွင် အခြားသူများ၏ တိုက်ပွဲများကို စီမံပေး၍မရပေ။
ပိုင်က ဓားသွားကို အသာယမ်းကာ မျက်ဝန်းများ တောက်ပလာပြီး..." မင်းနဲ့ ဒီလောက်အတိုင်းအတာအထိ တိုက်ခိုက်ရတာကို ငါ အရမ်းကျေနပ်တယ်။ ငါ မင်းအပေါ်မှာ လေးစားတာကို ပြဖို့အတွက် ငါ့ရဲ့ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်သုံးပြီးတော့ မင်းကို အနိုင်ယူမယ် "