လျှပ်စီးမြွေ VS ရွှေကျီးကန်း
Vol. 23 Ch. 338
ပိုင် စကားပြောပြီးသည့်နောက် လျှပ်စီးသားရဲက ပိုမိုကြီးထွားလာသည်။ ပိုင်၏ဘေးပတ်လည်မှ လျှပ်စီးစက်ကွင်းသည်လည်း စွမ်းအင်များ အန်ထုတ်တော့မည့်ပမာပင် မိုးကြိုးများ ဖြစ်ပေါ်လာလေ၏။
ဝေါ...။
လျှပ်စီးစက်ကွင်းက ပိုင်အား ဝန်းရံသွားကာ ၎င်း၏အကာအကွယ်အောက်တွင် ထားလိုက်လေ၏။
ဝေါင်း...။
လျှပ်စီးသားရဲက ဟိန်းဟောက်လိုက်ရာ လူအများ နားစည်ကွဲလုမတတ် ဖြစ်သွားရသည်။ အစီရင်အရံအတားနောက်မှ ပရိတ်သတ်များပင် အသံထဲတွင် ပါဝင်နေသည့် အစွမ်းထက်သော စွမ်းအင်ကို အာရုံခံမိနေသည်။ ယင်းကဲ့သို့စွမ်းအင်မျိုးက လျှပ်စီးတစ်ခု သူတို့၏ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်လာပြီး သွေးများဗြောင်းဆန်အောင် လုပ်ပစ်သည်နှင့် ဆင်တူကာ အလွန်ပင် ခံစားရမကောင်းချေ။
" အတော်ကြောက်ဖို့ကောင်းတာပဲ "
လူအများ ထိတ်လန့်သွားရသည်။ လျှပ်စီးသားရဲ၏ ဟိန်းသံကပင် သူတို့ ကိုင်တွယ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သူတို့သာ ယီယွင်၏နေရာတွင် ရှိနေမည်ဆိုလျှင် လျှပ်စီးသားရဲ၏ ရှေ့တည့်တည့်မှ ရိုက်ခတ်မှုက မည်သို့ခံစားရမည်နည်။
ဝေါင်း...ဝေါင်း...။
လျှပ်စီးသားရဲ ဆက်တိုက်ဟစ်အော်နေကာ ခန္ဓာကိုယ်သည် တုန်ခါနေရင်း အရွယ်အစားသေးသွားလေ၏။ အရွယ်အစား သေးသွားချိန်တွင် လျှပ်စီးသားရဲ၏ စွမ်းအားများက ပိုမိုအားကောင်းလာလေ၏။ လျှပ်စီးအရောင်သည် ခရမ်းရင့်ရောင်မှ အနက်ရောင်စစ်စစ်အဖြစ် ပြောင်းလဲသွားလေ၏။
ပိုင်က ယီယွင်ကို တိုက်ခိုက်ရန်အတွက် လျှပ်စီးသားရဲကို ထုတ်လွှတ်ခဲ့သည်ဟု လူအများ ထင်နေကြချိန်တွင် တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ပိုင်က လျှပ်စီးသားရဲကို ရင်ဘက်ထဲသို့ ဖိသွင်းလိုက်လေ၏။
ပိုင်၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စီးသားရဲ ဝင်ရောက်သွားချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အဝတ်အစားများ စုတ်ပြဲသွားသည်။
ပိုင်၏ရင်ဘက်တွင် အရေပြားထက်တွင် လျှပ်စီးသားရဲပုံက ဆေးမှင်ကြောင်သဖွယ် ပေါ်လာလေ၏။
လူအများ ပြောစရာမဲ့နေရသည်။ ပိုင်က လျှပ်စီးသားရဲကို အမှန်တကယ်ပင် ဝါးမျိုပစ်ချေ၏။
လျှပ်စီးသားရဲ ဆေးမှင်ကြောင်က ပိုင်၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လည်ပင်းတွင် ကျားကဲ့သို့ အစင်းကြောင်းများ ပေါ်လာကာ မျက်နှာတွင်မူ လျှပ်စီးလမ်းကြောင်းပုံစံများ ပေါ်လာသည်။ ပိုင်က အခြားသူတစ်ဦးအဖြစ် လုံးဝပြောင်းလဲသွားခဲ့ဟန် ရှိလေသည်။
ထိုစဥ် ပိုင်၏ဘေးပတ်လည်မှ လျှပ်စီးအကာအရံသည် ကျုံ့ဝင်လာကာ စွမ်းအင်များ အတူစုစည်းသွားပြီး ရှည်လျားတုတ်ခိုင်သော မြွေပုံရိပ်အဖြစ် ပြောင်းလဲသွားလေ၏။
မြွေသည် တဖြည်းဖြည်းချင်း အသက်ဝင်လာကာ အစစ်နှင့်တူလာခဲ့သည်။ မြွေက ပေ ၇၀ ၊ ၈၀ ခန့် ရှည်လျားပြီး အနက်ရောင်စင်စစ် ဖြစ်လေသည်။ မြွေတွင် ခေါင်းခြောက်လုံးရှိကာ ခန္ဓာကိုယ်တွင် လျှပ်စီးများ ရစ်သိုင်းနေ၏။
" ခေါင်းခြောက်လုံး လျှပ်စီးမြွေလား "
ပရိတ်သတ်ထဲမှ လူတစ်ယောက်က ရေရွတ်လိုက်လေသည်။ ယင်းက ပိုင်၏ ရှုထောင့်ပုံရိပ် ဖြစ်လေ၏။
ပိုင်၏ ရှုထောင့်ပုံရိပ်က ခေါင်းခြောက်လုံး လျှပ်စီးမြွေ ဖြစ်နေချေ၏။ ခေါင်းခြောက်လုံး လျှပ်စီးမြွေက လျှပ်စီးဓာတ် ပျက်စီးခြင်းသားရဲများထဲတွင် ကြောက်စရာအကောင်းဆုံး တည်ရှိမှုတစ်ခု ဖြစ်လေသည်။ လူသားအရှင်သခင်အဆင့် နောက်ပိုင်းအဆင့် စစ်သည်တစ်ဦးပင် ခေါင်းခြောက်လုံး လျှပ်စီးမြွေကို ကိုင်တွယ်နိုင်ခြင်းမရှိပေ။
ပိုင်က ခေါင်းခြောက်လုံး လျှပ်စီးမြွေကို ရှုထောင့်ပုံရိပ်အဖြစ် အမှန်တကယ် ရရှိထားလေ၏။ ပုံမှန်ဆိုလျှင် စစ်သည်တစ်ဦးက ပျက်စီးခြင်းသားရဲတစ်ကောင်ကို သတ်ဖြတ်မှသာ ရှုထောင့်ပုံရိပ်အဖြစ် ဖွဲ့စည်း၍ရသည်။
ရှုထောင့်ပုံရိပ် ဖွဲ့စည်းရန်အတွက် ကိုယ်တိုင်သတ်ထားသော ပျက်စီးခြင်းသားရဲ ဖြစ်ရပေမည်။ အခြားတစ်ယောက်က သတ်ထားပါက အလုပ်မဖြစ်ပေ။ ယင်းသည် ခရမ်းရောင်သလင်းကျောက်ပင် ချိုးဖောက်၍မရသော စည်းမျဥ်းတစ်ခု ဖြစ်လေ၏။
ပိုင်ကမူ ခေါင်းခြောက်လုံး လျှပ်စီးမြွေ ရှုထောင့်ပုံရိပ်တစ်ခု အမှန်တကယ်ပင် ဖွဲ့စည်းထားချေ၏။ ယင်းသည် ပိုင်က ခေါင်းခြောက်လုံး လျှပ်စီးမြွေကို ကိုယ်တိုင်သတ်ထားခြင်း ဖြစ်နိုင်ခြေများသည်ဟု ဆိုလိုနေလေသည်။
ပိုင်က ခေါင်းသုံးလုံးလျှပ်စီးမြွေများစွာကို သတ်ဖြတ်ခဲ့ပြီး ခေါင်းသုံးလုံးလျှပ်စီးမြွေ ရှုထောင့်ပုံရိပ်က ခေါင်းခြောက်လုံးလျှပ်စီးမြွေအဖြစ် ဆင့်ကဲပြောင်းလဲသွားခြင်းမျိုးလည်း ဖြစ်နိုင်ခြေရှိသည်။
သို့သော် ခေါင်းသုံးလုံးလျှပ်စီးမြွေက လူသားအရှင်သခင် အစောပိုင်းအဆင့်များပင် ကိုင်တွယ်နိုင်ခြင်းမရှိသည့် အားကောင်းသော ပျက်စီးခြင်းသားရဲတစ်ကောင် ဖြစ်လေသည်။ ပိုင်က ခေါင်းသုံးလုံးလျှပ်စီးမြွေကို မည်သို့ သတ်နိုင်မည်နည်း။
ခေါင်းခြောက်လုံး လျှပ်စီးမြွေ ပေါ်ထွက်လာခြင်းကြောင့် ကောင်းကင်ထက်တွင် တိမ်မဲများ စုဝေးလာကာ လျှပ်စီးများ လက်လာလေ၏။
ဂျိန်း...။
လျှပ်ပြက်နေရင်း တိမ်မဲများ ပိုမိုကြီးမားလာသည်။ ပြိုင်ကွင်း အမိုးခုံးနေရာတွင် ရေခိုးရေငွေ့များ စတင်ဖြစ်ပေါ်လာသည်ကို လူအများ မြင်လိုက်ကြရသည်။ တစ်ခဏအကြာတွင် ပြိုင်ကွင်းထဲ၌ မိုးများ စတင်ရွာသွန်းလာ၏။
" မိုးကြိုးမုန်တိုင်းလား "
လူအများသည် မျက်နှာများပေါ်မှ အေးစက်သော မိုးရေစက်များကို ခံစားမိကာ ချောက်ချားစွာဖြင့် ရေရွတ်လိုက်လေသည်။
လျှပ်စီးကြောင် မိုးရွာသွန်းလာသည်။ ပိုင်က ခေါင်းခြောက်လုံး လျှပ်စီးမြွေ ရှုထောင့်ပုံရိပ်ကို ထုတ်ဖော်လိုက်ချိန်တွင် အစွမ်းထက်သော လျှပ်စီးများ ထွက်ပေါ်လာခြင်းကြောင့် ရာသီဥတုကို သက်ရောက်မှုဖြစ်သွားကာ မိုးရွာသွန်းလာသည်။
ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးက ရာသီဥတုကို လွှမ်းမိုးနိုင်နေသည်မှာ လက်မခံနိုင်စရာပင်။
" ဒါက ပိုင်ရဲ့ အသန်မာဆုံးပုံစံလား "
လူအများက ပိုင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
" ဟားဟား... ဒီဟာကို ငါ မခံစားရတာ အတော်ကြာသွားပြီ " ပိုင် ကျယ်လောင်စွာ ရယ်လိုက်သည်။ လက်ရှိတွင် သူက ခါးအထက်ပိုင်းတွင် ဗလာကျင်းဖြစ်နေတာ သန်မာသော ကြွက်သားများ ထွက်ပေါ်နေသည်။ သူ၏ခန္ဓာကိုယ်တွင် ကျားအစင်းကြောင်းများနှင့် လျှပ်စီးကြောင်းများ ထွက်ပေါ်နေပြီး ရက်ဘက်တွင် လျှပ်စီးကျားနက်က ဟစ်အော်နေကာ နောက်ကျောဘက်တွင်မူ ခေါင်းခြောက်လုံး လျှပ်စီးမြွေ လွင့်မျောနေသည်။ သူ၏လက်ထဲမှ အလင်းနက်ဓားကလည်း လျှပ်စီးနက်များစွာကို ထိန်းချုပ်ထားလေ၏။ ထိုအရာအားလုံးက ပိုင်အား မိုးကြိုးနတ်ဘုရားတစ်ပါးနှင့် ဆင်တူသွားစေသည်။
ယီယွင်၏အမူအရာ လေးနက်သွားလေ၏။ အထွတ်အထိပ်၌ ရှိနေသည့် ပိုင်က အားကောင်းလွန်းလေ၏။
သူ ပိုင်ကို ရင်ဆိုင်ရန်အတွက် အားကုန်ထုတ်ရတော့မည်။ သို့သော် သူ အားကုန်ထုတ်သုံးပါက နောက်ပွဲစဥ်များတွင် တိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။
" တိုက်ကွက်စပါ ယီယွင်။ လက်ရှိ ငါ့အခြေအနေနဲ့ဆိုရင် မင်း ဖုန်းလင်ကို အနိုင်ယူသွားခဲ့တဲ့ ဓားကွက်ကိုပဲ ပိုမျှော်လင့်မိတယ်။ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် အဲ့ဒီဓားကွက်က ငါ့ကို ဘယ်လောက်အထိ ထိခိုက်စေနိုင်မလဲဆိုတာ သိချင်တယ် "
ပိုင်သည် သူ့အား အနိုင်ယူနိုင်ခြင်းရှိ ၊ မရှိကို မပြောလေဘဲ သူ့အား မည်မျှထိခိုက်စေမည်နည်းဟုသာ ပြောခဲ့လေသည်။ ဓားကွက်ကို ခုခံနိုင်မည်ဟု ယုံကြည်ထားကြောင်း ထင်ရှားလေသည်။ သူက ဒဏ်ရာသာ ရမည်ဖြစ်ပြီး ရှုံးမည်မဟုတ်ပေ။
" ကံဆိုးချင်တော့ မင်းက အဲ့ဒီတိုက်ကွက်ကို ထပ်သုံးလို့မရတော့ဘူး။ ငါ နောင်တရမိပေမဲ့ မင်းကို အနိုင်ယူဖို့အတွက် ငါ့ရဲ့အသန်မာဆုံးပုံစံကို သုံးဦးမှာပဲ။ တိုက်ကွက်စတော့... မင်းက ငါ့ကို အံ့အားသင့်စေပြီး စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ် " ပိုင်က ယီယွင်ကို ဓားနှင့်ချိန်လိုက်သည်။
ယီယွင် သက်ပြင်းချကာ အလင်းခွဲဓားကို ထိရင်း စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။
" ငါ အဲ့ဒီဓားကွက်ကို မသုံးနိုင်တော့တာ အမှန်ပဲ။ အဖွဲ့ပေါင်းစုံပြိုင်ပွဲမှာ ငါ အနိုင်ရဖို့အတွက် အခွင့်အရေးနည်းနည်းတော့ ရှိနေပါသေးတယ်။ ပြီးတော့ ငါက တိုင်အာနတ်မြို့ကို ကျေးဇူးဆပ်စရာ ရှိတယ်လေ။ ဒါကြောင့် ငါက စွမ်းအားလျှိုထားပြီး အချို့အကွက်တွေကို ထုတ်မသုံးခဲ့ဘူး။ ဒီတိုက်ကွက်တွေက စွမ်းအင်ကုန်ဆုံးမှု ကြီးမားလွန်းတာကြောင့် နောက်တိုက်ပွဲတွေကို ငါ ထပ်မတိုက်နိုင်တော့တဲ့ရလဒ် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့..."
ယီယွင်က စကားရပ်လိုက်ပြီး အလင်းခွဲဓားကို အသာယမ်းကာ လက်ဝါးအား ခွဲလိုက်လေရာ ဓားပေါ်တွင် သွေးများ စီးသွားလေ၏။ ယီယွင်၏သွေးများက ချော်ရည်ပူများပမာ ဖြစ်နေပြီး အလင်းခွဲဓားကို စတင်လောင်ကျွမ်းနေသည်။
" ဒါပေမဲ့ မင်းနဲ့ရင်ဆိုင်ရတော့ ငါ့မှာ တကယ်ကိုပဲ အခြားရွေးချယ်စရာ မရှိတော့ဘူး။ ငါ ထပ်ပြီးအရေးမစိုက်တော့ဘဲ မင်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတစ်ခု လုပ်မယ် " ယီယွင်၏မျက်ဝန်းတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေ၏။
" အိုး... မင်းက ငါနဲ့ တိုက်ခိုက်နိုင်မယ်လို့ ထင်နေသေးတာလား။ ငါ့ရဲ့ လာမဲ့တိုက်ကွက်တွေမှာ အားကုန်ထုတ်သုံးမှာနော် " ပိုင်က ကျယ်လောင်စွာ ဆိုလိုက်သည်။
ယီယွင်က ရယ်မောကာ..." ငါလည်း အားကုန်ထုတ်သုံးတော့မှာပါ။ ငါ့ရဲ့ စွမ်းအားအပြည့် တိုက်ခိုက်မှုက အနည်းဆုံးတော့ မင်းကို စိတ်မပျက်စေလောက်ဘူးလို့ ငါမျှော်လင့်ပါတယ် "
ပိုင်က ကျယ်လောင်စွာရယ်ကာ..." သိပ်ကောင်းတယ်။ ငါ မျှော်လင့်နေပြီ။ ဒီတိုက်ခိုက်မှုမှာ မင်း သေသွားနိုင်တယ်ဆိုတာကို သတိပေးထားမယ်နော် "
တိုင်အာနတ်မြို့မှ စစ်သည်များ အထူးသဖြင့် ဝမ်ယွီ ၊ ချူရှောင်းရန်နှင့် ယီယွင်ကို သိကျွမ်းကြသည့် အခြားသူများ အသက်အောင့်လိုက်ကြ၏။ အထွတ်အထိပ်ပုံစံနှင့် ပိုင်က အမှန်ပင် ကြောက်စရာကောင်းလွန်းလှသည်။
အကြီးအကဲစင်မြင့်ထက်မှ ခန်းယန်က ပိုမိုကာ အာရုံစူးစိုက်လာသည်။ ယီယွင် ကံဆိုးမိုးမှောင်ကျမည်ကို သူ စိုးရိမ်မိသည်။ သူအမြင်အရ ပညာရှိများ ငယ်ရွယ်စဥ်ကပင် ပိုင်လောက် အားကောင်းနိုင်မည်မဟုတ်ပေ။
မိုးက ပိုမိုကာ သည်းလာသည်။
ကောင်းကင်ဂုဏ်ယူရသည့် ခေတ်ပြိုင်သားတော်နှစ်ပါးဖြစ်သော ပိုင်နှင့်ယီယွင်က ပေနှစ်ရာခွာကာ ရပ်နေကြသည်။ သူတို့နှစ်ဦးအကြားတွင် ရေကန့်လန့်ကာတစ်ခု ရှိနေလေ၏။
ထိုစဥ် ပိုင်က တိုက်ခိုက်လာသည်။ သူ ဓားနှင့် ခုတ်ပိုင်းလိုက်ရာ မိုးရေထဲမှ လျှပ်စီးနက်တစ်ခုအလားပင် ရေကန့်လန့်ကာကို ပိုင်းဖြတ်သွားလေ၏။ ထိုဓားကွက်၏စွမ်းအားက လောကကြီးကို လှုပ်ခါပစ်ရန် လုံလောက်လေသည်။
ပိုင်၏ ထက်ရှသော ဓားအလင်းနှင့်အတူ ခေါင်းခြောက်လုံးလျှပ်စီးမြွေက ယီယွင်ဆီသို့ တိုးဝင်သွားသည်။
ထိုစဥ် ယီယွင်ကလည်း တိုက်ကွက်ဖော်ဆောင်သည်။ ယင်းက ဓားသင်္ချိုင်းထဲမှ ဓားကွက်သာဖြစ်သော်လည်း သန့်စင်ယန်ဓားနန်းတော်မှ ဓားဆန္ဒများ အရိပ်အငွေ့မျှသာ ပါဝင်လေ၏။ ယင်း လက်ရှိတွင် ယီယွင် ကိုင်တွယ်နိုင်သည့် အားအကောင်းဆုံး ဓားဆန္ဒ ဖြစ်လေသည်။ သို့သော် ဓားဆန္ဒတစ်ခုတည်းနှင့် မလုံလောက်သေးပေ။
ထိုစဥ် ယီယွင်၏ခန္ဓာကိုယ်ထဲမှ အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်သံသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဇာမဏီအော်သံအလားပင်။
" အဲ့ဒါက ဘာလဲ "
အသံက ကျယ်လှသောကြောင့် ပရိတ်သတ်များ ထိတ်လန့်သွားကြသည်။
ဘုန်း...။
ယီယွင်၏ကျောဘက်၌ သန့်စင်ယန်မီးတောက်များ လောင်ကျွမ်းလာကာ ထန်တောင်ကြားပုံရိပ် ထွက်ပေါ်လာသည်။ လူအများ တုန့်ပြန်နိုင်ခြင်းမရှိမီတွင် ကောင်းကင်ထက်၌ နတ်အလင်းတစ်ခု တောက်ပလာ၏။ ထိုနတ်အလင်းက တိမ်တိုက်များကို ထိုးခွင်းသွားလေ၏။
ဂီး...။
ပီသကျယ်လောင်သော အသံကို ထပ်မံကာ ကြားလိုက်ရ၏။ ယီယွင်၏ကျောဘက်မှ သန့်စင်ယန်မီးတောက်များ လွှမ်းခြုံနေသည့် ရွှေကျီးကန်းတစ်ကောင် ထွက်ပေါ်လာကာ နတ်အလင်းတန်း လမ်းကြောင်းအတိုင်း ပျံသန်းနေသည်ကို လူအများ ပါးစပ်အဟောင်းသား ကြည့်နေကြသည်။
ရွှေကျီးကန်း၏ တောင်ပံများက ဆယ်မီတာကျော် ရှည်လျားပြီး နတ်အရိုင်းမြေစင်မြင့်အား ဖုံးလွှမ်းလုနီးပါး ဖြစ်နေလေသည်။
သန့်စင်ယန်မီးတောက်များ၏ အောက်တွင် မိုးရေများနှင့် ရေခိုးရေငွေ့များ လျင်မြန်စွာပင် အငွေ့ပျံသွားကြရလေ၏။
" မိုးနတ်မင်းရေ... အဲ့ဒါက ဘာလဲ "
လူအများ အလွန်ပင် တုန်လှုပ်သွားရ၏။ လူအများ၏ အမြင်တွင် ထိုနတ်ငှက်က သိမ်းငှက်နှုတ်သီးနှင့် ဇာမဏီအမွေးများ ရှိလေသည်။ နတ်ငှက်တွင် ခြေသုံးချောင်းရှိပြီး အမွေးများတွင် သန့်စင်ယန်မီးတောက်များ လောင်ကျွမ်းနေသည်။
" ရွှေကျီးကန်း... ခြေသုံးချောင်းရွှေကျီးကန်း "
လူအချို့က အံ့ဩတကြီး ဟစ်အော်လိုက်ကြသည်။ ထိုရွှေကျီးကန်းက ယီယွင်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာချေသည်။ ယီယွင်၏ ရှုထောင့်ပုံရိပ် ဖြစ်လေသလော။
" ဘယ်လိုဖြစ်တာလဲ "
သာမန်စစ်သည်တစ်ဦးအဖို့ ဘုရင်အဆင့် ပျက်စီးခြင်းသားရဲ၏ ရှုထောင့်ပုံရိပ် ရှိနေလျှင်ပင် အလွန်တရာ မှင်တက်မိဖွယ်ကောင်းနေပြီ ဖြစ်လေ၏။ ဥပမာဆိုရသော် ပိုင်က ထိုကဲ့သို့ဖြစ်သည်။
ရှေးဦးမျိုစိတ်တစ်ကောင်ကမူ ပိုမို၍ပင် စွဲမက်ဖွယ်ရာဖြစ်နေပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ ရှုထောင့်ပုံရိပ်မျိုးကို ပညာရှိများကသာ ပိုင်ဆိုင်ကြသည်။
လူသားအရှင်သခင်တစ်ဦးက ရှေးဦးမျိုးစိတ်တစ်ကောင်ကို ကံကောင်းထောက်မကာ သတ်နိုင်ခဲ့လျှင်ပင် စုပ်ယူနိုင်မည်မဟုတ်ပေ။
ခြေသုံးချောင်းရွှေကျီးကန်း...။
၎င်းက ရှေးဦးမျိုးစိတ်ထက်ပင် တစ်ဆင့်ပိုမြင့်သည်။ ခြေသုံးချောင်းရွှေကျီးကန်းက ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးထံတွင် အဘယ်သို့များ ပေါ်လာခဲ့လေသနည်း။
ပရိတ်သတ်များ များစွာမတွေးနိုင်ပေ။ ခြေသုံးချောင်းရွှေကျီးကန်းက ခေါင်းခြောက်လုံးလျှပ်စီးမြွေဆီသို့ ပျံသန်းသွားပြီး ထက်ရှသော လက်သည်းများနှင့် ကုတ်လိုက်လေသည်။
ဝုန်း...။
ခရမ်းရောင်လျှပ်စီးများ ထကြွနေကာ သန့်စင်ယန်မီးတောက်များ လွှမ်းခြုံနေ၏။ ခေါင်းခြောက်လုံးလျှပ်စီးမြွေနှင့် ခြေသုံးချောင်းရွှေကျီးကန်းတို့က ကောင်းကင်ထက်တွင် ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။
မြွေများက သဘာဝတရားအရပင် သိမ်းငှက်များကို မယှဥ်နိုင်ပေရာ ခေါင်းခြောက်လုံးလျှပ်စီးမြွေက ခြေသုံးချောင်းရွှေကျီးကန်းကို မည်သို့များ ယှဥ်နိုင်ပါမည်နည်း။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ခြေသုံးချောင်းရွှေကျီးကန်းက ခေါင်းခြောက်လုံးလျှပ်စီးမြွေကို ပွင့်ထွက်သွားစေသည်။ ခေါင်းခြောက်လုံးလျှပ်စီးမြွေက အသွေးအသားရှိသော ပျက်စီးခြင်းသားရဲများပမာပင် သွေးများထွက်လာ၏။
ယီယွင်၏ဓားက ခြေသုံးချောင်းရွှေကျီးကန်း၏နောက်မှ လိုက်ပါသွားကာ ခေါင်းခြောက်လုံးလျှပ်စီးမြွေကို ခုတ်ချကာ သတ်ပစ်လိုက်လေ၏။
လက်ရှိအချိန်၌ မိုးနှင့်မြေတွင် အသံများ ပျောက်နေသည့်ပမာ ဖြစ်နေလေ၏။ လူအများ၏ မြင်ကွင်းထဲတွင် ရွှေရောင်ဓားအလင်းတစ်ခုသာ ကျန်ခဲ့လေသည်။ ထိုအလင်းသည် ကမ္ဘာကြီးအား လင်းထိန်သွားစေပြီး ကောင်းကင်ထက်မှ တိမ်မဲများကိုပင် တစ်စစီထိုးခွင်းသွားသည်။
ဘုန်း...။
သန့်စင်ယန်မီးတောက်များ လွှမ်းခြုံနေသည့် လျှပ်စီးမှာ တစ်စစီပေါက်ကွဲသွားကာ အရာအားလုံး တူးခြစ်နေအောင် လောင်ကျွမ်းသွားလေသည်။
ယီယွင်၏ဓားက ပိုင်၏ လျှပ်စီးစက်ကွင်းကို ပြင်းထန်စွာ ခုတ်ပိုင်းမိပြီး လျှပ်စီးစက်ကွင်းမှ စက္ကူနှင့်လုပ်ထားသည့်ပမာပင် ပြိုကွဲသွားရသည်။
ပိုင် ကြီးစွာထိတ်လန့်နေပြီး ဝင်ရောက်လာနေသော တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် ဓားကို မြောက်ထားသည်။ သို့သော် ကြောက်မက်ဖွယ်ရာ သန့်စင်ယန်မီးတောက်များ ၊ ခြေသုံးချောင်းရွှေကျီးကန်းနတ်ငှက်၏ ဖိအားများအောက်တွင် သူ၏စွမ်းအားတစ်ခုတည်းနှင့် ရင်ဆိုင်ရန်မဖြစ်နိုင်ဟု ခံစားနေရသည်။
ဝုန်း...။
ဓားအလင်း ပေါက်ကွဲသွားပြီး အားကောင်းသော လှိုင်းများ တိုးဝင်လာသည်ဟု ပိုင် ခံစားလိုက်ရသည်။ သူ ဟာရီကိန်းမုန်တိုင်းထဲမှ သစ်ရွက်တစ်ရွက်ပမာ ဖြစ်နေရလေ၏။
" ပိုင် "
ခုနစ်စင်ကြယ်စေတီပိုင်ရှင် သူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ ချက်ချင်းပြေးထွက်သွားသည်။ သူ၏အောက်မှ ထိုင်ခုံမှာ တစ်စစီ ကွဲကြေသွားရလေ၏။
တစ်ချိန်တည်းမှာပင် ပိုင် ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သူ၏ ယွမ်ချီအကာအကွယ် ပြိုကွဲသွားရပြီး ရင်ညွန့်ရိုး လုံးဝကျိုးကြေသွားရသည်။ သူ စက္ကူစတစ်ခုပမာ လွင့်စဥ်သွားလေ၏။ သန့်စင်ယန်ဓားချီကမူ သူ့အား ပစ်မှတ်ထားနေဆဲဖြစ်ပြီး သူ၏အသက်ကို နုတ်ယူလိုနေဆဲပင်။
ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ပိုင်၏နံဘေးတွင် ချက်ချင်းပေါ်ထွက်လာကာ ဖမ်းယူထားလိုက်သည်။
ဖောင်း... ။
ခုနစ်စင်ကြယ်စေတီပိုင်ရှင်က လက်ဝါးတစ်ဖက် ယမ်းလိုက်ရာ သန့်စင်ယန်ဓားချီမှာ ချက်ချင်းပင် တစ်စစီဖြစ်သွားရလေ၏။
ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ဒဏ်ရာအပြင်းအထန် ရရှိနေသည့် ပိုင်ကို ဖမ်းယူလိုက်သည်အား ကြည့်နေရင်းဖြင့် မည်သူကမျှ စကားမဆိုကြပေ။
တိုက်ပွဲရလဒ်က အထင်နှင့် တက်တက်စင်အောင် လွဲနေချေသည်။ ပိုင်က ယီယွင်ကို ရှုံးသွားသည်တဲ့လား။
အဆုံးသတ်တွင် ယွင်လုံနတ်ပြည်ထောင်၏ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံးဖြစ်သည့် ပိုင်မှာ ခုနစ်စင်ကြယ်စေတီပိုင်ရှင် ကိုယ်တိုင် ကယ်တင်ပေးရန် လိုအပ်သွားခဲ့လေ၏။
ပရိတ်သတ်များမှာ အိပ်မက်ပမာပင် ခံစားနေကြရ၏။ အထူးသဖြင့် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များက လက်သင့်မခံနိုင် ဖြစ်နေကြသည်။
ပိုင်က ယွင်လုံနတ်ပြည်ထောင်၏ စစ်နတ်ဘုရားဖြစ်သော်လည်း သူ့ထက် အသက်ပိုငယ်ကာ ကျင့်ကြံမှုအဆင့် ပိုနိမ့်သည့် ယီယွင်အား ရှုံးခဲ့ရချေသည်။ အဘယ်သို့ ဖြစ်ရလေသနည်း။
လူအများ ကောင်းကင်အား ကြည့်လိုက်သည်။ မိုးများ တိတ်သွားပေပြီ။ ယီယွင်၏တိုက်ခိုက်မှုက ပိုင်၏လျှပ်စီးများကြောင့် ဖြစ်ပေါ်လာသည့် တိမ်မဲများကို ခုတ်ပိုင်းသွားခဲ့ကာ ပြယ်လွင့်သွားစေလေ၏။
တစ်ဦးသည် မိုးကို ဖန်တီးနိုင်ကာ အခြားတစ်ဦးက တိမ်များကို ပြယ်လွင့်စေလေ၏။
ဤတိုက်ပွဲက ထိုသို့သောအတိုင်းအတာအထိ ရောက်သွားသည်မှာ မှန်းဆရခက်လှသည်။ နှစ်ဦးလုံးက လူငယ်မျိုးဆက် စစ်သည်များ ဖြစ်သည်မှာ ယုံကြည်ရခက်လှ၏။
သို့သော် တုန်လှုပ်ဖွယ်အကောင်းဆုံးမှာ တိုက်ပွဲနောက်ဆုံးတွင် ပေါ်လာခဲ့သည့် ခြေသုံးချောင်းရွှေကျီးကန်း ဖြစ်လေသည်။
သန့်စင်ယန်မီးတောက်များ လောင်ကျွမ်းနေသည့် ထိုဆန်းကြယ်ပုံရိပ်က ပရိတ်သတ်များ၏ အမြင်အာရုံထဲတွင် စွဲထင်နေဆဲဖြစ်ပြီး ဖျောက်ဖျက်၍မရပေ။
ယင်းက ခြေသုံးချောင်းရွှေကျီးကန်း ဖြစ်သည်မှာ သံသယဖြစ်စရာမလိုသော်လည်း အဘယ်သို့များ ပေါ်လာခဲ့လေသနည်း။ ယင်းက ယီယွင်၏ ရှုထောင့်ပုံရိပ်ပေလော။
လူအများက ယီယွင်အားကြည့်ကာ အံ့ဩဘနန်း ခံစားနေကြရသည်။
ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးတွင် အဘယ်သို့ဖြစ်၍ ခြေသုံးချောင်းရွှေကျီးကန်းက ရှုထောင့်ပုံရိပ်အဖြစ် ရှိနေရလေသနည်း။