← Chapters

ဓားထွက်ပေါ်လာပြီ

Vol. 23 Ch. 330

ဓားထွက်ပေါ်လာပြီ

Vol. 23 Ch. 330

ပရိတ်သတ်များသည် စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းများ လွတ်သွားမည်ကို စိုးရိမ်လေသောကြောင့် စင်မြင့်ဆီသို့ မမှိတ်မသုန် ကြည့်နေကြလေ၏။ ပြိုင်ကွင်းတစ်ခုလုံး၏ လေထုက အေးခဲနေဟန် ရှိလေသည်။

အထူးသဖြင့် တိုင်အာနတ်မြို့မှ စစ်သည်များက ပိုမိုစိုးရိမ်နေကြသည်။ လက်ရှိတွင် တိုင်အာနတ်မြို့အတွက် ယီယွင် တစ်ဦးတည်းကသာ တိုက်ခိုက်ပေးနိုင်လေသည်။

လက်ရှိအချိန်အထိ ယီယွင်နှင် ဖုန်းလင်တို့၏ တိုက်ပွဲက လက်ရည်ညီနေလေ၏။ တိုက်ပွဲရလဒ်က ခန့်မှန်းရခက်လာပေတော့မည်။

" နင်က တကယ်ကို အထင်ကြီးစရာပဲ " ဖုန်းလင်က ယီယွင်ကို အသိအမှတ်ပြုဟန်အချို့ဖြင့် ကြည့်ကာ..." ကံမကောင်းချင်တော့ နင့်ရဲ့ကျင့်ကြံမှုက အကန့်အသတ်ရှိနေတာကြောင့် ဒီတိုက်ပွဲမှာ နင် ရှုံးရမှာပဲ "

ဖုန်းလင် ပြောပြီးသည့်နောက် ယီယွင် မတုန့်ပြန်နိုင်မီတွင် တိုင်အာနတ်မြို့မှ ပရိတ်သတ်များက ချက်ချင်းပင် ဟစ်အော်လာသည်..." ဒီဖုန်းလင်က လေကြီးတာပဲ။ သူ့ရဲ့ ကြက်ပေါက် ၁၈ ကောင်အစီရင်တွေ ဘာတွေကို ယီယွင်ကို ဖျက်ဆီးပစ်ခဲ့တာ မဟုတ်ဘူးလား "

" ဟုတ်တယ်... သူကဖြင့် ယီယွင်ကို ဆယ့်ရှစ်ယောက်နဲ့တောင် မနိုင်ပဲနဲ့များ။ သူက ဘာတွေသွေးကြီးပြနေတာလဲ "

ယီယွင်က အနိုင်ပွဲဆက်ထားလေသောကြောင့် တိုင်အာနတ်မြို့မှ စစ်သည်များက ယီယွင်ကို အကြွင်းမဲ့ ယုံကြည်နေကြသည်။ လက်ရှိတွင် ဤတိုက်ပွဲ၏ရလဒ်က မရှင်းလင်းသေးသော်လည်း ယီယွင်က နောက်ဆုံးအချိန်တွင် အံ့ဩဖွယ်ရာတစ်ခု ဖန်တီးလိမ့်မည်ဟု သူတို့ မျှော်လင့်နေကြဆဲပင်။

တိုင်အာနတ်မြို့မှ စစ်သည်အချို့က မတ်တက်ရပ်ကာ ဖုန်းလင်ကို သရော်နေကြလေ၏။ သို့သော် ဖုန်းလင်ကမူ အရေးမစိုက်ဘဲ နားပင်းနေသည့်ပမာ ရှိနေလေသည်။

ဖုန်းလင်က ဆက်ပြောသည်..." ယီယွင်... နင့်ရဲ့ ဓားမောက်သိုင်း ပေါက်မြောက်မှုက အံ့ဩဖို့ကောင်းတယ်။ တိုင်အာနတ်ကျင့်စဥ်ကို နင့်ရဲ့ သိမြင်နားလည်မှုကလည်း အဆင့်တူတွေထက် အများကြီးသာတယ်။ ကံမကောင်းချင်တော့ နင့်ရဲ့ကျင့်ကြံမှုက ယွမ်အုတ်မြစ်ချနယ်ပယ်ကို မချိုးဖျက်ရသေးတာကြောင့် ယွမ်ချီ နည်းနေတယ်။ ငါ့ရဲ့ ကျောက်စိမ်းဒေဝီဓား ၁၈ လက်အစီရင်ကို ရင်ဆိုင်ဖို့အတွက် နင် ယွမ်ချီစုစည်းဖို့ ရုန်းကန်နေရတာကို မြင်နေရတယ် "

ဖုန်းလင်က ယီယွင်၏ အားနည်းချက်ကို ထောက်ပြသွားခဲ့သည်။ ဖုန်းလင် ၁၈ ယောက်နှင့် တိုက်ခိုက်ခဲ့စဥ်က သူမ၏တိုက်ခိုက်မှုသည် လစ်ဟာမှုမရှိဘဲ ကြမ်းရမ်းသောမိုးစက်များပမာ တိုက်ခိုက်ခဲ့သည်။

ယီယွင်က ပထမလှိုင်း တိုက်ခိုက်မှုများကို ကာကွယ်နိုင်ခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ အနည်းငယ်မျှ အရေးနိမ့်ခဲ့သည်။ ယင်းသည် ယီယွင်က ရွေးချယ်စရာမရှိတော့ဘဲ ယွမ်ချီများ အတင်းအကျပ်စုစည်းခဲ့ရသည်ဟု ဆိုလိုလေသည်။ ယင်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် သွေးကြောများကို အလွန်တရာပင် ဖိအားဖြစ်စေလေ၏။

ယီယွင်သာ ယွမ်အုတ်မြစ်ချနယ်ပယ်တွင်ရှိနေပါက ယွမ်ချီ နက်နဲမှုသည် ဤဖြစ်ရပ်မျိုး ဖြစ်မလာစေရန် တားဆီးပေးပေလိမ့်မည်။

တိုင်အာနတ်မြို့မှ စစ်သည်များပင် ဖုန်းလင်၏စကားက မှန်ကန်ကြောင်း ဝန်ခံမိကြသည်။

သို့သော် ယင်းက အမှန်တရားဖြစ်နေလျှင်ပင် ယီယွင်ထံ၌ ဝှက်ဖဲများ ကျန်နိုင်သေးလေသည်။ နောက်ဆုံးအခိုက်အတန့်တွင် ယီယွင်က အောင်ပွဲကို သိမ်းပိုက်သွားနိုင်လောက်လေ၏။

တိုင်အာနတ်မြို့မှ စစ်သည်များက ယီယွင်၏အမည်ကို ဟစ်အော်ကာ အားပေးကြလေသည်။

သို့သော် ထိုအခိုက်တွင် ဖုန်းလင်က ပွင့်နေသည့် ဓားသေတ္တာထဲမှ ဓားလက်ကိုင်ရိုးတစ်ခုကို လက်တစ်ဖက်နှင့် ကိုင်လိုက်လေ၏။

" ဒါက..."

ယီယွင် ရင်ထိတ်သွားရသည်။ ဖုန်းလင် ဓားသေတ္တာကို ဖွင့်ပြီးနောက်တွင် နှစ်ဖက်စလုံးတွင် ဓားကိုးချောင်းစီ ရှိလေသည်။ ဓားလက်ကိုင်ရိုးအားလုံးက အထက်သို့ထောင်နေပြီး ဒေါင်းမြီးပမာ ဖြန့်နေသည်။

ဓားသေတ္တာ၏အလယ်တွင် နောက်ထပ် ဓားလက်ကိုင်ရိုးတစ်ခု ရှိနေသေးလေ၏။ အစောပိုင်းက ယီယွင်သည် ထိုဓားလက်ကိုင်ရိုးက ဓားသေတ္တာ၏လက်ကိုင်ဟု ထင်မိခဲ့သော်လည်း ယခုတွင်မူ ထိုသို့ဟုတ်ဟန်မတူချေ။

ချွမ်း...။

ဖုန်းလင်က ဓားသေတ္တာ၏ထိပ်မှ ဓားကြီးတစ်လက် ဆွဲထုတ်လိုက်လေသည်။ ဓားသွားသည် ၁၅၆ စင်တီမီတာ ရှည်လျားပြီး လက်ဝါးခန့် ဗြက်ကျယ်ကာ အခြားဓား ၁၈ ချောင်းထက် ပိုကြီးမားလေသည်။

ထို့ဓားကြီးက တောင့်တင်းသော ယောက်ျားသားတစ်ဦးနှင့်သာ လိုက်ဖက်လေသည်။ ဖုန်းလင်က ထိုဓားကြီးကို ကိုင်ထားသည်မှာ ကန့်လန့်ဖြစ်နေ၏။

" ၁၉ ချောင်းမြောက်ဓားရဲ့ အမည်က နတ်မိမယ်ဓား။ ဒါက ငါ့ရဲ့ နောက်ဆုံးဓားလည်း ဟုတ်တယ် " ဖုန်းလင်က ဓားကို လေထဲတွင်ယမ်းကာ ပြောလိုက်သည်။

ထိုအခိုက်တွင် ဖုန်းလင်၏ ခန္ဓာကိုယ်သည် တောက်ပလာလေ၏။ အလင်းထဲတွင် သူမ၏ခန္ဓာကိုယ်ထဲမှ မိန်းမပျိုတစ်ဦးအသွင် အလင်းတစ်ခု ခွဲထွက်လာသည်။ သူမ၏လက်များက ရင်ဘက်အား ကာထားပြီး ခန္ဓာကိုယ်သည် ကွေးနေလျက်ရှိ၏။ သူမ၏ကျောတွင်မူ တောင်ပံတစ်စုံ ရှိလေသည်။

ဟူး...။

ထိုမိန်းကလေးက တောင်ပံဖြန့်လိုက်ရာ သုံးမီတာနီးပါး ပြန့်ကားသွားပြီး ဖုန်းလင်အား လုံးဝလွှမ်းခြုံသွားခဲ့သည်။ ထိုမိန်းကလေးက အလင်းရောင်ထဲတွင် ထရပ်လာသည်။ သူမက ပိုးမျှင်အိမ်ထဲမှ အကောင်ပေါက်လာသည့်အလားပင်။ နောက်ဆုံးတွင် နတ်မိမယ်ဓားက ထိုမိန်းကလေး၏ရှေ့၌ လွင့်မျောလာသည်။

သူမ နတ်မိမယ်ဓားကို ဖြည်းညင်းစွာဆုပ်ကိုင်ကာ ယီယွင်ကို ချိန်လိုက်လေ၏။ တောင်ပံနှင့် မိန်းကလေးက နှစ်မီတာခန့် မြင့်သည်။ ဓားကြီးက သူမနှင့် အလွန်လိုက်ဖက်နေလေ၏။

" ရှုထောင့်ပုံရိပ်လား "

ယီယွင် သူငယ်အိမ်များ ကျဥ်းမြောင်းသွား၏။ တိုက်အစမှ လက်ရှိအချိန်အထိ ဖုန်းလင်က ရှုထောင့်ပုံရိပ် ထုတ်မသုံးခဲ့ချေ။ ဖုန်းလင်၏ ရှုထောင့်ပုံရိပ်က မိန်းကလေးပုံစံ ဖြစ်နေလိမ့်မည်ဟု ယီယွင် ထင်မထားခဲ့ပေ။ တောင်ပံနှင့်မိန်းကလေး၏ ရုပ်ရည်က ဖုန်းလင်နှင့် ဆင်တူလေသည်။

ဝှစ်...ဝှစ်...ဝှစ်...။

ဖုန်းလင်၏နံဘေးတွင် ရေဓာတ် ရောင်ပြန်ပုံရိပ်များ စတင်ကာ ပေါ်လာကြလေ၏။ ဖုန်းလင်များ အတန်းလိုက် ရပ်နေကြသည်။ လေထဲတွင် တောင်ပံနှင့်မိန်းကလေး ရှုထောင့်ပုံရိပ် ရှိနေလေ၏။

" ဓား ၁၉ ချောင်း "

ဖုန်းလင်၏ ရှုထောင့်ပုံရိပ်နှင့် သူမ၏အားကောင်းသော တည်ရှိမှုများကို မြင်လိုက်ရခြင်း ဖုန်းလင်အား ကျိန်ဆဲနေခဲ့ကြသည့် တိုင်အာနတ်မြို့မှ စစ်သည်များ ပါးစပ်ပိတ်သွားရလေ၏။ ဤကဲ့သို့ ဖုန်းလင်နှင့် ရင်ဆိုင်ရချိန်နွင် သူတို့သည်လည်း ယုံကြည်ချက် လျော့သွားကြလေ၏။

" ဒီလိုရှုထောင့်ပုံရိပ်လည်း ရှိသေးတာလား "

တိုင်အာနတ်မြို့မှ စစ်သည်များ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့က သားရဲပုံစံ ရှုထောင့်ပုံရိပ်များကိုသာ အများဆုံး မြင်ဖူးကြသည်။ ဓား ၊ ဓားမောက် ၊ လှံ ၊ အသွားတပ်လှံရှည်ကဲ့သို့ လက်နက်ရှုထောင့်ပုံရိပ်များကိုလည်း မြင်ဖူးလေ၏။ သို့သော် လူသားပုံစံ ရှုထောင့်ပုံရိပ်ကမူ ရှားပါးလေသည်။

လူတစ်ဦး၏ ရှုထောင့်ပုံရိပ်က သူတို့ကိုယ်တိုင်နှင့် ချွတ်စွပ်တူနေပြီး တောင်ပံတစ်စုံ ရှိနေသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။ ယင်းက ဒဏ္ဍာရီနတ်ဘုရားများအလားပင်။

တောင်ပံနှင့်မိန်းကလေးက အေးစက်သော အမူအရာနှင့် ရှိနေသည်။ သူမက ယီယွင် အပါအဝင် အရာအားလုံးကို လျစ်လျူရှုထားလေ၏။ သူမ၏ တောင်ပံများ ညင်သာစွာခတ်နေပြီး အလင်းအဝန်းတစ်ခု တောက်ပနေသည်။ သူမ၏ လက်ထဲမှ ဓားက အေးစက်သောအလင်း တောက်ပနေကာ လူတစ်ဦး၏ ဝိညာဥ်ကပင် ကြောက်လန့်ရစေနိုင်၏။

" ယီယွင်..."

ပြိုင်ပွဲဝင်ခုံတန်း၌ ထိုင်နေကြသည့် ဝမ်ယွီ ၊ ချူရှောင်းရန်နှင့် အခြားသူများမှာ ထိန်းမရစွာပင် စိုးရိမ်နေကြလေ၏။ စစ်သည်တစ်ဦး၏စွမ်းအားကို ၎င်း၏ အားကောင်းပုံစံမှ သိနိုင်လေသည်။ လက်ရှိ ဖုန်းလင်က ထိုသို့ဖြစ်နေ၏။

တိုင်အာနတ်မြို့မှ စစ်သည်အားလုံး တိတ်ဆိတ်နေကြသည်။ မတ်တက်ရပ်နေကြသူများလည်း ပြန်ထိုင်လိုက်ကြပြီး ယီယွင်အား စိုးရိမ်စွာကြည့်နေသည်။

ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များကမူ စတင်ကာ အောင်ပွဲခံနေကြသည်။

ဤအခြေအနေတွင် ဖုန်းလင်က လူ့ပြည်သို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးပမာ ဖြစ်နေလေ၏။

" ငါ့ရဲ့ ကျောက်စိမ်းဒေဝီ ရောင်ပြန်ပုံရိပ်တွေကို ဖျက်ဆီးတာကလည်း အသုံးမဝင်ဘူး။ ငါ့ယွမ်ချီက နင့်ထက် ပိုများတယ်။ ငါက ကျောက်စိမ်းဒေဝီ ရောင်ပြန်ပုံရိပ်တွေကို အကန့်အသတ်မဲ့ ထုတ်နိုင်တယ်။ နင့်ရဲ့ယွမ်ချီက လုံလောက်ရဲ့လား " ဖုန်းလင်က ယီယွင်အား ရေခဲအမှတ်အသားဓားနှင့် ချိန်လိုက်သည်။

ဓား ၁၉ ချောင်းလုံး တူညီစွာ လုပ်ဆောင်ကြလေ၏။

ဓား ၁၉ ချောင်း ချိန်ထားသည်ကို ခံလိုက်ရခြင်းကြောင့် ယီယွင်၏မျက်နှာ လေးနက်သွားသည်။ ဖုန်းလင်က အမှန်ပင် အလွန်သန်မာလေ၏။ သူ ထုတ်ဖော်ခဲ့သည့် စွမ်းအားများက ဖုန်းလင်အား အနိုင်မယူနိုင်သည်ကို ယီယွင် ရှင်းလင်းစွာပင် သိသည်။

ယီယွင်က ရှုထောင့်ပုံရိပ်ကို ထုတ်သုံးရန်ပင် တွေးနေမိသည်။ ဤအခြေအနေမျိုးတွင် ယီယွင်အဖို့ ရွှေကျီးကန်း ရှုထောင့်ပုံရိပ်အား ထုတ်ဖော်နိုင်သည်ကို ဖုံးကွယ်ရန် မဖြစ်နိုင်တော့ပေ။

ယီယွင်သာ ခန်းယန်နှင့် အခြားသူများကို ရှင်းပြရန်လိုအပ်လာပါက ရှုပ်ထွေးသွားနိုင်သော်လည်း ဖြေရှင်းစရာမရှိသည် မဟုတ်ပေ။

ယီယွင်၏ ရှုထောင့်ပုံရိပ်က အစွမ်းထက်သော်လည်း ယွမ်ချီများစွာ အသုံးပြုရသည့်ပြဿနာ ရှိနေသည်။ ဖုန်းလင် ပြောသည်မှာ မှန်လေ၏။ ယီယွင်၏ကျင့်ကြံမှုအဆင့်က ယီယွင်၏အားနည်းချက် ဖြစ်နေသည်။

သူ၏ နည်းပါးသောယွမ်ချီများက ရွှေကျီးကန်းရှုထောင့်ပုံရိပ်ကို နှစ်ကြိမ်တိုက်ခိုက်ရန် ထောက်ပံ့ပေးနိုင်လောက်သည်ဟု ယီယွင် ခန့်မှန်းထားသည်။ ရွှေကျီးကန်းရှုထောင့်ပုံရိပ်ကို ထုတ်သုံးကာ ဖုန်းလင်ကို အနိုင်ရခဲ့လျှင်ပင် ယီယွင်အဖို့ ယွမ်ချီများ ပြန်ရလာရန်အတွက် တစ်ရက်လုံး အနားယူရပေလိမ့်မည်။ သို့သော် အဖွဲ့စုံပြိုင်ပွဲတွင် သူတစ်ယောက်တည်းက ပြိုင်ဘက်များကို တစ်ဦးပြီးတစ်ဦး အလဲထိုးရမည် ဖြစ်နေချေသည်။

နောက်ပိုင်းတွင် ယီယွင်က ယွင်လုံစေတီ ၇၂ မှ ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အထူးသဖြင့် အနက်ဝတ်လူငယ်နှင့် ရင်ဆိုင်ရလိမ့်မည်။ အနက်ဝတ်လူငယ်၏ စွမ်းအားက အလွန်ပင်ဆန်းကြယ်လှပြီး သူ စိုးရိမ်မိသည်။

သူ အားနည်းနေသည့် အခြေအနေတွင် အနက်ဝတ်လူငယ်ကို ရင်ဆိုင်ရန်အတွက် အလွန်ခက်ခဲပေမည်။ သူတစ်ဦးတည်း အဖွဲ့စုံပြိုင်ပွဲတွင် အနိုင်ရအောင်လုပ်ရန်မှာ အလွန်ခက်ခဲမည်ကို ယီယွင် သိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ အကောင်းဆုံးသာ လုပ်ရပေမည်။ အရာအားလုံးက ကံအပေါ်သာ မူတည်ပေလိမ့်မည်။

" ယီယွင်... အခု ငါက ဓား ၁၉ ချောင်းလုံး အတူပေါင်းစည်းလိုက်ပြီ။ ငါ နင့်ကို သတိပေးလိုက်မယ်။ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုအပြင် ဒီသိုင်းကွက်ကို သင်ထားတာ မကြာသေးတာကြောင့် ဒီသိုင်းကွက်ကို သုံးလိုက်ရင် စွမ်းအားတွေကို မထိန်းချုပ်နိုင်သေးဘူး။ ဒါက နင့်အသက်ကို ပေးဆပ်သွားရနိုင်တယ်။ ပါရမီရှင်တစ်ဦးဖြစ်တဲ့ နင့်အနေနဲ့ မဟာမိတ်ပြိုင်ပွဲမှာ အသက်စွန့်ဖို့ မလိုအပ်ဘူး။ အခု အရှုံးပေးမယ်ဆိုရင် နောက်မကျသေးဘူး "

လက်တွင် ဓားကိုင်ထားသည့် ဖုန်းလင်၏ ဆံနွယ်များက လေနှင့်အတူ လွင့်နေသည်မှာ အလွန်ပင် ပနံသင့်လှသည်။

ယီယွင် ဖုန်းလင်ကိုကြည့်ကာ အသက်ပြင်းပြင်း ရှုလိုက်လေ၏။ သူ သိုလှောင်လက်စွပ်အား ထိလိုက်လေရာ လက်ထဲတွင် ခရမ်းရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။

ဓားလား။

လူတိုင်းသည် ယီယွင် ဓားထုတ်ယူလိုက်သည်ကို မြင်တွေ့ကာ အံ့အားသင့်သွားလေ၏။ ယီယွင်က ဓားမောက်အသုံးပြုသူ မဟုတ်ပေလော။ အဘယ့်ကြောင့် ဓားတစ်လက် ထုတ်ယူလာရလေသနည်း။

ယီယွင်က ခရမ်းရောင်ဓားကို ကြည့်လိုက်သည်။ ထိုဓားက လေးပေခန့်ရှည်ကာ အေးစက်စွာတောက်ပနေ၏။ ခန်းယန်က ယီယွင်ကို တိုင်အာနတ်မြို့၏ လက်နက်တိုက်ထဲသို့ ခေါ်သွားခဲ့ကာ ထိုဓားကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုဓားသည် လက်နက်တိုက်ထဲရှိ အရည်အသွေးမြင့် ဓားများထဲမှ တစ်ခုဖြစ်လေ၏။

ဓားအမည်က အလင်းခွဲ ဖြစ်လေ၏။ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ချင်ဟောင်ထျန်းပင် ထိုဓား၏ အမြင့်ဆုံး လုပ်ဆောင်နိုင်စွမ်းကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။

" အမှန်ပဲ "

ယီယွင်က ဓားသွားကို အသာထိကာ သူ့ကိုယ်သူအား ပြန်ပြောလိုက်သည်..." စွမ်းအား ထိန်းချုပ်ဖို့ခက်ခဲတဲ့ တိုက်ကွက်အချို့ ရှိတယ်။ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု မဟုတ်ပေမဲ့ သေရတာတွေ ရှိနေနိုင်တာပဲ။ ပြီးတော့ အားကုန်ထုတ်သုံးတဲ့ နောက်ဆုံးရင်ဆိုင်မှုမှာ သိုင်းကွက်ကို ပြီးပြည့်စုံအောင် မဖမ်းဆုပ်မိနိုင်သေးတဲ့ လူတစ်ဦးအဖို့ သိုင်းကွက် အသုံးပြုချိန်မှာ စွမ်းအားဘယ်လောက် အသုံးပြုမယ်ဆိုပြီး အာမခံချက်မရှိဘူး "

" မင်းမှာ အဲ့ဒီလိုသိုင်းကွက် ရှိသလို ငါ့မှာလည်း ရှိတယ် " ယီယွင် ထိုစကားများ ဆိုလိုက်ချိန်တွင် ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။

ယီယွင်က " ငါ့မှာလည်းရှိတယ် " လို့ ပြောလိုက်တာလား။

ထိုသို့ပြောလိုက်ခြင်းသည် ယီယွင်တွင်လည်း ထိန်းချုပ်ရခက်သော သိုင်းကွက်တစ်ခုရှိပြီး ဖုန်းလင်အား သတ်သွားနိုင်သည်ဟု ဆိုလိုနေခဲ့ခြင်း မဟုတ်ပေလော။

ဖုန်းလင် အလွန်သန်မာသည်ကိုပင် ယီယွင်က သူမ၏အသက်ကို အမှန်တကယ်ပင် ယူသွားနိုင်သည်တဲ့လား။

ထိုကိစ္စက ဓားနှင့် ပတ်သတ်နေသလော။

ယင်းက အမှန်ဖြစ်လေသလော။

ယီယွင်က အမြဲတမ်းလိုပင် ဓားမောက်ကိုသာ သုံးခဲ့လေသောကြောင့် လူအများအဖို့ ယီယွင်က ပိုမိုအစွမ်းထက်သည့် သိုင်းကွက်ကို ဓားနှင့် ဖော်ဆောင်နိုင်သည်အား ယုံကြည်ရခက်နေကြသည်။ ထို့အပြင် ရှေးကာလများကတည်းကပင် စစ်သည်တစ်ဦးက လက်နက်တစ်မျိုးကိုသာ အထူးပြုကြသည်။ သူတို့ သိထားသည့် သမိုင်းများအရဆိုလျှင် လူတစ်ဦးက ဓားနှင့်ဓားမောက် နှစ်မျိုးလုံးကို လေ့ကျင့်သည်မှာ အလွန်ရှားပါးသည်။

" နင် အရင်က ဓားသုံးဖူးလား " ဖုန်းလင် မျက်မှောင်ကုတ်ကာ ယီယွင်အား သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်သည်။ သည်မတိုင်မီက သူမသည် ယီယွင်၏ အချက်အလက်အချို့ကို သိထားလေ၏။ တိုင်အာနတ်မြို့တွင် ယီယွင်၏လက်နက် အမြဲတမ်းလိုပင် ဓားမောက်တစ်ချောင်းသာ ဖြစ်လေ၏။

" ငါ အရင်က တစ်ခါမှမသုံးဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ မဖြစ်မနေ သုံးရတော့မယ်။ ငါက ဒီဓားကွက်ကို ဝိုးတဝါးလောက်ပဲ သိမြင်နားလည်ထားတာပါ။ ဒီဓားကွက်ရဲ့ အလားအလာအပြည့်ကို ထုတ်သုံးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ချက်မရှိလှဘူး။ မင်းက ငါ့ဓားကွက်ကို ရင်ဆိုင်ရမဲ့ ပထမဆုံးပြိုင်ဘက်ပဲ "

ယီယွင် စကားဆိုပြီးနောက်တွင် ဖုန်းလင်၏ မျက်ခုံးများ ပိုမို၍ပင် ပူးကပ်သွားခဲ့လေ၏။

All Chapters