← Chapters

ဖျက်ဆီးမှုလှိုင်းများ

Vol. 23 Ch. 331

ဖျက်ဆီးမှုလှိုင်းများ

Vol. 23 Ch. 331

" နင် သင်ပြီးခါစ ဓားကွက်တဲ့လား "

ယီယွင်က အားကောင်းသော ကျွင်းယွဲ့ကို အနိုင်ယူထားခဲ့ခြင်း ၊ ချန်းရွှေ၏ လှည့်ကွက်ကို အမည်မသိနည်းစနစ် အသုံးပြုကာ ထိုးဖောက်ပြီး အနိုင်ယူထားခဲ့ခြင်းတို့ကြောင့်သာ မဟုတ်ခဲ့ပါက ဖုန်းလင်အဖို့ ယီယွင်အား စိတ်ရောဂါရှိနေသည်ဟု ထင်မိပေလိမ့်မည်။ ယီယွင်က သူမကို တိုက်ခိုက်ရန်အတွက် တစ်ခါမျှ အသုံးမပြုဖူးသေးဘဲ သင်ယူပြီးခါစသာဖြစ်သည့် ဓားကွက်ကို အမှန်တကယ်ပင် အသုံးပြုပေတော့မည်။

" တိုင်အာနတ်မြို့မှာ ဓားနဲ့ဓားမောက် လေ့လာသင်ယူနိုင်တဲ့ အထွတ်မြတ်နယ်မြေတစ်ခု ရှိတယ်။ ငါက အထွတ်မြတ်ဓားနယ်မြေထဲ ဝင်ခွင့်ရခဲ့ပြီး သိမြင်နားလည်မှုအချို့ ရလာခဲ့တယ် " ယီယွင်က မရေမရာ ဖြေရှင်းချက်တစ်ခု ပေးလိုက်သည်။

ဖုန်းလင် မှင်တက်မိသွားရသည်။ တိုင်အာနတ်မြို့တွင် ဓားနှင့်ဓားမောက်အား သင်ယူလေ့လာနိုင်သည့် အထွတ်မြတ်နယ်မြေတစ်ခု ရှိသည်တဲ့လား။

" ဘာကို ဓားနဲ့ဓားမောက် အထွတ်မြတ်နယ်မြေလဲ။ အဲ့ဒါက ဓားသင်္ချိုင်းနဲ့ ဓားမောက်သင်္ချိုင်းပဲ " ယွင်လုံစေတီ ၇၂ ခုမှ အကြီးအကဲတစ်ဦးက ဖုန်းလင်ဆီသို့ အသံပို့လွှတ်လိုက်သည်။

တိုင်အာနတ်မြို့တွင် ဓားသင်္ချိုင်းနှင့် ဓားမောက်သင်္ချိုင်းဟု အမည်ရသည့် ဆန်းကြယ်နယ်မြေနှစ်ခု ရှိသည်ကို ထိုအဖိုးကြီးက သိသည်။

သင်္ချိုင်းမြေနှစ်ခုလုံးကို တိုင်အာနတ်မြို့က ရတနာပမာပင် သတ်မှတ်ထားလေ၏။ ထိုနေရာက မဟာဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်နယ်မြေဟု သတ်မှတ်ထားပြီး ဓားနှင့်ဓားမောက် အထွတ်မြတ်နယ်မြေဟု သမုတ်ကာ တိုင်အာနတ်မြို့မှ လူများကို ထိုနေရာကို ဂရုတစိုက်ပင် စောင့်ကြပ်ထားသော်လည်း သင်္ချိုင်းများ၏ သမိုင်းကိုပင် အတည်ပြုနိုင်ခြင်းမရှိပေ။

ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲများကမူ ယင်းက ဟန်ရေးပြ ကြွားဝါနေသည်ဟုသာ သတ်မှတ်ထားကြသည်။ သူတို့က ဓားသင်္ချိုင်းနှင့် ဓားမောက်သင်္ချိုင်းထဲသို့ မရောက်ဖူးကြသော်လည်း တိုင်အာနတ်မြို့၏ သမိုင်းကြောင်းတွင် ပညာရှိများစွာတို့က ဓားတာအိုနှင့် ဓားမောက်တာအိုကို ထိုးထွင်းသိမြင်နိုင်ရန် သင်္ချိုင်းများထဲသို့ စဥ်ဆက်မပြတ် ဝင်ရောက်ခဲ့ကြလိမ့်မည်ကို သိကြသည်။ သို့သော် မည်သည့်ပညာရှိကမျှ သင်္ချိုင်းထဲမှ တစ်စုံတစ်ခုအား ဖမ်းဆုပ်မိခဲ့ခြင်း မရှိကြပေရာ အားနည်းသူများ သိမြင်နားလည်နိုင်ပါမည်လော။

နှစ်သန်းပေါင်းဆယ်ချီအတွင်း ဓားသင်္ချိုင်းထဲတွင် လူပေါင်းများစွာ လေ့လာခဲ့ကြပြီး သိသာထင်ရှားသောရလဒ် မရှိခဲ့ပေရာ ယီယွင်ကဲ့သို့ ဂျူနီယာတစ်ဦးတွင် မိုးကောင်းကင်အား ပြောင်းပြန်လှန်ပစ်နိုင်သည့်စွမ်းရည် အဘယ်သို့များ ရှိနိုင်ပါမည်နည်း။

" လင်အာ... ဒီကောင်လေးက ဖြီးနေတာ။ သူ့ရဲ့ ထိန်းချုပ်မရတဲ့စွမ်းအားက မင်းကို သတ်ပစ်သွားနိုင်တယ်ဆိုတာကလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာပဲ။ ဓားသင်္ချိုင်းထဲကနေ ဓားကွက်တစ်ခုခုကို သင်ယူနိုင်ခဲ့မယ်ဆိုရင် တိုင်အာနတ်ပြည်ထောင်က ယွင်လုံနတ်ပြည်ထောင်ကို ကျော်တက်သွားတာ ကြာနေလောက်ပြီ။ သူတို့က လမ်းပြလူငယ်ကို ကြောက်ပြီးတော့ အကူအညီတောင်းနေကြပါဦးမလား "

" မင်း အဲ့ဒါကို အရေးစိုက်နေစရာမလိုဘူး။ အားကုန်သာထုတ်။ မင်း ယီယွင်ကို သတ်မိခဲ့မယ်ဆိုရင်တောင် အဲ့ဒါက သူနဲ့ ထိုက်တန်လို့ပဲ။ ငါတို့ ရှိနေတယ်ဆိုရင် မင်း စိတ်အေးလက်အေးနေလို့ရတယ်။ ငါတို့မှာ အကြောင်းပြချက်ရှိတာကြောင့် တိုင်အာနတ်မြို့က မင်းကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး "

အသံပို့လွှတ်နေသည့် အဖြူဝတ်အကြီးအကဲက ဖုန်းလင်၏ ဆရာတစ်ပိုင်း ဖြစ်လေသည်။ ဖုန်းလင်၏ ရေဥပဒေသအားလုံးကို အဖြူဝတ်အကြီးအကဲထံမှ သင်ယူထားခဲ့ခြင်း ဖြစ်လေ၏။

" လင်အာ နားလည်ပါပြီ။ ယီယွင်ရဲ့ဓားကွက်က ဘယ်လောက်ပဲ ကောင်းနေပါစေ လင်အာရဲ့ဓားကွက်ကို အသုံးပြုဖို့ အကောင်းဆုံးကြိုးစားပါ့မယ် " ဖုန်းလင်က ယီယွင်ကို အထင်မသေးပေ။ သူမ၏စွမ်းအားများ ဆက်တိုက်မြင့်တက်လာ၏။ သူမက ကြည့်ရှု၍မရသော ကျောက်စိမ်းဒေဝီတောင်တစ်လုံး ဖြစ်လာခဲ့သည့်အလားပင်။

အကြီးအကဲစင်မြင့်ထက်၌ ခန်းယန်က စားပွဲအား လက်ချောင်းများနှင့် ခေါက်နေသည်။ သူ၏ပိန်ပါးသောလက်တွင် ချွေးများစိုနေလေ၏။

ဤကောင်လေးက မည်သည့်အရာကို လုပ်နေလေသနည်း။ ထိုကောင်လေးက ဖုန်းလင်နှင့် ရင်ဆိုင်ရန်အတွက် ဓားသင်္ချိုင်းထဲမှ သင်ပြီးခါစသာဖြစ်သည့် ဓားကွက်ကို သုံးတော့မည်လော။

" ခန်းယန်... ယီယွင်က ဓားသင်္ချိုင်းထဲကနေ ဓားလမ်းစဥ်ကို သင်ယူခဲ့တာလား " ခန်းယန်၏ နားထဲတွင် မြို့သခင်၏ တင်းမာသောအသံ ထွက်ပေါ်လာသည်။

ခန်းယန်က ဆိုသည်..." ဟုတ်တယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ဒီကောင်လေးက ဓားသင်္ချိုင်းထဲ ဝင်ဖို့အတွက် တွင်တွင်တောင်းဆိုခဲ့တယ်လေ။ အစပိုင်းမှာ ဒီအဖိုးကြီးက သူ့ကို သတ်မှတ်ချက်နှစ်ခုနဲ့ အခြေအနေအချို့ ချပေးပြီးတော့ ဓားသင်္ချိုင်းထဲ ခေါ်သွားခဲ့တာပဲ။ သူ လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ "

" ရက်အနည်းငယ်လောက်က.... သတ်မှတ်ချက်နှစ်ခု... " မြို့သခင်က ထိုစကားလုံးများကို အကြိမ်အနည်းငယ်ခန့် ရေရွတ်လိုက်လေသည်။ သူ မည်သည်အား တွေးနေသည်ကိုမူ မသိရပေ။

ခန်းယန် စိတ်ပျက်နသည်။ ယီယွင်က ဓားမောက်နှင့်ဆိုလျှင် တောက်ပသောအနာဂတ် ရှိနေသည့်တိုင်အောင် သူက ဓားကို လေ့လာသင်ယူချင်ခဲ့သည်။ ထိုကောင်လေးက စိုးရိမ်ရစေရန် အမှန်ပင် လုပ်တတ်လှသည်။

လက်ရှိတွင် ခန်းယန်အဖို့ ထပ်မံတွေးတောနေချိန် မရတော့ပေ။ ဖုန်းလင် ၁၈ ယောက်နှင့် ဖုန်းလင်၏ ရှုထောင့်ပုံရိပ်တို့က ဓားများ မြောက်လိုက်ကြလေ၏။

ဓားအလင်းများ ရောထွေးသွားကာ ကောင်းကင်ထက်တွင် ပြည့်လျှံသွားလေပြီး အဝေးမှကြည့်ပါက ကြီးမားသော သမုဒ္ဒရာတစ်စင်းပမာပင်။ ထိုသမုဒ္ဒရာက မြူခိုးလွှမ်းကာ တောက်ပနေပြီး လှိုင်းများ အလုံးလိုက်ထကြွနေသည်။

လူအများ အသက်အောင့်လိုက်ကြ၏။ တိုက်ပွဲအစတွင်ပင် ဖုန်းလင်၏ တိုက်ခိုက်မှုက ကြောက်စရာကောင်းနေသည်။

ထိုစဥ် ဖုန်းလင်က တိုက်ခိုက်လိုက်လေ၏။ ဓားအလင်း ၁၈ ခုသည် ရှုထောင့်ပုံရိပ်၏ဓားနှင့် ပေါင်းစည်းကာ သမုဒ္ဒရာကြီးထဲသို့ ဝင်ရောက်သွားပြိး လှိုင်းကြီးများ ဖြစ်ပေါ်စေလေသည်။ ထိုလှိုင်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေလေ၏။ ယင်းသည် ယွမ်ချီ၏ပုံရိပ် မဟုတ်လေဘဲ ဓားချီ၏ပုံရိပ် ဖြစ်လေသည်။

လှိုင်းများက တစ်ခုပြီးတစ်ခု လာနေကာ တစ်ခုထက် တစ်ခုက ပိုမြင့်လေ၏။ လှိုင်းကိုးလုံးက ယီယွင်ဆီသို့ တောင်ကြီးများပမာ တိုးဝင်သွားလေသည်။

မြည်ဟီးနေသော သမုဒ္ဒရာနှင့် လှိုင်းကြီးများ၏ ရှေ့မှောက်တွင် ရပ်နေသည့် ယီယွင်က သေးငယ်လွန်းလှ၏။ သူက မုန်တိုင်းထဲမှ လှေငယ်တစ်စင်းပမာ ဖြစ်နေရလေ၏။

ယီယွင်က အလင်းခွဲဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ ယီယွင်၏ အမြင်အာရုံထဲတွင် အချိန်များ ရပ်တန့်သွားဟန် ရှိလေ၏။ ကြီးမားသော လှိုင်းများ ရွေ့လျားလာနေသည်မှာ အလွန်နှေးကွေးနေပုံပင်။

သူက လှိုင်းကြီး၏ရှေ့တွင် ငြိမ်သက်စွာ ရပ်နေလေ၏။ သူ၏စိတ်ထဲတွင် သန့်စင်ယန်ဓားနန်းတော်မှ ဓားခုတ်ရာသည် ပိုမိုရှင်းလင်းလာခဲ့လေ၏။ ဓားနန်းတော်သခင်က ဓားခုတ်ရာအား ဖန်တီးလိုက်သည်ကို သူ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်ပမာပင်။

ထိုကမ္ဘာဖျက်တိုက်ပွဲက ထူးဆန်းသော အချိန်ဟင်းလင်းပြင်ထဲတွင် ရှိနေလေသည်။ အသွားတပ်လှံရှည်နှင့် ခုတ်ပိုင်းနေသည့် ကြေးလူ့ဘီလူးက ကမ္ဘာထောင့်စွန်းကို ဖြတ်ထုတ်ပစ်ခဲ့သော်လည်း ဓားနန်းတော်သခင်၏ ဓားချက်ကြောင့် ကြေးလူ့ဘီလူးမှာ ဦးခေါင်းပြတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

ယီယွင်က သန့်စင်ယန်ဓားနန်းတော်သခင်၏ ဓားချက်အတိုင်း ထုတ်ဖော်နိုင်ခြင်းမရှိသော်လည်း ဓားကွက်၏ အယူအဆကို ရိပ်ဖမ်းသံဖမ်းမျှ တီးမိခေါက်မိခဲ့သည်။

အဆိုပါ ရိပ်ဖမ်းသံဖမ်းအယူအဆသည် ယီယွင် ဓားသင်္ချိုင်းထဲမှ သင်ယူခဲ့သော ဓားကွက်နှင့် ဖြည်းညင်းစွာ ပေါင်းစည်းသွားလေ၏။ ရုတ်ခြည်းမှာပင် ယီယွင်၏စိတ်က ကောင်းချီးပေးခံလိုက်ရသည့်ပမာ ဖြစ်သွားလေသည်။ အယူအဆနှင့် ဓားကွက်တို့ အတူပေါင်းစည်းသွားကာ တစ်စုံတစ်ခု နိုးထလာသည့်အလားပင်။

ယီယွင် မျက်လုံးမှိတ်ထားကာ သမုဒ္ဒရာ၏ မြည်ဟီးသံများကို ဥပေက္ခာပြုထားလေ၏။ အသိစိတ်ရှိမနေဘဲ ယီယွင် ဓားကိုမြောက်ကာ အောက်ဘက်သို့ ခုတ်ချလိုက်လေသည်။

ထိုအခိုက်တွင် မိုးမြေယွမ်ချီများ ဆွဲသွင်းခံလိုက်ရ၏။ အရာအားလုံးက ဓားချီထဲသို့ စတင်ဖြစ်တည်လာကြသည်။ ထိုဓားချီများ အရပ်မျက်နှာပေါင်းစုံတွင် စတင်အော်မြည်လာကြ၏။ ကောင်းကင်ထက်တွင် ကြီးမားလှသော နတ်ဓားတစ်လက်ပုံရိပ် ဖြစ်တည်လာသည်။

ထိုဓားသည် ဓားနန်းတော်သခင် အသုံးပြုခဲ့သည့် ဓားနှင့် ဆင်တူလေသည်။ သို့သော် လက်ရှိတွင် ယီယွင် ဓားသင်္ချိုင်းထဲမှ ဓားကွက်ကို အသုံးပြုနေလေ၏။ ယီယွင်က ဓားသင်္ချိုင်းထဲမှ ဓားကွက်ထဲသို့ ရှင်းပြ၍မရသော အယူအဆတစ်ခု ထည့်သွင်းလိုက်ခြင်းသာ ဖြစ်လေသည်။

ယင်းသည် သန့်စင်ယန်ဓားနန်းတော်သခင်၏ ဓားခုတ်ရာထံမှ အယူအဆ ဖြစ်လေ၏။ ထိုအယူအဆသည် နတ်ဘုရားတစ်ပါးက ကုန်းမြေကို အသရေတင့်စေပြီး သတ္တဝါအားလုံးကို အထင်သေးနေသည့်ပမာ ရှိနေလေသည်။

ဝီ...။

ပရိတ်သတ်စင်မြင့်ထက်မှ ကျင့်ကြံသူအချို့၏ ဓားများထံမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားအချို့မှာ ပြင်းထန်စွာ တုန်ခါလာကြလေ၏။ ဓားပိုင်ရှင်က ထိန်းချုပ်ခြင်းမရှိလေသောကြောင့် ဓားများက ဓားအိမ်ထဲမှ ထွက်လာကြလေသည်။

" ငါ့ဓား "

လူတစ်ဦး ဓားကို လျင်မြန်စွာပင် ဖိချလိုက်ရသည်။ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့် နိမ့်လေလေ ဓားများအပေါ် လွှမ်းမိုးခံရမှု ပိုများလေလေပင်။

ယီယွင်က ဖွဲ့စည်းပြီးသွားသော နတ်ဓားကြီးအား ထကြွနေသော လှိုင်းလုံးများဆီသို့ ခုတ်ချလိုက်လေ၏။

ပြင်းထန်သော ဆုံတွေ့မှုက ထူးဆန်းစွာဖြင့်ပင် အသံထွက်မလာပေ။ တစ်လောကလုံး အသံမရှိတော့သည့်အလားပင်။ ဓားတစ်လက်ကြောင့် လှိုင်းများ နှစ်ပိုင်းပြတ်သွားရလေ၏။ ယင်းသည် တောင်တစ်လုံးအား နတ်ဓားတစ်လက်နှင့် ပိုင်းချလိုက်သည့်ပမာပင်။

လှိုင်းများ တစ်ခုပြီးတစ်ခု ခုတ်ပိုင်းခံရပြီး နတ်ဓားသည် ဖုန်းလင်၏ မျက်ခုံးအလယ်သို့ ခုတ်ချလာလေ၏။

" ဘယ်လို "

ဖုန်းလင် ထိတ်လန့်သွားရသည်။ လက်ရှိတွင် သေခြင်းတရား ချဥ်းကပ်လာသည်ဟု သူမ အမှန်တကယ်ပင် ခံစားမိနေလေ၏။

" လင်အာ "

ထိုစဥ် အဖြူဝတ်အကြီးအကဲ မတ်တက်ရပ်လာသည်။

တစ်ချိန်တည်းမှာပင် ဖုန်းလင်က ဓားဖြင့်ချိန်လိုက်ရာ သူမ၏နောက်မှ ရေဓာတ် ရောင်ပြန်ပုံရိပ် ၁၇ ခုနှင့် ရှုထောင့်ပုံရိပ်တို့က ဓားအလင်းဆီသို့ တိုးဝင်သွားကြလေ၏။

ဖောင်း...။

ကြမ်းတမ်းသော ဆုံတွေ့မှုကြောင့် ရေဓာတ် ရောင်ပြန်ပုံရိပ် ၁၇ ခု ပေါက်ကွဲသွားပြီး ရေငွေ့များအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေသည်။ ဓားအလင်းကြောင့် ဖုန်းလင်၏ ရှုထောင့်ပုံရိပ်ပင် ပြိုကွဲသွားရလေ၏။

ဖုန်းလင်၏ခန္ဓာကိုယ် တုန်ယင်သွားကာ ပခုံးမှ ပေါင်အထိ ဓားခုတ်ရာတစ်ခု ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ် လွင့်သွားရလေ၏။

ဖုန်းလင် နောက်သို့လွင့်နေချိန်တွင် ဓားချီကြောင့် သူမ၏ခန္ဓာကိုယ် တစ်စစီဖြစ်ရတော့မည့်ပမာ ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ် တစ်စစီဖြစ်သွားပါက သေရမည်မှာ မုချမလွဲပင်။

ထိုစဥ် သူမ၏ခန္ဓာကိုယ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ကျောဘက်တွင် အဖြူဝတ်အကြီးအကဲ တစ္ဆေတစ်ကောင်ပမာ ပေါ်လာကာ ဖုန်းလင်အား လက်တစ်ဖက်နှင့် ပွေ့ချီကာ အခြားလက်ဝါးတစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။

ဖောင်း...။

ဓားချီမှ ဖြစ်တည်လာသော ဓားပုံရိပ်ကြီးမှာ အဖြူဝတ်အကြီးအကဲကြောင့် ပျက်စီးသွားရလေ၏။

သို့သော် ဓားချီအပိုင်းအစများက တရှဲရှဲမြည်သံများ ပေးကာ ဦးတည်ရာမဲ့ လွင့်မျောနေကြလေ၏။ ထိုဓားချီများက လေထဲတွင် အချိန်အတန်ကြာသည်အထိ လွင့်မျောနေကြသည်။

" ဒီဓားချီ..."

အဖြူဝတ်အကြီးအကဲက အာရုံစိုက်ကာ ကြည့်လိုက်သည်။ ထိုဓားချီများတွင် မသေမျိုးဂုဏ်သတ္တိများ အရိပ်အငွေ့မျှ ပါဝင်နေလေ၏။

သူ၏စွမ်းအားက ယီယွင်ထက် ကျော်လွန်နေခြင်းကြောင့်သာ ဓားချီကို ချက်ချင်းဖျက်ဆီးပစ်နိုင်ခဲ့ခြင်း ဖြစ်သော်ငြားလည်း ဓားချီအကြွင်းအကျန်များက သေစေနိုင်နေဆဲပင်။ ယင်းက လူအများကို ထိတ်လန့်စေလေသည်။

လက်ရှိတွင် အဖြူဝတ်အကြီးအကဲက ကယ်တင်ပေးသည်ကို ခံခဲ့ရသည့် ဖုန်းလင်မှာ မျက်နှာဖြူလျော်နေလေ၏။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တုန်လှုပ်ဖွယ်ရာ ဒဏ်ရာတစ်ခု ရှိနေလေသည်။ ထိုဒဏ်ရာက သူမ၏ခန္ဓာကိုယ်ကို ပွင့်ထွက်စေလုနီးပါး ရှိနေလေ၏။ အဖြူဝတ်အကြီးအကဲ ရုတ်တရက် ပေါ်လာခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ဖုန်းလင်အဖို့ ယီယွင်၏ ဓားချက်အောက်တွင် အမှန်တကယ်ပင် သေရပေလိမ့်မည်။

ပရိတ်သတ်အားလုံး မြင်ကွင်းကြောင့် တိတ်ဆိတ်နေကြလေ၏။

ဖုန်းလင်၏ ဓား ၁၉ ချောင်း အတူပေါင်းစည်းသွားသည့် ကြောက်မက်ဖွယ်ရာ နောက်ဆုံးတိုက်ခိုက်မှုက ယီယွင်ကြောင့် ပျက်စီးသွားရသည်တဲ့လား။ ဤကဲ့သို့ လွယ်လင့်တကူပင် ပျက်စီးသွားရသည်တဲ့လား။

ဖုန်းလင်ကိုယ်တိုင်ပင် ယီယွင်၏လက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။

ဤသည်က မည်သို့တိုက်ခိုက်မှုမျိုးပေနည်း။ ကြောက်မက်ဖွယ်ကောင်းလွန်းသည် မဟုတ်ပေလော။

ထိုတိုက်ကွက်က ဓားသင်္ချိုင်းထဲမှ တိုက်ကွက်ဖြစ်သည်ကို တိုင်အာနတ်မြို့မှ အကြီးအကဲအချို့က သိကြသော်လည်း ထိုတိုက်ကွက်က အဘယ်သို့ဖြစ်၍ ဤမျှအစွမ်းထက်နေရလေသနည်း။

" ဒီတိုက်ခိုက်မှုက... ဘယ်လိုဖြစ်ရတာလဲ "

တိုင်အာနတ်မြို့၏ မြို့သခင်သည်ပင် အံ့ဩဘနန်း ဖြစ်နေသည်။ ဤတိုက်ကွက်က ဓားသင်္ချိုင်းထဲမှ တိုက်ကွက်များနှင့် တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်ဟု သူ ဝိုးတဝါးခံစားမိနေသည်။ ထိုကွဲပြားချက်ကို သူ ရှင်းမပြတတ်ပေ။ ယီယွင်က ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်လေသလော။

ယီယွင်အား ဓားသင်္ချိုင်းထဲသို့ ခေါ်သွားပေးခဲ့သည့် ခန်းယန်မှာ ယီယွင်၏ နောက်ဆုံးတိုက်ခိုက်မှုကို မြင်လိုက်ရချိန်တွင် သူ၏အမူအရာက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်ပမာ ဖြစ်နေလေ၏။ အဖြစ်အပျက်များကို သူ နားမလည်နိုင်သေးချေ။

" ဒီကောင်လေး..."

ခန်းယန်က ယီယွင်အား ကြည်လိုက်သည်။

လက်ရှိတွင် ယီယွင်၏ ဓားကိုင်ထားသည့် ညာဘက်လက်က သွေးများ လွှမ်းနေလေ၏။ သူ၏လက်မှ သွေးကြောများ တစ်ခုပြီးတစ်ခု ပေါက်ထွက်ကာ သွေးများ မရပ်မနားကျဆင်းလာသည်။ သူက သွေးကန်ထဲမှ ထွက်လာသည့်ပမာ ဖြစ်နေလေ၏။ ယင်းက တုန်လှုပ်ဖွယ်ကောင်းသည်။

ယီယွင် ဓားအသုံးပြုခဲ့သည့်လက်က တုန်ယင်နေသည်။ သူက ဓားကို ကိုင်ရန်ပင် အခက်တွေ့နေသည့်ပမာ ဖြစ်နေလေ၏။

ဤဓားကွက်က ယီယွင်၏ညာလက်မှ သွေးကြောများကို အမှန်တကယ်ပင် ပေါက်ထွက်သွားစေခဲ့လေသည်။

All Chapters