← Chapters

ပြင်းထန်စွာ ဒဏ်ရာရခြင်း

Vol. 23 Ch. 332

ပြင်းထန်စွာ ဒဏ်ရာရခြင်း

Vol. 23 Ch. 332

" ယီယွင်ရဲ့လက်က...."

အစပိုင်းတွင် လူတိုင်းက ဖုန်းလင်ကိုသာ အာရုံစိုက်နေခဲ့သည်ဖြစ်၍ ယခုမှသာ ယီယွင်၏လက်တွင် သွေးများ တရစပ်ထွက်နေကြောင်းကို သိခဲ့ရလေသည်။ သွေးကြောများအားလုံး ပေါက်ပြဲနေကာ အရွတ်အကြောများပင် ကြီးမားစွာ ထိခိုက်ထားလေ၏။

ဓားကွက်တစ်ကွက် အသုံးပြုရုံမျှနှင့်ပင် ယီယွင်၏လက်ကို ဤမျှအထိ ထိခိုက်သွားစေလေသည်။

ဤဓားကွက်က ကြောက်စရာကောင်းလွန်းလှချေ၏။

" ယီယွင်ရဲ့လက်မှာ ဒီလိုဒဏ်ရာမျိုး ရခဲ့ပုံကိုထောက်တော့ ဓားကွက်ရဲ့စွမ်းအားက ယီယွင် ကိုင်တွယ်နိုင်တာထက် ကျော်လွန်နေတာပဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အကန့်အသတ်ရှိနေတော့ သူ့ရဲ့သွေးကြောတွေထဲကို စွမ်းအင်တွေ အများကြီးထိုးသွင်းလိုက်တာက စုတ်ဖြဲပစ်မိသွားတာပဲ "

တိုင်အာနတ်မြို့မှ စစ်သည်များက ယီယွင်ကိုကြည့်ကာ အလွန်ပင် စိုးရိမ်နေကြသည်။ ဓားကွက်တစ်ခုအတွက် တန်ကြေးက အလွန်မြင့်မားလှလေရာ ယီယွင်က ဆက်လက်၍ တိုက်ခိုက်နိုင်ပါဦးမည်လော။

" ယီယွင် "

ထိုစဥ် တိုင်အာနတ်မြို့၏ မြို့သခင် မတ်တက်ထရပ်လာသည်။ သူက အဝေးတွင်ရှိနေသည့် ဂုဏ်သရေရှိထိုင်ခုံတွင် ဖြစ်သော်လည်း ယီယွင်အား ကြီးစွာသော အသိအမှတ်ပြုခြင်းများနှင့် ကြည့်နေလေသည်။

" မင်း အကောင်းဆုံး လုပ်ပြီးသွားပြီ။ မင်း ဆက်မလုပ်နိုင်တော့ရင် ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနဲ့ "

မြို့သခင်သည် အဖွဲ့စုံပြိုင်ပွဲတွင် ယီယွင် ချန်ပီယံဖြစ်လိမ့်မည်ဟု မျှော်မှန်းမထားပေ။ အကြောင်းကမူ ထိုကိစ္စက ခက်ခဲလွန်းသောကြောင့်ပင်။

ယီယွင်က ညာဘက်လက်အား ထပ်မံကာ အသုံးမပြုနိုင်တော့ဖို့ရာသာ များသည်ကို မြို့သခင်က သိသည်။ အနည်းဆုံးအနေဖြင့် ယီယွင် ကြောက်မက်ဖွယ်ရာ ဓားကွက်ကို ထပ်မံကာ အသုံးပြုနိုင်မည်မဟုတ်တော့ပေ။

ထိုဓားကွက်က ယွမ်ချီကုန်ဆုံးမှု များပြားလှပြီး ယီယွင်တွင် ယွမ်ချီ ၆၀% ၊ ၇၀% ခန့်သာ ကျန်တော့လေသည်။ ဤအခြေအနေမျိုးတွင် ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်များနှင့် ရင်ဆိုင်ရန်မှာ အလွန်ခက်ခဲလေ၏။ စင်စစ်တွင် အနိုင်ရရန် မဖြစ်နိုင်ဟုပင် ပြောသင့်လေသည်။

ယွင်လုံနတ်ပြည်ထောင်ဘက်တွင် ပြိုင်ပွဲဝင် ၁၃ ဦး ကျန်နေသေးသည်။ မျက်နှာဖြူလျော်နေသည့် အနက်ဝတ်လူငယ်က မြို့သခင်၏အမြင်တွင် အထင်းသားပေါ်နေ၏။ ထိုလူငယ်၏စွမ်းအားက ယွမ်အုတ်မြစ်ချနယ်ပယ်အတွက် ကြီးမားလွန်းနေသည်ဟုသာ ဆိုရပေတော့မည်။

ထိုသို့အခြေအနေမျိုးတွင် ယီယွင်က မည်သို့များ အနိုင်ရပါမည်နည်း။

ထိုစဥ်တွင် အနက်ဝတ်လူငယ်က ချောင်ကပ်၍ ထိုင်မနေတော့ချေ။ သူ ဓားကိုကိုင်ကာ မတ်တက်ရပ်လာပြီး ယီယွင်ကို ကြည့်လိုက်သည်။

ယီယွင်ကလည်း အနက်ဝတ်လူငယ်ကို ပြန်ကြည့်လိုက်လေ၏။ သူ၏ညာလက်က တုန်ယင်နေဆဲဖြစ်ပြီး သွေးများ ဆက်တိုက်ကျဆင်းနေသည်။

" အတော်ကို နှမြောစရာပဲ "

အနက်ဝတ်လူငယ်က ယီယွင်ဆီသို့ အသံပို့လွှတ်လိုက်သည်။ သူ၏အသံက အေးစက်ကာ အကြင်နာမဲ့လှပြီး တစ်ဖက်သားအဖို့ စိုးရိမ်မှုဖြစ်ရစေနိုင်သည်။

" မင်းမှာ ဒီလိုစွမ်းအားမျိုး ရှိနေတာကို သိခဲ့မယ်ဆိုရင် အစောကတိုက်ပွဲမှာ ငါကိုယ်တိုင် မင်းနဲ့ တိုက်ခိုက်မိမှာပဲ။ အခုတော့ မင်းရဲ့လက်က အခုလိုအခြေအနေမျိုး ဖြစ်သွားပြီဆိုတော့... မင်း ငါနဲ့ တိုက်ခိုက်လို့မရတော့ဘူး " အနက်ဝတ်လူငယ်က ယီယွင်၏လက်ကို နောင်တရဟန်အချို့ဖြင့် ကြည့်လိုက်သည်။

အဖွဲ့ပေါင်းစုံပြိုင်ပွဲတွင် မိမိကိုယ်ကို ကုသရန်အတွက် ဆေးဝါးများနှင့် အရိုးအမတေများ အသုံးပြုခွင့်ပေးထားသော်လည်း အချိန်နည်းပါးမှုကြောင့် အာနိသင်သက်ရောက်မှုမှာ အကန့်အသတ် ရှိလေသည်။

ယီယွင်၏လက်မှ ဒဏ်ရာက အရိုများနှင့် အကြောများအထိ ရောက်ရှိနေသည်ကို နားလည်သူများက အတပ်ပြောနိုင်ကြလေသည်။ ချက်ချင်းကုသမည်ဆိုလျှင် အချိန်တိုအတွင်း၌ အနည်းအကျဥ်းသာ ပျောက်ကင်းနိုင်ပေမည်။ ယီယွင်သာ ဓားကွက်ကို ထပ်မံအသုံးပြုမည်ဆိုလျှင် လက်က လုံးဝပျက်စီးသွားပေလိမ့်မည်။

အနက်ဝတ်လူငယ်က ကြီးစွာပင် နှမြောမိနေလေ၏။

သူက သိုင်းပညာအပေါ် အရူးအမူးဖြစ်ပြီး အဆင့်တူအားလုံးထက် သာလွန်သည်။ အထီးကျန် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် သူက အားရကျေနပ်ဖွယ်ရာ တိုက်ပွဲတစ်ခုကို သူနှင့်အတူ ယှဥ်ပြိုင်နိုင်မည့် ကျွမ်းကျင်သူတစ်ဦးကို အလွန်လိုလားသည်။ အကယ်၍ ယီယွင်သာ ဓားကို ထပ်မံအသုံးပြုနိုင်ပါက အရည်အချင်းမီသေးလေသည်။

ယီယွင်က အနက်ဝတ်လူငယ်ကို တိတ်တဆိတ်သာ ကြည့်နေသည်။ သူသည် ဤတိုက်ပွဲက ခက်ခဲလိမ့်မည်ဟု မျှော်လင့်ထားသည်ဖြစ်ပြီး အမှန်တကယ်လည်း ခက်ခဲခဲ့လေသည်။ သူ ခန့်မှန်းထားသည်ထက် ကျော်လွန်ခဲ့ပြီး ဒုတိယတိုက်ပွဲတွင် သူ၏လက်မောင်းတစ်ခုလုံး ဒဏ်ရာရသွားခဲ့သည်။

ဖုန်းလင်က သန်မာလွန်းလှပြီး ယီယွင်ကို ထိုသို့လုပ်ရန် တွန်းအားပေးနိုင်ခဲ့သည်။

သန့်စင်ယန်ဓားနန်းတော်၏ အယူအဆများ ထည့်သွင်းထားသည့် ဓားကွက်ကို ယီယွင် အမှန်တကယ်ပင် အသုံးပြု၍မရပေ။ သူက အားအင်ပမာဏများစွာ ပါဝင်နေသည့် ခုတ်ချက်ဖြင့် တိုက်ခိုက်၍မရပေ။ တိုက်ခိုက်လိုက်ပါက ယီယွင်အဖို့ လက်မောင်းမှ ဖိအားများကို ကိုင်တွယ်နိုင်မည်မဟုတ်တော့ပေ။

" ယီယွင်... မင်းကိုယ်မင်း တွန်းအားမပေးနဲ့ " ယီယွင်က တုန့်ပြန်မလာလေသောကြောင့် မြို့သခင် ထပ်မံကာပြောလိုက်သည်။

ဤမဟာမိတ်ပြိုင်ပွဲတွင် ကျွမ်းကျင်သူများ ယှဥ်ပြိုင်ရာ၌ အသက်များ ဆုံးရှုံးရနိုင်သည်။ အသက် မဆုံးရှုံးရလျှင်ပင် ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် ဒုက္ခိတဖြစ်ခြင်းများ ရှိလာနိုင်လေသည်။ ခြောက်လခန့် အိပ်ယာထဲတွင် လဲနေရခြင်းများပင် ဖြစ်နိုင်ခြေရှိလေ၏။ ယီယွင်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးအတွက် ခြောက်လဆိုသည်မှာ တန်ဖိုးကြီးမားလွန်းသည်။ ယီယွင်အဖို့ ထိုမျှ အဆုံးရှုံးခံနိုင်မည်မဟုတ်ပေ။

" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့သခင်။ ဒါပေမဲ့ ကျုပ် ဆက်ပြီးတိုက်ခိုက်နိုင်သေးတယ်လို့ ထင်တယ် " ယီယွင်၏အသံက တည်ငြိမ်နေသည်။

တိုင်အာနတ်မြို့မှ စစ်သည်များမှာမူ စိတ်များ မွန်းကျပ်သွားလေ၏။ လက်ရှိ ယီယွင်၏အခြေအနေက အလွန်ပင် စိုးရိမ်စရာကောင်းလေ၏။ ယီယွမ်၏ယွမ်ချီများ ကြီးစွာကုန်ခမ်းထားပြီး လက်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရထားသည်ဖြစ်ရာ မည်သို့များ ဆက်လက်၍ တိုက်ခိုက်နိုင်ပါမည်နည်း။

" မင်းက မလိုချင်မှတော့လည်း ဆက်သာလုပ်တော့ " မြို့သခင်က ယီယွင်ကို လေးနက်စွာကြည့်ကာ ထိုင်ချလိုက်သည်။

" ဟားဟားဟား... ဒီကောင်လေး ယီယွင်က မျက်နှာပျက်ခံမဲ့အစား အသေခံမဲ့ပုံပဲ။ သူ ဆက်ပြီးမတိုက်ခိုက်နိုင်တော့တာ အရှင်းသားကြီး ဖြစ်နေတာတောင် တင်းခံနေတုန်းပဲ " ယွင်လုံနတ်ပြည်ထောင်ဘက်မှ ပိုးထည်ဝတ်ထားသည့် လူငယ်တစ်ဦးက အထင်သေးစွာ ရယ်လိုက်လေသည်။

လူငယ်၏ ပိုးထည်အဝတ်သည် ယွင်လုံနတ်ပြည်ထောင်၏ မင်းမျိုးဝတ်စုံ ဖြစ်လေ၏။ မင်းမျိုးဝတ်စုံများတွင် မြစ်နဂါးတစ်ကောင် ပျံသန်းနေပုံကို ချည်ပန်းထိုးထားလေ၏။ ယင်းသည် တိုင်အာနတ်ပြည်ထောင်မှ အမတ်များနှင့် အဆင့်တူလေသည်။ ဤအသက်အရွယ်နှင့်ပင် အမတ်အဆင့်အထိ ရောက်ရှိနေသည့် ထိုလူငယ်က အားမနည်းပေ။

" ကျဆုံးသွားတဲ့ တပ်ဖွဲ့တစ်ခုက ရဲရင့်တယ်ဆိုတဲ့ စကားလုံးကို မပြောသင့်ဘူး။ ယီယွင်က အဆုံးသတ်ပြီ။ သူ့ရဲ့လက်က ထိခိုက်ထားပြီး ယွမ်ချီကလည်း ၇၀% လောက်ပဲ ကျန်တော့တယ်ဆိုတော့ ဒီကောင့်ကို ကြောက်စရာမရှိတော့ဘူး " ယွင်လုံနတ်ပြည်ထောင်မှ အခြားလက်ရွေးစင်တစ်ဦးက ဆိုလိုက်သည်။

" ဒီကောင်က သင့်တင့်တဲ့ပုံစံနဲ့ အရှုံးပေးလို့ရပေမဲ့ လုံလောက်အောင် မထက်မြက်ခဲ့ဘူး။ အဲ့ဒီအစား ဒီကောင်က စင်ပေါ်မှာပဲ သေချင်နေတယ်။ ဒီလိုဆိုမှတော့လည်း ငါ စင်ပေါ်တက်ပြီး ဒီကောင့်ကို အဆုံးသတ်ပေးလိုက်မယ် " မြစ်နဂါးပျံဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ် ရှက်ကိုးရှက်ကန်ဆိုကာ ဓားမောက်တစ်လက်နှင့်အတူ နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ ခုန်တက်သွားလေသည်။

" ဒီပွဲကို ငါတိုက်မယ် "

လူငယ်က ယီယွင်ကို ဓားမောက်နှင့်ချိန်ကာ..." ယီယွင်... မင်းက ပွဲဆက်အနိုင်ရပြီးတဲ့နောက်မှာ အတော်မောက်မာနေတယ်။ ကံမကောင်းချင်တော့ မင်းက ငါဆိုတဲ့ မုရုံကွမ်းဆီမှာ ရှုံးရဖို့ကံပါလာတယ်။ မင်းမှာ ဘာအစွမ်းအစတွေ ကျန်သေးလဲဆိုတာ ငါ ကြည့်ပါဦးမယ်။ အကုန်ထုတ်သုံးတော့ "

မုရုံကွမ်းက စကားမဆင်ခြင်လေသောကြောင့် တိုင်အာနတ်မြို့မှ စစ်သည်များ ဒေါသထွက်သွားရသည်။

" ဒီကောင် ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ။ လူတစ်ဦး အရေးမလှတာကို အခွင့်ကောင်းယူပြီး ကြီးမြတ်သလို ဟန်ဆောင်ပြနေတယ်။ ဒီကောင် အရှက်မဲ့တာပဲ "

စီနီယာကျင့်ကြံသူအချို့မှာ စင်ပေါ်သို့တက်ကာ မုရုံကွမ်းကို ခုတ်သတ်ပစ်ချင်နေကြလေ၏။

" စီနီယာယီယွင်သာ ဒဏ်ရာရမထားရင် ဒီကောင် စီနီယာယီယွင်ကို မယှဥ်နိုင်ဘူး " တိုင်အာနတ်မြို့မှ တပ်သားသစ်များလည်း ဒေါသမီး တောက်လောင်နေကြလေ၏။

သို့သော် မုရုံကွမ်းက သရော်လိုက်သည်... " တိုက်ပွဲရလဒ်ကပဲ အရေးကြီးတယ်။ လုပ်ပုံကိုင်ပုံတွေက ဘာကြောင့် အရေးကြီးနေရမှာလဲ။ မင်းက ပါရမီရှင်တစ်ဦးဆိုတော့ရော ဘာဖြစ်လဲ။ မင်းက ငါ့လက်ချက်နဲ့ အဆုံးသတ်ရမှာပဲ။ အကြောင်းအရင်းက ဘာပဲဖြစ်နေပါစေ ငါ့ဆီမှာ ရှုံးသွားခဲ့ရင် ရှုံးတာက ရှုံးတာပဲ။ ဒါကို မင်းဘဝတစ်သက်လုံး ဖယ်ရှားလို့ရမှာမဟုတ်တော့ဘူး။ ငါ့လက်ချက်နဲ့ အမျိုးသမီးသူတော်စင်တွေ လှည့်စားခံခဲ့ရမယ်ဆိုရင်တောင် လှည့်စားခံရတာက လှည့်စားခံရတာပဲလေကွာ....ဟားဟားဟား "

မုရုံကွမ်း ရယ်နေရင်းဖြင့် ငေးငိုင်သွားရလေသည်။

ယီယွင်က သိုလှောင်လက်စွပ်ထဲမှ ပုလင်းတစ်လုံး ထုတ်ယူလိုက်သည်ကို သူ မြင်လိုက်ရသည်။ ယီယွင်က ပုလင်းဖုံးကို ဖွင့်လိုက်လေရာ အထဲတွင် ပျစ်ချွဲနေသောအရည်များ ရှိနေလေသည်။

" အဲ့ဒါက ဘာလဲ "

မုရုံကွမ်း သေချာမမြင်လိုက်ရမီတွင် ယီယွင်က ပုလင်းထဲမှ အနီရောင်အရည်များကို သောက်ပြီးသွားခဲ့ချေပြီ။

ပုလင်းထဲတွင် ရွှေကျီးကန်းမျိုးစိတ်၏ တန်ဖိုးကြီးလှသောသွေး ရှိနေလေသည်။

ကြယ်ကြွေဂိတ်ထဲတွင် ရွှေကျီးကန်းမျိုးစိတ် အသတ်ခံရပြီးနောက် ယီယွင်က အလောင်းကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားခဲ့သည်။ သူက ရွှေကျီးကန်းမျိုးစိတ်၏ နှလုံးသွေးကိုလည်း ယူကာ သွေးပုလင်းထဲတွင် ထည့်ထားခဲ့သည်။ နှလုံးသွေးသည် ရွှေကျီးကန်းမျိုးစိတ်၏ အဆီအနှစ်အားလုံး ရှိနေသည့်နေရာ ဖြစ်လေ၏။

All Chapters