နှစ်နာရီ
Vol. 23 Ch. 334
လူဆယ်ယောက်ကျော်က တစ်ဦးပြီးတစ်ဦး တိုက်ခိုက်လာလျှင် ယီယွင်အဖို့ အလှည့်အနည်းငယ်ထက်ပို၍ ခံနိုင်မည်မဟုတ်ကြောင်းကို လူအားလုံး သိကြသည်။ သို့သော် လူတိုင်းက ပွဲသိမ်းပေးသည့် နောက်ဆုံးလူ ဖြစ်ချင်နေကြလေ၏။ ယွင်လုံနတ်ပြည်ထောင်၏ ကျော်ကြားသူများ ဖြစ်ကြသည့် သူတို့အနေဖြင့် ဒဏ်ရာအပြင်းအထန်ရပြီး အနာဂတ်ကို ထိခိုက်ခဲ့ရသည့် ဒုတိယမုရုံကွမ်း မဖြစ်လိုကြပေ။
လက်ရှိတွင် ယီယွင်၏ဘယ်လက် အနည်းငယ် တုန်ယင်နေသည်။ သွေးကြောများ တစ်ခုပြီးတစ်ခု ဖောင်းတက်လာလေ၏။ သွေးကြောများ ပေါက်ပြဲသွားခြင်းမရှိသော်လည်း ကြီးမားသောဖိအားအောက်သို့ ရောက်နေပုံပင်။ ယီယွင်က ဓားကွက်ကြောင့် ကြီးစွာပင်ပန်းနေရဆဲ ဖြစ်နေပုံပင်။
ယီယွင်က သားရဲသွေးတစ်ပုလင်း ထပ်မံထုတ်ယူကာ မော့သောက်လိုက်လေ၏။
လူအများ ပြောစရာမဲ့နေရ၏။ ယီယွင်က ကောင်းကင်ကပ်ဘေး ကြုံတွေ့ရကာ မိုးကြိုးပစ်ခံရသင့်သည်ဟု သူတို့ တွေးနေမိကြသည်။ သူက လူအများကို အတွေးနှင့်အမြင် တက်တက်စင်လွဲအောင် အမြဲလုပ်တတ်ချေသည်။ သူ၏လက်က သွေးကြောများ စုတ်ပြဲကာ တုန်ယင်နေသည်ဖြစ်ပြီး ယွမ်ချီများလည်း ကုန်ခမ်းနေသည်။ ပုံစံအရဆိုလျှင် ယီယွင်က တောင့်ခံနိုင်တော့မည် မဟုတ်တော့သော်လည်း မုရုံကွမ်းကို သတ်မိလုနီးပါး ဖြစ်ခဲ့ချေ၏။ ထိုကောင်က ထိုကဲ့သို့ ထပ်မံကာလုပ်နေလေသောကြောင့် လူအများ ယုံကြည်ချက် ပျောက်လာကြရသည်။
ထိုသားရဲသွေးက မည်သည့်အရာပေနည်း။
သောက်ပြီးသည့်နောက်တွင် အာနိသင်က အလွန်သိသာပုံပင်။ သာမန်သားရဲများ၏ သွေးဆိုလျှင် အာနိသင်က အလွန်ပင် သာမန်ဆန်နေပေလိမ့်မည်။
ရှေးဦးမျိုးစိတ်များ၏ သွေးဆိုလျှင်မူ တန်ဖိုးကြီးမားသည်အား ဘေးဖယ်ထားမည်ဆိုလျှင်ပင် ခရမ်းသွေးနယ်ပယ် ကျင့်ကြံမှုမျှဖြင့် စုပ်ယူနိုင်မည်မဟုတ်ပေ။ စစ်သည်များစွာအတွက်မူ ရှေးဦးမျိုးစိတ်များ၏ သွေးများက အဆိပ်နှင့်မခြားပေ။
အကြောင်းစုံ သိမထားကြသည့် ယွင်လုံနတ်ပြည်ထောင်မှ စသ်သည်များမှာ ဘေးကျပ်နံကျပ် ဖြစ်နေကြသညိ။
သူတို့က သူတို့၏အသက်များကို တန်ဖိုးထားကြလေသောကြောင့် သူတို့၏ အနာဂတ်မျှော်လင့်ချက်အတွက် စိုးရိမ်နေကြသည်။ သူတို့က ယီယွင်ကို အနိုင်မယူနိုင်ကြောင်း သိရှိသွားချိန်တွင် တုန့်ဆိုင်းသွားကြပြီး မည်သူကမှ ဦးစွာရှေ့ထွက်လိုခြင်း မရှိကြတော့ပေ။
ထိုစဥ် ပိုင် မတ်တက်ရပ်လာသည်။ သူက စကားမဆိုဘဲ နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ တက်သွားလေ၏။
ယီယွင်သည် ပိုင် ပေါ်လာသည်ကို မြင်သောအခါတွင် သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ သူ ဓားရိုးကို တင်းကျပ်စွာကိုင်ကာ အသက်ဖွဖွရှုလိုက်သည်။ လက်ရှိတွင် ယီယွင်က တိုက်ခိုက်တော့မည့် ပျက်စီးခြင်းသားရဲ၏ ကိုယ်ဟန်အတိုင်း ဖြစ်နေလေ၏။
သို့သော် ယီယွင် ယုံကြည်ချက်နည်းနေသည်။ ပိုင်က မည်မျှသန်မာကြောင်းနှင့် မည်သည့်တိုက်ကွက်များရှိကြောင်းကို သူ သိမထားပေ။
ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ လူတိုင်း နတ်အရိုင်းမြေစင်မြင့်ကို ကြည့်ကာ နောက်ဆုံးတိုက်ပွဲကို စောင့်မျှော်နေကြသည်။
ဝမ်ယွီ ၊ ချူရှောင်းရန်နှင့် တိုင်အာနတ်မြို့မှ စစ်သည်များမှာ ယီယွင်အတွက် စိုးရိမ်နေကြလေ၏။ အံ့ဩဖွယ်ရာဖြစ်ရပ် ရှိမလာခဲ့လျှင်မူ ယီယွင်အဖို့ အနက်ဝတ်လူငယ်ကို အားကောင်းသောဓားကွက် အသုံးပြုကာ အနိုင်ယူနိုင်မည် မဟုတ်တော့ပေ။
ထိုဓားကွက် မရှိလျှင် ယီယွင်အဖို့ အားကောင်းသော အနက်ဝတ်လူငယ် ပိုင်ကို မည်သို့များ အနိုင်ယူပါမည်နည်း။
ခန်းယန်နှင့် အခြားအကြီးအကဲများ၏ မျက်နှာများ လေးနက်နေကြ၏။ တိုက်ပွဲရလဒ်က မည်သို့ဖြစ်မည်ကို သူတို့ မသိပေ။ လက်ရှိတွင် ခန်းယန်က အဖွဲ့စုံပြိုင်ပွဲတွင် ယီယွင် ချန်ပီယံဖြစ်လိမ့်မည်ဟု မျှော်လင့်မထားတော့ပေ။ ယီယွင် ကံဆိုးမိုးမှောင်ကျမည်ကိုသာ သူ စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်သွားခဲ့လျှင် ထိုက်တန်မည်မဟုတ်ပေ။
ပြိုင်ကွင်း ထောင့်တစ်နေရာတွင် အနီဝတ်မိန်းကလေးတစ်ဦး ရှိနေသည်။ သူမက တိုက်ပွဲကို ငြိမ်သက်စွာပင် ကြည့်နေခဲ့လေ၏။ သူမက လော့ဟော်အာ ဖြစ်လေသည်။
လော့ဟော်အာက လက်တွေ့တိုက်ပွဲတွင် ညံ့ဖျင်းသည်ဟု အကြောင်းပြချက်ပေးကာ မဟာမိတ်ပြိုင်ပွဲတွင် ဝင်မပြိုင်ခဲ့ပေ။ သို့သော် သူမက ပြိုင်ကွင်းထဲသို့ လူမသိသူမသိ ရောက်ရှိလာကာ နောက်ဆုံးတိုက်ပွဲကို လာကြည့်ခဲ့သည်။
" မမလေး... အနက်ဝတ်လူငယ်က အရမ်းသန်မာပုံပဲ " လော့ဟော်အာ၏ နံဘေးမှ တုန်းအာက ဆိုသည်။
" နင်က အဲ့ဒီလူယုတ်မာ ယီယွင်အတွက် စိုးရိမ်နေတာလား "
တုန်းအာ ချက်ချင်းပင် ပါးစပ်ပိတ်သွားရလေ၏။ သူမက လော့ဟော်အာကို အသာခိုးကြည့်လိုက်သည်။ သူမက လော့ဟော်အာ၏ အတွေးများကို သေချာမသိသော်လည်း လက်ရှိအချိန်၌ ပါးစပ်ပိတ်နေသည်မှာ အကောင်းဆုံးဖြစ်မည်ဟု ခံစားမိသည်။
စင်မြင့်ပေါ်တွင် အနက်ဝတ်လူငယ်က ဓားကို ပွေ့ပိုက်ထားပြီး ယီယွင်အား တိုက်ခိုက်ခြင်းမရှိပေ။
" မင်းတို့နှစ်ယောက် အသင့်ဖြစ်ပြီလား " ဒိုင်က မေးလိုက်သည်။
ပိုင်က ယီယွင်ကို လက်တစ်ချောင်းထောင်ပြကာ..." နှစ်နာရီတစ်ချိန်။ ငါ မင်းကို နှစ်နာရီတစ်ချိန် စောင့်ပေးမယ် "
ပရိတ်သတ်အားလုံး အနည်းငယ်ခန့် မှင်တက်မိသွားသည်။
နှစ်နာရီတဲ့လား။ အနက်ဝတ်လူငယ်က ယီယွင် ပြန်လည်ကုသဖို့ နှစ်နာရီအချိန်ပေးတာလား။
ဂုဏ်သရေထိုင်ခုံတန်းမှ ခုနစ်စင်ကြယ်စေတီပိုင်ရှင်မှာ အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ ယီယွင် အကောင်းဆုံးအခြေအနေ၌ ရှိနေမည်ဆိုလျှင်ပင် ပိုင်က အနိုင်ရရှိနိုင်ခြေ ၈၀% ၊ ၉၀% ရှိသည်ဟု သူက ပိုင်အပေါ်တွင် အလွန်ယုံကြည်ချက်ရှိသော်လည်း ပိုင်က တစ်ဖက်လူ၏ ရုပ်ခန္ဓာကိုယ်အား ပြန်လည်ကုသရန် အချိန်ပေးနေခြင်းမျိုးကိုမူ သူ မလိုချင်ပေ။
ထို့အပြင် ဤတိုက်ပွဲက အရေးကြီးသည်။ ၁၀၀% အာမခံချက်ရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး အနည်းငယ်ပင် လျော့နည်း၍မရပေ။ လက်ရှိတွင် ဆယ်ကျော်သက်ပြိုင်ပွဲ၌ ရှုံးထားရသည်ဖြစ်ပြီး အဖွဲ့စုံပြိုင်ပွဲတွင် တစ်ခုခု ခြေချော်လက်ချော်ဖြစ်ခဲ့ရပါက သူ ယွင်လုံနတ်ပြည်ထောင်သို့ ပြန်လျှင် လူပေါင်းများစွာက လှောင်ရယ်သည်ကို ခံရပေလိမ့်မည်။
" ပိုင်.... မင်းက အတော်မောက်မာတာပဲ "
ပိုင်၏နားထဲတွင် ခုနစ်စင်ကြယ်စေတီပိုင်ရှင်၏ အသံ ထွက်ပေါ်လာသည်..." အခုလိုအချိန်မှာ မင်းက ပြိုင်ဘက်ကို အထင်သေးနေဖို့ အခွင့်အရေးမရှိဘူး "
" ကျုပ်က မောက်မာတာမဟုတ်သလို ပြိုင်ဘက်ကို အထင်သေးနေတာလဲ မဟုတ်ဘူး။ ကျုပ်က လက်သင့်ခံနိုင်ပြီး စစ်မှန်တဲ့ပြိုင်ပွဲကိုပဲ လိုချင်တာ။ စေတီပိုင်ရှင်က သဘောမတူဘူးဆိုရင် တစ်ယောက်ယောက်ရှာပြီး ကျုပ်နေရာမှာ အစားထိုးလိုက်လေ "
" မင်း...." ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ပိုင်၏စရိုက်ကို သိသည်။ ပိုင် ဆုံးဖြတ်ချက်ချသွားပြီးသွားပါက တစ်ဖက်လူ မည်သို့ပင်ပြောနေပါစေ ပြောင်းလဲမည်မဟုတ်ပေ။ ပိုင်၏စရိုက်ကြောင့် အခြားသူများ ခေါင်းကိုက်ရသည်။
ခုနစ်စင်ကြယ်စေတီပိုင်ရှင်မှာ ရွေးချယ်စရာမရှိတော့ဘဲ လက်ခံလိုက်ရသည်။ ပိုင်ကို ဖိအားပေးသည်မှာ အသုံးမဝင်ကြောင်း သူသိသည်။
" နှစ်နာရီလား " ယီယွင်က ပိုင်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ တစ်ဖက်လူက ဤသို့ပြောလာမည်ဟု သူ ထင်မထားပေ။ သူ ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲများကို လှမ်းကြည့်လိုက်ရာ ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ငြင်းဆန်ခြင်းမရှိချေ။
ထို့ကြောင့် သူ တင်ပျဥ်ခွေထိုင်ကာ..." မင်း ငါ့ကို နားချိန်ပေးရင်တောင် ငါကတော့ အလျော့ပေးမှာမဟုတ်ဘူး "
" အဲ့ဒါ ငါ့အကြိုက်ပဲ "
ပိုင်၏အသံက ရှင်းလင်းပီသနေကာ..." နှစ်နာရီ အနားယူတာက မင်းရဲ့လက် ပြန်ကောင်းမလာပါဘူး။ တကယ်တော့ ဒါက ငါလိုချင်တဲ့တိုက်ပွဲ မဟုတ်ဘူး "
ပိုင်က ယီယွင်၏လက်ကို ကြည့်ကာ နောင်တရနေသည်။ သူက ထိုဓားကွက်၏စွမ်းအားကို ခံစားကြည့်လိုသည်။
" အနာဂတ်မှာ မင်း အခွင့်အရေးရလာမှာပါ "
ယီယွင်က လျင်မြန်စွာပင် အသက်ရှု ထိန်းညှိလိုက်သည်။ သူ သောက်သုံးခဲ့သည့် ရွှေကျီးကန်းမျိုးစိတ်၏ နှလုံးသွေးကို စုပ်ယူရုံသာ လိုအပ်လေသည်။ နှစ်နာရီ အနားရသည်က ယီယွင်အတွက် အလွန်အရေးကြီးသည်။ သူ၏ပြိုင်ဘက်က ပိုင်သာမက အခြားသူများလည်း ပါဝင်လေသည်။
ပိုင်နှင့် တိုက်ခိုက်ရသည်မှာ ဖုန်းလင်နှင့် တိုက်ခိုက်ရသည်ထက် ပိုမိုပြင်းထန်လိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ တိုက်ပွဲ ပြီးဆုံးသွားကာ သူ အနိုင်ရခဲ့လျှင်ပင် သူ့ထံ၌ ယွမ်ချီပမာဏ အနည်းဆုံးသာ ကျန်ခဲ့ပေလိမ့်မည်။
ရွှေကျီးကန်းမျိုးစိတ်၏ အဖိုးတန်သွေး အနည်းငယ်ခန့် ကျန်သေးလေသည်။ ထိုအဖိုးတန်သွေးကို အသုံးပြုပြီး သူ၏ လက်ကျန်ယွမ်ချီနှင့်အတူ ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်ဆယ့်တစ်ယောက်ကို အနိုင်ယူရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေပြီး လူတိုင်းသည် စင်မြင့်ထက်သို့ ကြည့်နေကြလေ၏။ မည်သူမျှ စကားမဆိုကြသလို မည်သူမျှလည်း ထွက်မသွားကြပေ။
သူ၏လက်က သွေးမထွက်တော့သလို သွေးကြောများလည်း တဖြည်းဖြည်းချင်း ပြန်ဆက်လာနေသည်။ သန့်စင်ယန်ဓားနန်းတော်၏ ပြီးပြည့်စုံသော ဓားဆန္ဒကို ထုတ်မသုံးသရွေ့ ယီယွင်၏လက်က လုံးဝအဆင်ပြေလေသည်။
သမထထိုင်နေသည့် ယီယွင်သည် ခန္ဓာကိုယ်ထဲတွင် ရွှေကျီးကန်းမျိုးစိတ်၏ သွေးများ တောက်လောင်နေသည်ကို ခံစားမိနေလေ၏။ ထိုစွမ်းအင်များက ယီယွင်၏ တိုက်ခိုက်လိုစိတ်ကို နိုးကြားလာစေသည်။
ပိုင်က ယီယွင်ကို မီတာသုံးဆယ်အကွာမှ ကြည့်နေသည်။ သူ၏လက်တွင် အဝတ်ဖြူတစ်ခု တဖြည်းဖြည်းချင်း ပတ်နေလေ၏။ အဝတ်ပတ်ပြီးသောအခါတွင် ပိုင်က ထရပ်လာကာ တည်ငြိမ်စွာဆိုသည်... " အချိန်ပြည့်ပြီ "