← Chapters

တောင်ကိုစွန့်ကာ မြေပြန့်သို့ဆင်းလာသော ကျား

Vol. 23 Ch. 339

တောင်ကိုစွန့်ကာ မြေပြန့်သို့ဆင်းလာသော ကျား

Vol. 23 Ch. 339

စစ်သည်တစ်ဦး၏ ရှုထောင့်ပုံရိပ်ကို အများသောအားဖြင့် အဆက်မပြတ် အမဲလိုက်ရာမှ ရရှိတတ်ကြလေသည်။ ပျက်စီးခြင်းသားရဲတစ်ကောက်ကို သတ်ပြီးသည့်နောက်တွင် သားရဲအမှတ်အသား ဖွဲ့စည်းရသည်မှာ ပြီးပြည့်စုံခြင်းမရှိနိုင်လောက်သော်လည်း ရှုထောင့်ပုံရိပ် ဖွဲ့စည်းရာတွင် ပါရမီနည်းသည့် စစ်သည်များအဖို့မူ အကြိမ်ပေါင်းရာချီကာ ကြိုးစားမှသာ ရှုထောင့်ပုံရိပ်တစ်ခု ဖွဲ့စည်းနိုင်သည်ဆိုရုံမျှ ဖြစ်လာနိုင်လေသည်။

ထို့အပြင် သားရဲတစ်ကောင်ပုံစံ ရှုထောင့်ပုံရိပ်များအဖို့ ပျက်စီးခြင်းသားရဲက အဆင့်ပိုမြင့်လေလေ ရှုထောင့်ပုံရိပ် ဖွဲ့စည်းရာတွင် ပိုမိုခက်ခဲလေလေ ဖြစ်လေ၏။ အဆင့်မြင့်သော ပျက်စီးခြင်းသားရဲတစ်ကောင်ကို သတ်နိုင်ရန်အတွက် ခက်ခဲသည်သာမက အဆင့်မြင့် ပျက်စီးခြင်းသားရဲတစ်ကောင်၏ သားရဲအမှတ်အသားကို ဖွဲ့စည်းရသည်မှာလည်း ရိုးရှင်းသည့်လုပ်ငန်း မဟုတ်ပေ။

ဥပမာဆိုရသော် ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးက ကံကောင်းထောက်မကာ ရှေးဦးမျိုးစိတ်သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့လျှင်ပင် ရှုထောင့်ပုံရိပ်အဖြစ် ဖွဲ့စည်းနိုင်မည်မဟုတ်လောက်ပေ။ ရှေးဦးမျိုးစိတ်ထက် အဆင့်ပိုမြင့်သော ခြေသုံးချောင်းရွှေကျီးကန်းဆိုလျှင် ပြောရန်ပင်မလိုတော့ပေ။

ပြိုင်ကွင်းတစ်ခုလုံး လုံးဝတိတ်ဆိတ်နေ၏။ တိုင်အာနတ်မြို့ ၊ ယွင်လုံစေတီ ၇၂ ခု ၊ တောင်ပိုင်းတိုင်းပြည်ဆယ်ခု ၊ အဖွဲ့အစည်းငယ်များမှ လူများအားလုံး အံ့ဩဘနန်း ဖြစ်နေကြလေ၏။

" ယီယွင်မှာ ရွှေကျီးကန်းပုံရိပ် ဘယ်လိုလုပ်ပြီး ရှိနေတာလဲ " တိုင်အာနတ်မြို့၏ အကြီးအကဲတစ်ဦးက ခန်းယန်အား မေးလိုက်သည်။ ဆရာသခင်ယွဲ့ဟွားက ယီယွင်၏ဆရာတစ်ပိုင်း ဖြစ်သော်ငြားလည်း ခန်းယန်ကသာ ယီယွင်၏ ကျင့်ကြံမှုအကြောင်း သိလေသည်။

ခန်းယန် တစ်ခဏမျှ အေးခဲနေပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလိုက်သည်..." ကျုပ်လည်း မသိဘူး။ တကယ်တော့ ယီယွင် ဆန်းကြယ်နည်းစနစ်တစ်ခု ရွေးချယ်ဖို့အတွက် ခေါ်သွားပေးခဲ့တဲ့သူက ကျုပ်ပဲ။ နောက်ပိုင်းမှာ သူက သားရဲတစ်သောင်းပုံရိပ်ကို ရွေးချယ်သွားခဲ့တယ်လေ "

" သားရဲတစ်သောင်းပုံရိပ်လား "

တိုင်အာနတ်မြို့၏ အကြီးအကဲတစ်ဦးဖြစ်သည့် သူက သားရဲတစ်သောင်းပုံရိပ်ကို သိလေသည်။

သားရဲတစ်သောင်းပုံရိပ်က အကြွင်းအကျန်မိတ္တူတစ်ခု ဖြစ်သည်သာမက ကျင့်ကြံရန်အတွက်လည်း အလွန်ခက်ခဲလေသည်။ ရှေးကာလကတည်းကပင် တိုင်အာနတ်မြို့မှ မည်သူတစ်ဦးကမျှ သားရဲတစ်သောင်းပုံရိပ်ကို တတ်ကျွမ်းခြင်းမရှိခဲ့ပေ။

ယီယွင်က သားရဲတစ်သောင်းပုံရိပ်ကို တတ်ကျွမ်းခဲ့သည်တဲ့လား။

တိုင်အာနတ်မြို့မှ အကြီးအကဲများစွာသည် သားရဲတစ်သောင်းပုံရိပ်ကို မြင်ဖူးကြလေ၏။ အသေအချာတွေးကြည့်လျှင် ယီယွင် ထုတ်ဖော်ခဲ့သည့် ရှုထောင့်ပုံရိပ်က သားရဲတစ်သောင်းပုံရိပ်နှင့် ဆင်တူနေလေ၏။

ဒါက ဖြစ်နိုင်လို့လား။

ယီယွင်က သူတို့ မတတ်ကျွမ်းခဲ့တဲ့ ဆန်းကြယ်နည်းစနစ်တစ်ခုကို တတ်ကျွမ်းသွားတာလား။

အကြီးအကဲများစွာက ခန်းယန်အား မေးခွန်းထုတ်ဟန်ဖြင့် ကြည့်နေကြလေ၏။ ပြောစရာမဲ့နေသည့် ခန်းယန်မှာ ပြန်ကြည့်နေရုံသာ တတ်နိုင်လေသည်။

သူသည် ယီယွင် သားရဲတစ်သောင်းပုံရိပ်ကို မရွေးချယ်စေရန် နည်းလမ်းပေါင်းစုံနှင့် တားဆီးရန် ကြိုးပမ်းဖူးလေ၏။ သို့သော် အဆုံးသတ်တွင်မူ ထိုကောင်လေးက သားရဲတစ်သောင်းပုံရိပ်ကို တတ်ကျွမ်းသွားခဲ့ချေသည်။

ယင်းအဖြစ်ကြောင့် ခန်းယန်၏ လောကကြီးအပေါ် သိမြင်နားလည်မှုများ ပြိုလဲသွားရလေ၏။

" တကယ်ကို မွန်းစတားတစ်ကောင်ပဲ။ ပြိုင်ပွဲပြီးသွားရင် ဒီကောင်လေး သားရဲတစ်သောင်းပုံရိပ်ကို တတ်ကျွမ်းအောင် ဘယ်လိုလုပ်ရလဲဆိုတာ သေချာမေးရမယ် "

ခန်းယန် တွေးနေချိန်တွင် မြို့သခင်က အသံပို့လွှတ်လာသည်။

" ကျုပ်တို့ တိုင်အာနတ်မြို့က ဒီလိုလူတစ်ယောက်ကို မွေးထုတ်ပေးနိုင်က အကြီးကျယ်ဆုံး ကောင်းချီးတစ်ခုပဲ။ လမ်းပြလူငယ်က တိုင်အာနတ်ပြည်ထောင် ကပ်ဘေးဆိုက်ရအောင် သားရဲအုပ်တစ်အုပ် ခေါ်လာခဲ့မယ်ဆိုရင် တိုင်အာနတ်ပြည်ထောင်အတွက် ပြာပုံထဲက ရုန်းထလာဖို့ အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်။ တိုင်အာနတ်ပြည်ထောင် တည်ရှိလာခဲ့တာ အချိန်တွေကြာခဲ့ပြီဆိုတော့ တိုင်းပြည်က သွေးလေးထုံထိုင်းနေပြီ။ သေခြင်းတရား မကောင်းတဲ့အရာ ဟုတ်ချင်မှလည်း ဟုတ်မယ်လေ။ ယီယွင်က တိုင်အာနတ်ပြည်ထောင် ပြာပုံထဲကနေ ရုန်းထလာဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ် "

" အနာဂတ်မှာ သူက မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့တောင် အခွင့်အရေးရှိလာနိုင်တယ် "

မြို့သခင်က တည်ကြည်သောလေသံနှင့် ဆိုလိုက်သည်။

မြို့သခင်၏ အသံပို့လွှတ်မှုကြောင့် ခန်းယန်သာမက တိုင်အာနတ်မြို့မှ အခြားအကြီးအကဲများလည်း ထိတ်လန့်သွားကြလေ၏။

မဟာဧကရာဇ်...။

တိုင်အာနတ်ပြည်ထောင်၏ နှစ်သန်းပေါင်းဆယ်ချီ သမိုင်းတွင် မဟာဧကရာဇ်တစ်ပါးပင် မရှိခဲ့ဖူးပေ။ အသန်မာဆုံးသူက ပညာရှိ အထွတ်အထိပ်သာ ဖြစ်လေ၏။ ပညာရှိနှင့် မဟာဧကရာဇ်တို့ အကြားတွင် ကြီးမားလှသော နေရာလပ်ကြီးတစ်ခု ပိုင်းခြားထားသည်။ ထိုနေရာလပ်က လူအများ မျှော်လင့်တောင့်တနေရသည့်အရာ ဖြစ်လေ၏။

ယီယွင်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခြေရှိသည်တဲ့လား။

ဤသို့ဆိုလျှင် တိုင်အာနတ်ပြည်ထောင်က ကြီးကျယ်သော တိုးတက်ပြောင်းလဲမှုအောက်သို့ ရောက်နေခြေပြီ။

မဟာဧကရာဇ်တစ်ပါးသည် တိုင်အာနတ်ပြည်ထောင်၏ ကြီးပွားတိုးတက်ရေးကို အာမခံချက်ပေးနိုင်သည်သာမက မဟာဧကရာဇ်က တိုင်အာနတ်ပြည်ထောင်၏ တော်ဝင်မိသားစုနှင့် သွေးသားနှီးနှောမိသွားလျှင် တော်ဝင်မိသားစု၏ သွေးမျိုးဆက်က ပိုမို၍ပင် အစွမ်းထက်လာပေလိမ့်မည်။

ထို့အပြင် မဟာဧကရာဇ်တစ်ပါးက သိုင်းပညာရပ်များစွာကို ဖန်တီးကာ အမွေအနှစ်အဖြစ် ချန်ထားခဲ့ပါက အတိုင်းမသိအောင် တန်ဖိုးကြီးမားလေသည်။

ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းတို့ကို မဟာဧကရာဇ်တစ်ပါးက ချန်ထားခဲ့သည်ဟု သံသယရှိကြသည်။ ကံမကောင်းစွာဖြင့်ပင် ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းတို့က ဧကရာဇ်တစ်ပါး၏ ပြီးပြည့်စုံသော အမွေအနှစ်များ မဟုတ်ခဲ့ချေ။

တိုင်းပြည်ထံတွင် မဟာဧကရာဇ်တစ်ပါး ပေါ်ထွန်းလာပါက တိုင်အာနတ်ပြည်ထောင်၏ စွမ်းအားအလုံးစုံ တိုးတက်သွားပေလိမ့်မည်။ မဟာဧကရာဇ်တစ်ပါး ရှိနေသည်ဆိုလျှင် တိုင်းပြည်အတွင်း၌ ပညာရှိအရေအတွက်လည်း တိုးလာပေလိမ့်မည်။ များမကြာမီတွင် ဒုတိယမြောက် မဟာဧကရာဇ်တစ်ပါးပင် ပေါ်ထွန်းလာနိုင်ခြေရှိလေ၏။

" ဒါက ဖြစ်နိုင်လို့လား။ ယီယွင်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တာလား " ခန်းယန် ယီယွင်ကိုကြည့်ကာ အံ့ဩတကြီး ဖြစ်နေသည်။ သူက မဟာဧကရာဇ်တစ်ပါး ကြီးပြင်းလာသည်ကို ကြည့်ရှုခွင့်ရပြီး ထိုမဟာဧကရာဇ်၏ ဆရာများထဲမှ ဆရာတစ်ဦး ဖြစ်လာပေတော့မည်လော။

ခန်းယန်မှာ အတွေးနှင့်ပင် အိပ်မက်မက်နေသည့်ပမာ ခံစားရသည်။

သူသာ မဟာဧကရာဇ်တစ်ပါး၏ ဆရာတစ်ဦး ဖြစ်လာရပါက ခန်းယန် အလွန်စိတ်ကျေနပ်ရပေမည်။ သူ၏ဘဝတွင် မဟာဧကရာဇ်တစ်ပါး မဖြစ်နိုင်တော့သော်လည်း သူ၏တပည့်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပါက သူ နောင်တမရှိဘဲ သေနိုင်ပေလိမ့်မည်။

မြို့သခင်က ဆက်ပြောလာသည်..." ယီယွင် ဆက်ပြီးတော့ မတိုက်ခိုက်နိုင်တော့မှာကို ကျုပ် စိုးရိမ်မိတယ်။ ကျုပ်တို့ ဒီတိုက်ပွဲအတွက် အရှုံးပေးလိုက်ကြတာပေါ့။ သူက ဒီလောက်အဆင့်အထိ တိုက်ခိုက်ထားခဲ့တာဟာ လက်ရွေးစင်တွေထဲက လက်ရွေးစင်တစ်ဦး ဖြစ်နေခဲ့ပြီးပြီ။ သူက တိုင်အာနတ်မြို့အတွက် ဂုဏ်သရေတွေ လုံလောက်အောင် ဆောင်ကြဥ်းပေးခဲ့သလို ကျုပ်တို့လည်း တန်ဖိုးရှိတဲ့ ထိုင်ခုံနေရာတွေ အနိုင်ရထားပြီးပြီ။ ဒီပြိုင်ပွဲပြီးရင် ယီယွင်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေအတွက် ကျုပ်ကိုယ်တိုင် ဆုချီးမြင့်မယ် "

ခန်းယန်က ယီယွင်အား ကြည့်လိုက်သည်။ လက်ရှိတွင် ရွှေကျီးကန်းရှုထောင့်ပုံရိပ်ကို အသုံးပြုပြီးနောက် ယီယွင်က မျက်နှာဖြူလျော်နေသည်။ သူ၏မျက်နှာက အရောင်အသွေး မရှိတော့သလို ဓားနှင့်ဓားမောက် ကိုင်ထားသည့် လက်များကလည်း တုန်ယင်နေလေ၏။ ဤတစ်ကြိမ်တွင် သွေးကြောများ ထိခိုက်ခြင်းမရှိသော်လည်း ယီယွင်၏ယွမ်ချီများ လုံးဝကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ခန်းယန် ခံစားမိသည်။

ယီယွင်က မရဏအသံလှိုင်းဓားကို အားပြုကာရပ်နေပြီး အသက်ပြင်းပြင်း ရှုနေသည်။ သူ၏ဗြောင်းဆန်နေသော သွေးစီးဆင်းမှုကို ထိန်းနိုင်သည်ဆိုရုံသာ ရှိလေ၏။

" သူ့ကိုကြည့်ရတာ မဟန်နိုင်တော့တဲ့ပုံပဲ "

ခန်းယန်သာမက အခြားသူများကလည်း ယီယွင်၏အခြေအနေကို တွေ့မြင်သွားကြသည်။

" နောက်ဆုံးအကြိမ်တုန်းကလည်း သူ မဟန်နိုင်တော့တဲ့ပုံ ဖြစ်ခဲ့တာပဲလေ။ ဒါပေမဲ့ သူက မုရုံကွမ်းကို တစ်ကွက်တည်းနဲ့ ရှင်းပစ်နိုင်ခဲ့တာပဲမလား "

ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်အချို့က တိတ်တဆိတ် ဆွေးနွေးနေကြလေ၏။

အစောပိုင်းက ယီယွင်ကို အလွယ်တကူပင် အလဲထိုးနိုင်မည်ဟု အထင်ရောက်ခဲ့သည့် မုရုံကွမ်းမှာ ယီယွင်က အလွယ်တကူ အနိုင်ယူသည်ကို ခံရခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရ၏။ ထိုမြင်ကွင်းက သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေဆဲပင်။

"ဟမ့်... ဒီတစ်ကြိမ်မှာ ဒီကောင် အားပိုကုန်နေတာ သိသာပါတယ်။ ဒီကောင့်ရဲ့ ရှုထောင့်ပုံရိပ်က ဟိုဓားကွက်ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်။ ဒီကောင့်ရဲ့ ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အဲ့ဒါကို သုံးပြီးတဲ့နောက်မှာ မတ်တက်ရပ်နိုင်နေသေးတာကတင် အတော်ဟုတ်နေပြီ။ ယီယွင်က အားကုန်သုံးထားပြီးသွားပြီဖြစ်လို့ ကြောက်ရမဲ့သူ မဟုတ်တော့ဘူး " ခရမ်းရောင်ဝတ်လူငယ်က ယီယွင်ကိုကြည့်ကာ မောက်မာစွာဆိုလိုက်သည်။

ထိုစဥ် စင်မြင့်ထက်၌ မရဏအသံလှိုင်းဓားကို အားပြုကာရပ်နေသော ယီယွင်၏ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားကာ သွေးအန်လိုက်ရသည်။

" ယီယွင် "

ချူရှောင်းရန်နှင့် အပေါင်းအဖော်များ အလွန်စိုးရိမ်သွားကြလေ၏။

" ဒီကောင် သွေးအန်နေပြီ။ ဟားဟား " ခရမ်းရောင်ဝတ်လူငယ်က မြင်ကွင်းကြောင့် ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏မျက်လုံးများ စိတ်လှုပ်ရှားစွာ တောက်ပနေပြီး အပေါင်းအဖော်များကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

" ငါပြောခဲ့သလိုပဲ ဒီကောင်က မဟန်နိုင်တော့ဘူး။ ဒါတောင် မင်းတို့အားလုံးက ငါ့ကို မယုံကြဘူး "

တစ်ယောက်က ခေါင်းညိတ်ကာ... " အမှန်ပဲ... ယီယွင်က မဟန်နိုင်လောက်တော့ပါဘူး။ ဒါက ငါတို့အတွက် အခွင့်အရေးပဲ "

" ဟမ့်... ယီယွင်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ဖို့ အခွင့်အရေးနည်းနည်း ရှိနေတယ်ဆိုပြီး ခုနစ်စင်ကြယ်စေတီပိုင်ရှင်က အသံပို့ပြီးပြောလာတယ်။ ဒီကောင်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာမယ်ဆိုတာကို ငါ မယုံကြည်ဘူး။ အနာဂတ်မှာ ဒီကောင် မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ရင်တောင် ဘာဖြစ်သေးလဲကွာ။ ဒီကောင် ငယ်ရွယ်ချိန်မှာ ငါတို့ကို ရှုံးခဲ့ရတာပဲမလား "

" မင်းပြောတာ မှန်တယ်။ မဟာဧကရာဇ် အလောင်းအလျာကို အနိုင်ယူမယ်လို့ တွေးတာနဲ့တင် ငါ့ကို စိတ်လှုပ်ရှားစေတယ်။ နောင်ကျရင် ငါတို့က မဟာဧကရာဇ် အလောင်းအလျာတစ်ဦးကို အနိုင်ယူခဲ့တာကို ပြန်ပြောနိုင်လိမ့်မယ် "

ခရမ်းရောင်ဝတ်လူငယ်၏ မြောက်ပင့်ပေးမှုကြောင့် ယွင်လုံနတ်ပြည်ထောင်မှ လူငယ်များ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ကြသည်။ သူတို့က ယီယွင်ကို အနိုင်ယူချင်နေကြ၏။

" ယီယွင်... ငါ မင်းကို စိန်ခေါ်မယ် "

ခရမ်းရောင်ဝတ်လူငယ်က နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ တက်သွားကာ ယီယွင်အား မောက်မာစွာ ကြည့်လိုက်သည်။

ထိုစဥ် ခန်းယန်က ယီယွင်ဆီသို့ အသံပို့လွှတ်လိုက်သည်..." ယီယွင်... အဲ့ဒီကောင် ရန်စတာကို နားမယောင်နဲ့။ ဒီကောင်က သောက်ပိန်းလို့ ထင်ရပေမဲ့ အရမ်းသန်မာတယ်။ ယွင်လုံနတ်ပြည်ထောင်ရဲ့ လက်ကျန်လူဆယ်ယောက်ထဲမှာ ဒီကောင်က အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ လောက်မှာ ရှိတယ်။ မင်း အရှုံးပေးလိုက်ဖို့ပဲ လိုတယ်။ မင်း မပြောချင်ဘူးဆိုရင် ငါ မင်းကိုယ်စား အရှုံးပေးလိုက်မယ် "

ယီယွင်က ငြိမ်သက်နေပြီး မတုန့်ပြန်ပေ။

ခရမ်းရောင်ဝတ်လူငယ်က ကျွင်းယွဲ့ထက်ပင် ပိုအားကောင်းဖို့ရာ များလေ၏။ လက်ရှိတွင် ယီယွင်က ကျွင်းယွဲ့ထက် ပိုအားကောင်းသူနှင့် တိုက်ခိုက်ရမည်မှာ အတော်ပင် လွန်ကဲနေလေ၏။

" ငါက မုရုံဖေး။ မင်း ငါ့လက်ချက်နဲ့ ရှုံးရတော့မှာဆိုတော့ ငါ့အမည်ကို မှတ်ထားလိုက်။ အနာဂတ်မှာ မင်းက ကြီးကျယ်တဲ့အရာတွေ လုပ်နိုင်ခဲ့မယ်ဆိုရင်တောင် မင်းအဖို့က ငါ ဖျက်ဆီးခဲ့တဲ့ မိန်းမတစ်ယောက်လို့ ဖြစ်နေတဲ့အချက်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ အနာဂတ်မှာ အဲ့ဒီမိန်းကလေးက ဘယ်လောက်ပဲ ထူးချွန်နေပါစေ ငါဖျက်ဆီးတာကို ခံရဖူးတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဟားဟားဟား " ခရမ်းရောင်ဝတ်လူငယ် ကျယ်လောင်စွာ ရယ်လိုက်သည်။

သူသည် ယီယွင်က အရှုံးပေးလိမ့်မည် မှန်းဆထားပြီးဖြစ်သော်လည်း သူက အဘယ်သို့များ ခွင့်ပြုနိုင်ပါမည်နည်း။

ယီယွင်သာ အရှုံးပေးသွားလျှင် သူ့အဖို့ ယီယွင်အား ရက်စက်စွာ ရိုက်နိုင်မည်မဟုတ်တော့သလို မဟာဧကရာဇ် အလောင်းအလျာတစ်ဦးအား အနိုင်ယူခဲ့သူလည်း ဖြစ်လာမည်မဟုတ်တော့ချေ။

လက်ရှိတွင် ယီယွင်က လုံးဝအားကုန်နေသည်ကို သူ အရေးမစိုက်ပေ။ ယီယွင်ကို အနိုင်ယူနိုင်သရွေ့ ယင်းကိစ္စက အချက်အလက်တစ်ခု ဖြစ်လာပေလိမ့်မည်။ သူ၏မိသားစု သို့မဟုတ် အသိုင်းအဝိုင်းထဲတွင် သူ့ကိုယ်သူအား ကြွားလုံးထုတ်နိုင်ပေလိမ့်မည်။

မဟာဧကရာဇ် အလောင်းအလျာတစ်ဦးကို အနိုင်ယူသည်အား တွေးကြည့်ရုံနှင့်ပင် အလွန်ကောင်းလှချေ၏။

All Chapters