← Chapters

နတ်ရေစင်

Vol. 23 Ch. 341

နတ်ရေစင်

Vol. 23 Ch. 341

" ဒါက စိတ်ဝိညာဥ်ဖြူနတ်မြွေနဲ့ ကောင်းကင်ကြယ်သွားပိုးကောင်တို့ကို သန့်စင်ပြီး ရလာခဲ့တဲ့ သာမန်ပျက်စီးခြင်းအရိုးအမတေ မဟုတ်ဘူးလား "

ယီယွင်က လက်ထဲမှ တောက်ပသော အရိုးအမတေကို လေ့လာနေရင်း သံသယရှင်းသွားစေရန် လော့ဟော်အာကို မေးလိုက်သည်။

လော့ဟော်အာ တစ်ခဏမျှ မှင်တက်မိသွားသည်။ သောက်ကျိုးနည်း။ နင်က ဒီအတိုင်း သိသွားခဲ့တာလား။

ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် စွမ်းအင်ထုတ်ယူရာ အလွန်ပင် ပါရမီမြင့်ကြောင်းကို သူမ သိထားသော်လည်း ယီယွင် စွမ်းအင်သရုပ်ခွဲ ပါရမီကိုမူ မမြင်ဖူးပေ။

စွမ်းအင်သရုပ်ခွဲခြင်းသည် များပြားလှသော အတွေ့အကြုံများ လိုအပ်လေသောကြောင့် မလွယ်ကူပေ။

ဆယ်စုနှစ်များမှသည် ရာစုနှစ်များအထိ လေ့လာလိုက်စားခဲ့ကြသည့် ထူးချွန်လှသော ပျက်စီးခြင်းကောင်းကင်သခင်များပင် အမတေတိုင်း၏ ပစ္စည်းများကို သရုပ်ခွဲနိုင်ကြမည် မဟုတ်လောက်ပေ။ ယီယွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူခဲ့သည်မှာ မည်မျှကြာသေးသနည်း။ နတ်အရိုင်းမြေထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည့် ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မည်သို့များ လေ့ကျင့်နိုင်ပါမည်နည်း။

လော့ဟော်အာ၏ လက်ထဲမှ အရိုးအမတေကို ပစ္စည်းများရောနှောကာ ပြုလုပ်ထားသော်လည်း ယီယွင်ကမူ တိကျစွာပင် အမျိုးအစားခွဲပြနိုင်ခဲ့သည်။

လော့ဟော်အာက လိမ်၍မရတော့ပေ။ ယီယွင်က သံသယဖြင့် တုန့်ဆိုင်းနေသည်ကို မြင်မိသွားကာ လော့ဟော်အာသည် ရှက်ရွံ့နေရာမှ ဒေါသထွက်သွားပြီး..." နင့်မှာ အဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေ ဘာကြောင့် အရမ်းများနေရတာလဲ။ နင် စားမှာလား မစားဘူးလား "

ယီယွင် ပြောစရာမဲ့နေ၏။ ဤသည်က အရေးကြီးကိစ္စတစ်ခု ဖြစ်လေ၏။ သူက မုရုံဖေး၏ စိန်ခေါ်မှုကို လက်ခံထားသည်ဖြစ်ပြီး တစ်ခုခုမှားသွားပါက ကြေကွဲဖွယ်ရာရလဒ် ဖြစ်သွားပေလိမ့်မည်။

သို့သော် လက်ရှိတွင် ယီယွင်အဖို့ နောက်ဆုံးမျှော်လင့်ချက်အား ဆုပ်ကိုင်ထားရုံသာ ရှိလေသည်။ သူ့အား လော့ဟော်အာက လှည့်စားခြင်းမပြုပါစေနှင့်ဟု ဆုတောင်းရုံသာ ရှိတော့လေသည်။

ယီယွင် အမတေကို စားလိုက်သည်။

လော့ဟော်အာ၏အမူအရာ လေးနက်သွားကာ ဆိုလေသည်... " ငါ နင့်ကို သတိပေးလိုက်မယ်။ ဆက်ဖြစ်လာမဲ့အရာတွေကို နင် ဘယ်သူ့ကိုမှ မပြောရဘူး။ နင့်ရဲ့စွမ်းအားတွေ ဘယ်လိုလုပ်ပြီး အမြန်ပြန်ပြည့်သွားတာလဲဆိုပြီး တစ်ယောက်ယောက်က မေးလာခဲ့ရင် ငါက နင့်ကို အထူးဆေးဝါးတစ်မျိုး ပေးခဲ့တာလို့ပဲ ဖြေလိုက် "

လော့ဟော်အာက ထူးခြားသောနောက်ခံမှ လာခဲ့ခြင်းဖြစ်သည်။ ဤပုံစံအတိုင်း ဖြေမည်ဆိုလျှင် မည်သူကမျှ သံသယဝင်မည်မဟုတ်ပေ။

ယခင်က သူမ၏မိသားစုသည် တိုင်အာနတ်ပြည်ထောင်အနီးမှ လူတစ်ဦးကို နေရာထိုင်ခင်း ပေးခဲ့လေသည်။ ထို့နောက်တွင်မူ သူမကို တိုင်အာနတ်မြို့သို့ ပို့ခဲ့လေ၏။ ထိုသူက တိုင်အာနတ်ပြည်ထောင်တွင် မည်သို့အဆင့်အတန်းရှိသည်ကို သူမ မသိပေ။ သူမ၏အမြင်အရ ထိုသူက အဆင့်နိမ့်သူတစ်ဦးသာ ဖြစ်လေ၏။ ထိုသို့သာမဟုတ်လျှင် သူမကို ဤနေရာသို့ ပို့ပေးလိမ့်မည်မဟုတ်ပေ။

ထိုအခြေအနေကြောင့် လော့ဟော်အာ၏ နောက်ခံက အမြဲတမ်းလို ထူးခြားဆန်းကြယ် ဖြစ်နေခဲ့ရသည်။

လော့ဟော်အာ၏ စကားကြောင့် ယီယွင် အနည်းငယ် မှင်တက်မိသွားသည်။ လော့ဟော်အာတွင် လူသိမခံလိုသည့် တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခု ရှိနေဖို့ရာသာများသည်ဟု သူ ခန့်မှန်းထားသည်။ သူ၏ဒဏ်ရာများကို ကုသပေးခြင်းသည် အမတေနှင့် မည်သို့မျှမသက်ဆိုင်သည်မှာ အရှင်းသားပင်။

" ဘယ်သူ့မှ မပြောဘူး...ဟုတ်ပြီလား "

" ကောင်းပြီ။ မလိုက်နာရင်တော့...အွန့် " လော့ဟော်အာ အွန့် ဆိုသည့်နေရာအား အံကျိတ်ကာ ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ယီယွင်၏မျက်နှာရှေ့၌ လက်သီးယမ်းပြလိုက်၏။ ယီယွင်သာ လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ပါက ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာမည်ဟု သူမ၏ ခက်ထန်သောမျက်နှာပေးက ပြောနေပုံရသည်။

" ဒီကောင်မလေးက အားနည်းပြီး ချစ်စရာကောင်းတာကြောင့် စွမ်းအားနည်းမယ်လို့တော့ မထင်လိုက်နဲ့နော်။ ဟီဟီ...နင်သာ ထင်မိသွားမယ်ဆိုရင် တကယ်ကို တုံးအလို့ပဲ " လော့ဟော်အာက ယုံကြည်ချက်ရှိစွာ ဆိုလိုက်သည်။

" ကောင်းပြီ... အချိန်မရှိဘူး။ နင် မျက်လုံးမှိတ်လိုက်။ နင် ခိုးမကြည့်နဲ့နော်။ နင် တစ်ခါခိုးကြည့်တာနဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် " လော့ဟော်အာက ကြမ်းတမ်းစွာ ဆိုလိုက်လေရာ ယီယွင် ရွေးချယ်စရာမရှိဘဲ မျက်လုံးမှိတ်လိုက်ရသည်။

ထို့နောက်တွင် ခန္ဓာကိုယ်အား အလင်းလွှာတစ်ခု လွှမ်းခြုံသွားသည်ဟု ယီယွင် ခံစားလိုက်ရသည်။ ဆန်းကြယ်သောအလင်းက ယီယွင်၏ အာရုံခံနိုင်စွမ်းများကို ဖြတ်တောက်သွားလေ၏။

ယီယွင် ထူးဆန်းနေချိန်တွင် အေးစက်သော စွမ်းအင်တစ်ခုက သူ့အား လွှမ်းခြုံသွားလေသည်။ ယီယွင် စမ်းရေထဲတွင် အနှစ်ခံထားရသည့်ပမာပင် ခန္ဓာကိုယ်က လေဟာနယ်ထဲတွင် လွင့်နေလေ၏။ သူ၏ဘေးပတ်လည်တွင် ရေများက တစ်ခါပြီးတစ်ခါ ရိုက်ခတ်နေကာ သူ၏ခန္ဓာကိုယ်အား သန့်စင်ပေးနေသည်။ ယင်းက မိန်းကလေးတစ်ယောက်၏ အချစ်အထိအတွေ့ပမာပင် အလွန်တရာ သက်တောင့်သက်သာ ရှိလှလေ၏။

ယီယွင် မျက်လုံးဖွင့်ကာ လော့ဟော်အာ မည်သည့်အရာများ လုပ်နေသည်ကို ကြည့်ချင်မိနေသည်။ သို့သော် လော့ဟော်အာ၏ စကားများကို တွေးမိသွားကာ သူ စိတ်ထိန်းလိုက်ရသည်။

စင်ကြယ်သောရေစီးကြောင်းတွင် စွမ်းအင်ပမာဏများစွာ ပါဝင်လေပြီး နတ်ရေစင်အလားပင်။ ယင်းက သူ၏ချွေးပေါက်များမှတစ်ဆင့် သွေးကြောများထဲသို့ ဝင်ရောက်သွားကာ သူ၏တန်းထျန် ၊ ကိုယ်တွင်းအင်္ဂါများ ၊ ရိုးတွင်းခြင်ဆီများကို စွမ်းအင်ဖြည့်တင်းပေးလေ၏။

စွမ်းအင်များ တဖြည်းဖြည်းချင်း ပြန်ပြည့်လာနေသည်ဟု ယီယွင် ခံစားမိသည်။ ညာလက်မှ ထိခိုက်ထားသော သွေးကြောများပင် တဖြည်းဖြည်းချင်း ပြန်ကောင်းလာနေလေသည်။

စင်ကြယ်သော ရေစီးကြောင်းကို ခံစားနေရင်း ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပြန်သက်သာလာသည်မှာ သူ တစ်ခါမျှမခံစားဖူးသော ဘဝ၏အရသာတစ်ခုအလားပင်။

စင်ကြယ်သောရေက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကာ စွမ်းအင်များ ဆက်တိုက်စုဆောင်းပေးနေသည်။ ခန္ဓာကိုယ်က အလွန်သိမ်မွေ့သော အပြောင်းအလဲများကို ဖြတ်ကျော်နေရသည်ဟု ယီယွင် ခံစားမိနေလေ၏။ သူ စူးစမ်းကြည့်သော်လည်း မည်သည့်အပြောင်းအလဲများ ဖြစ်ကြောင်းကို အဖြေရှာမရပေ။

ထိုစဥ် ညင်သာအေးစက်ကာ ချောမွေ့သော လက်အစုံက သူ့အား သိုင်းဖက်လာသည်ဟု ယီယွင် ခံစားလိုက်ရသည်။ သူ အဖက်ခံလိုက်ရချိန်တွင် ထိုသာယာမှုက အဆုံးစွန်အထိ ရောက်ရှိသွားလေ၏။ စက္ကန့်ဝက်အတွင်းမှာပင် ခန္ဓာကိုယ်ထဲမှ စင်ကြယ်သောစွမ်းအင်များက ဆင့်ကဲပြောင်းလဲသွားသည်ဟု သူ ခံစားလိုက်ရ၏။ ၎င်းက သူ၏အသွေးအသားများနှင့် ပေါင်းစည်းသွားကာ ခွဲထုတ်၍မရတော့ပေ။

ထိုခံစားချက်က လှပလွန်းလှလေ၏။ ကံမကောင်းစွာဖြင့် ထိုခံစားချက်က ချက်ချင်းထွက်ပြေးသွားကား အိပ်မက်ပမာ ဖြစ်သွားရလေ၏။ ယီယွင်က မိန်းကလေးတစ်ဦး၏ လက်များက အမှန်တကယ် ပွေ့ဖက်လာသည်လားဟုပင် သံသယဝင်လာရသည်။

ယီယွင် ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်ရာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ ဒဏ်ရာများမှာလည်း ၉၀% ခန့် သက်သာနေချေပြီ။ ယီယွင်၏ ယွမ်ချီနှင့် သက်လုံအားတို့မှာလည်း အထွတ်အထိပ်နီးပါး ရှိနေလေ၏။

လက်ရှိတွင် ရှုထောင့်ပုံရိပ် သို့မဟုတ် သန့်စင်ယန်ဓားနန်းတော်၏ ဓားဆန္ဒအား အသုံးပြုမည်ဆိုလျှင်ပင် ပြဿနာမရှိလောက်ဟု ယီယွင် ခံစားမိသည်။

အတော်ကို မှော်ဆန်တာပဲ။

ယီယွင် အမှန်ပင် မယုံကြည်နိုင်ဖြစ်နေသည်။

" ပြီးပြီ " လော့ဟော်အာ၏အသံ ထွက်လာသည်။

" ငါ မျက်လုံးဖွင့်လို့ရပြီလား " ယီယွင်က မေးလိုက်လေ၏။

" နင် ဆက်မှိတ်ချင်နေသေးရင် ငါ တားမှာမဟုတ်ဘူး " လော့ဟော်အာက မချေမငံ ဖြေလိုက်လေ၏။

ယီယွင် ပြောစရာမဲ့ကာ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ မျက်ခုံးများက မိုးမခအကိုင်းများပမာရှိနေပြီး သေးငယ်သော မျက်နှာက နီမြန်းနေသည်။ သူမ၏ ချစ်စဖွယ်နှုတ်ခမ်းများကသာ ဖြူလျော်နေလျက်ရှိပြီး သနားစဖွယ်ဖြစ်နေသည်။ ဆန်းကြယ်နည်းစနစ်အား အသုံးပြုခြင်းသည် သူမအတွက် ပင်ပန်းနွမ်းနယ်ရပုံပင်။

ယီယွင် သနားစိတ်နှင့် ကျေးဇူးတင်စိတ်များ ဖြစ်လာရသည်။ အများသောအားဖြင့် စရိုက်ဆိုးသော လော့ဟော်အာက ရုတ်တရက်အတွင်း ချစ်စဖွယ်ကောင်းလာသည်ဟု ယီယွင် ခံစားလိုက်ရ၏။

ယီယွင် ကျေးဇူးတင်စကား ပြောတော့မည့်အချိန်တွင် လော့ဟော်အာက ဆိုလာသည်..." နင် ငါ့ကို ဘာတွေစိုက်ကြည့်နေတာလဲ "

ယီယွင် ကျေးဇူးတင်မည့် စကားလုံးများ ပြန်မျိုချလိုက်ရပြီး အံ့အားသင့်သွားကာ... " အခု..."

လော့ဟော်အာက ရုတ်တရက် စကားဖြတ်ပြောလိုက်လေသည်..." နင် ဘာတွေငိုင်နေတာလဲ။ နင် မသွားဘူးဆိုရင် ပြိုင်ပွဲက ရှုံးရတော့မယ် "

လော့ဟော်အာက ကျေးဇူးတင်စကား မဆိုစေချင်သည်ကို ယီယွင် သဘောပေါက်သွားကာ မဆိုတော့ပေ။ သူ ခေါင်းညိတ်ပြပြီး လျင်မြန်စွာပင် ပြေးထွက်သွားခဲ့သည်။

ယီယွင် ခြံဝန်းထဲမှ ပြေးထွက်လာချိန်တွင် ခြံဝန်းအတွင်း နံရံထောင့်တစ်နေရာ၌ ထိုင်နေသော တုန်းအာကို မြင်လိုက်ရသည်။

" ကျွန်မ ကြည့်နေရုံပါပဲ " တုန်းအာ၏မျက်နှာလေး နီမြန်းသွားကာ ခြံဝန်းထဲသို့ လက်ညှိုးထိုးပြလိုက်သည်။

ယီယွင် ရယ်ချင်သွားကာ..." ဒါဆိုလည်း ဆက်ကြည့်နေ "

စကားဆိုရင်း ယီယွင် လျင်မြန်စွာထွက်ခွာသွားကာ ပျောက်ကွယ်သွားလေ။

" တုန်းအာ "

ထိုစဥ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ တုန်းအာ ထိတ်လန့်သွားပြီး နာခံစွာဖြင့်ပင် ခြံဝန်းထဲသို့ ဝင်သွားခဲ့လေသည်။

" မမလေး... တုန်းအာ တကယ်ပဲ နောက်ကနေ လိုက်လာခဲ့မိပါတယ်။ ခြံဝန်းထဲမှာ လင်းနေတာကို မြင်လိုက်ရလို့ တုန်းအာက လည်ဆန့်ပြီး ကြည့်မိတာပါ " တုန်းအာက အပြစ်လုပ်မိထားသည့် ကလေးတစ်ဦးပမာပင် ခပ်ကုတ်ကုတ်ဖြစ်နေသည်။

လော့ဟော်အာ၏မျက်နှာ အေးစက်သွားလေ၏။ အမှန်တကယ်တွင် ထိုကိစ္စကို တုန်းအာ မြင်သွားလျှင်ပင် အဆင်ပြေလေသည်။ ယီယွင်အား ကုသပေးခြင်းသည် မြို့သခင်၏ရှေ့မှောက်၌ တိုက်ခိုက်ရခြင်းနှင့် မတူညီပေ။ ထိုမှတစ်ဆင့် သူမ၏ လျှို့ဝှက်ချက်အနည်းငယ်ကို ပြသမိသွားခဲ့မည်ဆိုလျှင်ပင် လူအများကမူ သူမတွင် ကံကောင်းမှုဖြစ်ရပ်အချို့နှင့် အံ့ဩဖွယ်ကောင်းသော ဆန်းကြယ်နည်းစနစ်တစ်ခု ရှိနေသည်ဟုသာ ထင်ကြမည်ဖြစ်ပြီး သူမက လူသားမဟုတ်ဟု သံသယဝင်ကြမည်မဟုတ်ပေ။

သို့သော် သူမ၏မျိုးနွယ်ကို လူအများ သိသွားမည်ဆိုပါက ပြဿနာတက်ရချေမည်။ သူမ၏ မိသားစုဆီသို့ သတင်းပို့ကာ ကာကွယ်မှုတောင်းဆိုပါက သူမအား မည်သူကမျှ ထိနိုင်ကြမည်မဟုတ်သော်လည်း ထိုကိစ္စက သူမ၏မိသားစုအတွက် ကြီးမားသောပြဿနာ ဖြစ်စေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏အဖေက သူမကို သေချာပေါက်ပင် အပြစ်ပေးလိမ့်မည်။

သူမ ပူဆာသမျှကို အလိုလိုက်တတ်သော ဖခင်ဖြစ်သူက အကျဥ်းအကျပ်အခြေအနေတွင် ရုတ်တရက်အတွင်း ခက်ထန်သော ဖခင်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို တွေးကြည့်ရုံနှင့်ပင် လော့ဟော်အာ စိတ်ညစ်ရသည်။

" ဒါ..." လော့ဟော်အာ စိတ်လေလွင့်နေချိန်တွင် အမှားလုပ်ထားသည့် တုန်းအာက လော့ဟော်အာကို ခိုးကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်..." မမလေးနဲ့ အစ်ကိုကြီးယီယွင် ဖက်တာက ပြီးသွားပြီလား "

လော့ဟော်အာ မျက်နှာပျက်သွားကာ တုန်းအာကို အေးစက်စက်ကြည့်လိုက်ပြီး..." ဒီကိစ္စ တစ်ခါမှမဖြစ်ဖူးဘူး "

" အမ်..." တုန်းအာက ဇဝေဇဝါဖြစ်သွားရပြီး အမှန်တကယ်မြင်ခဲ့ရဟန်ဖြင့် ဆိုသည်.... " ဖြစ်ခဲ့တယ်လေ "

လော့ဟော်အာ တိတ်ဆိတ်နေကည မျက်နှာသွေးပျက်နေ၏။

တုန့်ပြန်မှုနှေးသော တုန်းအာက ထိုအရာကို သတိမပြုမိဘဲ ခေါင်းမာစွာဖြင့် ဆက်လက်၍ပင် မေးခွန်းထုတ်ခဲ့သည်။ တုန်းအာ ပါးစပ်ဟတော့မည့်အချိန်တွင် သူမ၏ ပါးဖောင်းဖောင်းနှစ်ဖက်ကို သေးသွယ်သော လက်အစုံက ဖျစ်ညှစ်လာခဲ့၏။

" အား...နာတယ်...နာတယ်..." တုန်းအာ အော်လိုက်ရ၏။

သို့သော် လော့ဟော်အာက လွှတ်မပေးသလို စကားလည်းမပြောပေ။ သူမက စက္ကန့်သုံးဆယ်ခန့် ဆွဲထားခဲ့လေပြီး တုန်းအာ မျက်ရည်များ ကျလာရသည်။ သူမ၏အတွေ့အကြုံအရ ဤပုံစံမျိုး ဖြစ်လာခဲ့လျှင် သူမက အမှားလုပ်မိထားခြင်းသာ ဖြစ်လေ၏။

နောက်ဆုံးတွင် တုန်းအာ သဘောပေါက်သွားကာ မျက်နှာကိုပွတ်ရင်း စိတ်ပျက်လက်ပျက်ဆိုသည်..." တုန်းအာ အမြင်မှားတာ ထင်တယ် "

" ကောင်းပြီ " လော့ဟော်အာက စိတ်ကျေနပ်စွာ ခေါင်းညိတ်ကာ လက်လွှတ်ပေးလိုက်သည်။ သို့သော် သူမ မပျော်သေးပေ။

စင်စစ်တွင် သူမက ယီယွင်၏ဒဏ်ရာများကို အလွယ်တကူပင် ကုသပေးနိုင်လိမ့်မည်ဟုသာ ထင်ထားခဲ့သည်။ မမျှော်လင့်စွာဖြင့်ပင် ယီယွင်၏ ဒဏ်ရာများကို ကုသရန်အတွက် စွမ်းအင်များစွာ လိုအပ်ခဲ့ပြီး သူမ ထင်ထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။

လော့ဟော်အာ၏ ခန္ဓာကိုယ်ထဲမှ ကုသရေးစွမ်းအား ၉၀% ခန့်အား ယီယွင်၏ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးခဲ့သည့်တိုင်အောင် မလုံလောက်သေးချေ။ နောက်ဆုံးအခြေအနေတွင် သူမ၏ ဆန်းကြယ်နည်းစနစ်တစ်ခုဖြစ်သည့် ပေါင်းစည်းခြင်းနည်းစနစ် အသုံးပြုပြီး ကုသရေးစွမ်းအားများကို ယီယွင်၏ အသွေးအသားများနှင့် သွေးကြောများထဲသို့ ထည့်သွင်းပေးခဲ့ရသည်။

သို့သော် ပေါင်းစည်းခြင်းနည်းစနစ်က ရုပ်ခန္ဓာကိုယ်ချင်း ထိတွေ့ထားရန် လိုအပ်လေပြီး ဗလာလေဟာနယ်ထဲတွင် လွှဲပြောင်းပေး၍ မရပေ။ လော့ဟော်အာ အားကုန်လာချိန်တွင်မူ နောက်ဆုံးအချိန်၌ ကျရှုံးသွားရခြင်း မဖြစ်စေရန်အတွက် ထိုနည်းလမ်းကို သုံးခဲ့ရသည်။

" ဒီဖားပြုတ်က အတော်ကို ကံကောင်းတယ်။ ဒီကောင်မလေးရဲ့ ပထမဆုံး အပွေ့အဖက်ကို သူ့ကို ပေးလိုက်ရပြီ " လော့ဟော်အာ ဆန်းကြယ်နည်းစနစ်ကို အသုံးပြုခဲ့ချိန်တွင် အခြေအနေက အရေးပေါ်ဖြစ်နေလေသောကြောင့် သေချာစဥ်းစားနိုင်ခြင်း မရှိခဲ့ပေ။ ယခု တွေးကြည့်မှသာ သူမက နစ်နာသည်ဟု ခံစားလိုက်ရပြီး...." ဒါတွေအားလုံးက အမေ့ကြောင့်ပဲ။ ငါ့ကို ဒီလိုမျိုး ဆန်းကြယ်နည်းစနစ်တစ်ခု သင်ထားပေးတာက ငါ့ရဲ့ယောက်ျား ဒါမှမဟုတ် ကလေးတွေကိုပဲ ကုသပေးဖို့အတွက်တော့ မဟုတ်လောက်ဘူးမလား။ ထားလိုက်ပါတော့...နောင်ကျရင် ငါ ဒီဆန်းကြယ်နည်းစနစ်ကို မလေ့ကျင့်တော့ဘူး "

လော့ဟော်အာ တွေးနေရင်းဖြင့် ကျောက်ခဲတစ်တုံးအား လေပေါ်သို့ ကန်လိုက်ပြီး..." ဟုတ်သားပဲ... ငါ အိမ်မွေးခွေးတစ်ကောင်ကို ဖက်တယ်လို့ပဲ သဘောထားလိုက်မယ်။ ငါ ငယ်ငယ်တုန်းက အိမ်ကခွေးကို ဖက်ဖူးတယ်ဆိုတော့ ဒါက ဘာမှမကွာခြားတော့ဘူး "

လော့ဟော်အာက သူမကိုယ်သူမ နှစ်သိမ့်ပေးနေရင်း သူမ၏စိတ်ခံစားချက်များကို တဖြည်းဖြည်းချင်း ငြိမ်သက်သွားစေရန် လုပ်ဆောင်နေခဲ့သည်။

All Chapters