ထပ်မံတိုက်ခိုက်ခြင်း
Vol. 23 Ch. 342
လက်ရှိန်အချိန်၌ ပြိုင်ကွင်းထဲတွင် ယွင်လုံနတ်ပြည်ထောင်နှင့် တိုင်အာနတ်ပြည်ထောင်တို့ အကြားမှ မဟာမိတ်ပြိုင်ပွဲက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ ယွင်လုံနတ်ပြည်ထောင်က အောင်ပန်းဆင်နိုင်တော့မည့်ဟန် ရှိနေလေ၏။
" ငါ အရှုံးပေးတယ် "
လက်ရှိပြိုင်ပွဲ စတင်ရန် ဒိုင်က ကြေညာလိုက်ပြီးနောက် စက္ကန့်အနည်းငယ်ခန့်အကြာတွင် တိုင်အာနတ်မြို့ကို ကိုယ်စားပြုသည့် လူငယ်တစ်ဦးက လက်ထောင်ပြကာ အရှုံးပေးလိုက်လေ၏။
" အရှုံးပေးတာလား။ ထပ်ပြီး အရှုံးပေးတာလား "
တိုင်အာနတ်မြို့မှ ပရိတ်သတ်များ မှင်တက်မိနေကြသည်။
သူတို့ တိုင်အာနတ်မြို့မှ ကျင့်ကြံသူအနည်းစုသည် တိုက်ပွဲမစမီတွင် ပြင်ဆင်မှုများစွာ လုပ်ခဲ့ကြလေ၏။ သူတို့က စင်ပေါ်တွင် အတန်ကြာအောင် အချိန်ဆွဲခဲ့ကြပြီး ဒိုင်က စတင်ရန်ကြေညာပြီး စက္ကန့်အနည်းငယ်ခန့်အကြာတွင်မူ အရှုံးပေးကြလေ၏။
သူတို့ ဘာလုပ်နေကြတာလဲ။
စင်ပေါ်သို့ တက်သွားသူများက မုရုံဖေးအား မယှဥ်နိုင်ကြသည်ကို တိုင်အာနတ်မြို့မှ စစ်သည်များ သိကြသည်။ သူတို့က မုရုံဖေးကို မယှဥ်နိုင်ကြသည်ဖြစ်၍ တွန်းအားပေးနေရန် မလိုအပ်ပေ။ အဘယ့်ကြောင့် သူတို့က စင်ပေါ်သို့တက်ကာ မတိုက်ခိုက်ဘဲ အရှက်ကွဲခံနေရလေသနည်း။
" ဟားဟား... ဒီလောက် အရည်အသွေးမြင့်တဲ့ လိပ်အုပ်စုကို ငု တစ်ခါမှ မတွေ့ဖူးဘူး "
" ငါ ရယ်ပြီးသေရတော့မယ်။ ဒီကောင်တွေက တိုက်ခိုက်ဖို့တောင် မရဲကြဘူး။ မင်းတို့ စင်ပေါ်တက်လာတာက သီချင်းဆိုဖို့လား "
ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များက လှောင်ပြောင်ရယ်မောကြလေ၏။
အစောပိုင်းအချိန်တွင် ယီယွင်က သန်မာလွန်းနေလေသောကြောင့် သူတို့၏ ဒေါသများကို မျိုသိပ်ထားခဲ့ရသည်။ ယခုတွင်မူ ယီယွင် ဒဏ်ရာရသွားကာ မတိုက်နိုင်တော့သောကြောင့် အခြားသူများ စင်ပေါ်တက်လာရသည်။ သူတို့အဖို့ တိုင်အာနတ်မြို့မှ စစ်သည်များကို လှောင်ပြောင်ရယ်မောကာ ဒေါသများ ဖွင့်ချနိုင်ခဲ့ကြသည်။
" မင်းတို့ တိုင်အာနတ်ပြည်ထောင်မှာ သန်မာတဲ့သူက တစ်ယောက်ပဲရှိတယ်။ ငါတို့ ယွင်လုံနတ်ပြည်ထောင်မှာကတော့ သန်မာတဲ့သူတွေ အဖွဲ့လိုက်ရှိတယ်။ ဖုန်းလင် ၊ ပိုင် ၊ မုရုံဖေး... အားလုံးက သန်မာကြတယ် "
ယွင်လုံနတ်ပြည်ထောင်မှ လူတစ်ဦးက ကျယ်လောင်စွာ အော်လိုက်လေသည်။
မုရုံဖေး ထိုစကားကိုကြားကာ အလွန်ဝမ်းသာသွားသည်။ ထိုသူက သူ၏အမည်ကို ဖုန်းလင် ၊ ပိုင်တို့နှင့် တစ်တန်းထားကာ ပြောသွားခဲ့ချေသည်။
မုရုံဖေးက ရက်စက်စွာတိုက်ခိုက်ကာ တစ်ကိုယ်တော် နှိပ်စက်ပြမည်ဟု စီစဥ်ထားသော်လည်း တိုင်အာနတ်မြို့မှ စစ်သည်များက ဆက်တိုက်ပင် အရှုံးပေးနေကြလေသောကြောင့် သူ လုပ်မရဖြစ်နေသည်။ သို့သော် သူ စင်မြင့်ပေါ်တွင် တစ်ယောက်တည်း ရပ်နေပြီး တိုင်အာနတ်မြို့မှ စစ်သည်များကို အထက်စီးမှကြည့်ကာ ပွဲခံနေရသည်မှာ ခံစားရကောင်းလေ၏။
" ဝမ်ယွီ... နင်က နောက်ဆုံးပဲ။ နင် တတ်နိုင်သလောက် အချိန်ဆွဲပေးနော်။ ဒုတိယမြောက် အမွေးတိုင် လောင်နေတာ တစ်ဝက်ကျိုးနေပြီ။ မကြာခင်မှာ ယီယွင် ပြန်လာလောက်တော့မယ် " ချူရှောင်းရန်က ယီယွင်ကို ယုံကြည်သည်။ ယီယွင်က ဒဏ်ရာများ မသက်သာသေးလျှင်ပင် ချိန်းထားသည့်အချိန်တွင် အမီပြန်ရောက်လာမည်ဟု သူမက ယုံကြည်ထားသည်။
" အင်း " ဝမ်ယွီ ခေါင်းညိတ်လိုက်၏။
" အာ...မိန်းမလှလေး။ မင်း ငါနဲ့တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ဦးမလား။ ဒါမှမဟုတ် မင်းက အခြားသူတွေလိုပဲ အရှုံးပေးသွားမှာလား " မုရုံဖေးက လှောင်ပြုံးပြုံးကာ..." ငါ မင်းနဲ့တိုက်ခိုက်ရင် ညင်သာပေးမှာပါ။ စိတ်မပူပါနဲ့ "
မုရုံဖေး၏ စကားများ သရော်ဟန်အပြည့်ပင်။
ဝမ်ယွီ မျက်နှာပျက်သွားပြီး စကားမဆိုပေ။ သူမက လက်နက်ကို ပြုပြင်နေရင်း စင်ပေါ်သို့တက်ရန် ပြင်ဆင်နေသည်။
" ကြာကြာ ပြုပြင်နော်။ မင်းတို့တွေ ဘာလုပ်နေတယ်ဆိုတာကို ငါ မသိဘူးလို့ မထင်လေနဲ့။ မင်းတို့တွေက တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်လာပြီး ရှုပ်ထွေးအောင်လုပ်နေတာက အချိန်ဆွဲဖို့ ကြိုးစားနေကြတာလား။ ဟားဟားဟား... သတ္တိကြောင်တဲ့ ယီယွင်က မိန်းမတွေကို ဒိုင်းအဖြစ် အသုံးချနေတာပါ့လား။ နှမြောဖို့ကောင်းတာက မင်းတို့တွေ ဘယ်လောက်အထိ အချိန်ဆွဲနိုင်မှာတဲ့လဲ။ မင်းတို့တွေ နောက်ထက် ဆယ့်ငါးမိနစ် ၊ မိနစ်နှစ်ဆယ်လောက် အချိန်ဆွဲနိုင်တော့ရော ဘာဖြစ်မှာမလို့လဲ။ ရလဒ်က ပြောင်းလဲမှာမဟုတ်ဘူး " မုရုံဖေးက အေးစက်စက် ပြုံးလိုက်သည်။
တိုင်အာနတ်မြို့မှ စစ်သည်များ၏ စိတ်ဓာတ်ကျမှု ၊ ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များ၏ လှောင်ပြောင်မှု ၊ မုရုံဖေး၏ ကောက်ကျစ်သော အကြည့်များကြောင့် ဝမ်ယွီမှာ ဖိအားမျိုးစုံကို ခံစားနေရလေ၏။
ဝမ်ယွီ အရာအားလုံး ပြင်ဆင်ပြီးကာ စင်ပေါ်သို့ တက်တော့မည့်အချိန်တွင် အသံပို့လွှတ်မှုတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်..." အဆင်ပြေသွားပြီ။ ဒီကိစ္စတွေကို ငါနဲ့ လွှဲထားလိုက်တော့ "
ဝမ်ယွီ ခြေလှမ်းများ ရပ်သွားကာ လှည့်ကြည့်လိုက်သည်။ သူမ၏နောက်သို့ ယီယွင် ဘယ်အချိန်က ရောက်လာကြောင်းကို သူမ မသိခဲ့ပေ။
ယီယွင်၏အဝတ်များက သွေးစွန်းနေဆဲသာဖြစ်ပြီး အမွေးတိုင်နှစ်တိုင်ထွန်းစာ အချိန်အတွင်း၌ ယီယွင် မည်သည့်အရာများ လုပ်နေကြောင်းကို မည်သူကမျှ မသိကြပေ။
ဝမ်ယွီ အာရုံခံကြည့်လိုက်သော်လည်း ယီယွင်ထံမှ မည်သည့်ယွမ်ချီကိုမျှ မခံစားမိချေ။
" စီနီယာယီ... " ဝမ်ယွီ တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ယီယွင်က နတ်အရိုင်းမြေစင်မြင့် အလယ်သို့ လျှောက်သွားကာ မုရုံဖေး၏ရှေ့တွင် ရပ်လိုက်သည်။
" ယီယွင် ရောက်လာပြီ " ချူရှောင်းရန် ပင့်သက်ချလိုက်၏။ ယီယွင်က ချိန်းထားသည့်တိုင်း အမှန်ပင် အချိန်ကိုက်ရောက်လာသညိ။ ထိုသို့သာမဟုတ်ပါက သူမ မည်သို့ဆက်လုပ်ရမည်မှန်းပင် မသိတော့ချေ။
ယီယွင် မည်သည့်အရာများ လုပ်နေကြောင်းကို ချူရှောင်းရန် မသိပေ။ သူမ၏ ကျိုးကြောင်းစဥ်းစားနိုင်စွမ်းကမူ ဤမျှအချိန်တိုအတွင်း၌ ယီယွင်၏ဒဏ်ရာများ သက်သာလာရန်မှာ မဖြစ်နိုင်ဟု ပြောနေသော်လည်း သူမကမူ ယီယွင်က အံ့ဩဖွယ်ရာတစ်ခု ဖန်တီးနိုင်မည်ဟု ထင်နေဆဲပင်။
" ယီယွင်...နောက်ဆုံးတော့ မင်း ထွက်လာပြီလား။ ငါက မင်း ထွက်မလာရဲတော့ဘူးလို့ ထင်နေတာ " မုံရုံဖေးက ယီယွင်ကိုကြည့်ကာ ပြုံးလိုက်သည်။
ယီယွင် ပေါ်လာပြီဖြစ်၍ မုရုံဖေး သရုပ်ပြရန် အချိန်ကျပေပြီ။ သူက ဤတိုက်ပွဲကို မျှော်နေခဲ့ရ၏။ ဤနှစ်များတွင် သူက ဖုန်းလင်နှင့် ပိုင်တို့၏ လောင်းရိပ်အောက်သို့ ရောက်နေခဲ့ရသည်။ သူက ကျော်ကြားခြင်းမရှိသော်လည်း သူ၏စွမ်းအားကိုမူ အလွန်ပင် ယုံကြည်ချက်ရှိသည်။ သူ့ကိုယ်သူအား သက်သေပြရန် အခွင့်အရေးတစ်ခုသာ လိုအပ်နေသည်။
အားကုန်နေသည့် ထင်ပေါ်ကျော်ကြားသော ယီယွင်က သူ့အတွက် အကောင်းဆုံးခြေနင်းတုံးတစ်ခု ဖြစ်လာပေလိမ့်မည်။
ယီယွင်က အချိန်တိုအတွင်း ပြန်ကောင်းလာမည်မဟုတ်ကြောင်း သိနေသည့်တိုင်အောင် မုရုံဖေးကမူ ဘေးကင်းစေရေးအတွက် ယီယွင်၏ယွမ်ချီကို စစ်ဆေးကြည့်ခဲ့သည်။ သို့သော် သူ မည်သည့်အရာကိုမျှ ထောက်လှမ်းမိခြင်းမရှိပေ။
မုရုံဖေး၏ ရည်ရွယ်ရင်းကို သဘောပေါက်သွားသော ယီယွင်က နှုတ်ခမ်းမဲ့လိုက်သည်။ သူ၏ယွမ်ချီများကို စုစည်းပြီးသည်မှာ ကြာခဲ့ချေပြီ။ ခရမ်းရောင်သလင်းကျောက်ကြောင့် ယီယွင်၏ ယွမ်ချီထိန်းချုပ်မှုက အလွန်ကောင်းသည်။ သူ၏ယွမ်ချီများကို စုစည်းထားချိန်တွင် မုရုံဖေးအဖို့ မည်သည့်အရာကိုမျှ အာရုံခံမိခြင်းမရှိပေ။
ထိုကောင်သာ မြင်သွားမည်ဆိုလျှင် မည်သို့များ တိုက်ခိုက်ပါတော့မည်နည်း။
ယီယွင်က သဘောထားကြီးတတ်သူ မဟုတ်ပေ။ ရန်သူများနှင့် ရင်ဆိုင်လာရလျှင် သူသည် နောက်ကျောအား ဓားနှင့်ထိုးရန်လည်း ဝန်လေးနေမည်မဟုတ်ပေ။
" ဟဲဟဲ " မုရုံဖေးက ယီယွင်၏ယွမ်ချီကို အာရုံခံမိခြင်းမရှိ၍ စိတ်သက်သာရာ ရသွားလေ၏။ သူ မသမာစွာပြုံးကာ သရော်လိုက်သည်..." ယီယွင်... မင်းက ဆေးဝါးအချို့ ကျိတ်ပြီးစားဖို့အတွက် တစ်ချိန်လုံး အချိန်ဆွဲနေခဲ့တာလား။ ဆေးက အာနိသင်ရှိရဲ့လား "
ယီယွင်က ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်သည်..." မဆိုးပါဘူး။ ကျွမ်းကျင်သူတွေကို ရင်ဆိုင်ဖို့က မလုံလောက်ပေမဲ့ ကြောင်လေးတွေ ခွေးလေးတွေကိုတော့ ရင်ဆိုင်လို့ရပါတယ်။ အထူးသဖြင့် အစွမ်းအစမရှိဘဲ အရှက်မဲ့နေသူတွေကို ရင်ဖို့ဆိုရင် ဘာပြဿနာမှမရှိဘူး "
မုရုံဖေး မျက်နှာပျက်သွားကာ..." သေချင်နေတာပဲ "
မုရုံဖေး၏ ယွမ်ချီများ ပေါက်ကွဲထွက်လာကာ ကျောဘက်တွင် ကျားသစ်ပုံစံ ရှုထောင့်ပုံရိပ် ပေါ်လာသည်။
မုရုံဖေးက အစွမ်းအစအချို့ ရှိလေသည်။ ထိုရှုထောင့်ပုံရိပ်က ရွှေကျားသစ် ဖြစ်လေပြီး ခုခံနိုင်စွမ်းက အလွန်အားကောင်းကာ ရင်ဆိုင်ရမလွယ်ပေ။ ရွှေကျားသစ်ကို ရှုထောင့်ပုံရိပ်အဖြစ် ရထားခြင်းသည် မုရုံဖေးက နတ်အရိုင်းမြေထဲတွင် လေ့ကျင့်မှုများပြီး ပျက်စီးခြင်းသားရဲများစွာကို ကိုယ်တိုင် သတ်ဖြတ်ဖူးသည်ဟု သက်သေပြနေလေ၏။
" အဲ့ဒီကောင်လေးကို သတ်ပစ်လိုက် သခင်လေးမုရုံ "
မုရုံမိသားစု၏ မိသားစုခွဲများမှ လူများက မုရုံဖေးကို အားပေးကြလေ၏။ မုရုံမိသားစုက ယွင်လုံနတ်ပြည်ထောင်တွင် ထိပ်တန်းမိသားစုကြီးများထဲမှ မိသားစုတစ်ခု ဖြစ်လေသောကြောင့် ပရိတ်သတ်များထဲတွင် မုရုံမိသားစုကို ထောက်ခံအားပေးသူများ များစွာပင်ရှိသည်။
မုရုံဖေး၏စွမ်းအင်များ အဆုံးစွန်အဆင့်အထိ မြင့်တက်သွားပြီး တိုက်ကွက်ဖော်ရန် ပြင်လိုက်စဥ်တွင် ယီယွင်က ရုတ်တရက် တိုက်ခိုက်လာသည်။
ယီယွင်က ဓားကွက်သုံးခု ထုတ်ဖော်လိုက်သည်။ ဓားကွက်သုံးခုထဲတွင် သန့်စင်ယန်ဓားနန်းတော်၏ ဓားဆန္ဒ ၁၀% ပါဝင်လေ၏။
ဝှစ်...ဝှစ်...ဝှစ်...။
ဓားကွက်သုံးခုက လေထုအား ပိုင်းဖြတ်ကာ မုရုံဖေးကို ခုတ်ပိုင်းလေသည်။ ဓားကွက်သုံးခုက မုရုံဖေး ထုတ်လွှတ်ထားသည် ရှုထောင့်ပုံရိပ်ကို ခုတ်ပိုင်းသွားလေ၏။
ရွှတ်...။
ဓားကွက်များက ရှုထောင့်ပုံရိပ်ကို ခုတ်ပိုင်းပြီးနောက် အရှိန်အဟုန်များ လျော့မသွားဘဲ မုရုံဖေးဆီသို့ ဆက်လက်ပျံသန်းသွားသည်။
" ဘယ်လို "
မုရုံဖေး ကြီးစွာထိတ်လန့်သွားလေ၏။ သူ့တွင် အစွမ်းအစအချို့ ရှိလေသောကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချိန်သားကိုက် တုန့်ပြန်နိုင်ခဲ့သည်။ သူ နောက်သို့ခုန်ဆုတ်သွားပြီး ဓားကိုယမ်းကာ ဓားအလင်းသုံးခုကို ခုခံလိုက်သည်။
သို့သော် မုရုံဖေး၏ဓားက ဓားအလင်းများနှင့် ဆုံတွေ့မိချိန်တွင် သတ္တုကျိုးပဲ့သံ ထွက်ပေါ်လာသည်။ ဓားအလင်းသုံးခုနှင့် ဆုံတွေ့ချိန်၌ မုရုံဖေး၏ဓား ကျိုးသွားရလေ၏။
မုရုံဖေး၏လက်ဝါး စုတ်ပြဲသွားက လက်မောင်းတစ်ခုလုံး ထုံကျဥ်သွားလေသည်။ မုရုံဖေး၏မျက်နှာတွင် ဖော်မစွမ်းနိုင်သော ထိတ်လန့်မှုများ ဖြစ်ပေါ်လာ၏။
အဘယ်သို့ဖြစ်၍ ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းမျိုး ရှိနေရလေသနည်း။ ထိုဓားအလင်းက သူ၏လက်ထဲမှ ဓားကိုပင် ချက်ချင်းကျိုးကြေသွားစေခဲ့သည်တဲ့လား။
ဓား ကျိုးသွားချိန်တွင် မုရုံဖေးမှာ ခုခံနိုင်စွမ်းမရှိတော့ပေ။ ဓားအလင်းသုံးခုက မုရုံဖေး၏ ယွမ်ချီအကာအကွယ်ကို ထိုးဖောက်ကာ အသားကို ဖောက်ဝင်သွားလေ၏။
မုရုံဖေး၏ ရင်ဘက်နှင့်ဝမ်းဗိုက်တို့အား ဓားအလင်းတစ်ခုစီ ဖောက်ဝင်သွားကာ သွေးများပြန့်ကျဲသွားသည်။ တတိယဓားအလင်းက သူ၏လက်မောင်းကို ခုတ်ဖြတ်သွားလေ၏။
မုရုံဖေး သွေးပျက်စွာအော်ကာ မြေပြင်သို့ လဲကျသွားလေသည်။ သူ၏လက်မောင်း လွင့်သွားသည်ကို တပ်အပ်မြင်ခဲ့ရလေ၏။ ယင်းက မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုပင်။
" ငါ့လက်မောင်း "
မုရုံဖေး၏မျက်နှာ ဖြူလျော်နေ၏။ စစ်သည်တစ်ဦးအတွက် လက်အား အခုတ်ခံရလျှင်ပင် လက် မပျက်စီးသရွေ့ သွေးကြောများ ပြန်ဆက်နိုင်သေးသည်။ သို့သော် လက်ပြန်ဆက်ကာ အပြည့်အဝသက်သာရန်အတွက်မူ နှစ်ဝက်ခန့် ကြာပေလိမ့်မည်။
ထို့အပြင် သူ၏ရင်ဘက်နှင့် ဝမ်းဗိုက်တို့လည်း ထိုးဖောက်ခံထားရလေ၏။ မုရုံဖေးအဖို့ ပြန်လည်သက်သာရန် တစ်နှစ်တင်းတင်းခန့် ကြာပေလိမ့်မည်။ သူ၏ဒဏ်ရာများက မုရုံကွမ်းထက်ပင် ပိုဆိုးလေသည်။
" မုရုံဖေး "
ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်များ လုံးဝပင် တုန်လှုပ်နေကြ၏။ မည်သည့် အခြေအနေမျိုးပေနည်း။ အစောပိုင်းက ယီယွင် ယွမ်ချီကုန်ခမ်းနေကာ ဆက်လက်၍ မဟန်နိုင်တော့ပုံဖြစ်နေသည်မှာ အရှင်းသားပင်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုကောင် ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းကို ထုတ်လွှတ်ခဲ့သည်တဲ့လား။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ယီယွင်က မုရုံဖေးကို သေလုမြောပါးဖြစ်သည်အထိ ဒဏ်ရာအပြင်းအထန်ရအောင် ခုတ်ခဲ့ချေ၏။
" ယီယွင် ၊ ဒီကောင်..."
ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်များက ယီယွင်အား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ယီယွင်၏ အသက်ရှုနှုန်းက နက်ရှိုင်းကာ တိတ်ဆိတ်သည်ကို သူတို့ မြင်လိုက်ရသည်။ သူ၏ လက်တစ်ဖက်စီတွင် ဓားနှင့်ဓားမောက်အား ကိုင်ထားလေ၏။ နတ်အရိုင်းမြေစင်မြင့်ထက်တွင် သူ၏ခန္ဓာကိုယ်က လှံတံတစ်ချောင်းပမာ မားမားမတ်မတ်ရပ်နေသည်။
ယီယွင်၏ခန္ဓာကိုယ်တွင် ယွမ်ချီလှုပ်ခတ်မှုကို မတွေ့ချေ။ သို့သော် အမျိုးအမည်မသိရသော အကြောင်းအရင်အချို့ကြောင့် ယီယွင်အား ကြည့်ရသည်မှာ ဝပ်နေသော ရှေးဦးမျိုးစိတ်တစ်ကောင်နှင့် ဆင်တူနေလေသည်။ ယင်းကြောင့် ကြီးစွာသော စိုးရိမ်ထိတ်လန့်မှု ဖြစ်ရလေသည်။
ဤကောင်က ပိုင်နှင့် အကွက်ပေါင်းရာချီကာ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည့်သူ ဖြစ်လေသလော။
ဖြစ်နိုင်တာက...။
လူအများက တစ်ခုတည်းသော ဖြစ်နိုင်ခြေကို တွေးမိသွားကာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ထိုဖြစ်နိုင်ခြေက ယီယွင် ဒဏ်ရာများ ပျောက်ကင်းသွားခြင်းပင်။
ထိုအတွေးကြောင့် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များ မွန်းကျပ်သွားရလေ၏။ မိုးနတ်မင်းရေ... ယီယွင် ထွက်သွားခဲ့တဲ့ ခုနစ်မိနစ် ၊ ရှစ်မိနစ်အတွင်းမှာ ဘာတွေဖြစ်သွားတာလဲ။