ပွဲပြီးမီးသေ
Vol. 23 Ch. 343
" ဒီကောင်လေး အပြည့်အဝ သက်သာသွားပြီလား "
ခန်းယန်က ယီယွင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ သူသည် ယီယွင် မည်သည့်အရာအား လုပ်ခဲ့ကြောင်းကို မတွေးတတ်ပေ။ ရှစ်မိနစ်ခန့်အတွင်းမှာပင် ယီယွင်က အားပြည့်လန်းဆန်းစွာ ပြန်လာသည်မှာ သာမန်အတွေးအမြင်များကို ဆန့်ကျင်နေချေ၏။
သူက တိုင်အာနတ်မြို့၏ မြို့သခင်အား မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်လေပြီး မြို့သခင်က ယီယွင်အား အတွေးများစွာဖြင့် ကြည့်နေသည်ကို သတိပြုမိသွားခဲ့သည်။ မြို့သခင် မည်သည့်အရာအား တွေးနေကြောင်းကို ခန်းယန် မသိပေ။
ယီယွင်က နတ်အရိုင်းမြေစင်မြင့်ပေါ်တွင် လက်တစ်ဖက်စီ၌ ဓားနှင့်ဓားမောက် ကိုင်ထားလျက်ရှိပြီး စင်မြင့်အောက်ဘက်ရှိ ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များကို ငုံ့ကြည့်နေသည်။
လက်ရှိအချိန်၌ ယီယွင်၏ခန္ဓာကိုယ်တွင် သွေးများလွှမ်းနေ၏။ ထိုသွေးများက သူနှင့် သူ၏ပြိုင်ဘက်တို့ထံမှ ဖြစ်သည်။ သူ၏အဝတ်များက စုတ်ပြဲနေသော်လည်း အောင်ပွဲနှင့်အတူ ပြန်လာခဲ့သည့် ဘုရင်တစ်ပါးက ပြည်သူများကို ငုံ့ကြည့်နေသကဲ့သို့ အရှိန်အဝါမျိုး ပေးစွမ်းနေလေသည်။
" ဘယ်သူ လာချင်သေးလဲ " ယီယွင်က မေးလိုက်သည်။ သူက မအော်ခဲ့သော်လည်း အသံတွင် စွမ်းအားများစွာ ပါဝင်နေလေ၏။ ထိုအသံက ပြိုင်ကွင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားရန် လုံလောက်လေသည်။
" ဘယ်သူ လာချင်သေးလဲ " "ဘယ်သူ လာချင်သေးလဲ " " ဘယ်သူ လာချင်သေးလဲ "
ယီယွင်၏မေးခွန်းကြောင့် ပရိတ်သတ်များ အသက်ရှုမှားသွားရသည်။
ကြောက်စရာကောင်းလှချေသည်။
ဓားတစ်လက်နှင့် ဓားမောက်တစ်လက် ကိုင်ထားသည့် လူတစ်ဦးက ယွင်လုံနတ်ပြည်ထောင်မှ မိုးကောင်းကင်က ချီးမြောက်ထားသည့် ကလေးငယ် ၁၅ ဦးကို တိုက်ခိုက်နိုင်နေချေ၏။
ယွင်လုံနတ်ပြည်ထောင်၏ ဤမျိုးဆက်တွင် ပါရမီရှင်များပြည့်နေပြီး ထိုပါရမီရှင်များကို လွန်ခဲ့သော ရာစုနှစ်များတွင် မမြင်တွေ့ခဲ့ရဖူးပေ။
ထိုသို့သာမဟုတ်လျှင် ယွင်လုံနတ်ပြည်ထောင်မှ ခုနစ်စင်ကြယ်စေတီပိုင်ရှင်က လူငယ်မျိုးဆက်များကို ယှဥ်ပြိုင်စေပြီး ထိုင်ခုံနေရာများကို ဆုံးဖြတ်ကြမည်ဟု ကမ်းလှမ်းလာမည်မဟုတ်ပေ။
သို့သော် လက်ရှိအခြေအနေတွင်မူ ယွင်လုံနတ်ပြည်ထောင်မှ မိုးကောင်းကင်က ချီးမြောက်ထားသည့် မည်သည့်ကလေးငယ်ကမျှ ယီယွင်၏ စိန်ခေါ်မှုကို လက်ခံရဲကြခြင်းမရှိပေ။
လက်ရှိတွင် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များ လုံးဝတိတ်ဆိတ်နေကြ၏။ အဖွဲ့စုံပြိုင်ပွဲကတွင် သူတို့ ယီယွင်နှင့် ရင်ဆိုင်ရချိန်၌ လူသားအသွင် ရှေးဦးသားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်ပမာ ဖြစ်နေလေသည်။
ယီယွင်၏ ခွန်အား ၊ ခံနိုင်ရည် ၊ နာကျင်မှုခံနိုင်စွမ်းတို့က အံ့မခန်းဆန်လှသည်။ သူက ချန်းရွှေကို အလွယ်တကူ အနိုင်ယူခဲ့သည်သာမက ဖုန်းလင်နှင့် ပိုင်တို့ကိုလည်း ပြင်းထန်စွာတိုက်ခိုက်ကာ အနိုင်ယူခဲ့လေသည်။ ယီယွင် အကန့်အသတ်သို့ ရောက်ရှိနေချိန်တွင် အခွင့်အရေးယူရန် ကြိုးစားခဲ့သည့် မုရုံမိသားစုဝင်နှစ်ဦးကိုလည်း အနိုင်ယူခဲ့ချေ၏။
ယီယွင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ဦးကြောင့် သူတို့ ရုန်းကန်ကာ သတ္တိမွေးနေရလေသည်။ ယီယွင်တွင် စွမ်းအားပမာဏ အဆုံးမရှိ ရှိနေပုံပင်။ ယင်းကြောင့် လူအများ စိတ်ပျက်အားငယ်ကြရ၏။ ယီယွင်ကို ရိုက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
လက်ရှိတွင် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များက တစ်ဦးနှင့်တစ်ဦး ကြည့်နေကြသော်လည်း မည်သူကမျှ စင်ပေါ်တက်ရဲကြခြင်း မရှိပေ။ လူသားအသွင် ရှေးဦးသားရဲတစ်ကောင်နှင့် တိုက်ခိုက်ခြင်းသည် သေချင်နေခြင်းသာ မဟုတ်ပေလော။ မုရုံညီနောင်က အကောင်းဆုံးဥပမာတစ်ခု ဖြစ်ချေသည်။
အထူးသဖြင့် မုရုံဖေး၏ ဒဏ်ရာများက မုရုံကွမ်းထက် ပိုဆိုးလေ၏။ သူ၏ခန္ဓာကိုယ်တွင် အပေါက်နှစ်ခု ကျန်ရစ်ခဲ့ကာ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရလေ၏။ မုရုံဖေး၏ ပါရမီက တစ်ဆင့်နိမ့်ကျသွားရချေပြီ။
ထိုမျှတန်ကြေးကြီးနေပေရာ မည်သူကများ ယီယွင်နှင့် တိုက်ခိုက်ရဲပါတော့မည်နည်း။
" ယွင်လုံနတ်ပြည်ထောင်... ဘယ်သူက ယီယွင်နဲ့ တိုက်ခိုက်ချင်လဲ " ဒိုင်က မေးလိုက်သည်။
ပရိတ်သတ်အားလုံးက ယွင်လုံနတ်ပြည်ထောင်မှ လက်ကျန်ကိုးယောက်ကို ကြည့်လိုက်ကြလေ၏။ ထိုကိုးယောက်က အာရုံစိုက်စရာ ဆုံမှတ်တစ်ခု ဖြစ်သွားရလေသည်။ သို့သော် လက်ရှိအချိန်၌ အာရုံစိုက်စရာဆုံမှတ် ဖြစ်နေရသည်မှာ ခံစားချက်မကောင်းလှပေ။
မူလက အခြားသူများ အရှုံးပေးခဲ့ကြသည်ကို အရှက်ခွဲခဲ့ကြသည့် သူတို့သည် လက်ရှိတွင်မူ မတိုက်ခိုက်ရဲတော့သည့် အမျိုးအစားထဲတွင် ပါနေကြလေ၏။ ယင်းက ပို၍ပင် ရှက်ဖွယ်ကောင်းသည်။
လူအားလုံး၏ အကြည့်စူးစူးများနှင့် ရင်ဆိုင်ရချိန်၌ ကိုးယောက်လုံးမှာ အပ်ထိပ်ဖျားတွင် ထိုင်နေမိသည့်ပမာ ဖြစ်နေရလေ၏။ အဖွဲ့စုံပြိုင်ပွဲတွင် ပါဝင်မိသည်ကို သူတို့ အမှန်တကယ်ပင် နောင်တရမိသည်။ သူတို့သည် တစ်ကြိမ်ပင် တိုက်ခိုက်ရခြင်းမရှိခဲ့ပေ။
ဆယ်ကျော်သက်ပြိုင်ပွဲတွင် သူတို့က သန်မာလွန်းသောကြောင့် မတိုက်ခိုက်ခဲ့ရပေ။ အဖွဲ့စုံပြိုင်ပွဲတွင်လည်း သူတို့က အားနည်းနေခြင်းကြောင့် မတိုက်ခိုက်ရချေ။
ထိုကိုးယောက်က ယီယွင်နှင့် ပရိတ်သတ်များ၏ အကြည့်များကို ရှောင်လွှဲထားသည်။ သူတို့က တိုက်ပွဲကို စွန့်လွှတ်လိုက်ကြကြောင်း သိသာလေသည်။
ထိုကိုးယောက်က တိုက်ပွဲအား စွန့်လွှတ်လိုက်သည်ကို ကြည့်နေရင်းဖြင့် ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲများမှာ စိတ်ဆိုးခြင်းနှင့် နှမြောခြင်းများ ဖြစ်နေကြရလေ၏။ သို့သော် ယီယွင် အပြည့်အဝ ပြန်သက်သာလာလေသောကြောင့် ထိုကိုးယောက်အဖို့ အရိုက်အနှက်ခံရခြင်း ရလဒ်ဖြင့်သာ အဆုံးသတ်ရမည်ကို သူတို့ သိကြသည်။
ဖျောင်း...။
ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲတစ်ဦးက ပေါင်ကိုရိုက်လိုက်သည်။ တိုင်းပြည်အတွင်းမှ လူအားလုံးကို လူတစ်ဦးတည်းက အနိုင်ယူသွားသည်မှာ ဒေါသထွက်စရာပင်။
ယွင်လုံနတ်ပြည်ထောင်မှ ပရိတ်သတ်များကမူ မည်သည့်ခံစားချက်မျှ မရှိကြတော့ပေ။ ယီယွင်က ဖုန်းလင်နှင့် ပိုင်ကို ဆက်တိုက်အနိုင်ယူခဲ့စဥ်က သူတို့၏ ဒေါသများကို ချိုးနှိမ်ထားခဲ့ရသည်။ ယခုတွင်မူ ထိုဒေါသများ ပျောက်ကွယ်သွားချေပြီ။
မူလက သူတို့သည် ယွင်လုံနတ်ပြည်ထောင်မှ ပါရမီရှင်များက ယီယွင်ထက် အနည်းငယ်သာ အားနည်းလေပြီး အရေအတွက်အားဖြင့် သာလွန်သည်ဟု သူတို့ ပြောလိုခဲ့ကြသည်။ သို့သော် အရေအတွက်များသည့် ထိုပါရမီရှင်များကို ယီယွင်တစ်ဦးတည်းက အနိုင်ယူခဲ့သည်ဖြစ်ရာ မည်သည်ကိုများ ပြောရပါဦးမည်နည်း။
" ဒါဆိုရင် အဖွဲ့စုံပြိုင်ပွဲရဲ့ ချန်ပီယံက တိုင်အာနတ်ပြည်ထောင်လို့ ကျုပ် ကြေညာတယ် " နတ်အရိုင်းမြေစင်မြင့်ပေါ်မှ ဒိုင်က စိတ်လှုပ်ရှားစွာ ကြေညာလိုက်လေသည်။ တိုင်အာနတ်မြို့၏ ဥပဒေထိန်းတစ်ဦးဖြစ်သည့် သူသည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
ဒိုင်၏ကြေညာချက်ကြောင့် တိုင်အာနတ်ပြည်ထောင်မှ စစ်သည်များ အရိုင်းဆန်စွာ စတင်အော်ဟစ်ကြလေသည်။
" ယီယွင်... ယီယွင် "
ဥအဒေထိန်းများ တားမထားပါက သူတို့သည် စင်ပေါ်သို့ပြေးတက်ကာ ယီယွင်ကို လေပေါ်သို့ မြောက်ပစ်ကြပေလိမ့်မည်။ ဤအောင်ပွဲက သေချာပေါက်ပင် မလွယ်ကူခဲ့ပေ။
တိုက်ပွဲများက ပြင်းထန်ခက်ခဲခဲ့လေ၏။ တိုက်ပွဲအားလုံးနီးပါးကို ယီယွင် တစ်ဦးတည်းသာ တိုက်ခိုက်ခဲ့ရသည်။ ယီယွင်က စွမ်းအားအကုန် အသုံးပြုသည်အထိပင် အားစိုက်ထုတ်ခဲ့ရလေ၏။
" သူ နိုင်သွားပြီ "
ချူရှောင်းရန် ပင့်သက်ချလိုက်၏။ သူမက ယီယွင်ကို လေးစားခြင်းနှင့် သိလိုခြင်းများ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်လေသည်။ ယီယွင်က သူမကို အချိန်ဆွဲထားရန် ပြောခဲ့စဥ်က သူမသည် ယီယွင် အချိန်တိုအတွင်း အထွတ်အထိပ်အခြေအနေအထိ ပြန်သက်သာလာလိမ့်မည်ဟု ယုံကြည်မထားခဲ့ပေ။
ယီယွင် မည်သည့်အရာကို လုပ်ခဲ့လေသနည်း။
" စီနီယာအစ်ကိုယီက အံ့ဩစရာပဲ "
ယီယွင် နတ်အရိုင်းမြေစင်မြင့်ပေါ်မှ ဆင်းလာခဲ့ချိန်တွင် တိုင်အာနတ်မြို့၏ ပြိုင်ပွဲဝင်များဖြစ်သည့် ဝမ်ယွီနှင့် ဂျူနီယာများ သူ့ဆီသို့ အုံလာကြကာ ဂုဏ်ပြုစကားဆိုကြသည်။
သူတို့ အပျော်လွန်သော အမူအရာများဖြစ်နေပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဤပြိုင်ပွဲတွင် အိမ်ဖြည့်ပေးရုံသာ ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် စင်ပေါ်သို့ တက်ခဲ့ရလေသည်။ ယင်းက အကြောင်းအရင်းမဲ့ တက်သွားကြခြင်း မဟုတ်လေဘဲ ယီယွင်အတွက် အချိန်ဆွဲပေးကြခြင်း ဖြစ်လေသည်။
ဂျူနီယာများ၏ နှစ်နှစ်ကာကာ အပြုံးများကို မြင်ရချိန်တွင် ယီယွင် ပူပင်မှုများ ပြေလျော့သွားရလေ၏။ သူက ပြုံးကာ..." ငါတစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ပါဘူးကွာ "
ယီယွင်က တစ်စုံတစ်ယောက်ကို ရည်ရွယ်ကာ ဆိုလိုက်ခြင်းဖြစ်သော်လည်း ဂျူနီယာများကမူ နားမလည်ကြပေ။ ယီယွင်က သူတို့အား ရည်ညွှန်းသည်ဟုသာ ထင်မိသွားကြလေ၏။
သူတို့က ကြွားဝါသည်ကို နှစ်သက်ကြသော်လည်း လက်ရှိအချိန်တွင်မူ မျက်နှာကောင်းယူလိုစိတ် မဖြစ်ကြပေ။ သူတို့က ခေါင်းများကုတ်ပြီး ရှက်ကိုးရှက်ကန် ဆိုလိုက်ကြသည်..." စီနီယာယီက နှိမ့်ချလွန်းနေပြန်ပါပြီ။ ငါတို့က ဘာမှမလုပ်ခဲ့ရလုနီးပါးပဲလေ "
ယီယွင် ပြုံးကာ ရှင်းပြခြင်းမပြုခဲ့ပေ။ လော့ဟော်အာက ထိုကိစ္စအား ထုတ်ဖော်ကြေညာလိုခြင်းမရှိကြောင်းကို သူ သိသည်။
သူ ပရိတ်သတ်စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည့် အနီရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမက လက်ရမ်းပေါ်တွင် တံတောင်တင်ကာ မေးဖျားကို လက်ထောက်ထားလေ၏။
ထိုမိန်းကလေးက လော့ဟော်အာဖြစ်ပြီး သူမ၏နံဘေးတွင် တုန်းအာ ရှိနေလေသည်။
" ဟမ့်... ဒီကောင် သွေးနားထင်ရောက်ပြနေတယ်။ ငါသာ မရှိရင် ဒီကောင် မြောက်ကြွကြွလုပ်နိုင်မှာမဟုတ်ဘူး " လော့ဟော်အာက စိတ်ဆိုးသည့်ပုံစံနှင့် ဆိုလိုက်သည်။ သူမက ကြွားဝါတတ်သည့် လူစားမျိုးဖြစ်သော်လည်း မိသားစု၏လျှို့ဝှက်ချက်ကြောင့် သူမအဖို့ သိုသိုသိပ်သိပ်နေရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ထိုသို့သာမဟုတ်ပါက သူမ၏အဖေက သူမအား ဆူပေလိမ့်မည်။
ကန့်လန့်ကာနောက်ကွယ်မှ သူရဲကောင်းတစ်ဦး ဖြစ်ရသည်မှာ ခံစားရမကောင်းလှချေ။
" အမှန်ပဲ...အမှန်ပဲ... မမလေးက အတော်ဆုံးပဲ " တုန်းအာက အလျင်အမြန်ပင် ခေါင်းညိတ်ကာ လော့ဟော်အာကို ချီးကျူးလိုက်လေ၏။ သူမသာ နှေးသွားခဲ့လျှင် လော့ဟော်အာက သူမ၏ပါးများကို ထပ်ဆွဲလာမည်အား စိုးရိမ်မိသည်။