← Chapters

လူဆိုးလား ... လူကောင်းလား

Vol. 1 Ch. 197

လူဆိုးလား ... လူကောင်းလား

Vol. 1 Ch. 197

"ဟား ... ဟား ... ဟား ..."

ကျန်းရီသည် ကောင်းကင်ကို မော့ကြည့်၍ ဒေါသထွက်စွာ ရယ်ချလိုက်သည်။

"ဘုန်းကြီးလေး ... သင်ပြောခဲ့သလိုဆိုရင် တံဆိပ်ပြားတွေက သင့်ဆီမှာပဲရှိရှိ ငါ့ဆီမှာပဲရှိရှိ ဘာမှမကွာဘူးပေါ့ ... သင့်အတွက် အရာရာဟာ တန်ဖိုးမရှိဘူးဆိုရင် သင့်ရဲ့ တံဆိပ်ပြားတွေကို ငါ့ကို ပေးလိုက်ပါလား ... ငါလည်း သင်တို့နဲ့အတူ ဆက်သွားပြီး တခြားသူတွေဆီကနေ တံဆိပ်ပြားတွေကို သိမ်းယူမယ်လေ ... ငါက တံဆိပ်ပြားတွေကို ကျော်ကြားမှုအတွက် လိုချင်တယ် ... သင်တို့အုပ်စုက စစ်ပွဲကို ရပ်ပြီး သူတော်ကောင်းတရားနဲ့ လူတွေကို ကယ်တင်ချင်တယ် ... အဲဒါကြောင့် ဒီလိုလုပ်လိုက်တာ နှစ်ဦးနှစ်ဖက် အဆင်မပြေ သွားဘူးလား ..."

"ဟမ် ..."

ဘုန်းကြီးလေးသည် မျက်တောင် တခတ်ခတ်နှင့် ဆွံ့အသွားခဲ့သည်။ ကျန်းရီ၏ ချေပမှုမှာ ဒိုင်းကို တစ်ဖက်မှာကိုင်လျက် လှံကို အသုံးပြုနေရသည်နှင့် တူသည်။ ဘုန်းကြီးလေး၏ တရားဓမ္မမှာ လေးနက်နိုင်သော်လည်း အတွေ့အကြုံ မရှိသောကြောင့် လောက၏ သဘောတရားများနှင့် ကိုက်ညီမှု မရှိရာ ကျန်းရီအတွက် လက်ခံနိုင်စရာ အကြောင်းပြချက် မဟုတ်ခဲ့ပေ။

ကျန်းရီ အမြင်တွင် ကြီးမြတ်လှသော ဇင်ဘုရားကျောင်းသည် နိုင်ငံအဆင့်ပြိုင်ပွဲ၏ ဆုလာဘ်များအတွက် ဘုန်းကြီးများကို စေလွှတ်ခြင်း မဟုတ်လောက် သော်လည်း ဘုန်းကြီးလေး ပြောသလောက် မြင့်မြတ်နေခြင်း မဟုတ်သည်မှာတော့ သေချာသည်။

သူတို့သည် ဤနေရာသို့ ရောက်နေသည်မှာ ဆုလာဘ်များအတွက် မဟုတ်ဘဲ ကျော်ကြားမှုအတွက် ဖြစ်ပေလိမ့်မည်။ နိုင်ငံအဆင့်ပြိုင်ပွဲတွင် သူတို့ ပါဝင်လာခြင်းသည် ဇင်ဘုရားကျောင်း၏ အင်အားကို ပြသ၍ လူအများ သူတို့၏ ဗုဒ္ဓကို သက်ဝင် ယုံကြည်လာစေရန် ဖြစ်လေသည်။   အကယ်၍ သူတို့ ဘာအတွက်မှ တိုက်ခိုက်စရာ မရှိရိုး မှန်လျှင် သူတို့ ပေါ်လာမည်ပင် မဟုတ်။ တောင်ပေါ်တွင်သာ ဆက်လက် တရား အားထုတ်နေကြမည် ဖြစ်သည်။

"ဒကာတော်ပြောတာ သဘာဝကျပါတယ် ... ဒါပေမဲ့ ဒီတံဆိပ်ပြားတွေတော့ သင့်ကိုပေးလို့ မရဘူး ..."

ဘုန်းကြီးလေးသည် ခဏရပ်လိုက်ကာ ခေါင်းကို ယမ်းလိုက်သည်။

"သင်က ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး ... သင်သာ ဗုဒ္ဓဘာသာကို ပြောင်းပြီး ကိုးကွယ်မယ်ဆိုရင် ငါတစ်ဖန်ပြန်ပြီး စဉ်းစားပေးပါ့မယ် ... ငါတို့ရဲ့ မြတ်ဗုဒ္ဓက ကြင်နာတတ်ပါတယ် ... ဒကာတော် ..."

"တော်လောက်ပြီ ... တော်လောက်ပြီ”

ကျန်းရီသည် ထိုအရာများကို ကြားနေရသည်မှာ ငြီးငွေ့နေလေပြီ။  သူသည် လက်ကို ယမ်းလိုက်ပြီး မီးဝိညာဉ် ပုလဲထဲမှ အနက်ရောင် အကြေးခွံဓား ထွက်ပေါ် လာခဲ့သည်။ ထို့နောက် သူ အော်ဟစ်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောနဲ့တော့ ...  ငါ့ရဲ့ တံဆိပ်ပြားတွေကို လိုချင်ရင် တိုက်ခိုက်ဖို့ အသင့်ပြင်လိုက် ... နောက်ထပ် ပြောဦးမယ် မင်းတို့ ကျန်းရီရဲ့ အသက်ကို လိုချင်တယ် ဆိုရင်တော့ ... မင်းတို့ထဲက တစ်ဝက်လောက် ဘုရားနောက်ကို လိုက်သွားဖို့ ပြင်ထားလိုက်တာ ကောင်းမယ် ...”

"ဒကာတော် ... သင်က ကိုယ်တော်တို့ ပြိုင်ဘက် မဟုတ်ဘူး”

ဘုန်းကြီးလေးသည် သက်ပြင်း ချလိုက်သည်။

"ဒကာတော်ကို ပထမက ပြောသလိုပဲ လုပ်ဖို့ အကြံပေးပါရစေ ...  သင့်ရဲ့ တံဆိပ်ပြားတွေကို ဒီဆင်းရဲတဲ့ ဘုန်းကြီးကို လွှဲပေးလိုက်ပါ ... ပြီးပြီဆိုတာနဲ့ ငါတို့ သင့်ကို အနာတရ မဖြစ်စေဘဲ ထွက်သွားပါ့မယ် ...”

"အထက်ဆီး ဆန်လိုက်တာ”

ကျန်းရီသည် လှောင်ပြောင်လိုက်ပြီး ဘုန်းကြီးငယ်လေးကို စိုက်ကြည့် နေလိုက်သည်။

"ဘာလို့ ငါနဲ့ မတိုက်ခိုက်တာလဲ ... ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ငါ့မှာရှိတဲ့ တံဆိပ်ပြားတွေ အကုန်ပေးမယ် ... ငါမင်းကို ဒဏ်ရာရအောင် လုပ်နိုင်ရင် မင်းမှာရှိသမျှ တံဆိပ်ပြားတွေ အကုန်ပေးပြီး ထွက်သွားပေး ... ဒီလိုဆို ငါတို့လည်း မိတ်မပျက်တော့ဘူးပေါ့ ... .ဘယ်လိုလဲ ...”

"ဒကာတော် အတည် ပြောနေတာလား …"

ဘုန်းကြီးလေး မျက်လုံးများသည် တောက်ပလာကာ မေးလိုက်သည်။

"ယောက်ျားကောင်း တစ်ယောက်က သူ့စကား သူတည်တယ်”

ကျန်းရီသည် ခေါင်းညိတ်လိုက်ကာ တစ်ဖန် ပြန်မေးလိုက်သည်။

"ငါ၊ကျန်းရီက ငါ့စကား ငါတည်တယ် ... ရှုံးရင်တောင် နောင်တရမှာ မဟုတ်ဘူး ... ဇင်ဘုရားကျောင်းက ဘုန်းကြီးတွေကရော စကားတည်ပါ့မလား သိချင်မိရဲ့”

ဘုန်းကြီးလေးသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ဘုန်းကြီးတွေက ဘယ်တော့မှ မုသားမပြောဘူး ...  ဒကာတော် ... ငါတို့မှာ အပေးအယူ ရှိပြီးသားပဲ ... ဒကာတော် တိုက်ခိုက်ပါ ... ကျန်တဲ့လူတွေ အကုန် နောက်ဆုတ်နေ ..."

"ဝှစ်”

ဘုန်းကြီးလေးသည် အဆင့်အတန်း မြင့်မားဟန် ရှိသည်။ သူ၏ စကားအဆုံးတွင် ကျန်သည့် ဘုန်းကြီးများအားလုံး အနောက်သို့ မီတာတစ်ရာကျော် ဆုတ်သွားကြသည်။ ထို့ပြင် ကျန်းရီက ဘုန်းကြီးလေးကို သတ်လိုက်မည်ကိုလည်း စိတ်ပူကြပုံ မပေါ်ချေ။

"ဘုန်းကြီးလေး ... အခုကစပြီး သတိထားပေတော့”

ကျန်းရီသည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ တိုးသွားလိုက်သည်။ အနက်ရောင် အကြေးခွံဓားကို လေထဲတွင် ဝှေ့ယမ်းကာ ခုတ်ချရင်း အော်လိုက်သည်။

"လေအရိပ်ဓား”

ကျန်းရီသည် လေအရိပ်ဓားကို ထုတ်ဖော်လိုက်သည့် ခဏတွင် အနီးအနားမှ လေးများသည် အနက်ရောင် အကြေးခွံဓား ထိပ်တွင် လာစုကြသည်။ လေပြင်းများလည်း တိုက်ခတ်လာကာ ဘုန်းကြီးလေး၏ သင်္ကန်းစမှာ တဖျပ်ဖျပ် လွင့်နေတော့သည်။

"အောမိသောဖော”

ဘုန်းကြီးလေး၏ လက်ထဲတွင် သပိတ်တစ်ခု ပေါ်လာသည်။ သူ၏လက်ကို အသာလေး လွှဲလိုက်သည်နှင့် သပိတ်မှာ ကျန်းရီထံ ပျံသန်းသွားခဲ့သည်။  ၎င်းသည် တဖြည်းဖြည်း ကြီးလာကာ လေးမီတာခန့်ပင် ရှိလာကာ ကျန်းရီအပေါ်သို့ တောင်ကြီးတစ်ခုအလား ကျဆင်းလာခဲ့သည်။

သေစမ်း ... ဒါကကောင်းကင်အဆင့် ဒါမှမဟုတ် သူတော်စင်အဆင့်ပဲ …

ကျန်းရီသည် တစ်ခဏကြာ မှင်တက်နေခဲ့ပြီး အော်ဟစ် လိုက်သည်။

"ငွေလဝံပုလွေ ... ထွက်လာခဲ့”

ငွေလဝံပုလွေကြီးသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ ဝံပုလွေကြီး ပြန်လည် သတိဝင်နေပြီမှန်း သိလိုက်သောအခါ ကျန်းရီသည် ဝံပုလွေထက် ချက်ချင်း ခုန်တက်လိုက်ပြီး ဘေးသို့ တိမ်းရှောင် စေလိုက်သည်။

အနှီ သပိတ်သည် လျင်မြန်ပြီး ကြောက်မက်ဖွယ် စွမ်းအားများ ရှိနေသော်လည်း အုပ်ချုပ်သူ တံဆိပ်တုံးနှင့် အဆင့်မတူချေ။ ၎င်းသည် ကောင်းကင် အဆင့်လက်နက် ဖြစ်ပေလိမ့်မည်။ ကျန်းရီသည် သပိတ်ကို ရှောင်နိုင်ပြီးနောက် ငွေလဝံပုလွေကြီးကို ထိန်းချုပ်ကာ ဘုန်းကြီးလေးဆီသို့ ပြေးဝင်သွားခဲ့သည်။ ဘုန်းကြီးလေးသည် လက်အုပ်ချီကာ နောက်ထပ် ဘုရားစာကို ရေရွတ် လိုက်သည်။

"အောမိသောဖော”

ကျန်းရီ၏ ဝိညာဉ်သည် ထပ်မံ တုန်လှုပ်သွားခဲ့သည်။ သူ့ခေါင်း မူးနောက်လာခဲ့ပြီး ငွေလဝံပုလွေကြီးသည် အသိစိတ် လွတ်သွား ပြန်လေသည်။

"ဝှစ်”

စောစောကမှ ရှောင်ခဲ့ရသော သပိတ်သည် ပြန်လည် ပျံသန်းလာခဲ့သည်။ ကျန်းရီ အာရုံပြန်ရ လာသောအခါ တောင်ကြီးအလား ကျဆင်းလာသော သပိတ်ကြီးကြောင့် ကောင်းကင်ကြီး မှောင်မည်း သွားသည်ကို မြင်လိုက်ရသည်။

ကျန်းရီ နောက်ထပ် မရှောင်နိုင်တော့ချေ။ သူသည်  အနက်ရောင် အကြေးခွံဓားအား အောက်တည့်တည့်ရှိ သဲထဲသို့  စိုက်ချလိုက်ပြီး ဝှေ့ယမ်းကာ သဲများကို ဖယ်ထုတ် လိုက်သည်။ သူ့ကိုယ်သည် သဲထဲသို့ ရောက်ရှိ သွားသည်နှင့် သပိတ်ကြီးလည်း ကျဆင်း လာခဲ့သည်။

"မီးဝိညာဉ်ကျောက်တုံး”

မီးဝိညာဉ်ပုလဲသည် အလင်းတစ်ချက် တောက်ပသွားခဲ့ပြီး မီးဝိညာဉ် ကျောက်တုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ထိုကျောက်တုံးကို ကျဆင်းလာသော သပိတ်ကြီးထံ ပစ်လိုက်သည်။ သပိတ်နှင့် ထိသွားသောအခါ  အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး သပိတ်သည် အဖြူရောင် အလင်းတစ်ချက်သာ လင်းလက်သွားကာ ဖြည်းဖြည်းချင်း သေးသွားတော့သည်။

"ဝှစ်”

အနောက်တွင် ရပ်နေသော ဘုန်းကြီးများသည် ချက်ချင်း ပျံသန်းလာကာ ဘုန်းကြီးလေး၏ နောက်တွင်ရပ်ကာ အခဲမကျေသော မျက်လုံးများနှင့် စိုက်ကြည့်လာခဲ့သည်။  ဘုန်းကြီးလေးသည်လည်း မယုံနိုင်ဟန်ဖြင့် ပါးစပ် အဟောင်းသား ဖြစ်နေတော့သည်။

"ဗုန်း”

ကျန်းရီသည် သဲထဲမှ ထွက်လာကာ သပိတ်ကို လှမ်းယူလိုက်သည်။  ထိုအချိန်တွင် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သပိတ်မှာ သူ့ကို မထိခဲ့သော်လည်း အားပြင်းလှသော ဖိအားများကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများ အနည်းငယ် ထိခိုက်သွားခဲ့သည်။

ကျန်းရီသည် အပေါက်တစ်ခု ဖြစ်သည်အထိ လောင်ကျွမ်းခံထားရသော သပိတ်ကို လွှင့်ပစ်လိုက်ကာ လှောင်ပြောင် လိုက်သည်။

"ဘာလဲ ... မင်းမနိုင်တာနဲ့ အကူအညီ တောင်းတော့ မလို့လား"

ဘုန်းကြီးသော သပိတ်ကို ဝမ်းနည်းသော အမူအရာနှင့် ဖမ်းလိုက်သည်။ သူသည် သပိတ်ကို ငေးကြည့်နေပြီးမှ သက်ပြင်း ချလိုက်သည်။

"ဒကာတော်က ဆရာသခင်ဦးလေးရဲ့ သပိတ်ကိုတောင် ဖျက်ဆီး လိုက်နိုင်တယ် ဆိုတော့ ကိုယ်တော့်ရဲ့ ချီချမ်ထုသင်္ကန်းကလည်း သင့်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး ... ဒီတိုက်ပွဲမှာ ဒီဘုန်းကြီးရှုံးတယ် ... ဟွေ့ကျင်း သူ့ကို တံဆိပ်ပြားတွေ အားလုံး ပေးလိုက်”

အသက် နှစ်ဆယ်ကျော်ပုံပေါက်သော ဘုန်းကြီးလေး တစ်ပါးသည် စိတ်လှုပ်ရှားစွာ အံကြိတ်၍  ဘုန်းကြီးလေးကို ခေါ်လိုက်သည်။

"ဆရာဦးလေးငယ်”

"သူ့ကိုပေးလိုက်တော့”

ဘုန်းကြီးလေးသည် မသိမသာ သက်ပြင်း ချလိုက်သည်။

"ဇင်ဘုရားကျောင်းက လူတွေက ကိုယ့်စကားကို ပြင်မှာမဟုတ်ဘူး ... ဒီဒကာတော်က ငါ့ကို မထိခိုက်စေခဲ့ပေမဲ့ သူ့ကို တိုက်ခိုက်ဖို့ ပြေးလာကြတည်းက ငါတို့ စည်းကမ်းကို ဖောက်မိသွားခဲ့ပြီ ... အဲထဲက ငါတို့ ရှုံးခဲ့ပြီ ...”

"ကောင်းပါပြီ”

အသက်ပိုကြီးသော ဘုန်းကြီးသည် ချက်ချင်းပင် အထုပ်တစ်ခုကို ထုတ်ကာ ကျန်းရီထံ ပစ်ပေးလိုက်သည်။ ကျန်းရီလည်း အလျင်အမြန် စစ်ဆေးလိုက်ရာ အထဲတွင် တံဆိပ်ပြား ခြောက်ရာမှ ခုနစ်ရာခန့်ထိ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် ဘုန်းကြီးလေးကို လက်မ ထောင်ပြလိုက်ကာ ပြောလိုက်သည်။

"ဘုန်းကြီးလေး ... သင်က ရိုးသားတဲ့သူ တစ်ယောက်ပါပဲ”

"ဒကာတော် ... သင်သွားလို့ရပြီ"

ဘုန်းကြီးလေးသည် ခံစားချက်မဲ့စွာ ပြောလိုက်သည်။

"ဒီတစ်ခါတော့ ဒကာတော်ကို ခက်ခဲအောင် မလုပ်လိုက်ဘူး ... အကယ်၍ နောက်တစ်ကြိမ်သာ ဒကာတော်နဲ့ ထပ်တွေ့မယ်ဆိုရင် သေချာပေါက် ခက်ခဲအောင် လုပ်ရလိမ့်မယ် ...”

"ကောင်းပြီ”

ကျန်းရီသည် ဘုန်းကြီးလေးအပေါ် အမြင် ပြောင်းသွားခဲ့သည်။ သူသည် ငွေလဝံပုလွေကြီးကို ဆင့်ခေါ်ကာ အရှိန်မြှင့်၍ သဲများအကြား ထွက်ခွာ သွားခဲ့သည်။

"ဆရာဦးလေးငယ်”

ကျန်းရီ ထွက်သွားသောအခါ ကျန်သည့်ဘုန်းကြီး နှစ်ဆယ်ကျော်သည် ဘုန်းကြီးလေးကို စိုးရိမ်စွာ ကြည့်လိုက်ကြသည်။ သို့သော် ဘယ်ကစ၍ စကားပြောရမှန်း မသိကြချေ။

ဘုန်းကြီးလေးသည် သူ့လက်ထဲရှိ သပိတ်ကို ပွတ်လိုက်ကာ ခေါင်းခါလျက် သက်ပြင်း ချလိုက်သည်။

"ဆရာသခင် ဦးလေးက သပိတ်မှာ ယန်ကိုးပါး ဗုဒ္ဓတံဆိပ်တော်ကို မြှုပ်ထားတယ်လို့ ပြောဖူးတယ် ... ဒီသပိတ်ကို ဖျက်ဆီးနိုင်သူက လူကောင်းလည်း ဖြစ်နိုင်တယ် ... လူဆိုးလည်း ဖြစ်နိုင်တယ် ... ဒါပေမဲ့ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ ဆန့်ကျင်လို့ မရဘူး ... မဟုတ်ရင် ဇင်ဘုရားကျောင်း အတွက် ကံဆိုးမှုတွေ ရောက်လာလိမ့်မယ်... သွားစို့”

***

All Chapters