← Chapters

တစ္ဆေတောအုပ်

Vol. 1 Ch. 198

တစ္ဆေတောအုပ်

Vol. 1 Ch. 198

ငါ့မှာ တံဆိပ်ပြား (၁၄၀၀)ကျော်ရှိပြီ၊ ခြောက်ဆယ်လောက်က အနက်ရောင်တွေ ဆိုတော့ ငါ့မှာ အမှတ်သုံးထောင်နီးပါး ရှိနေပြီ။

ကျန်းရီသည် ပြေးလွှားနေရင်းဖြင့် မီးဝိညာဉ်ပုလဲထဲမှ တံဆိပ်ပြားများကို စစ်ဆေးလိုက်သည်။ သူ ထိုဘုန်းကြီးအုပ်စုနှင့် တွေ့စဉ်က ထိုနေရာတွင် သေပြီဟု ထင်မိသော်လည်း လွယ်လွယ် လွတ်မြောက်လာမည်ဟု မထင်ထားခဲ့ပေ။ တံဆိပ်ပြား ခြောက်ရာကျော်တောင် သူရခဲ့သေးသည်။

ထိုဘုန်းကြီးအုပ်စုသည် အတော်လေး အားကောင်းသည်။ ဘုန်းကြီးလေးဆိုလျှင် စိတ်ဝိညာဉ် တိုက်ခိုက်မှုများ လုပ်နိုင်သော ဗုဒ္ဓကျမ်းစာများပင် ရသေးသည်။ သူတို့ အချိန်တိုအတွင်း တံဆိပ်ပြား ထိုမျှ များများ ရထားခြင်းမှာ သူတို့၏ အင်အားအား ဖော်ပြနေလေသည်။ မီးဝိညာဉ် ကျောက်တုံးများသာ မရှိလျှင် မီးဝိညာဉ်ပုလဲအတွင်းရှိ တံဆိပ်ပြားများသည် သူတို့အပိုင် ဖြစ်သွားလောက် ပေသည်။

နိုင်ငံအဆင့်ပြိုင်ပွဲ စသည်မှာ ဆယ်ရက် မပြည့်သေးပေ။ အမှတ်သုံးထောင်သည် မများလွန်းသော်လည်း မနည်းပေ။ လက်ရှိအချိန်တွင် ရွှေကျင်းရှီလွင်ပြင်ရှိ လူများထဲ၌ သူ့အမှတ်သည် များသည်ဟုတောင် ပြောနိုင်သည်။ သို့သော် ကျန်းရီသည် အနည်းငယ်မျှ မရောင့်ရဲ မတင်းတိမ်ပါချေ။

ထူးထူးဆန်းဆန်း ပိုးကောင်များသည် သူ့နောက်ကို လိုက်နေသေးရာ သူ့ခေါင်းထက်တွင် ဓားသွားကြီး ရှိနေသည့်အလား နေရထိုင်ရ မသက်သာပေ။ ထိုပိုးကောင်များ၏ ပိုင်ရှင်သည် မကြာခင်ပေါ်ထွက်တော့မည်ဟု သူအလိုလို သိနေလေသည်။

ယခုတွင် ကျန်းရီသည် ရွှံ့တောတစ်ခုကို ဖြတ်သန်းနေလေသည်။ ရွှေကျင်းရှီလွင်ပြင်၏ မြေအနေအထားသည် ထူးဆန်းလှပြီး မြေအမျိုးအစား ပေါင်းစုံ ပါဝင်လေသည်။ ကျန်းရီသည် တစ်ရက်လုံးလုံး မရပ်မနား သွားလာ နေပါသော်လည်း သူအတွက် အကျိုးရှိမည့် မြေအနေအထားကို ရှာမတွေ့နိုင်သေးပေ။

ရှေ့တွင် အဝါရောင်တို့ဖြင့် စိုပြည်နေသော တောအုပ်တစ်ခု ရှိလေသည်။ ကျန်းရီသည် တစ်နေ့လုံး သွားလာနေပြီး မောပန်းနေခဲ့ပြီ ဖြစ်လေသည်။ သူသည် ငွေလဝံပုလွေကြီးကို စီး၍ တောအုပ်ထဲ ဝင်သွားလိုက်ပြီး နာရီအနည်းငယ် အနားယူဖို့ငှာ မြေတွင်းတစ်ခုတူးရန် ကြံစည်နေခဲ့သည်။ ကောင်းကင်အား အစီအရင်များနှင့် ကာကွယ်ထားရာ နေ့ည ကွာခြားခြင်း သိပ်မရှိသော်လည်း ကျန်းရီသည် ဗိုက်ဆာလာလျှင် စားရမှ ပင်ပန်းလာလျှင် အိပ်ရမှဖြစ်သော လူစားမျိုး ဖြစ်လေသည်။

အမ် ... ဒီသစ်ပင်က တစ်ခုခုတော့ တစ်ခုခုပဲ ... ငါဒီလိုအပင်မျိုးတစ်ခါမှ မမြင်ဖူးဘူး။

တောအုပ်ထဲ ချင်းနင်းဝင်ရောက်လာရင်း ကျန်းရီသည် ရှေ့ရှိ သစ်ပင်ကြီးများကို ကြည့်ရင်း အံ့အားသင့်နေခဲ့သည်။ တောအုပ်သည် လူကြီး တစ်ယောက်စာယောက် ပင်စည်ရှိသော အဝါရောင် သစ်ပင်ကြီးများဖြင့်သာ ပြည့်နေလေသည်။ သစ်ပင်ကြီးများတွင် အဝါရောင် သစ်ရွက်များ၊ အဝါရောင် သစ်ကိုင်းများသာ ထူးထူးဆန်းဆန်း ရှိနေလေသည်။

ကျန်းရီသည် ခဏ ရပ်လိုက်သော်လည်း ထိုအကြောင်းကို အများကြီး မတွေးတော့ပေ။ သူသည် တံဆိပ်ပြားကို ထုတ်၍ ပတ်ဝန်းကျင်တွင် လူရှိမရှိ စစ်ဆေးပြီးမှ ငွေလဝံပုလွေကို ထိန်းချုပ်၍  ဖြည်းဖြည်းချင်း ဝင်သွားခဲ့သည်။

"ရှပ် ... ရှပ် ... ရှပ်”

ငွေလဝံပုလွေသည် သစ်ရွက်များပေါ် နင်းသွားနေသည်မှာ တရှပ်ရှပ်အသံများ ထွက်ပေါ်နေလေသည်။ ကျန်းရီသည် တောအုပ်ထဲ ဝင်ရောက်လိုက်လျှင် ပိုမိုမှောင်လာသည်ဟု ခံစားလိုက်ရသည်။ သူမော့ကြည့်လိုက်သော် သစ်ရွက်များ ထူထပ်နေကာ ကောင်းကင်ကို ကာဆီးထားသဖြင့် အလင်းရောင်များ နည်းပါးနေခြင်း ဖြစ်လေသည်။

"သွားစို့”

သခင်က အမိန့်ပေးလိုက်လေလျှင် ငွေလဝံပုလွေကြီးသည် အရှိန်ကိုမြှင့်၍ တောအုပ်ထဲ ပြေးဝင် သွားတော့သည်။ လမ်းတွင် ကျန်းရီသည် တံဆိပ်ပြားကို မကြာခဏထုတ်၍ ရန်သူများကို စစ်ဆေးနေခဲ့သည်။ တောအုပ်သည် ချုံခိုတိုက်ခိုက်ရန် အကောင်းဆုံးနေရာ ဖြစ်ရာ တောအုပ်ထဲ ဝင်သွားခြင်းသည် အကြံကောင်းတော့ မဟုတ်လှပေ။

သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်လှစွာ ဝင်သွားခဲ့ပြီး အချိန် အတော်ကြာသည် အထိ လူတစ်ယောက်တစ်လေကိုမှ မတွေ့သေးပေ။ သူသည် ငွေလဝံပုလွေကို ရပ်တန့်၍ မြေတွင်းတူးရန် ပြင်လိုက်သောအခါ ဘယ်ဘက်ခြမ်းမှ ဆူညံသံတစ်ခု ထွက်ပေါ် လာခဲ့သည်။

"တစ်ယောက်ယောက် ရှိနေတယ်”

ကျန်းရီ၏ စိတ် တုန်လှုပ်သွားခဲ့ပြီး ငွေလဝံပုလွေကို သိမ်းကာ မျောက်တစ်ကောင်အလား သစ်ပင်ပေါ် တက်သွားလိုက်သည်။ သူသည် တံဆိပ်ပြားကိုလည်း မီးဝိညာဉ်ပုလဲအတွင်း သိမ်းလိုက်ပြီး ရန်သူထွက်ပေါ်လာမည် ကိုသာ စောင့်နေလိုက်သည်။

"အား... အား... အား”

ထိုခဏတွင် ဘယ်ဘက်ခြမ်းမှ အော်သံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် မျက်မှောင်ကြုတ်၍ သေချာ နားထောင်လိုက်သော်လည်း အော်ဟစ် ပြေးလွှားသံမှတစ်ပါး မည်သည့် တိုက်ခိုက်သံကိုမှ မကြားရပေ။

"အား”

မကြာခင်တွင် ပုံရိပ်တစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျန်းရီသည် စုတ်ပြတ်ရှုပ်ပွနေသော ဝတ်စုံများ၊ မဖြီးမသင်ရသော ဆံပင်များ၊ ထိတ်လန့်နေသော မျက်လုံးများနှင့် လူတစ်ယောက်အား မြင်လိုက်ရသဖြင့် ဆွံ့အ သွားရလေသည်။ သူ့ကိုယ်ပေါ်တွင် သွေးစသွေးနများလည်း ရှိနေပြီး ၎င်းတို့မှာ အချိန် အတော်ကြာတည်းက ခြောက်ကပ်နေသည့်ဟန် ရှိလေသည်။ ထိုလူပြေးလာချိန်တွင် လက်နှစ်ဖက်ကို လွှဲ၍ မရပ်မနား အော်ဟစ် နေလေသည်။ ထိုလူသည် ရူးသွပ်နေသည့်နှယ် ...

ရန်သူကို ပရိယာယ် ဆင်နည်းတစ်ခုလား။

ထိုလူသည် စိတ်မတည်မငြိမ် ဖြစ်နေပုံ ရသော်လည်း ကျန်းရီသည် သတိလက်လွတ်မပြုမူ ရဲပါပေ။ သူသည် ထိုလူ သူရှိရာ သစ်ပင်အောင်တည့်တည့် ရောက်လာမည်ကို စောင့်ပြီးမှ ခုန်ချလိုက်ပြီး အနက်ရောင် အကြေးခွံဓားကို ဆွဲထုတ်ကာ ထိုလူထံ ဓားချက်များစွာ ပစ်လွှတ်လိုက်သည်။

"ဘန်း”

ထူးဆန်းသည်ဟု ကျန်းရီ ခံစားလိုက်ရသည်။ အနက်ရောင် အကြေးခွံဓားသည် ထိုလူ၏ ဦးခေါင်းထံ ထိုးစိုက်သွားသော်လည်း သူသည် နည်းနည်းလေးတောင် မခုခံခဲ့ပေ။ ထိုလူသေခါနီးမှသာ သတိပြန်ဝင်သွားခဲ့ပုံပေါ်ပြီး စိတ်သက်သာရာ ရသွားသည့်ဟန်ကို ကျန်းရီ မြင်လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းရီသည် သံသယ ဝင်သွားခဲ့သည်။ ထို့နောက် အလောင်းကောင်ထက် ရှာဖွေလိုက်ရာ တံဆိပ်ပြား ဆယ်ခုကျော်ကိုတွေ့လိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။

သွားစို့ …

အနှီအလောင်းကောင် ရှိနေလေရာ ကျန်းရီသည် ဤအနီးအနားတွင် အိပ်ချင်စိတ် မရှိတော့ပါပေ။ သူသည် ငွေလဝံပုလွေကို ဆင့်ခေါ်၍ ခပ်ဝေးဝေး တစ်နေရာသို့ ထွက်လာခဲ့လိုက်သည်။ ရလဒ်သည်ကား ပထမလူကဲ့သို့ ပြုမူနေသည့် အရူးတစ်ယောက်နှယ် နောက်လူ တစ်ယောက်ကို ထပ်တွေ့လိုက်ရခြင်း ဖြစ်လေသည်။

"ဘန်း”

ထိုလူအား အနက်ရောင် အကြေးခွံဓားဖြင့် သုတ်သင်ပြီးနောက် ကျန်းရီ၏ မျက်နှာသည် သုန်မှုန် လာတော့သည်။ သူသည် သာမန်တောအုပ် ဟုတ်မဟုတ် အနီးပတ်ဝန်းကျင်ကို သေချာ စစ်ဆေးလိုက်ပြီးမှ သံသယအချို့နှင့်အတူ အနက်ရောင် အကြေးခွံဓားကို ပြန်သိမ်းလိုက်သည်။ ထိုလူကိုယ်ပေါ်တွင် ရှာဖွေလိုက်သော်လည်း ကံမကောင်းစွာ တံဆိပ်ပြား တစ်ခုသာ ရရှိခဲ့သည်။

"အား... အား”

ကျန်းရီ ငွေလဝံပုလွေကို မဆင့်ခေါ်ရသေးခင် ညာဘက်ခြမ်းမှ လူတစ်ယောက် ပြေးထွက်လာခဲ့ပြီး ယခင်လူများကဲ့သို့ ပြုမူနေလေသည်။ ထိုလူသည် မြန်ဆန်လွန်းနေပြီး စိတ်ဝိညာဉ် မျောလွင့်ခရီးသည်အဆင့် ဖြစ်သည်မှာ အသေအချာ…

ဘာတွေဖြစ်နေတာလဲ  ... ဘာလို့ ဒီတောထဲကို လာတဲ့သူတိုင်း ရူးကုန်ကြတာလဲ။

ကျန်းရီ ဘေးသို့ ခုန်ရှောင်လိုက်ရာ ထိုလူသည် လက်ကို လွှဲ၍ ဆက်ပြေး သွားခဲ့သည်။ ကျန်းရီကို တစ်ချက်တောင် ကြည့်မသွားခဲ့ပေ။ ကျန်းရီ၏ စိတ်ထဲတွင် တုန်လှုပ်လာခဲ့သည်။ သူသည် အရူးနှစ်ယောက်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ခြင်း ဖြစ်နိုင်သေးသည်။ သို့သော် သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ဖြစ်သူ တတိယလူနှင့်ပါ တွေ့နေရလေပြီ။ သူမတုန်လှုပ်ပဲ နေပါမည်လား

"ဝှစ်”

သူသည် ငွေလဝံပုလွေကိုစီး၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်နောက် ပြေးလိုက်သွားကာ သတ်ဖြတ်လိုက်ပြီး တံဆိပ်ပြား နှစ်ဆယ်ကျော်ကို ယူလိုက်သည်။ ထို့နောက် အဝါရောင် တောအုပ်ကြီးကို ကြည့်နေလိုက်ရာ သွေးများပင် အေးခဲလာပြီဟု ခံစားလိုက် ရလေသည်။

"သွားစို့”

တောအုပ်သည် ထူးဆန်းလွန်းရာ ကျန်းရီ  ခဏလေးတောင် မနေဝံ့တော့ပါပေ။ သူသည် ငွေလဝံပုလွေကြီးကို ထိန်းချုပ်လိုက်ပြီး နောက်တစ်နေရာရှာရန် ပြင်ဆင်လိုက်သည်။

ကျန်းရီဆက်လက် ခရီးဆက်ခဲ့ရာ အရူးများစွာနှင့် အလောင်းများစွာအား တွေ့လိုက် ရလေသည်။ ကျန်းရီသည် သူတို့၏ သေဆုံးနေသော မျက်နှာများကို ကြည့်လိုက်ရာ ထိတ်လန့် လာရလေသည်။ သူတို့ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုတစ်လေတောင် မရှိပါဘဲ ထိတ်လန့်မှုများကသာ ပြူးကျယ်နေသော မျက်လုံးများအတွင်း ပြည့်နှက်နေလေသည်။ သူတို့သည် ထိတ်လန့်လွန်း၍ သေသွားကြသည့်ပုံ ဖြစ်လေသည်။

တစ်ခုခုတော့ မှားနေပြီ။

ကျန်းရီသည် ငွေလဝံပုလွေကို စီးနင်း၍ အချိန်အတော်ကြာ ပြေးလွှားခဲ့ပြီးနောက် ဝံပုလွေအား ရပ်တန့်စေလိုက်သည်။ သူသည် ရှေ့ကိုကြည့်လိုက်ရာ ခေါင်းပွင့်နေသော အလောင်းတစ်ခုအား မြင်လိုက်ရသည်။ ထိုသူသည် သူ ပထမဆုံးသတ်ခဲ့သော အရူးဖြစ်သည်မှာ အသေအချာ။

သူသည် ရှေ့တည့်တည့်သို့သာ သွားနေခြင်း ဖြစ်ပါလျက် အဘယ်ကြောင့် မူလနေရာသို့သာ ပြန်ရောက်လာသနည်း။

ဒီတောအုပ်ထဲမှာ ဝင်္ကပါတစ်ခု ရှိနေတယ် ... ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ တစ်ခဏ ရပ်တန့်နေပြီးနောက် သူသည် အနက်ရောင် အကြေးခွံဓားကို ဆွဲထုတ်ကာ ရှေ့ရှိသစ်ပင်ကြီးအား ခုတ်ချလိုက်သည်။

"ခလွမ်”

သတ္တုချင်း ထိခတ်သံများ ပေါ်ထွက်လာခဲ့ပြီး အနက်ရောင် အကြေးခွံဓားသည် သံကို ခုတ်မိသည့်နှယ် မီးပွားလေးများ ထွက်ပေါ်လာခဲ့သည်။ ထိုအဝါရောင် သစ်ပင်ကြီး၏ သစ်ခေါက် အနည်းငယ် ကွာကျသွားခဲ့ပြီး အဝါရောင် ပင်စည်ကြီး ပေါ်ထွက် လာလေသည်။

"ဒါက ဘယ်လို မကောင်းဆိုးဝါး သစ်ပင်လဲ”

သူမြင်လိုက်ရသည်ကို မယုံနိုင်သည့်နှယ် ကျန်းရီ အလန့်တကြား ရေရွတ် လိုက်မိသည်။ အနက်ရောင် အကြေးခွံဓားသည် သူတော်စင်အဆင့် ဖြစ်ရာ သစ်ပင်တစ်ပင် မပြောနှင့် လက်နက် အချင်းချင်းတောင် ခုတ်ဖြတ်နိုင်သည်။ သို့သော် သူအားအပြည့် ထည့်ထားသော အနှီခုတ်ချက်သည် သစ်ခေါက်တစ်ခုကိုသာ ကွာကျ သွားစေသည်။

"ငါမယုံဘူး”

ကျန်းရီသည် ဒေါသထွက်သွားကာ ငွေလဝံပုလွေကြီးကို ပြန်သိမ်းလိုက်သည်။ ထို့နောက် မီးဝိညာဉ်ပုလဲ အတွင်းမှ ကမ္ဘာ့မီးလျှံများကို ဆင့်ခေါ်ကာ သစ်ပင်ကြီးအား လောင်ကျွမ်း စေလိုက်သည်။

ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာသော် အဝါရောင် သစ်ပင်ကြီးသည် အလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်သော်လည်း ကမ္ဘာ့မီးလျှံများ၏ တိုက်စားမှုကို မခံနိုင်တော့ဘဲ မီးခိုးများ ထွက်လာကာ လောင်ကျွမ်း သွားတော့သည်။

"ဟူး ...”

ထိုအဝါရောင် သစ်ပင်သည် လောင်ကျွမ်းနိုင်ကြောင်း သေချာသွားမှ ကျန်းရီ သက်ပြင်းချနိုင်သည်။ သူသည် ကမ္ဘာ့မီးလျှံများကို ပြန်သိမ်းလိုက်ပြီး မီးတောက်များကို ငြိမ်းသွားစေလိုက်သည်။  ဝင်္ကပါသည် မည်မျှကြောက်စရာ ကောင်းပါစေ သစ်ပင်အားလုံးကို မီးရှို့၍ သူထွက်သွား နိုင်သေးသည်။

မဟုတ်သေးဘူး... သူတို့တွေ သစ်ပင်ခုတ်လို့ မရရင်တောင် မြေကြီးကို တူးလို့ရသေးတယ် မဟုတ်ဘူးလား။

ကျန်းရီသည် သံသယ ဝင်လာသော်လည်း ဓားရှည်ဖြင့် မြေကြီးကို ခုတ်ကြည့်ပြီးမှ နားလည် သွားခဲ့လေသည်။ မြေထဲတွင်လည်း အဝါရောင်အမြစ်များ အထပ်ထပ် အခွေခွေ ရှိနေခဲ့လေသည်။ ၎င်းတို့သည်လည်း ပင်စည်ကဲ့သို့ သန်မာလှ၍ တူးသွားရန် မဖြစ်နိုင်တော့ပေ။

အနှီတောအုပ်သည် တစ္ဆေတောအုပ်အလား ဝင်သွားပြီးသည်နှင့် ထွက်ပေါက် မရှိတော့သော သင်္ချိုင်းကြီးပင် ဖြစ်နေတော့သည်။

***

All Chapters