ဒါ ထောင်ချောက်ပဲ
Vol. 26 Ch. 334
"အစ်ကိုကြီးဝမ် ရှေ့မှာ ဘာအစီအရင် ခြေရာမှ မတွေ့ရဘူး"
ကျန်းပေရန် ပေးထားတဲ့ သာမန်ရုပ်ဖျက် အသွင် နဲ့ လီဖူချန် အရှေ့ကနေ အသိတရား ရှိရှိ လျှောက်သွားပြီး အာရုံခံလိုက်သည်။
{ကြည့်ရတာ အစီအရင် ဆရာက သူ့စွမ်းရည်ကို အတော် ယုံကြည်မှု ရှိပုံရတယ်}
ထောင်ချောက် အနေနဲ့ အစီအရင် ဆင်တဲ့အခါ အစီအရင်ကြီး တစ်ခုထဲမှာ နောက်ထပ် အစီအရင် သေးသေးလေးတွေ ထည့်သွင်းထားတာက ပုံမှန် လုပ်ထုံးလုပ်နည်းပါပဲ။
အထဲမှာ ထည့်သွင်းထားတဲ့ အစီအရင်တွေရဲ့ စွမ်းအားက အဓိက တစ်ခုတည်း အပေါ် အခြေခံတဲ့ ကွင်းဆက် အစီအရင်လောက် မစွမ်းပေမယ့် အလုပ်တော့ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အစီအရင် ဆရာ တစ်ယောက်က ကောင်းကင်လူသား အာရုံခံ အစီအရင် လိုမျိုး အာရုံခံ အစီအရင် တစ်ခု အရင် ဆင်ထားမယ် ပြီးတော့ အထဲဝင်ရောက်လာနိုင်တဲ့ သူတွေကို ကိုင်တွယ်ဖို့အတွက် အစီအရင်ကြီးရဲ့ ဟာကွက်တွေကို ပုံရိပ်ယောင် အစီအရင် နဲ့ ဖာထေးထားတတ်ကြတယ်။
ပိုပြီး သတိကြီးတဲ့ သူဆိုရင် ပုံရိပ်ယောင် အစီအရင် ကိုပါ ဖြိုခွင်းနိုင်တဲ့ အခြေအနေကို ထည့်စဉ်းစားပြီး ပုံရိပ်ယောင် အစီအရင် နောက်မှာ သူတို့ အကျွမ်းကျင်ဆုံး အစွမ်းထက် တိုက်ခိုက်ရေး အစီအရင် တစ်ခုကို ဒုတိယ လုံခြုံရေး အလွှာ အနေနဲ့ ထပ်ထည့်ထားတတ်ကြတယ်။
အဲဒါပါ ပျက်စီးသွားရင်တောင် သူတို့အတွက် အချိန် အလုံအလောက် ရစေမှာ ဖြစ်သည်။
ဒါပေမဲ့ ဒီ ကောင်းကင်လူသား အာရုံခံ အစီအရင် ရဲ့ ဆရာကတော့ ယုံကြည်မှု လွန်ကဲနေသည်။
သူ့ အစီအရင်ကြီးထဲကို ဘယ်သူမှ အသံမထွက်ဘဲ မဝင်ရောက်နိုင်ဘူးလို့ ယုံကြည်ထားပုံ ရတယ် ဒါကြောင့် ဘာ အရန် အစီအမံမှ မလုပ်ထားခဲ့ဘူး။
"ဟိုဘက်မှာလည်း ဘာမှ မရှိဘူး ဆိုတော့ နောက်ထပ် အစီအရင်တွေ မရှိလောက်တော့ဘူး ပြန်လာခဲ့တော့"
အစ်ကိုကြီးဝမ် ရဲ့ ခေါ်သံ ကြားတော့ လီဖူချန် နည်းနည်း စိတ်ပျက်သွားတယ် သူက ဒီနေရာမှာပဲ အသုံးဝင်နိုင်မယ်လို့ ထင်ထားခဲ့တာလေ။
လီဖူချန် ကို ပြန်ခေါ်ပြီးနောက် ကျန်းပေရန် လခြမ်းကွေး တောင်ကြား ရဲ့ အတွင်းပိုင်းဆီ လျှောက်သွားလိုက်သည်။
ဒီတစ်ခါ လာရတဲ့ ရည်ရွယ်ချက်က နှစ်ခု ရှိသည်။
ပထမ အချက်က လျန်တိုင်းပြည် က ဂိုဏ်းတွေ ဒီနေရာမှာ ဘယ်လောက် ကြီးကျယ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားလဲ ဆိုတာ ကြည့်ချင်လို့။
ဒုတိယ အချက်က သူ ဗေဒင်တွက်ထားတဲ့ ကျောက်စိမ်း ရတနာ ပေါ်လာမယ့် နေရာကို တခြား ဘယ်သူတွေ ကြိုသိထားလဲ ဆိုတာ စုံစမ်းပြီး လိုအပ်သလို ပြင်ဆင်ဖို့။
လရောင်အောက်က တောင်ကြားထဲ လျှောက်သွားရင်း ကျန်းပေရန် တွေ့ရှိလိုက်တာက သူ ထင်ထားသလို သုံးလှမ်း တစ်ယောက် ငါးလှမ်း တစ်ယောက် ကင်းချထားတာမျိုး မဟုတ်ဘူး။
ပုံမှန် မဟုတ်လောက်အောင် တိတ်ဆိတ်နေသည်။
ဒါပေမဲ့ စဉ်းစားကြည့်ရင် အဓိပ္ပာယ် ရှိပါတယ်။
အစီအရင် ဆရာက ယုံကြည်မှု လွန်ကဲနေပြီး အရန် အစီအမံ မပါတဲ့ ကောင်းကင်လူသား အာရုံခံ အစီအရင် တစ်ခုတည်း တည်ဆောက်ထားတာ ဆိုတော့ ကင်းသမားတွေ လွှတ်ထားဖို့ လိုဦးမလား အဲဒီလို လုပ်လိုက်ရင် သူ့ အာရုံခံ အစီအရင် ကို ယုံကြည်မှု မရှိဘူး ဆိုတာ ပြသရာ ရောက်နေမှာပေါ့။
{ဒီလို ယုံကြည်မှု ရှိတဲ့ ကောင်မျိုးကို ငါ သဘောကျတယ်}
ကျန်းပေရန် အတားအဆီး မရှိ ရှေ့ဆက် လျှောက်သွားနေတုန်း ကောင်းကင်ပေါ်ကနေ ပုံရိပ်တစ်ခု ရုတ်တရက် ဆင်းသက်လာသည်။
ပတ်ဝန်းကျင်ကို အမြန် ဝေ့ဝဲကြည့်ပြီးနောက် အရိပ်တွေထဲ ပျောက်ကွယ်သွားသည်။
"..."
တခဏတာလေးပဲ မြင်လိုက်ရပေမယ့် ဖြတ်သန်းသွားတဲ့ ပုံရိပ်ကို ကျန်းပေရန် မှတ်မိလိုက်သည်။
{ဒီ မိုက်မဲတဲ့ ကောင်မလေးက ဘာလို့ ဒီအထိ ရောက်လာတာလဲ ကောင်းကင်ဘုံ ဘုရားသခင် ရေ...}
အရင်တုန်းက အဆိပ်မြူတောထဲမှာ မုန့်စစ်ဖေ နဲ့ တွေ့တာက ရှန့်တိုင်းပြည် က ကျွမ်းကျင်သူတွေ အကုန် စုဝေးနေကြတာမို့လို့ နားလည်ပေးလို့ ရပါတယ်။
ဒါပေမဲ့ ဒီတစ်ခါ လျန်တိုင်းပြည် မှာ သူမနဲ့ မတော်တဆ လာတိုးမိတာကတော့ အရမ်းကို ယုတ္တိမရှိလွန်းနေသည်။
ပြောစရာ စကားမဲ့သွားတဲ့ ကျန်းပေရန် ကောင်းကင်ကို မော့ကြည့်ပြီး ခေါင်းခါလိုက်ကာ စိတ်ထဲကနေ တွေးလိုက်သည်။
"မင်း စီစဉ်လိုက်တာ မဟုတ်လား"
မုန့်စစ်ဖေ သူ့ရှေ့ကို အတင်းအကျပ် ဝင်တိုးလာကတည်းက တစ်ခုခု မှားနေပြီလို့ ခံစားမိခဲ့ပေမယ့် ဒီလောက်ထိ မှားယွင်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ရှေ့နားက အရိပ်တွေထဲမှာ မုန့်စစ်ဖေ ဟိုပြေးဒီပြေး လုပ်နေတာကို ကြည့်ရင်း ကျန်းပေရန် မျက်နှာကို လက်နဲ့ အုပ်လိုက်မိသည်။
မုန့်စစ်ဖေ ဝင်လာတဲ့ နေရာကို ကြည့်ခြင်းအားဖြင့် သူမ ကောင်းကင်လူသား အာရုံခံ အစီအရင် ကို လုံးဝ သတိမထားမိဘူး ဆိုတာ သေချာတယ်။
ဆိုလိုတာက အစီအရင် ဆရာက သူမကို ထောက်လှမ်း မိနေပြီ ဆိုတဲ့ သဘောပဲ ဒါမှမဟုတ် သူမမှာ သရဲတစ္ဆေ လေဟာနယ် အမိုးခုံး လိုမျိုး အစီအရင်တွေကို ကာကွယ်ပေးနိုင်တဲ့ မှော်ရတနာ ပါလာရင်တော့ တစ်မျိုးပေါ့။
{ဟုတ်သားပဲ သူမက အနက်ရောင် ဧကရာဇ် လေ
သူမဆီမှာ ပုန်းအောင်းလို့ရတဲ့ မှော်ရတနာ တစ်ခုခုတော့ ပါမှာပါ
မဟုတ်ရင် သူမရဲ့ မဆင်မခြင် လုပ်ရပ်တွေနဲ့ ဆိုရင် အနက်ရောင် ဧကရာဇ် အဆင့်ထိ အသက်ရှင်လာဖို့ ခက်ခဲလိမ့်မယ်}
ဒါပေမဲ့ ကျန်းပေရန် ဒီလို တွေးလိုက်တဲ့ အချိန်မှာပဲ သူ့ ဝိညာဉ်အာရုံ က ကောင်းကင်လူသား အာရုံခံ အစီအရင် ခဏတာ သက်ဝင်လှုပ်ရှားသွားတာကို အာရုံခံမိလိုက်တယ် ဆိုလိုတာက မုန့်စစ်ဖေ ကို အစီအရင်က "ဖမ်းမိ" သွားပြီ။
{တကယ့် ငစားပဲ...}
မုန့်စစ်ဖေ ရဲ့ ဟိုပြေးဒီပြေး လုပ်နေပုံကို ကြည့်ရင် ဒီနေရာမှာ လျန်တိုင်းပြည် က ကျွမ်းကျင်သူ အများအပြား စုဝေးနေတာကို သူမ မသိဘူးလို့ ပြောရရင် ယုံနိုင်စရာ မရှိဘူး။
သူမရဲ့ လုပ်ရပ်တွေက လခြမ်းကွေး တောင်ကြား ထဲမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေမှန်း သူမ သိနေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေတယ်။
ဒါပေမဲ့ သိရက်နဲ့ ဘာပြင်ဆင်မှုမှ မရှိဘဲ လာတယ် ဆိုတာကတော့... သူမမှာ အရန် အစီအစဉ် ရှိလို့လား ဒါမှမဟုတ် သူမက ငါးစာ အဖြစ် လာတာလား။
သူမရဲ့ လုပ်ရပ်ကြောင့် ကျန်းပေရန် ကြောင်အ နေစဉ်မှာပဲ အဝေးက တဲတစ်ခုထဲမှာ မုတ်ဆိတ်ရှည်နဲ့ အဘိုးကြီး တစ်ယောက်လည်း မျက်မှောင်ကြုတ်ပြီး ဇဝေဇဝါ ဖြစ်နေသည်။
{ရှန့်တိုင်းပြည် က မုန့်စစ်ဖေ လား}
ရှန့်တိုင်းပြည် နဲ့ မကြာခဏ "ရင်းရင်းနှီးနှီး" ဆက်ဆံနေရတဲ့ အိမ်နီးချင်း အနေနဲ့ နှစ်ဖက်စလုံးက ကျွမ်းကျင်သူတွေ အချင်းချင်း သိနေကြတာ သဘာဝပါပဲ။
ဒါကြောင့် ယင်ရှိုလျန် က အစီအရင်ထဲ ဝင်လာသူဟာ မုန့်စစ်ဖေ မှန်း ချက်ချင်း မှတ်မိလိုက်သည်။
ဒါပေမဲ့ ဘာလို့ မုန့်စစ်ဖေ က ဒီနေရာကို ရောက်နေတာလဲ လခြမ်းကွေး တောင်ကြား ကို ကျွမ်းကျင်သူတွေ ဝိုင်းရံထားမှန်း သိရက်နဲ့ ဘယ်လို သတ္တိနဲ့ တစ်ယောက်တည်း ဝင်လာရဲတာလဲ။
{ဒါ ထောင်ချောက်ပဲ}
မုန့်စစ်ဖေ ဘာပြင်ဆင်မှုမှ မရှိဘဲ တစ်ယောက်တည်း ဝင်လာလိမ့်မယ်လို့ ယင်ရှိုလျန် မယုံကြည်ဘူး။
ဘာပဲပြောပြော သူတို့ သတင်းကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် လျန်တိုင်းပြည် ထဲက ဘယ်သူမဆို ထိပ်တန်း ဂိုဏ်းတွေ အကုန်လုံး ဒီမှာ စုဝေးနေကြတယ် ဆိုတာ အလွယ်တကူ သိနိုင်တယ်။
ဂုဏ်သရေရှိ အနက်ရောင် ဧကရာဇ် တစ်ပါးက ဒီကိုလာပြီး အသက် လာစွန့်လောက်အောင် မိုက်မဲပါ့မလား။
{ရယ်စရာပဲ}
ဒါကြောင့် ယင်ရှိုလျန် အချိန်စောင့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဒီ မုန့်စစ်ဖေ တကယ် ဘာကြံစည်နေလဲ ဆိုတာ အစီအရင် ကနေတဆင့် အရင် စောင့်ကြည့်နေလိုက်သည်။
လခြမ်းကွေး တောင်ကြား ထဲမှာ ကျန်းပေရန် က လီဖူချန် ကို ခေါ်ပြီး အလွန် "သတိကြီးသော" မုန့်စစ်ဖေ နောက်ကနေ အေးအေးဆေးဆေး လိုက်ပါလာသည်။
သူ လိုက်လာရတဲ့ အကြောင်းရင်းက နှစ်ခု ရှိတယ်။
ပထမ အချက်က မုန့်စစ်ဖေ ရဲ့ ရုတ်တရက် ကျူးကျော်ဝင်ရောက်မှုကို လျန်တိုင်းပြည် က ကျွမ်းကျင်သူတွေ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ သိချင်လို့။
ဒုတိယ အချက်က ပြီးခဲ့တဲ့ တစ်ခေါက် အဆိပ်မြူတောထဲမှာ မုန့်စစ်ဖေ က ကြောက်ရွံ့ခြင်း မရှိဘဲ သူ့ကို ကာကွယ်ပေးခဲ့တဲ့ မြင်ကွင်းက သူ့ကို နည်းနည်းတော့ ထိတွေ့စေခဲ့တယ်။
အကယ်၍ ဒီနေရာမှာ သူမ တကယ် တစ်ခုခု ဖြစ်သွားရင် သူ့လိပ်ပြာ သန့်မှာ မဟုတ်ဘူး။
{ဘုရားသခင် ရေ...}
ရပ်လိုက် သွားလိုက် လုပ်ပြီးနောက် မုန့်စစ်ဖေ မကြာခင်မှာပဲ လခြမ်းကွေး တောင်ကြား တစ်ခုလုံး နီးပါးကို စူးစမ်းပြီးသွားပြီ။
{ထူးဆန်းတယ်...}
မုန့်စစ်ဖေ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
{ဟို အဘိုးကြီးတွေ အကုန် ဒီရောက်နေတယ် ဆို...
ဘာလို့ တောင်ကြားထဲမှာ ဒီလောက် တိတ်ဆိတ်နေရတာလဲ}
{ဒါ ထောင်ချောက်ပဲ}
တစ်ခုခု မှားနေပြီ ဆိုတာ အာရုံခံမိလိုက်တဲ့ မုန့်စစ်ဖေ ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ချက်ချင်း ကြည့်လိုက်သည်။
ကြာကြာ မနေသင့်မှန်း သိလိုက်တဲ့ မုန့်စစ်ဖေ အတောင်ပံ ဖြန့်ပြီး ထွက်ခွာဖို့ ပြင်လိုက်ချိန်မှာပဲ စွမ်းအားကြီးတဲ့ အရှိန်အဝါ နှစ်ခု သူမဆီ ပျံသန်းလာတာ ခံစားလိုက်ရသည်။
{သောက်ကျိုးနည်း}
စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး မုန့်စစ်ဖေ အတွင်းအားကို အမြန် စုစည်းကာ အတင်းအဓမ္မ ဖောက်ထွက်ဖို့ ပြင်ဆင်လိုက်သည်။
"ဂိုဏ်းချုပ် မုန့် မတွေ့တာ ကြာပြီပဲ ငါတို့ လျန်တိုင်းပြည် ကို ဘယ်တုန်းက အလည်လာတာလဲ ငါ့ကို အသိပေးသင့်တာပေါ့ ကြိုဆိုပွဲ ကျင်းပပေးမှာပေါ့"
သူမ ရှေ့မှာ ရပ်တန့်လိုက်တဲ့ ပုံရိပ်နှစ်ခုကို ကြည့်ပြီး မုန့်စစ်ဖေ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
"အိမ်တော်သခင် ယင်၊ ဂိုဏ်းခေါင်းဆောင် လင် နေကောင်းကြရဲ့လား"
နှုတ်ဆက်ပြီးနောက် လင်ရန်ဝူ မြေကြီးပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
မုန့်စစ်ဖေ ကို အကဲခတ်လိုက်ပြီး လိုရင်းကို ပြောလိုက်သည်။
"ဂိုဏ်းချုပ် မုန့် ဒီ တောခေါင်ခေါင်ထဲကို ဘာကိစ္စနဲ့ ရောက်လာတာလဲ ဆိုတာ မေးပါရစေ ပြောပြရင် ငါ ကူညီပေးနိုင်ကောင်း ပေးနိုင်မှာပါ"
"ဂိုဏ်းခေါင်းဆောင် လင် ကျွန်မ ဘာလို့ ဒီရောက်နေလဲ ဆိုတာ ရှင် ကောင်းကောင်း သိသားနဲ့ ဘာလို့ မလိုအပ်တဲ့ မေးခွန်းတွေ မေးနေတာလဲ"
မုန့်စစ်ဖေ ရဲ့ ယုံကြည်မှု ရှိတဲ့ ပုံစံကို ကြည့်ပြီး လင်ရန်ဝူ ခေါင်းမကုတ်ဘဲ မနေနိုင်တော့။
အိမ်တော်သခင် ယင် က မုန့်စစ်ဖေ ရောက်နေတယ်လို့ ပြောတုန်းက သူ နည်းနည်း ကြောင်သွားခဲ့သည်။
{သူမ ရူးသွားပြီလား}
သူတို့ အနက်ရောင် ဘိုးဘေး အုပ်စုလိုက်ကြီး ဒီမှာ စုဝေးနေမှန်း သိရက်နဲ့ သူမလို အနက်ရောင် ဧကရာဇ် သာသာလေးက တစ်ယောက်တည်း လာရဲတယ် ဟုတ်လား။
ဒါပေမဲ့ သူမ မရူးသေးဘူး ဆိုရင် လာရတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်။
ဒါကြောင့်လည်း လင်ရန်ဝူ တန်းမတိုက်ခိုက်ဘဲ စကား အရင်ပြောဖို့ ဆုံးဖြတ်လိုက်တာ။
အခု မုန့်စစ်ဖေ က ယုံကြည်မှု အပြည့်နဲ့ ဖြေလိုက်တာ မြင်တော့ သူမ ပြင်ဆင်မှု ရှိရှိ လာတယ် ဆိုတာ သူ ပိုသေချာသွားသည်။
လင်ရန်ဝူ ခေါင်းစားနေတုန်း မုန့်စစ်ဖေ လည်း ဘယ်လို ထွက်ပြေးရမလဲ စဉ်းစားနေသည်။
နဂါးပြာ မိုးကြိုး ဂိုဏ်း ရဲ့ ဂိုဏ်းခေါင်းဆောင် လင်ရန်ဝူ က သူမ ဂိုဏ်းချုပ် လိုပဲ အနက်ရောင် ဘိုးဘေး အဆင့် ကျွမ်းကျင်သူ တစ်ယောက်။
မျက်နှာချင်းဆိုင် တိုက်ပွဲမှာ သူမ ယှဉ်နိုင်မှာ မဟုတ်ဘူး။
အချိန်ဆွဲပြီး လွတ်မြောက်မယ့် နည်းလမ်း ရှာဖို့ပဲ ကြိုးစားရမယ်။
ဒါပေမဲ့ ရှန့်တိုင်းပြည် သူ တစ်ယောက် အနေနဲ့ မုန့်စစ်ဖေ က ထောင်ချောက်ထဲ မိသွားရုံနဲ့ မျက်နှာလိုမျက်နှာရ လုပ်မှာ မဟုတ်ဘူး။
အဆိုးဆုံး အခြေအနေ ဆိုရင် အသေအကြေ တိုက်လိုက်ရုံပဲ။
သူတို့ နှစ်ယောက် ကိုယ့်အကြံနဲ့ကိုယ် စကားပြောနေကြစဉ် မုန့်စစ်ဖေ စုစည်းလိုက်တဲ့ အတွင်းအား ကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့ တခြား ကျွမ်းကျင်သူ အရှိန်အဝါ တချို့ အဝေးမှာ စုဝေးလာကြသည်။
ဒီ အရှိန်အဝါတွေကို အာရုံခံမိတော့ အခု မထွက်ရင် နောက်ဘယ်တော့မှ အခွင့်အရေး ရမှာ မဟုတ်တော့ဘူး ဆိုတာ မုန့်စစ်ဖေ သိလိုက်သည်။
သူမ ချက်ချင်း ဖီးနစ် ပုံစံ ပြောင်းလဲလိုက်ပြီး အတောင်ပံ ဖြန့်လိုက်သည်။
ဒီမိန်းမကို ဖမ်းသင့် မဖမ်းသင့် လင်ရန်ဝူ စဉ်းစားနေတုန်း သူ့နောက်က ယင်ရှိုလျန် ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင် သတိထား ကျွန်တော့် အစီအရင်ကြီးကို အမည်မသိ ကျွမ်းကျင်သူ တစ်ယောက် ဖျက်ဆီးလိုက်ပြီ ကျူးကျော်သူကို ခြေရာခံလို့ မရတော့ဘူး"
"တကယ် ထောင်ချောက်ပဲ အရင် ဆုတ်ကြစို့"
လင်ရန်ဝူ ဟိန်းဟောက်လိုက်ပြီး ယင်ရှိုလျန် ကို ဆွဲကာ နောက်ဆုတ်သွားသည်။
မုန့်စစ်ဖေ လုံးဝ ဇဝေဇဝါ ဖြစ်နေချိန်မှာ လက်တစ်ဖက်က သူမ ပခုံးပေါ် ရုတ်တရက် ကျရောက်လာသည်။
ပုတ်ထုတ်ဖို့ ပြင်လိုက်ချိန်မှာပဲ သူမ အိပ်မက်ထဲမှာ မကြာခဏ ကြားရလေ့ရှိတဲ့ အသံတစ်သံကို ကြားလိုက်ရသည်။
"မလှုပ်နဲ့ ငါ မင်းကို ခေါ်ထုတ်သွားပေးမယ်"
လုံခြုံတဲ့ ခံစားချက်ကြီး တစ်ခု သူမ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဒီအချိန်မှာ မုန့်စစ်ဖေ က လုံခြုံစိတ်ချရတဲ့ ဆိပ်ကမ်းလေး တစ်ခု တွေ့သွားတဲ့ ကလေးမလေး တစ်ယောက်လို ခံစားလိုက်ရသည်။
ကျန်းပေရန် က မြေလျှိုး အဆောင်လက်ဖွဲ့ ကို သုံးပြီး မုန့်စစ်ဖေ ကို မြေအောက် ခေါ်ဆောင်သွားသည်။
တစ်ချိန်တည်းမှာပဲ အဝေးမှာ အသင့်ပြင်ထားတဲ့ လီဖူချန် က အချက်ပြတာ ရတာနဲ့ အသံနိမ့်နိမ့်နဲ့ မန္တန် စတင် ရွတ်ဆိုလိုက်သည်။
"နတ်ဆိုးများနှင့် သရဲတစ္ဆေများ နေ့ရက် မရွေးဘဲ ချီတက်ကြသည်"
"ဓူဝံကြယ် ညွှန်ပြသော်လည်း နတ်ဘုရားများနှင့် အတူ ပေါ်ထွက်စေ"
မန္တန် ရွတ်ဆိုပြီးတာနဲ့ အနက်ရောင် ချီ လှိုင်းလုံးကြီး တစ်ခု ကောင်းကင်ပေါ် ထိုးတက်သွားတာကို လီဖူချန် ခံစားလိုက်ရသည်။
အစ်ကိုကြီးဝမ် ဘယ်တုန်းက ဒီလောက် ရက်စက်တဲ့ အစီအရင် ခင်းကျင်းလိုက်တာလဲလို့ တွေးနေတုန်းမှာပဲ သူကိုယ်တိုင်လည်း မြေအောက်ထဲ ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသည်။
တစ်ဖက်တွင်မူ လင်ရန်ဝူ ဆွဲခေါ်သွားတာ ခံလိုက်ရတဲ့ ယင်ရှိုလျန် ထပ်အော်လိုက်ပြန်သည်။
"ဂိုဏ်းခေါင်းဆောင် သတိထား ဒါ မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် ပဲ ဒီအစီအရင်က အရမ်း ထူးဆန်းတယ် အထဲမှာ ပိတ်မိသွားရင် ဂိုဏ်းခေါင်းဆောင် တောင်မှ အင်အား အပြည့်အဝ သုံးနိုင်မှာ မဟုတ်ဘူး"
မလှမ်းမကမ်းမှာ ကောင်းကင်ပေါ် ထိုးတက်သွားတဲ့ အနက်ရောင် ချီ ကို ကြည့်ပြီး အဲဒီ အနက်ရောင် တိမ်တိုက်ထဲကနေ သူတောင် တုန်လှုပ်သွားစေလောက်တဲ့ ဝမ်းနည်းကြေကွဲစရာ အသံတွေ ကြားလိုက်ရတော့ လင်ရန်ဝူ အသံနိမ့်နိမ့်နဲ့ အော်လိုက်သည်။
"အဲဒါ ဟို ဝမ်အန်းချင်း ဖြစ်ရမယ် ရှိုလျန် မင်း အရင် ဆုတ်လိုက်"
"ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်"
အခု အချိန်က အနက်ရောင် ဘိုးဘေး အဆင့်တွေရဲ့ ဇာတ်စင် ဖြစ်သွားပြီ ဆိုတာ သိလိုက်တဲ့ ယင်ရှိုလျန် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း ဆုတ်ခွာသွားသည်။
အနက်ရောင် ချီ တွေ သူ့ဆီ တိုးဝင်လာတာ ခံစားလိုက်ရတော့ လင်ရန်ဝူ ရဲ့ ခန္ဓာကိုယ်ကနေ ခရမ်းရောင် အတွင်းအားတွေ ပေါက်ကွဲထွက်လာပြီး ဧရာမ မြွေကြီး တစ်ကောင် အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားကာ အစွယ်နှစ်ချောင်းကို ထုတ်ဖော်ပြီး လျှာကို မရပ်မနား ထုတ်လိုက်သွင်းလိုက် လုပ်နေသည်။
"လာလေ ရှန့်တိုင်းပြည် က အမှိုက်ကောင်တွေ မင်းတို့ ဘာတတ်နိုင်လဲ ကြည့်ကြတာပေါ့"
သို့သော် လင်ရန်ဝူ က အပြင်ပန်းမှာ မကြောက်မရွံ့ ပုံစံ ပေါက်နေပေမယ့် တကယ်တမ်းကျတော့ နည်းနည်း စိုးရိမ်နေသည်။
ယင်ရှိုလျန် က လျန်တိုင်းပြည် ရဲ့ ထိပ်တန်း အစီအရင် ဆရာတွေထဲက တစ်ယောက် ဖြစ်ပြီး သူ တည်ဆောက်တဲ့ အစီအရင်တွေက ဘယ်တုန်းကမှ ဖျက်ဆီးလို့ မရခဲ့ဘူး။
ဒါပေမဲ့ အခုတော့ လျှို့ဝှက်ဆန်းကြယ် ကျွမ်းကျင်သူ တစ်ယောက်က ယင်ရှိုလျန် ရဲ့ အစီအရင်ကို အလွယ်တကူ ဖျက်ဆီးလိုက်ရုံတင် မကဘူး သူ့ကိုတောင် ထိခိုက်စေနိုင်တဲ့ အစီအရင် တစ်ခု တည်ဆောက်ထားသေးတယ်။
ယင်ရှိုလျန် က သူ့လက်အောက်ငယ်သား ဖြစ်နေလို့ အခြေအနေကို လျှော့ပြောမှာ သေချာတယ် ဆိုတာ သူ သိတယ်။
လင်ရန်ဝူ အင်အား အပြည့်အဝ မသုံးနိုင်ဘူး လို့ ပြောတာက သေချာပေါက် လျှော့ပြောတာပဲ။
အင်အား တစ်ဝက်လောက်တောင် လျော့ကျသွားနိုင်တယ်။
ဒီအတွေး ဝင်လာတော့ လင်ရန်ဝူ ကြောက်ရွံ့စိတ် တစ်ခု ခံစားလိုက်ရသည်။
သူ မခံစားရတာ ကြာပြီဖြစ်တဲ့ ခံစားမှုမျိုး……
ပုံမှန်ဆိုရင် လင်ရန်ဝူ ဒီလို ဖြစ်မှာ မဟုတ်ဘူး ဒါပေမဲ့ ဒီနေ့က မတူဘူး။
ရှန့်တိုင်းပြည် က လူတွေက အနက်ရောင် ဘိုးဘေး ဖြစ်လာနိုင်ချေ ရှိတဲ့ မုန့်စစ်ဖေ ကိုတောင် ငါးစာ အဖြစ် သုံးပြီး သူ့ကို မျှားခေါ်ခဲ့တာ။
သူ့ကို ဒီနေရာမှာတင် ဖမ်းဆီး သတ်ဖြတ်ဖို့ သေချာ ပြင်ဆင်ထားတယ် ဆိုတာ ထင်ရှားနေသည်။
လင်ရန်ဝူ တန်ပြန် နည်းဗျူဟာ စဉ်းစားနေတုန်းမှာပဲ ပုံရိပ်တွေ သူ့ဘေးနား တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။
"ကန်းနေတဲ့ လင် မင်း ဘာတွေ လုပ်နေတာလဲ"
ရောက်လာသူက ယန်စီယွမ် ဖြစ်နေတာ တွေ့တော့ လင်ရန်ဝူ အော်ပြောလိုက်သည်။
"သတိထား ရှန့်တိုင်းပြည် က အင်အား အကုန်သုံးပြီး ကျူးကျော်လာပြီ"
"ဘာ"
ယန်စီယွမ် အံ့သြတကြီး အော်ဟစ်လိုက်သည်။
တောင်ကြားထဲမှာ အနက်ရောင် ဧကရာဇ် အထွတ်အထိပ် အဆင့် အတွင်းအား ရုတ်တရက် ပေါ်လာတာကို အာရုံခံမိလို့ လာစစ်ဆေးတာ ဒီလောက် ကိစ္စကြီး ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။
"အဲဒီ ကောင်စုတ်တွေ ဘယ်မှာလဲ"
ယန်စီယွမ် ဟိန်းဟောက်လိုက်ပြီး ကျောပေါ်က သံချေးတက် နဂါး လက်စွပ်သုံးကွင်း ဓား ကို ဆွဲထုတ်လိုက်သည်။
သူ့နောက်ကနေ ဒီနေရာမှာ တပ်စွဲထားတဲ့ တခြား လျန်တိုင်းပြည် ကျွမ်းကျင်သူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။
ရှန့်တိုင်းပြည် က အင်အား အလုံးအရင်းနဲ့ ကျူးကျော်လာတယ် ဆိုတာ ကြားတော့ အားလုံး အသင့်ပြင်ထားလိုက်ကြသည်။
မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် ရဲ့ စွမ်းအားက လင်ရန်ဝူ ကို စိတ်မပျက်စေပါဘူး။
အနက်ရောင် ချီ တွေ တောင်ကြား တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့အခါ သူ့ခန္ဓာကိုယ် လေးလံလာတာ ခံစားလိုက်ရသည်။
လက်တစ်ဖက် မရုံလေးနဲ့တင် လက်ထောင်ပေါင်းများစွာက သူ့ကို ဆွဲချနေသလို ခံစားရသည်။
{စွမ်းအားကြီးလိုက်တဲ့ ရက်စက်ကြမ်းကြုတ်မှု အစီအရင် ပါလား}
လင်ရန်ဝူ လို အနက်ရောင် ဘိုးဘေး အဆင့် ကျွမ်းကျင်သူတောင် ထိခိုက်တယ် ဆိုရင် တခြား လျန်တိုင်းပြည် ကျွမ်းကျင်သူတွေ အတွက် ပြောစရာ မလိုတော့ဘူး။
လူတိုင်း သူတို့ခန္ဓာကိုယ်တွေ မခံမရပ်နိုင်အောင် လေးလံလာတာ ခံစားလိုက်ရသည်။
"သောက်ကျိုးနည်း ဒီအစီအရင်ထဲမှာ တိုက်ရတာ ငါတို့ဘက်က အရမ်း နစ်နာတယ် အရင် ဖောက်ထွက်ကြစို့"
ယန်စီယွမ် အော်ပြောလိုက်သည်။
လင်ရန်ဝူ ချက်ချင်း တားလိုက်သည်။
"မလုပ်နဲ့ ရှန့်တိုင်းပြည် က လူတွေ ဝင်မလာသေးဘူး ဆိုကတည်းက ငါတို့ ထွက်လာမှာကို စောင့်နေကြတာ သူတို့ ထောင်ချောက်ထဲ ဝင်သွားဖို့ ပိုလွယ်ကူလိမ့်မယ်"
"ဒါဆို ငါတို့က ဒီမှာပဲ စောင့်နေရမှာလား"
"သတိကြီးကြီးထားပြီး စောင့်နေတာက မဆင်မခြင် လုပ်တာထက် ပိုကောင်းတယ်"
အဲဒီအချိန်မှာ နောက်ထပ် ခမ်းနားထည်ဝါတဲ့ အသံတစ်သံက မေးလိုက်သည်။
"ဂိုဏ်းခေါင်းဆောင် လင် ဒီနေရာမှာ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ"
"ဇာတ်လမ်းက ရှည်တယ် ရှန့်တိုင်းပြည် က ကောင်စုတ်တွေကို သတ်ပြီးမှ ငါ ခင်ဗျားတို့ကို ရှင်းပြမယ်"
"ကောင်းပြီလေ"
ဒီလိုနဲ့ လက်ဖက်ရည်တစ်ခွက် သောက်စာအချိန် ကုန်ဆုံးသွားသည်။
လူတိုင်း မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် ကြောင့် စိတ်မရှည် ဖြစ်လာကြတဲ့ အချိန်မှာ အဝေးကနေ အော်ဟစ်သံတွေ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဆရာ ဘယ်မှာလဲ"
"ဂိုဏ်းချုပ် ကျွန်တော်တို့ နောက်ကျသွားပါပြီ လာကာကွယ်ပေးပါ့မယ်"
"ဂိုဏ်းခေါင်းဆောင် ရူးသွပ်သိမ်းငှက် ရောက်ပါပြီ"
...
သူ့ဂိုဏ်းသားတွေရဲ့ အသံ ကြားလိုက်ရတော့ ယန်စီယွမ် ပြောလိုက်သည်။
"ဘူးသီး ဒီဘက် မလာနဲ့ အပြင်မှာ စောင့်... နေပါဦး မင်းတို့ ဘယ်လို ဝင်လာကြတာလဲ"
ဘူးသီး လို့ ခေါ်တဲ့ တပည့်က မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် ကို တောင့်ခံရင်း ယန်စီယွမ် ဘေးနား ရောက်လာပြီး လက်နှစ်ဖက်ယှက်လိုက်သည်။
"ဆရာ့ကို သတင်းပို့ပါရစေ ဆရာ ပြန်မလာတာ ကြာလို့ ကျွန်တော်တို့ လိုက်ရှာကြတာပါ ပြီးတော့ ဒီနေရာမှာ..."
"စကားရှည်မနေနဲ့ မင်းတို့ ဘယ်လို ဝင်လာလဲလို့ ငါ မေးနေတယ်"
ဘူးသီး ခဏတာ ကြောင်သွားပြီး ဦးတည်ချက် တစ်ခုကို လက်ညှိုးထိုးပြကာ ပြန်ဖြေလိုက်သည်။
"ကျွန် ကျွန်တော်တို့ ဟိုဘက်ကနေ ဒီအတိုင်း ဝင်လာကြတာပါ"
ဒီအချိန်မှာ တခြား ဂိုဏ်းချုပ်တွေလည်း သူတို့ တပည့်တွေကို မေးမြန်းကြပြီး သူတို့အားလုံး ပေါ်ပေါ်ထင်ထင် လမ်းလျှောက် ဝင်လာကြကြောင်း တွေ့ရှိလိုက်ရသည်။
"ဟေ့ ကန်းနေတဲ့ လင် ဘာတွေ ဖြစ်နေတာလဲ အပြင်မှာလည်း ခြုံခိုတိုက်ခိုက်မှု ရှိတယ်လို့ မင်း ပြောတယ် မဟုတ်လား"
လင်ရန်ဝူ လည်း ဇဝေဇဝါ ဖြစ်နေသည်။
အခြေအနေက သူ့ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်သွားပြီ။
ဒါပေမဲ့ သူ ချက်ချင်း အာမေဋိတ်သံ ပြုလိုက်သည်။
"ဒုက္ခပဲ အပြင်က လူတွေက သူတို့ကို တမင်တကာ ပေးဝင်လိုက်တာ ငါတို့ အားလုံးကို တစ်ချက်တည်းနဲ့ မျိုးဖြုတ်ချင်နေကြတာ"
"တစ်ချက်တည်းနဲ့ မျိုးဖြုတ်တာတွေ ဘာတွေ သောက်ဂရုမစိုက်ဘူး ဒီလို စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေကို ငါ သည်းမခံနိုင်တော့ဘူး မင်း သတ္တိကြောင်ချင် ကြောင်နေခဲ့ ငါကတော့ ထွက်တိုက်မယ် ရှန့်တိုင်းပြည် က ကြွက်စုတ်လေးတွေက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
"မလုပ်နဲ့..."
ဒါပေမဲ့ လင်ရန်ဝူ မတားနိုင်ခင်မှာပဲ ယန်စီယွမ် က ပြေးထွက်သွားပြီ ဖြစ်သည်။
ခဏကြာတော့ ယန်စီယွမ် ရဲ့ အသံ အဝေးကနေ ထွက်ပေါ်လာသည်။
"လင်ရန်ဝူ ထွက်ခဲ့စမ်း ဒီမှာ လူရိပ်တောင် မမြင်ရဘူး မင်းပြောတဲ့ ရှန့်တိုင်းပြည် က လူတွေ ဘယ်မှာလဲ"