အဝေးကြီး ခရီးနှင်ပြီးပြီ
Vol. 1 Ch. 199
"သဘာဝက အလိုလို ဖန်တီးပေးထားတဲ့ ဝင်္ကပါလား"
ထိုလူများသည် အပြင်မထွက်နိုင်သော အချက်တစ်ချက်တည်းကြောင့် ရူးသွပ် သွားကြလေခြင်းလား ဟူသည်ကို ကျန်းရီ သေချာ ဝေခွဲမရ သေးပေ။ နိုင်ငံ အဆင့်ပြိုင်ပွဲ စသည်မှာ ဆယ်ရက်ခန့်သာ ရှိသေးသည်။ ရက်အနည်းငယ်မျှ ပိတ်မိ ခံရရုံဖြင့် ရူးသွပ်သွားခြင်းမှာ ဖြစ်နိုင်ချေ သိပ်မရှိပေ။
အဘက်ဘက်မှ စဉ်းစား ပြီးသော်လည်း သင့်တော်သော အဖြေတစ်ခု သူရှာမတွေ့ သေးပေ။ သူကိုယ်တိုင်လည်း အနှီ ဝင်္ကပါထဲမှ မထွက်နိုင်လျှင် ပြဿနာ တက်ပေလိမ့်မည်။
သူဤနေရာမှ ထွက်သွားလိုလျှင် အဝါရောင် သစ်ပင်များ အားလုံးကို မီးရှို့ ရပေလိမ့်မည်။ မီးရှို့၍ ထွက်သွားပြန်လျှင် ကမ္ဘာ့မီးလျှံ အမြောက်အမြား ရင်းနှီး ရပေလိမ့်မည်။ ကမ္ဘာ့မီးလျှံများ မသုံးလျှင် သူသည် အနှီဝင်္ကပါအား ချိုးဖျက်နိုင်မည် မဟုတ်ဘဲ ကံတရားကို လက်ခံရရုံသာ ရှိလိမ့်မည်။ မီးဝိညာဉ် ကျောက်တုံးသည် ကမ္ဘာ့မီးလျှံ များထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသော်လည်း သူသုံးနိုင်သည့် ပမာဏမှာ အကန့်အသတ် ရှိလေသည်။ မီးဝိညာဉ် ကျောက်တုံးနှင့် လူမည်မျှ သတ်နိုင်မည်နည်း။
ငါအခု ကမ္ဘာ့မီးလျှံတွေကို မသုံးသေးဘဲ တခြား နည်းလမ်းများ ရှိဦးမလားလို့ ရှာကြည့်ဦးမယ်။
ကျန်းရီသည် ငွေလ ဝံပုလွေကို စီးနင်းလျက် ပြေးလွှားနေရင်းမှ အနက်ရောင် အကြေးခွံ ဓားဖြင့်လည်း သစ်ပင်များပေါ်တွင် အမှတ်အသားများ ပြုလျက်ရှိသည်။ လမ်းတွင် နောက်ထပ် အရူး သုံးယောက်နှင့် သူထပ်တွေ့ ခဲ့သေးသည်။ ထိုအထဲမှ တစ်ယောက်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ဖြစ်လေသည်။ သူသည် တံဆိပ်ပြား ဆယ်ခုကျော် ထပ်ရခဲ့သော်လည်း ခံစားချက်တို့ ပိုမိုရှုပ်ထွေး လာရသည်။ ဒီတစ္ဆေတောအုပ်က အချိန်တစ်ခု ကြာရင် လူတွေကို ရူးသွားအောင် လုပ်နိုင်တဲ့ စွမ်းအင် တစ်မျိုးမျိုး ပိုင်ဆိုင်ထားတာ များလား။
"ဟူး ... ဟူး ..."
မကြာခင်တွင် ကျန်းရီ အဖြေ ရသွားခဲ့သည်။ သူအဖြေကို မသိရသေးခင်တွင် တောအုပ်အတွင်း လေညင်းသုန်သုန် တိုက်ခတ်လာခဲ့သည်။ လေအဝှေ့တွင် အဝါရောင် သစ်ရွက်များ လွင့်တက် လာလေသည်။ သစ်ရွက်များသည် သတ္တု တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အလား သတ္တုချင်း ထိခတ်သံများ ပေါ်ထွက် လာခဲ့သည်။
သူသည် အစက ထူးဆန်း နေသည်ဟု မခံစား ရသေးပေ။ သို့သော်လည်း လေတိုက်ခတ်မှု မြန်ဆန်လာသည်နှင့် အမျှ သတ္တုချင်း ထိခတ်သံတို့က ပိုမိုကျယ်လောင် လာခဲ့သည်။ ကျန်းရီ ဆက်နားထောင် နေမိသည်မှာ သူ့မျက်လုံးများတွင် တစ်ချက်တစ်ချက် သတိလွတ် သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည် အထိ ဖြစ်လေသည်။ ငွေလ ဝံပုလွေကြီး သည်ပင် ပြေးနေရာမှ ရပ်တန့်ကာ အေးစက်စက် မျက်လုံးအစုံသည် တွေဝေဟန်များ ပေါ်ထွက်နေခဲ့သည်။
ထိုအခိုက်တွင် ကျန်းရီ၏ မီးဝိညာဉ်ပုလဲသည် လင်းလက်လာကာ သူ့ စိတ်ဝိညာဉ်ထံ အမျိုးအမည် မသိသော စွမ်းအင်အား လွှဲပြောင်း ပေးလာခဲ့သည်။ သူ့စိတ်ဝိညာဉ်မှ ရွှေရောင် အလင်းဖြာ ထွက်လာကာ သတိပြန်ဝင် လာခဲ့သည်။ သူသည် ရွေ့လျားနေသော သစ်ရွက်များကို ကြည့်ရင်း သေမင်းခေါ်သံနှင့် တူသော သတ္တုသံ များကို နားထောင်နေရာမှာ မျက်နှာဖြူဆုတ် သွားခဲ့သည်။
"ငွေလဝံပုလွေ ပြန်တော့"
ကျန်းရီသည် စိတ်တို့ လွင့်နေဟန် ရှိသော ငွေလ ဝံပုလွေကို မြင်လိုက်သော် ဝိညာဉ်သားရဲ အဆောင်အတွင်း အမြန် ပြန်သိမ်းလိုက်သည်။ တောအုပ်ထဲရှိ အနှီလူများ ရူးသွပ်သွားရသော အကြောင်းအရင်းကို သူသိ သွားခဲ့လေပြီ။ တောအုပ်တွင် လူတို့၏ စိတ်ဝိညာဉ်ကို ချောက်ချားစေ၍ ရူးသွပ် သွားစေသော အသံလှိုင်းများကို ထုတ်ပေးနိုင်သည့် စွမ်းရည် ရှိလေသည်။
လေသည် အဝေးသို့ တိုက်ခတ် သွားခဲ့ပြီး သတ္တုချင်း ထိခတ်သံများလည်း ဝေး၍ သွားခဲ့သည်။ ကျန်းရီသည် စိတ်အေးသွား၍ သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ထပ်မံတွေဝေ မနေတော့ပေ။ သူသည် ကမ္ဘာ့ မီးလျှံများကို ချက်ချင်း ထုတ်ဖော်၍ တစ္ဆေတောအုပ်ကို မီးရှို့ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သူသာ အနှီတောအုပ်ကို ဖျက်ဆီးလိုက်လျှင် မည်သူမှ ရူးသွပ်၍ သေဆုံး သွားတော့မည် မဟုတ်ပေ။ သူ့အတွက် အကျိုးရှိရုံ သာမက ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်နေလေသည်။
မဟုတ်ဘူး ... ဒီလို ဘယ်ဖြစ်မလဲ။
ဤနေရာသို့ ဝင်ရောက် လာကြမည့် လူများအကြောင်း တွေးမိသောအခါ ကျန်းရီသည် တစ်ခုခုကို သတိရ သွားခဲ့သည်။ သူဘာကြောင့် ဤတစ္ဆေ တောအုပ်ကို ဖျက်ဆီး ရမည်နည်း? သူရှိနေသော နေရာအား ခြေရာခံ မိသွားကြပြီ မဟုတ်ပါလား။ သူ့အား ဝိုင်းဝန်း၍ သတ်ဖြတ်ရန် လိုက်နေကြသော လူအုပ်ကြီးတစ်ခု ရှိနေသေးသည် မဟုတ်ပါလော။ ဤတစ္ဆေ တောအုပ်သည် တိုက်ပွဲစတင်ရန် အကောင်းဆုံးသော နေရာ မဟုတ်ပါလား?
သူ့တွင် မီးဝိညာဉ် ပုလဲရှိနေရာ စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို မှုစရာ မလိုသောကြောင့် ဤနေရာတွင် သူဘေးကင်းပေသည်။ ဤနေရာသို့ တခြားသူများ လာကြပါလျှင်မူ ထိုသူများ ရူးမသွားခင် သူအချိန် နည်းနည်းဆွဲ ဖို့သာ လိုလေသည်။ သူတို့ ရူးသွားလျှင် သူအသာလေး သတ်ပစ်နိုင်မည် ဖြစ်လေသည်။
ကောင်းတယ် ... ငါအဝေးကြီး ခရီးနှင် လာခဲ့ပြီးပြီ ... အားကုန် ကြိုးစား ခဲ့ပြီးတဲ့နောက် ဒီနေရာကို ရှာတွေခဲ့တာပဲ။
ကျန်းရီသည် သူအသာ စီးရမည့် အကောင်းဆုံးသော မြေအနေအထားကို ရှာဖွေ နေခဲ့သည်။ ယခု သူသည် တောအုပ်တစ်ခု ထဲသို့ မတော်တဆ ဝင်လာခဲ့မိ၍ ရှာတွေ့ခဲ့ပြီ ဖြစ်လေသည်။ ၎င်းသည် တစ္ဆေသစ်ပင်များ ပြည့်နေသည့် တောအုပ် တစ်အုပ်ဖြစ်ကာ တိုက်ပွဲ စတင်ရန် အကောင်းဆုံးသော မြေအနေအထားပင် ဖြစ်တော့သည်။
ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာ လိုက်တာပေါ့။
ကျန်းရီသည် စိတ်လှုပ်ရှားလွန်း၍ ခြေလက်များပင် တုန်ယင် နေလေသည်။ သူ့စိတ်ထဲမှ အမျိုးမျိုးသော ပရိယာယ်များ အစီအစဉ်များ စသဖြင့် အကြံပေါင်းစုံ ထွက်လာတော့သည်။ ဤကဲ့သို့ မြေအနေအထား ရှိနေရာ သူသည် အကျိုး အများဆုံး ရအောင် လုပ်ရပေမည်။
သူသည် အိပ်စက်ရန် အတွေးပင် မရှိတော့ပဲ ငွေလ ဝံပုလွေကြီးကို စီး၍ တောအုပ်အနှံ့ ခြေဆန့်တော့သည်။ တစ်နာရီကြာ သွားလာပြီးနောက် တောအုပ်ထဲတွင် မည်သူမှ မရှိတော့ကြောင်း သေချာအောင် လုပ်ပြီးမှ ကြိုးအမြောက်အမြား ထုတ်၍ နေရာကို ပြင်ဆင်တော့သည်။
လေးနာရီကြာ အလုပ်များ နေပြီး နောက်ဆုံးတွင် ကျန်းရီသည် တွင်းကြီးတစ်တွင်း ထဲမှ ထွက်လာတော့သည်။ သူသည် ကမ္ဘာ့ မီးလျှံများကို သုံး၍ အဝါရောင် သစ်ပင်၏ မာကျောလှသော အမြစ်များကို မီးရှို့၍ သိပ်မနက်သော တွင်းအနည်းငယ် ထပ်တူးလိုက်သည်။ သူသည် တွင်းအား ပို၍နက်အောင် လုပ်ချင်ပါသော်လည်း သစ်ပင်၏ အမြစ်များသည် အထပ်ထပ် ရှိနေပြီး အထဲတွင် မည်မျှနက်နက် ရှိနေမှန်း သူမသိပေ။ သို့ဖြစ်ရာ ကျန်းရီသည် ကမ္ဘာ့ မီးလျှံများကို ဖြုန်းတီး မပစ်နိုင်ပေ။
အလုပ်တွေ ပြီးလုပြီ ... ငါ့သေခြင်း၊ ရှင်ခြင်းကတော့ ကောင်းကင်ရဲ့ အလိုအတိုင်းပဲ။
ကျန်းရီသည် အနီးရှိ ပြင်ဆင်မှုများကို စစ်ဆေးလိုက်ပြီး စိတ်ကျေနပ်စွာ လက်ခုပ်တီးလိုက်သည်။ ထို့နောက် သစ်ပင်ကြီး တစ်ပင်ထက် ခုန်တက်၍ နှစ်ခြိုက်စွာ အိပ်စက်လိုက်သည်။
အိပ်စက်ချိန်သည် ရှစ်နာရီမှ ဆယ်နာရီခန့် ကြာသွားခဲ့သည်။ ကျန်းရီသည် ရန်သူများ ချဉ်းကပ်လာမည်ကို မစိုးရိမ်ပဲ အေးအေးဆေးဆေး အိပ်စက် နေခဲ့သည်။ သူနိုးလာသော အခါ သစ်ပင်ပေါ်မှ ခုန်ဆင်း၍ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး သစ်ပင်ပေါ် ပြန်တက်လိုက်သည်။ ထို့နောက် ရိက္ခာခြောက်များ ဝါး၍ ဗိုက်ဖြည့်လိုက်သည်။
"ကျင့်ကြံရဦးမယ်"
စားသောက်ပြီးနောက် သူသည် သစ်ပင်ထက်တွင် ခြေချိတ်ထိုင်၍ ကျင့်ကြံလိုက်သည်။ နာရီ အနည်းငယ် ကျင့်ကြံပြီးနောက် လေအရိပ်ဓားကို လေ့ကျင့်သည်။ ထို့နောက် အတွင်းအား ကျင့်စဉ်ကို ကျင့်ကြံရန် အတွင်းအားများ ပြန်လည်ဖြည့်တင်း နေလိုက်သည်။
သို့နှင့် ကျန်းရီသည် အေးချမ်း သာယာသော နေ့တစ်နေ့ကို တောအုပ်ထဲတွင် ကုန်ဆုံးခဲ့သည်။ ညအလယ်တွင် တောအုပ်အတွင်း လေပြည်လေးများ တိုက်ခတ်လာခဲ့သည်။ လေပြည်လေး မှသည် လေပြင်းကြီး အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့ပြီး တစ္ဆေတောအုပ် အတွင်း ချောက်ချားဖွယ် သတ္တုသံများ ထွက်ပေါ် လာခဲ့သည်။ ကျန်းရီသည် မှင်တက်၍ စိတ်လွတ်သွားသော်လည်း မီးဝိညာဉ် ပုလဲ၏ ကာကွယ်ခြင်း ခံရ၍ စက္ကန့်ဝက် အတွင်း သတိလည်လာခဲ့သည်။
နောက်တစ်နေ့တွင် သူသည် ကျင့်ကြံနေရင်း တစ်ဝက်တစ်ပျက်တွင် ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများသည် ဘယ်ဘက်ခြမ်းရှိ ခြေသံ ထွက်ပေါ်လာရာသို့ ရောက်ရှိသွားခဲ့သည်။ သူသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ လေထဲတွင် ပေါ်ထွက်လာသည့် ငွေလဝံပုလွေကြီးကို စီး၍ ဘယ်ဘက်သို့ ပြေးထွက်သွားလိုက်သည်။
ခရမ်းရောင် နန်းတော်ရှင် အဆင့်
ကျန်းရီသည် တောအုပ်အတွင်း ဝင်ရောက်လာသော လူတစ်ယောက်ကို မကြာခင် တွေ့ရှိသွားခဲ့သည်။ ၎င်းမှာ ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသော ပုပုကွကွနှင့် သိုင်းသမားတစ်ယောက် ဖြစ်လေသည်။ သူသည် ငွေလ ဝံပုလွေကြီးကို စီးလာသော ကျန်းရီအား တွေ့သောအခါ သူ့မျက်လုံးများတွင် ရက်စက်သော အကြည့် ဖြစ်တည်လာခဲ့ပြီး ကျန်းရီထံ ပြေးဝင် လာခဲ့သည်။
ကျန်းရီသည် နည်းနည်းလေးတောင် မလှုပ်ရှားဘဲ အရူး တစ်ယောက်ပမာ ရပ်နေခဲ့သည်။ ရန်သူ၏ လက်ထဲတွင် သူ့ထံ ကျဆင်းလာသော ပုဆိန်ကြီး တစ်လက် ရှိနေလေသည်။ ထိုအချိန်တွင် ကျန်းရီ၏ လက်ထဲ၌ အနက်ရောင် အကြေးခွံဓား ပေါ်ထွက်လာခဲ့ပြီး ရှေ့သို့ အသာလေး ယမ်းလိုက်သည်။
"ခလွမ်"
ကြီးမားလှသော ပုဆိန်ကြီးသည် သစ်သားစအလား ပြတ်တောက် သွားခဲ့သည်။ ထိုလူသည် ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း ကျန်းရီ၏ အခြား လက်တစ်ဖက်မှ အနက်ရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး နတ်ဘုရား သတ်ဖြတ်ခြင်းမြား ထွက်ပေါ်လာကာ ထိုလူ၏ အသက်အား အလွယ်လေး နှုတ်ယူ သွားခဲ့သည်။
ထောင်ချောက်လေးတွေ နည်းနည်း ထိခိုက်သွားတယ် ... ငါပြန်ပြင် ရဦးမယ်။
ကျန်းရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူသည် ကြိုးများကို သုံး၍ တစ်ယောက်ယောက် ချဉ်းကပ် လာပါလျှင် သိနိုင်မည့် ထောင်ချောက် အသေးစားလေးများ လုပ်ထားခဲ့သည်။ ထိုထောင်ချောက်သည် တစ်ကြိမ် အသက်ဝင်ပြီး သည်နှင့် ပျက်စီး သွားပေလိမ့်မည်။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ကျန်းရီသည် ပြန်လည် ပြင်ဆင် ပြီးသွားခဲ့ပြီး သစ်ပင်ပေါ် ပြန်တက်၍ ပိုးကောင်များ၏ ပိုင်ရှင်နှင့် ရွှေချမ်လော့တို့ ရောက်လာမည်ကို စောင့်နေလိုက်သည်။
နေ့တစ်ဝက်ခန့် စောင့်ပြီးနောက် နောက်ထပ် ကံဆိုးသော လူတစ်ယောက် ရောက်လာခဲ့ပြီး ကျန်းရီ၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြန်သည်။ သူ အားဖြည့် အိပ်စက်ဖို့ရန် ပြင်နေချိန်တွင် တောအုပ်ထဲရှိ ထောင်ချောက်လေးများ အသက်ဝင် သွားခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် ထောင်ချောက် အများစု တစ်ပြိုင်တည်း အသက်ဝင်လာခြင်း ဖြစ်လေသည်။
သူတို့ ရောက်လာကြပြီလား?
ကျန်းရီ ငြိမ်နေလိုက်သည်။ ဤတစ်ခေါက်တွင် သူသည် ငွေလ ဝံပုလွေကြီးကို ဆင့်ခေါ်၍ ပြေးထွက်သွားခြင်း မလုပ်ဘဲ နေရာတွင်သာ ငြိမ်နေခဲ့သည်။
သစ်ရွက်များ ယိမ်းနွဲ့ နေကြပြီး ထိုလူအုပ်သည်လည်း မြန်ဆန်စွာ ချဉ်းကပ် လာခဲ့သည်။ ကျန်းရီသည် အသက်ကို အောင့်ထားလိုက်သည်။ မိနစ် သုံးဆယ်ခန့် ကြာပြီးနောက် သူသည် တံဆိပ်ပြားကို မြန်မြန်ထုတ်၍ ကြည့်လိုက်သောအခါ ဆွံ့အ သွားရသည်။
အနီးအနားတွင် လူလေးငါးဆယ် ပါသည့် လူအုပ်ကြီး ရှိမနေခဲ့ဘဲ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ရှစ်ယောက်၊ ကိုးယောက်ခန့်သာ ရောက်နေခဲ့ခြင်း ဖြစ်လေသည်။ သူတို့သည် ရွှေချမ်လော့၏ လူများ မဖြစ်နိုင်ပေ။ ထိုမိန်းမသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ငါးဆယ်ကျော်ကို ခေါ်လာခဲ့သည် မဟုတ်ပါလား။
"ဝှစ်"
သူသည် သစ်ပင်ပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ပြီး တွင်းတစ်ခုထဲ ဝင်၍ ရန်သူများ ရောက်လာမည်ကို စောင့်နေလိုက်သည်။
"ရှပ် ... ရှပ် ... ရှပ်"
လူအုပ်သည် အလျင်အမြန် ရောက်ရှိလာခဲ့ပြီး သူတို့သည် သူ့နှင့် အတော်ဝေးဝေးတွင် ရပ်လိုက်သောကြောင့် ကျန်းရီ ဆွံ့အ သွားရပြန်သည်။ ထိုအခိုက် ရင်းနှီးနေသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
"ကျန်းရီ ... ထွက်လာခဲ့ ... ငါပါ ... ကျန့်ဝူရွှမ်း"
***