သူတို့အကုန် ငါ့ကို လုပ်ကြံချင်နေကြတာပဲ
Vol. 27 Ch. 336
ခြံဝင်းအိမ်ရာတစ်ခု၏ အဝင်ဝတွင် လီဖူချန်သည် သူ့အနောက်၌ ပါလာသော မုန့်စစ်ဖေ့ကို ကြည့်ပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်မုန့်... ဒီအိမ်က နည်းနည်းတော့ ဟောင်းနေတယ်ဗျ... ဒါပေမဲ့ လူခြေတိတ်အောင်လို့...”
“ငါနားလည်ပါတယ် အထဲကိုသာ ခေါ်သွားပေး”
“ဒီဘက် ကြွပါခင်ဗျာ”
ခြံဝင်းထဲသို့ ဝင်လာရင်း လီဖူချန်ခမျာ သူ့ကျောပြင်သူ ကုတ်မရ ဖဲ့မရ ဖြစ်နေတော့သည်။
လခြမ်းကွေးချိုင့်ဝှမ်းမှ မြို့ထဲသို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံး မုန့်စစ်ဖေ့က သူ့ကို စိုက်ကြည့်နေသည်ကို လီဖူချန် သေချာပေါက် အာရုံခံမိနေခဲ့၏။
သူမက တမင်သက်သက် လုပ်နေခြင်းလော၊ မတော်တဆလော မသိရသော်လည်း ‘အနက်ရောင်ဧကရာဇ်’ အဆင့်တစ်ယောက်၏ အရှိန်အဝါ ဖိအားပေးမှုက သူ့ကျောပြင်ပေါ် ဆူးများ ပေါက်နေသကဲ့သို့ ခံစားရစေသည်။
ချွေးများကလည်း သူ့အဝတ်အစားများကို ရွှဲရွှဲစိုရွှဲ ဖြစ်နေစေခဲ့ပြီ ဖြစ်သည်။
သစ်သားတံခါးတစ်ချပ်ရှေ့သို့ မုန့်စစ်ဖေ့အား ခေါ်ဆောင်သွားပြီးနောက် လီဖူချန်က တံခါးကို တွန်းဖွင့်ပေးရင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်မုန့်... ဒါ ခင်ဗျားရဲ့ အိပ်ခန်းပါ။ အထဲမှာတော့ လိုတာလေးတွေ အစုံရှိတယ်။ တစ်ခုခု လိုရင် ကျွန်တော့်ပြောနော်... ချက်ချင်း စီစဉ်ပေးပါမယ်”
မုန့်စစ်ဖေ့က အခန်းထဲသို့ ဝင်သွားပြီး ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်၏။
“ဒုက္ခခံမနေပါနဲ့တော့၊ ငါက ဒီမှာ ရက်ပိုင်းလောက်ပဲ နေမှာဆိုတော့ အဲ့လောက်ကြီး အဆင်ပြေနေစရာ မလိုဘူး”
“ဟုတ်ကဲ့ပါ ဒါဆိုရင် အရင် အနားယူလိုက်ပါဦး။ ကျွန်တော် တံခါးဝကနေ စောင့်နေပေးပါ့မယ်”
လီဖူချန် စကားဆုံး၍ တံခါးပိတ်ပြီး ထွက်သွားတော့မည့် အချိန်မှာပင် မုန့်စစ်ဖေ့ လှမ်းခေါ်လိုက်သည့် အသံကို ကြားလိုက်ရသည်။
“နေဦး”
လီဖူချန်ခမျာ တံခါးပိတ်လက်စ ဟန်ပန်အတိုင်း ရပ်တန့်သွားပြီး ‘ဒုက္ခတော့ရောက်ပြီ’ ဟု တွေးလိုက်မိတော့သည်။
“ဂိုဏ်းချုပ်မုန့် ဘာများ ခိုင်းစရာရှိလို့လဲခင်ဗျာ”
“ခိုင်းစရာ မရှိပါဘူး။ မင်း အဲ့လောက်ကြီး ယဉ်ကျေးပြနေစရာ မလိုဘူး။ ငါက... မင်းကို မေးစရာလေး ရှိလို့”
“မေးပါခင်ဗျာ”
“မင်းနဲ့... ဟို စီနီယာကြီးနဲ့က ဘယ်လို ပတ်သက်တာလဲ”
ထိုမေးခွန်းအတွက် လီဖူချန် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူက လက်နှစ်ဖက်ကို ဆုပ်နယ်အရိုအသေပြုရင်း တိုက်ရိုက်ပင် ပြန်ဖြေလိုက်၏။
“ဂိုဏ်းချုပ်မုန့်ကို အစီရင်ခံပါတယ်ဗျာ။ အဲ့ဒီကိစ္စကို မေးလာခဲ့ရင် ဘာမှပြန်မဖြေဖို့ စီနီယာက မှာလိုက်တယ်ဗျ။ တကယ်လို့ ဇွတ်အတင်း မေးနေမယ်ဆိုရင်တော့ ကျွန်တော်က...”
“ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ငါ ထင်သားပဲ။ မင်းလည်း သွားနားတော့လေ။ ငါ့အတွက် စောင့်ပေးနေစရာ မလိုဘူး၊ ပင်ပန်းရုံပဲ ရှိမှာ”
“ဒါက စီနီယာရဲ့ အမိန့်မို့လို့ ကျွန်တော် နာခံရမှာပါဗျ။ တကယ်လို့ ကျွန်တော့်ကို မြင်ရတာ စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် ခြံဝင်းတံခါးမကြီး အပြင်ဘက်မှာ သွားစောင့်နေပေးပါ့မယ်”
“မလိုပါဘူး၊ ဒီအတိုင်းပဲ ထားလိုက်ပါတော့။ မင်းလည်း ပင်ပန်းသွားပြီ”
“မပင်ပန်းပါဘူး။ ဂိုဏ်းချုပ်မုန့် ကောင်းကောင်း အနားယူပါ”
ပြောပြီးသည်နှင့် လီဖူချန်က တံခါးကို ဆွဲပိတ်ပေးလိုက်သည်။
သစ်သားတံခါး ပိတ်သွားသည့်အသံကို ကြားလိုက်ရသောအခါ မုန့်စစ်ဖေ့က သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ချက်ချင်းဆိုသလို သူမမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
မည်သို့ပင်ဖြစ်စေ သူမနှင့် ထိုစီနီယာကြီးကြားက ဆက်ဆံရေးက အနည်းငယ်တော့ ပိုနီးစပ်သွားပြီဟု ယူဆရမည်သာ။
စီနီယာကြီးက သူမကို တိတ်တဆိတ် ကာကွယ်ပေးနေလောက်သည် ဆိုသော အတွေးက မုန့်စစ်ဖေ့၏ နှလုံးသားကို နွေးထွေးသွားစေသည်။
သူမက စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပါးပြင်နှစ်ဖက်ကို လက်ဝါးလေးများဖြင့် အုပ်ကိုင်ကာ စားပွဲအောက်မှ ခြေထောက်လေးများကို ဘယ်ညာ စည်းချက်ကျကျ လှုပ်ရမ်းနေလိုက်လေသည်။
(စီနီယာက လျန်တိုင်းပြည်မှာ ဘာကိစ္စတွေများ လုပ်နေတာပါလိမ့်...)
...
အခြားတစ်ဖက်တွင်မူ ကျန်းပေရန်သည် ပြန်ရောက်ရောက်ချင်းပင် ဟော်ဟုန်ဖေးနှင့် ဆက်သွယ်လိုက်သည်။
ဟော်ဟုန်ဖေးက အလွန်ပင် အလုပ်ကြိုးစားသူမို့ ထိုည၌ပင် ချက်ချင်း ရောက်လာခဲ့၏။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ရင်းနှီးနေသော ဘုရားကျောင်းဆောင်ထဲတွင် ဟော်ဟုန်ဖေးက ကျန်းပေရန်ကို ဦးညွှတ်အရိုအသေ ပြုလိုက်သည်။
“မင်းရဲ့ ပရမ်းပတာဖြစ်အောင် လုပ်မယ့် အစီအစဉ်က ဘယ်လိုအနေအထား ရှိပြီလဲ”
ကျန်းပေရန်က ဒဲ့တိုးပင် မေးလိုက်သည်။
“ကျွန်တော် စတင်လှုပ်ရှားနေပါပြီ နောက်ထပ် သုံးရက် မဟုတ်ဘူး နှစ်ရက်အတွင်း အရှင်မင်းကြီး ကျေနပ်မယ့် အဖြေကို မုချ ဆက်သပါ့မယ်”
“မလိုတော့ဘူး ငါ မင်းအတွက် လုံလောက်တဲ့ ပြဿနာကြီးတစ်ခု ရှာတွေ့ထားတယ် မင်းက ဝင်ရောပေးလိုက်ရုံပဲ”
“ပိုကြီးတဲ့ ပြဿနာ”
ဟော်ဟုန်ဖေးခမျာ ခဏမျှ ကြောင်အသွားသည်။ ဤနေရာသို့ ရောက်ကာစသာ ရှိသေးသော ဧကရာဇ်တစ်ပါးအနေဖြင့် မည်သို့သော ပြဿနာမျိုးကိုများ ဖန်တီးနိုင်မည်နည်း။
“အေး ဟုတ်တယ်”
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး မုန့်စစ်ဖေ့အကြောင်းနှင့် သူ အဆင်ပြေသလို ရေးဆွဲထားသော အစီအစဉ်အကြောင်းကို ပြောပြလိုက်သည်။
“ဒါက”
ဟော်ဟုန်ဖေး ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ထိုအံ့အားသင့်စရာကြီးက ရုတ်တရက်ဆန်လွန်းလှသည်။
တကယ်လို့ အရှင်မင်းကြီး ပြောသလိုသာဆိုရင် ဒါက လျန်တိုင်းပြည်ကြီးတစ်ခုလုံး ကမောက်ကမဖြစ်ပြီး အကြီးအကျယ် ထိခိုက်နာကျင်သွားစေမည့် ရွှေရောင်အခွင့်အရေးကြီးပင် ဖြစ်သည်။
တည်ငြိမ်အေးဆေးနေသော ကျန်းပေရန်ကို မယုံနိုင်သလို ကြည့်ရင်း ဟော်ဟုန်ဖေး၏ စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
‘ကြောက်စရာကောင်းလိုက်တဲ့ ပုဂ္ဂိုလ်...’
ဟော်ဟုန်ဖေး၏ အတွေးထဲတွင်မူ ဒါတွေအကုန်လုံးက တိုက်ဆိုင်မှု မဟုတ်ဘဲ ဧကရာဇ်က စီစဉ်လိုက်သည်ဟုသာ ထင်မြင်နေမိသည်။
လခြမ်းကွေးချိုင့်ဝှမ်းထဲသို့ မတော်တဆ လမ်းမှားဝင်သွားသော အနက်ရောင်ဧကရာဇ် ဆိုသည်မှာ ရှိပါ့မလား။ မည်မျှ တုံးအသော အနက်ရောင်ဧကရာဇ်မို့လို့လဲ။
ပြီးတော့ အနက်ရောင်ဧကရာဇ်တစ်ပါးကို ဒီလောက် အန္တရာယ်များတဲ့ အလုပ်မျိုး လုပ်ခိုင်းနိုင်တယ်ဆိုတာက ဒီဧကရာဇ်ရဲ့ အာဏာစက် ဘယ်လောက်ကြီးမားလဲ၊ သူ့လက်အောက်မှာ လူတော်လူကောင်းတွေ ဘယ်လောက်များလဲ ဆိုတာကို ပြသနေခြင်းပင် ဖြစ်သည်။
‘ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိနေတာပဲ၊ ငါ့ရဲ့ ကလဲ့စားချေမှုအတွက် ဒီလို ခေတ်ပြိုင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို စေလွှတ်ပေးလိုက်တာ။ ထန်မျိုးနွယ်... ဒီဆယ်နှစ်တာ အကြွေးကို အတိုးနဲ့ပါ ပေါင်းပြီး ပြန်ဆပ်ခိုင်းမယ်’
ဟော်ဟုန်ဖေး၏ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေသည်ကို မြင်သောအခါ ကျန်းပေရန်က ထိုင်နေသော ပုံစံကို ပြောင်းလိုက်ရင်း ပြောလိုက်သည်။
“မင်းအတွက် အခွင့်အရေး ဖန်တီးပေးပြီးပြီ မင်းဘက်က ဖမ်းဆုပ်နိုင်မှာပါ”
ဒီစကားကို ကြားတော့ ဟော်ဟုန်ဖေးက ချက်ချင်းပဲ လက်ကိုဆုပ်ပြီး ပြောသည်။
“စိတ်ချပါ အရှင်မင်းကြီး ဒီလို ရွှေရောင်အခွင့်အရေးမျိုးကိုမှ လက်လွတ်ခံလိုက်မယ်ဆိုရင် ကျွန်တော်က အရှင်မင်းကြီးနဲ့ ပူးပေါင်းဖို့တောင် ထိုက်တန်တဲ့သူ မဟုတ်တော့ပါဘူး ဒါပေမဲ့”
“ပြောစရာရှိတာ ပြော”
ဟော်ဟုန်ဖေး တွေဝေနေသည်ကို မြင်၍ ကျန်းပေရန်က လက်ကာပြလိုက်၏။
“အရှင်မင်းကြီး အဲ့ဒီ ဂိုဏ်းချုပ်မုန့်ကို ကျွန်တော်နဲ့ နည်းနည်းလောက် ပူးပေါင်းပေးဖို့ ပြောပေးလို့ ရမလားခင်ဗျာ”
“ရတာပေါ့”
“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး”
ဟော်ဟုန်ဖေးက ခါးကိုကိုင်းပြီး အရိုအသေပြုလိုက်သည်။
မုန့်စစ်ဖေ့ တည်းခိုနေသည့်နေရာကို ပြောပြပြီးနောက် ကျန်းပေရန်က မတ်တပ်ရပ်လိုက်သည်။
“မင်း အဲ့ဒီရောက်လို့ တခြားအကူအညီ လိုတာရှိရင် ဖူချန်ကို ပြောလိုက် သူ ငါ့ဆီ သတင်းပို့လိမ့်မယ်”
“ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော် သွားပါတော့မယ်”
“သွားတော့”
ဟော်ဟုန်ဖေး ထွက်သွားပြီးနောက် ကျန်းပေရန် ခဏမျှ စဉ်းစားခန်း ဝင်နေပြီးမှ ဘုရားကျောင်းဆောင်ထဲမှ ပျောက်ကွယ်သွားတော့လေသည်။
...
“ဘုန်း”
လခြမ်းကွေးချိုင့်ဝှမ်းရှိ ‘နဂါးပြာ မိုးကြိုး ဂိုဏ်း’ စခန်းချရာနေရာတွင် လင်ရန်ဝူသည် ခွက်တစ်လုံးကို ကိုင်ပြီး ကြမ်းပြင်ပေါ် ဒေါသတကြီး ပေါက်ခွဲလိုက်၏။
“တောက် ဒေါသထွက်စရာ ကောင်းလိုက်တာကွာ”
ဒီနေ့တော့ သူ့မျက်နှာ အကြီးအကျယ် ပျက်ရပြီ။
ဟိုကောင် ယန်စစ်ယွမ်က သူ့ခေါင်းပေါ် တက်နင်းသွားတာတောင် သူက ပြန်မပြောနိုင်ခဲ့ပေ။
ဒီအကြောင်း တွေးမိသည်နှင့် လင်ရန်ဝူက ဘေးနားမှ စားပွဲတစ်လုံးကို လက်ဝါးဖြင့် ရိုက်ခွဲပစ်လိုက်ပြန်သည်။
ဒါတောင် အရေးကြီးဆုံး အချက် မဟုတ်သေး။
သူ့ကို တကယ် ဒေါသထွက်စေသည်မှာ ချိုးဟုန်လန် ပြောလိုက်သော စကားများပင် ဖြစ်သည်။
“တောက် မင်းတို့ကို သတ်ဖို့အတွက် ငါက ဟို ရှန့်တိုင်းပြည်က ခွေးတွေနဲ့ ပေါင်းစရာ လိုနေလို့လားကွ”
ဆဲရေးတိုင်းထွာရင်း လင်ရန်ဝူက နောက်ထပ် ကုလားထိုင်တစ်လုံးကို ရိုက်ချိုးပစ်လိုက်ပြန်၏။
တွေးလေ ဒေါသထွက်လေ ဖြစ်နေသော လင်ရန်ဝူ၏ ခေါင်းထဲတွင် မုန့်စစ်ဖေ့အကြောင်း ပေါ်လာသည်။
အခုချိန်ထိ အဲ့ဒီမိန်းမ ဘာလုပ်ချင်နေတာလဲဆိုတာ သူ စဉ်းစားလို့ မရသေး။
စိတ်နည်းနည်း ငြိမ်သွားတော့မှ ပြန်တွေးကြည့်လိုက်လျှင် အဲ့ဒီမိန်းမက ဒီတိုင်း ဝင်တိုးတာ မဟုတ်မှန်း သိသာသည်။
မဟုတ်ရင် သူမရဲ့ နောက်ဆက်တွဲ ပြင်ဆင်မှုတွေက ဒီလောက် စေ့စပ်သေချာနေမှာ မဟုတ်ပေ။
ယင်ရှို့လျန်၏ ‘ကောင်းကင်လူသား အာရုံခံ အစီအရင်’ ကို ဖျက်ဆီးတာပဲဖြစ်ဖြစ်၊ ‘မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင်’ ကို ကြိုတင်ပြင်ဆင်ထားတာပဲဖြစ်ဖြစ်၊ ဒါတွေအကုန်လုံးက သူမ ကြိုတင်ကြံစည်ပြီး လာခဲ့မှန်း သိသာစေသည်။
‘ဒါပေမဲ့ သူမရဲ့ နောက်ကွယ်မှာ အဲ့လောက်တော်တဲ့ အစီအရင်ပညာရှင် ရှိနေတယ်ဆိုရင်တောင် ဘာကိစ္စ အစီအရင်ထဲကို မိုက်မဲစွာနဲ့ တိုးဝင်လာရတာလဲ’
‘ငါ့ကို မျှားခေါ်ချင်လို့များလားဟ’
လင်ရန်ဝူ မျက်လုံးများ ပြူးကျယ်သွား၏။
စဉ်းစားလေလေ ဒီဖြစ်နိုင်ချေက ပိုများလေလေပင်…..
လခြမ်းကွေးချိုင့်ဝှမ်းထဲတွင် ယင်ရှို့လျန်ကို ခေါ်ပြီး ‘ကောင်းကင်လူသား အာရုံခံ အစီအရင်’ လုပ်ခိုင်းထားသည်မှာ သူတစ်ယောက်တည်း ရှိသည်မဟုတ်လား။
ဒါကြောင့် မုန့်စစ်ဖေ့ ဝင်လာတာနဲ့ ယင်ရှို့လျန်က သူ့ဆီကို အရင်ဆုံး သတင်းလာပို့မယ်ဆိုတာ သေချာပေါက်ပင်။
‘ငါ့ကို မျှားခေါ်ပြီး မုန့်စစ်ဖေ့နဲ့ တွေ့ခိုင်းမယ် ပြီးရင် ငါ့ကို အပုပ်ချတော့မယ်ပေါ့လေ’
ချိုးဟုန်လန်နှင့် ဟိုကောင် ယန်စစ်ယွမ်တို့ ဟန်ချက်ညီညီ လုပ်ဆောင်နေသည်ကို ပြန်စဉ်းစားမိလိုက်သည်။
‘သူတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို လုပ်ကြံချင်နေကြတာပဲ’
ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း လင်ရန်ဝူ ရုတ်တရက် ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်သည်။
“အကုန် ဝင်ခဲ့ကြစမ်း”
လင်ရန်ဝူ၏ အော်သံအဆုံးတွင် ယင်ရှို့လျန်နှင့် အခြား သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်တို့ ရွက်ဖျင်တဲထဲ အမြန်ဝင်လာပြီး လက်ကိုဆုပ်ကာ အရိုအသေပြုလိုက်ကြ၏။
“ဂိုဏ်းချုပ်ကြီး”
လင်ရန်ဝူ ဒီနေ့ စိတ်မကြည်မှန်း နှစ်ယောက်လုံး သိထားကြသဖြင့် အဝင်ဝမှာပင် စောင့်နေပြီး မဝင်ရဲခဲ့ကြပေ။
အခု ခေါ်လိုက်ပြီဆိုတော့လည်း မထူးဇာတ်ခင်းပြီး အမိန့်နာခံဖို့ ဝင်လာရတော့သည်သာ။
ကုလားထိုင် သုံးလုံး ယူလာခိုင်းပြီးနောက် လင်ရန်ဝူက ဝင်ထိုင်လိုက်သည်။ ခြေထောက်တစ်ဖက် ချိတ်ပြီး လက်ဖြင့် ဝှေ့ယမ်းပြလိုက်၏။
“ထိုင်ကြ နှစ်ယောက်လုံး ထိုင် ငါ့အတွက် ဒါကို သုံးသပ်ပေးကြစမ်း တစ်ယောက်ယောက်က ဒီကိစ္စကို အကြောင်းပြပြီး ငါ့ကို ဂျင်းထည့်ချင်နေတာလားဟ”
ပြောပြီးသည်နှင့် လင်ရန်ဝူက သူ့၏ တွေးခေါ်ယူဆချက်များကို နှစ်ယောက်သားကို ပြောပြလိုက်သည်။
ယန်ဝမ်ကွမ်းမှာ ‘နဂါးပြာ မိုးကြိုး ဂိုဏ်း’ ၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး ဂိုဏ်း၏ နေ့စဉ်ကိစ္စရပ်များကို စီမံခန့်ခွဲသူဖြစ်သည်။
လင်ရန်ဝူက သူ့ကို အများကြီး ယုံကြည်တာမို့ စကားပြောပြီးတာနဲ့ သူ့ကို အရင်လှမ်းကြည့်လိုက်၏။
ဂိုဏ်းချုပ်၏ အကြည့်ကို ခံလိုက်ရတော့ ယန်ဝမ်ကွမ်းက မတုံ့ဆိုင်းတော့ပေ။
သူ မျက်မှောင်ကြုတ်ပြီး တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“ဂိုဏ်းချုပ်ကြီး ပြောသလိုဆိုရင် ဒီကိစ္စက တော်တော်လေး ထူးဆန်းနေတယ်ဗျ ပထမအချက် ရှန့်တိုင်းပြည်က အနက်ရောင်ဧကရာဇ်တစ်ပါးအနေနဲ့ လခြမ်းကွေးချိုင့်ဝှမ်းကို တစ်ယောက်တည်းလာပြီး ကိုယ့်ကိုယ်ကိုယ် တမင်တကာ ဖော်ထုတ်ပြစရာ အကြောင်းမရှိဘူး ဒါက သိသိသာသာကို ရည်ရွယ်ချက်ရှိရှိ လုပ်တာ နောက်ပြီး ကျန်တဲ့ ဂိုဏ်းချုပ်နှစ်ယောက်လုံးက ဒီချိုင့်ဝှမ်းထဲမှာ အာရုံခံအစီအရင် လုပ်ထားတာ ခင်ဗျားတစ်ယောက်တည်း ရှိမှန်း သိနေကြတာပဲ အဲ့တော့ သူတို့က မလာခင်မှာ သေချာပေါက်”
“ဟုတ်တယ်”
လင်ရန်ဝူက လက်ရန်းကို ရိုက်ချလိုက်၏။
“ငါလည်း အဲ့လိုပဲ တွေးနေတာ အဲ့ဒီ ခွေးကောင်နှစ်ကောင် ငါ့ကို ထောင်ချောက်ဆင်တဲ့သူတွေက သူတို့ပဲ ဖြစ်ရမယ်”
ထိုအချိန်တွင် ဘေးရှိ ယင်ရှို့လျန်ကလည်း ခေါင်းညိတ်ပြီး ဝင်ပြောသည်။
“ဂိုဏ်းချုပ်လင် တကယ်တော့ ကျွန်တော်လည်း အစီရင်ခံစရာ တစ်ခုရှိတယ်ဗျ”
“ပြော”
“အဲ့ဒီတုန်းက ကျွန်တော် အလျင်လိုနေတာနဲ့ သတိမထားမိလိုက်ဘူး နောက်မှ သေချာပြန်စစ်ကြည့်လိုက်တော့မှ ကျွန်တော့်ရဲ့ ကောင်းကင်လူသား အာရုံခံ အစီအရင်က အတွင်းဘက်ကနေ ဖျက်ဆီးခံလိုက်ရတာကို တွေ့လိုက်ရတယ် ဆိုလိုတာက အဲ့ဒီလူက အစီအရင်အတွင်းထဲကို ရောက်နှင့်နေပြီ”
လင်ရန်ဝူ မျက်မှောင်ကြုတ်သွားသည်။
“အဲ့ဒါက ဘာသဘောလဲ”
လင်ရန်ဝူဘက်ကို လက်နှစ်ဖက်ဆုပ်ပြီး ယင်ရှို့လျန်က ပြန်ဖြေ၏။
“ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ် ကျွန်တော်လုပ်ထားတဲ့ ကောင်းကင်လူသား အာရုံခံ အစီအရင်ကို လျန်တိုင်းပြည်မှာ ဘယ်သူမှ မဖျက်ဆီးနိုင်ဘူးလို့ ကျွန်တော် အာမ မခံရဲပေမယ့် ဘယ်သူကမှ ကြိုမသိဘဲနဲ့ တိတ်တဆိတ် ဝင်ရောက်နိုင်ခြင်းတော့ မရှိဘူး ဒါကြောင့် ကျွန်တော့်အထင်က အစီအရင်ကို ဖျက်ဆီးတဲ့သူက အတွင်းထဲမှာ ရှိနေနှင့်ပြီးသားပါ”
“မင်းဆိုလိုတာက”
လင်ရန်ဝူ မေးစေ့ကို ပွတ်သပ်လိုက်သည်။
“အဲ့ဒီ ခွေးအိုကြီးနှစ်ကောင်ရဲ့ လက်အောက်မှာ အစွမ်းထက်တဲ့လူ ရှိနေတာလားဟ”
ယင်ရှို့လျန် ခေါင်းခါလိုက်၏။
“အစွမ်းထက်တဲ့လူ မလိုဘူး ကောင်းကင်လူသား အာရုံခံ အစီအရင်ရဲ့ အကြီးမားဆုံး အားသာချက်က တည်ဆောက်ပြီးသွားရင် ရှာဖွေတွေ့ရှိဖို့ အရမ်းခက်ခဲတာပဲ ဒါက သူ့ရဲ့ တန်ဖိုးအရှိဆုံး အချက်လည်း ဖြစ်တယ် ဒါပေမဲ့ ယန်စစ်ယွမ်ရော ချိုးဟုန်လန်ပါ ကျွန်တော် ဒီအစီအရင် လုပ်ထားမှန်း သိကြတယ် ဒါကြောင့် သူတို့အနေနဲ့ အစီအရင်ကျွမ်းကျင်တဲ့ သူတစ်ယောက်ကို ရှာပြီး အတွင်းကနေ ဖျက်ဆီးခိုင်းလိုက်ရုံပဲ”
ဒါကို ကြားတော့ လင်ရန်ဝူ့မျက်နှာ မည်းမှောင်သွားတော့သည်။
“အပြင်ကနေ ခိုးဝင်လာတဲ့သူ လုံးဝ မဟုတ်ဘူးဆိုတာ မင်း သေချာရဲ့လား”
ဒီစကားကြားတော့ ယင်ရှို့လျန် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်ပြီး အော်ပြောလိုက်သည်။
“ဂိုဏ်းချုပ်လင် ကျွန်တော်က တစ်သက်လုံး အစီအရင်ပညာကို လေ့လာခဲ့တာဗျ ကျွန်တော် တည်ဆောက်ထားတဲ့ ကောင်းကင်လူသား အာရုံခံ အစီအရင်ကို လျန်တိုင်းပြည်က ဘယ်သူမှ အပြင်ကနေ ရှာတွေ့နိုင်မှာ မဟုတ်ဘူး ရှန့်တိုင်းပြည်မှာလည်း အဲ့လို လူစွမ်းကောင်းမျိုး မရှိဘူး”
“ခွေးမသားတွေ”
ဒါကို ကြားပြီးနောက် လင်ရန်ဝူက စားပွဲကို ရိုက်ချပြီး မတ်တပ်ထရပ်လိုက်၏။
“ခွေးသားကြီး နှစ်ကောင် ရှန့်တိုင်းပြည်နဲ့ ပေါင်းပြီး ငါ့ကို ဂျင်းထည့်ရုံမကဘူး ငါ့ကိုပါ အပုပ်ချချင်နေကြတယ်ပေါ့လေ ငါ အခုချက်ချင်း သူတို့ကို သွားသတ်မယ်”
“ဂိုဏ်းချုပ်ကြီး နေပါဦးဗျ”
သူ့ဂိုဏ်းချုပ်က တစ်ယောက်ယောက်ကို အသေသွားသတ်တော့မယ့် ရုပ်ပေါက်နေတာ မြင်တော့ ယန်ဝမ်ကွမ်းက အရှေ့ကနေ ကာပြီး အော်တားလိုက်သည်။
“ဘာလုပ်ဖို့လဲ” လင်ရန်ဝူ အော်ငေါက်လိုက်သည်။
“ဒီကိစ္စက အကျိုးဆက် ကြီးမားပါတယ် ကျေးဇူးပြုပြီး အရင် စိတ်လျှော့ပါဦး ဂိုဏ်းချုပ်ကြီး ကျွန်တော့်ကို သုံးသပ်ခွင့်ပြုပါဦး”
“ဘာသုံးသပ်စရာ ရှိသေးလို့လဲ အဲ့ဒီ ခွေးအိုကြီးနှစ်ကောင် ငါ့ကို ဒုက္ခပေးချင်နေတာ သိသာနေတာကို”
“ဟုတ်တယ် အဲ့ဒါက သေချာသလောက် ရှိနေပါပြီ ဒါပေမဲ့ သူတို့နှစ်ယောက် ဘာလို့ အဲ့လိုလုပ်ရတာလဲ ပြီးတော့ သူတို့ တကယ်ပဲ လက်တွဲပြီး ကျွန်တော်တို့ကို တိုက်ခိုက်ချင်နေတာလား ဆိုတာကို သုံးသပ်ရပါဦးမယ် တကယ်လို့သာ အဲ့လိုဆိုရင် ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့ဘက်ကလည်း ပိုမိုခိုင်မာတဲ့ အစီအစဉ်တစ်ခု လိုအပ်ပါလိမ့်မယ်”
ယန်ဝမ်ကွမ်း၏ စကားကို ကြားပြီးနောက် လင်ရန်ဝူ နည်းနည်း စိတ်ငြိမ်သွားသည်။
ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်ပြီး သူပြောလိုက်၏။
“ကောင်းပြီလေ ဒါဆို မင်း သေချာ သုံးသပ်ကြည့်စမ်း အဲ့ဒီ ခွေးအိုကြီးနှစ်ကောင် ဘာကြံစည်နေကြတာလဲ ဆိုတာကို”
ဂိုဏ်းချုပ်ကို တားနိုင်လိုက်ပြီမို့ ယန်ဝမ်ကွမ်း သက်ပြင်းချလိုက်ပြီး ပြောသည်။
“ပထမဆုံးအနေနဲ့ သူတို့နှစ်ယောက် ဘာကိစ္စ ပူးပေါင်းရတာလဲ ကျွန်တော့်အမြင်အရတော့ မကြာခင် ပေါ်လာတော့မယ့် ရတနာပစ္စည်းကြောင့် ဖြစ်ဖို့ များပါတယ်”
ပြောပြီးသည်နှင့် ယန်ဝမ်ကွမ်းက ဆက်ပြောသည်။
“စောစောက ဂိုဏ်းချုပ် ပြောတယ်လေ ချိုးဟုန်လန်က ဂိုဏ်းချုပ်နဲ့ ရှန့်တိုင်းပြည် ဆက်နွယ်မှု ရှိနိုင်ကြောင်း စကားစခဲ့ပေမယ့် နောက်ပိုင်းကျတော့ အမှန်တကယ် ရန်ဖြစ်မသွားချင်ဘဲ ဆက်လက်စုံစမ်းရဦးမယ်လို့ ပြောခဲ့တယ်မလား ကျွန်တော့်အမြင်အရတော့ ဒါ သူတို့ဆင်ထားတဲ့ ထောင်ချောက်ပါပဲ ဂိုဏ်းချုပ်ကို အရင် အပုပ်ချထားမယ် ပြီးရင် ရတနာပေါ်လာတဲ့နေ့ကျရင် ဒီကိစ္စကို အကြောင်းပြပြီး ဂိုဏ်းချုပ်ကို တားဆီးကြလိမ့်မယ်”
“ဟုတ်တယ်” လင်ရန်ဝူ ခေါင်းကို တစ်ချက်ဆတ်ခနဲ ညိတ်လိုက်သည်။
“အဲ့ဒီ ခွေးအိုကြီးနှစ်ကောင်က ငါ့ကို မနိုင်မှန်းသိလို့ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးတာ တောက် သူခိုးက လူပြန်ဟစ်နေတာပဲ ငါ အခုသွားပြီး သူတို့ ခွေးခေါင်းတွေကို ရိုက်ခွဲပစ်မယ်”
သူ့ဂိုဏ်းချုပ်က ပြေးထွက်ဖို့ ပြင်နေပြန်ပြီမို့ ယန်ဝမ်ကွမ်း အမြန်လှမ်းအော်ရပြန်၏။
“ဂိုဏ်းချုပ်ကြီး နေပါဦး ဒီကိစ္စက သူတို့နှစ်ယောက်ပေါင်းပြီး ကြံစည်ထားတာဆိုတော့ သူတို့ကြားမှာ သဘောတူညီချက် တစ်ခုခု ရှိထားပြီးသား ဖြစ်မှာပါ ဂိုဏ်းချုပ်ကြီးသာ ဒီတိုင်းသွားလိုက်ရင် အဲ့ဒီလူယုတ်မာနှစ်ယောက်ရဲ့ ထောင်ချောက်ထဲ တည့်တည့်ဝင်သွားသလို ဖြစ်နေပါလိမ့်မယ်”
တကယ်တော့ ‘အနက်ရောင်ဘိုးဘေး’ အဆင့်နှစ်ယောက် ပေါင်းတိုက်လျှင် လင်ရန်ဝူ မနိုင်နိုင်ဘူးဆိုတာကို ယန်ဝမ်ကွမ်းက ဒဲ့တိုးကြီး မပြောရဲသဖြင့် စကားလုံးလှလှလေး ရွေးသုံးပြီး ပြောရသည်။
ထင်ထားသည့်အတိုင်းပင် လင်ရန်ဝူက သဘောပေါက်ပြီး ပြန်ဆုတ်သွား၏။ လက်ကို ဝှေ့ယမ်းပြီး မေးလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းအကြံပြုချင်တာလဲ”
“လောလောဆယ်တော့ စောင့်ကြည့်ပါဦး ဂိုဏ်းချုပ်ကြီး အကန့်အသတ်မဲ့ ခန်းမ နဲ့ မူလ အစစ်အမှန်ဂိုဏ်းတို့ ဘာလို့ ရုတ်တရက် ပူးပေါင်းသွားရတာလဲ ဆိုတာကို သိရအောင် ကျွန်တော် လူလွှတ်ပြီး အရင်စုံစမ်းခိုင်းလိုက်ပါ့မယ်”
“ကောင်းပြီ အဲ့ဒီ စက်ဆုပ်စရာကောင်းတဲ့ လူယုတ်မာနှစ်ကောင် ဘာတွေ ညစ်ပတ်ဦးမလဲ ဘယ်သူသိမှာလဲ မင်း အရင် သေချာအောင် စုံစမ်းလိုက် ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီဆိုတာနဲ့ သူတို့ ခွေးခေါင်းတွေကို တစ်ယောက်ချင်းစီ လိုက်ရိုက်ခွဲပစ်မယ်”
“ဟုတ်ကဲ့ပါ ကျွန်တော် အခုချက်ချင်း သွားစုံစမ်းလိုက်ပါ့မယ်”
တစ်ချိန်တည်းမှာပင် ဘေးနားရှိနေသော ယင်ရှို့လျန်ကလည်း လက်နှစ်ဖက်ဆုပ်ပြီး ပြောသည်။
“ဒါဆိုရင် ကျွန်တော်မျိုးလည်း တတ်စွမ်းသမျှ ပါဝင်ကူညီပြီး စုံစမ်းပေးပါ့မယ် ဂိုဏ်းချုပ်လင်”
“အေး နှစ်ယောက်လုံး သွားကြတော့”
နှစ်ယောက်သား အရိုအသေပြုပြီး ထွက်ခွာသွားကြသောအခါ လင်ရန်ဝူ၏ မျက်နှာက ဒေါသထွက်နေရာမှ မှုန်ကုပ်ကုပ် ဖြစ်သွားလေသည်။
ယန်ဝမ်ကွမ်း ပြောသကဲ့သို့ ယန်စစ်ယွမ်နှင့် ချိုးဟုန်လန်တို့ တကယ် လက်တွဲသွားကြပြီဆိုလျှင် သူ ဒီရတနာကို ရဖို့ တော်တော်လေး ခက်ခဲသွားလိမ့်မည်။
တိတိကျကျ ပြောရရင်တော့ ရနိုင်ချေ တော်တော်နည်းသွားလိမ့်မည်။
ဘာပဲပြောပြော သူတို့သုံးယောက်လုံးရဲ့ ကျင့်ကြံခြင်းအဆင့်က တူညီနေကြတာလေ၊ မဟုတ်ရင် ဒီလောက်ကြာအောင် အာဏာချိန်ခွင်လျှာ ညီနေမှာ မဟုတ်ပေ။
ဟိုနှစ်ကောင်သာ ပေါင်းလိုက်လျှင် သူ သေချာပေါက် အသာစီးရတော့မှာ မဟုတ်ပေ။
“ကံဆိုးလိုက်တာကွာ”
လင်ရန်ဝူ တံတွေးထွေးထုတ်လိုက်သည်။
အဲ့ဒီ ခွေးအိုကြီးနှစ်ကောင်က ဘယ်အချိန်ကတည်းက ပေါင်းမိသွားကြပြီး ရှန့်တိုင်းပြည်က လူတွေကိုတောင် ဆွဲထည့်ကာ သူ့ကို ဂျင်းထည့်ဖို့ ကြံစည်နေကြမှန်း သူ လုံးဝ မသိလိုက်ခဲ့ချေ။
အခြားတစ်ဖက်တွင်မူ ယန်စစ်ယွမ်သည် သူ့စခန်းတွင် သောက်စားပျော်ပါးနေတုန်း လက်အောက်ငယ်သားတစ်ယောက်က ချိုးဟုန်လန် သူ့ကို လာရှာနေကြောင်း သတင်းလာပို့၏။
“ဝင်ခိုင်းလိုက်”
ယန်စစ်ယွမ်က အရက်အိုးကိုချပြီး ခေါင်းညိတ်ပြလိုက်သည်။
ခဏကြာသော် ချိုးဟုန်လန် ဝင်လာလေသည်။
ယန်စစ်ယွမ်က အရက်အိုးတစ်လုံးကို ကောက်ကိုင်ပြီး ချိုးဟုန်လန်ဆီ ပစ်ပေးလိုက်ရင်း လှမ်းအော်ပြောလိုက်၏။
“ငါပြောမယ် ခြေကျိုး ချိုးရေ စောစောက အဲ့ဒီ လင်ခွေးကြီးကို ငါ သတ်မလို့လုပ်တာ မင်း ဘာလို့ တားလိုက်တာလဲကွ”
အရက်အိုးကို ဖမ်းယူရင်း ချိုးဟုန်လန်က ပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ရှန့်တိုင်းပြည်ရဲ့ အရိပ်အယောင်တွေ ပါဝင်ပတ်သက်နေတယ် တကယ်လို့သာ ငါတို့အချင်းချင်း တိုက်ခိုက်လိုက်ရင် သူတို့က ကြားကနေ အမြတ်ထွက်သွားမှာ စိုးလို့လေ”
“အဲ့ဒါတော့ ဟုတ်သားပဲ”
ယန်စစ်ယွမ် ပြောရင်း အရက်အိုးကိုမကာ နှစ်ငုံလောက် မော့သောက်လိုက်သည်။
“အဲ့ဒီ လင်ခွေးကြီးက တကယ်ပဲ ရှန့်တိုင်းပြည်က လူတွေနဲ့ တိတ်တဆိတ် ဆက်သွယ်နေတယ်လို့ မင်းထင်လား”
“ပြောရခက်တယ် ဘာပဲပြောပြော သူက မုန့်စစ်ဖေ့ကို ငါတို့မျက်စိအောက်ကနေ လွတ်သွားအောင် လုပ်ပေးလိုက်တာပဲလေ”
“တောက် အဲ့ဒီကောင်က တကယ်ပဲ ငါတို့ကို သစ္စာဖောက်တာပဲ တကယ်လို့ သူသာ အဲ့လိုလုပ်ခဲ့တာဆိုရင် ငါတို့က လက်ဦးမှုယူပြီး အရင်တိုက်သင့်မလား”
“အရင်ဆုံး ရှင်းလင်းသွားအောင် စုံစမ်းကြည့်ကြတာပေါ့ ဂိုဏ်းချုပ်လင်က ရှန့်တိုင်းပြည်က လူတွေနဲ့ တကယ်ပူးပေါင်းမယ် ဆိုတာကိုတော့ ငါ သိပ်မယုံချင်သေးဘူး”
“ဟက် ဘယ်သူသိမှာလဲ ငါက မနှစ်က နောက်ထပ် အဆင့်တစ်ခု ထပ်တက်လှမ်းနိုင်ခဲ့တယ်လေ အဲ့ဒီခွေးအိုကြီးကျတော့ ကျင့်ကြံခြင်းအဆင့် မတိုးတက်တာ နှစ်တော်တော်ကြာနေပြီ သူ မျှော်လင့်ချက်မဲ့ပြီး လုပ်တာလည်း ဖြစ်နိုင်တာပဲ” ယန်စစ်ယွမ်က အထင်အမြင်သေးစွာ ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် အရင်ဆုံး သေချာအောင် စုံစမ်းကြတာပေါ့ ငါ ဒီတစ်ခေါက် မင်းဆီလာတာလည်း ဒီကိစ္စ ပြောမလို့ပဲ”
“ကောင်းပြီလေ မင်း အကူအညီ လိုတာရှိရင် ပြောသာပြော”
ယန်စစ်ယွမ်က ချက်ချင်းပင် သဘောတူလိုက်လေသည်။