← Chapters

အတွင်းသစ္စာဖောက် ရှိနေတယ်

Vol. 27 Ch. 337

အတွင်းသစ္စာဖောက် ရှိနေတယ်

Vol. 27 Ch. 337

ကောင်းကင်ယံတွင် မှင်ရောင်မည်းနက်နေသည့် တိမ်တိုက်များက ပြိုကျလာတော့မည့်အလား လေးလံစွာ ဖိစီးထားလေသည်။

တိမ်ကြားထဲတွင် ရံဖန်ရံခါ လက်ခနဲ ဖြစ်သွားတတ်သည့် လျပ်စီးများကို မြင်ရသောအခါ မြို့သူမြို့သားများက မိုးမရွာမီ အိမ်အရောက်ပြန်နိုင်ရန် ခြေလှမ်းများကို အရှိန်တင်လိုက်ကြ၏။

ထိုသို့ သုတ်သုတ်ပျာပျာ သွားလာနေသူများကြားတွင် မုတ်ဆိတ်မွေးရှည်ကြီးနှင့် အဘိုးအိုတစ်ဦးသည် လမ်းမပေါ်၌ အေးအေးဆေးဆေး လမ်းလျှောက်လာနေသည်။

သူက တည်းခိုခန်းတစ်ခု၏ ရှေ့သို့ မလျော့မတင်း ရောက်လာပြီး ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

စားပွဲထိုး၏ လမ်းပြမှုဖြင့် ထိုအဘိုးအိုသည် ကောင်းကင်အဆင့် အခန်းတစ်ခန်းသို့ မကြာမီ ရောက်ရှိသွားလေသည်။

စားပွဲထိုးလေး တံခါးပိတ်ပြီး ထွက်သွားသည်နှင့် အခန်းထဲတွင် ထိုင်နှင့်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချက်ချင်း မတ်တပ်ရပ်ကာ အဘိုးအိုအား အရိုအသေပြုလိုက်သည်။

“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်လင်”

လင်ရန်ဝူက ဝတ်ရုံခြုံကို ချွတ်လိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဘာကိစ္စ အဲ့လောက် အရေးကြီးနေလို့ ချိုင့်ဝှမ်းထဲမှာ မပြောဘဲ ဒီတည်းခိုခန်းအထိ လာခိုင်းရတာလဲ”

ယင်ရှို့လျန်က အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ မီးရှို့လိုက်ပြီး ပြန်ဖြေသည်။

“ဂိုဏ်းချုပ်ကြီးကို အစီရင်ခံပါတယ် ကျုပ် ဒီနေရာမှာ အစီအရင်တစ်ခု လုပ်ထားလိုက်ပါပြီ နောက်ပြောမယ့် စကားတွေကို ဘယ်သူမှ ကြားနိုင်တော့မှာ မဟုတ်ပါဘူး”

“ဘာပြောချင်လို့ ဒီလောက် လျှို့ဝှက်နေရတာလဲ”

လင်ရန်ဝူက လေးထောင့်စားပွဲတွင် ဝင်ထိုင်လိုက်ရင်း မေးလိုက်သည်။

“ကျုပ် ဂိုဏ်းချုပ်ကြီးကို ဒီကိုဖိတ်လိုက်ရတာက ဂိုဏ်းထဲက လူတချို့ မြင်သွားမှာ စိုးရိမ်လို့ပါ”

“လူတချို့”

လင်ရန်ဝူ၏ မျက်နှာအမူအရာက ပို၍ ထူးဆန်းလာလေသည်။

“မင်း ဘာကိုဆိုလိုတာလဲ”

လင်ရန်ဝူကို ဦးညွှတ်လိုက်ပြီး ယင်ရှို့လျန်က ပြန်ဖြေလိုက်၏။

“ဒါဆို ကျုပ် တဲ့တိုးပဲ ပြောပါမယ် လွန်ခဲ့တဲ့ နှစ်ရက်က အကန့်အသတ်မဲ့ခန်းမ နဲ့ မူလအစစ်အမှန်ဂိုဏ်း တို့ ဘာလို့ ရုတ်တရက် ပူးပေါင်းသွားကြတာလဲ ဆိုတာကို စုံစမ်းခိုင်းခဲ့တယ်လေ အဲ့ဒီ စုံစမ်းမှုအတွင်းမှာ ကျုပ် တွေ့ရှိခဲ့တာက တွေ့ရှိခဲ့တာက”

ယင်ရှို့လျန် တွေဝေနေသည်ကို မြင်တော့ လင်ရန်ဝူက ဟိန်းဟောက်လိုက်သည်။

“ပြောစရာရှိတာ ပြောစမ်း ဘာတွေ အချိန်ဆွဲနေတာလဲ”

“ဂိုဏ်းထဲမှာ သစ္စာဖောက် ရှိနေတယ်လို့ ကျုပ် သံသယရှိပါတယ်”

“ဆက်ပြော”

လင်ရန်ဝူ၏ မျက်နှာထား တင်းမာသွားကာ ပြောလိုက်၏။

တကယ်တော့ ဂိုဏ်းတစ်ခုမှာ သစ္စာဖောက်ရှိနေတာက ပုံမှန်ကိစ္စပါပဲ။

ဘယ်ဂိုဏ်းမှာမဆို တခြားဂိုဏ်းက သူလျှိုတစ်ယောက်နှစ်ယောက်တော့ ရောပါနေတတ်စမြဲလေ။

ဒါပေမဲ့ ယင်ရှို့လျန်က ဒီကိစ္စကို သီးသန့်ခေါင်းစဉ်တပ်ပြီး ပြောလာတယ်ဆိုကတည်းက ဒီသစ္စာဖောက်က သာမန်တပည့်ငယ်လေးတစ်ယောက်တော့ မဟုတ်လောက်ပေ။

“ဂိုဏ်းချုပ်လင်ကို အစီရင်ခံပါတယ် ယန်ချီ ဆိုတဲ့ကောင်ကို မှတ်မိသေးလားခင်ဗျာ”

“မှတ်မိတယ် မင်း တိတ်တဆိတ် သင်ကြားပေးထားတဲ့ တပည့်မလား”

“ဟုတ်ပါတယ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ်ကို အကန့်အသတ်မဲ့ခန်းမ ထဲ လူသွင်းခိုင်းတုန်းက သူက အဲ့ဒီအထဲက တစ်ယောက်ပါ အခု သူက ဟိုဘက်မှာ အစီအရင်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ် ရာထူးမကြီးပေမယ့် သူသိထားတာ မနည်းပါဘူး သူတို့ရဲ့ တောင်စောင့်အစီအရင် ကို ပြင်ဆင်မွမ်းမံဖို့ ကျုပ် သူ့ကို တိတ်တဆိတ် ခိုင်းထားတာဆိုတော့ သူက သူများတွေ မကြားနိုင်တဲ့ အရာတွေကို ကြားနိုင်ပါတယ်”

“မင်းတပည့်က တော်တော် စွမ်းတာပဲ”

တောင်စောင့်အစီအရင်ဆိုတာ ဂိုဏ်းကြီးတွေအတွက် အသက်တမျှ အရေးကြီးတဲ့အရာပါ။

အဲ့ဒီအရာကို တိတ်တဆိတ် ဝင်ရောက်စွက်ဖက်နိုင်တယ် ဆိုကတည်းက သူ့ရဲ့ အရည်အချင်းက မသေးလှပေ။

“ဂိုဏ်းချုပ်ရဲ့ ချီးကျူးစကားအတွက် သူ့ကိုယ်စား ကျေးဇူးတင်ပါတယ်”

ကျေးဇူးတင်စကား ပြောပြီးနောက် ယင်ရှို့လျန်က ဆက်ပြောသည်။

“ဒီတစ်ခေါက် ကျုပ် သူ့ကို သွားမေးကြည့်တော့ စကားဝိုင်းတစ်ခုကို မတော်တဆ ကြားခဲ့ရတယ်လို့ ပြောပါတယ် အစတုန်းကတော့ ဘာအကြောင်းလဲဆိုတာ သေချာမသိပေမယ့် အခုတော့ နည်းနည်း နားလည်သွားပါပြီ”

“ဘာစကားဝိုင်းလဲ” လင်ရန်ဝူက ထပ်မေးလိုက်၏။

“ကျုပ်ရဲ့ ကောင်းကင်လူသား အာရုံခံ အစီအရင် ကို ဘယ်လိုဖျက်ဆီးမလဲ ပြီးတော့ မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် ကို ဘယ်လို တည်ဆောက်မလဲ ဆိုတာတွေကို ပြောနေကြတာပါ နောက်ပြီး စကားဝိုင်းအဆုံးမှာ သူတို့ပြောလိုက်တာက ဒီတစ်ခေါက် ဂိုဏ်းပြန်ရောက်ရင် အခြေအနေ ငြိမ်သွားအောင် မင်းက ကူညီပေးရမယ် မင်းရဲ့ ဂိုဏ်းချုပ်ကြီး ဒေါသထွက်ပြီး ဒီဘက်ကို ဝင်မချလာစေနဲ့ အဲ့လိုဆိုရင် ကိစ္စတွေ ပိုရှုပ်ကုန်လိမ့်မယ် တဲ့”

“တောက်”

ဒါကို ကြားပြီးနောက် လင်ရန်ဝူက စားပွဲကို ရိုက်ချလိုက်တော့သည်။

လျန်တိုင်းပြည်မှာ ‘အကန့်အသတ်မဲ့ခန်းမ’ ထဲကို ဘယ်ဂိုဏ်းချုပ်က ဝင်ချရဲလို့လဲ။ သူတစ်ယောက်တည်း ရှိတာလေ

“သူ ဘာတွေ ထပ်ကြားသေးလဲ”

“အဲ့ဒါပါပဲ တခြား ဘာမှ မကြားတော့ပါဘူးတဲ့”

“အကုန်လုံးကွာ သူတို့အကုန်လုံး သွေးနားထင် ရောက်နေကြပြီ ငါ့နယ်မြေထဲမှာ ငါ့ကို ပြန်ကိုက်ရဲတယ်ပေါ့”

ဝိုင်ခွက်ကို ချေမွပစ်ရင်း လင်ရန်ဝူက ယင်ရှို့လျန်ကို ကြည့်ကာ မေးလိုက်သည်။

“ဒီသစ္စာဖောက်က ဘယ်သူလို့ မင်းထင်လဲ”

“ဒါကတော့ ကျုပ်လည်း မသိပါဘူး”

“ငါ မင်းဆီက အဖြေတောင်းနေတာ မဟုတ်ဘူး မင်းကို ခန့်မှန်းခိုင်းနေတာ မင်း ခန့်မှန်းကြည့်လို့တော့ ရတယ်မလား”

“အင်း”

ယင်ရှို့လျန်က နဖူးမှချွေးများကို သုတ်လိုက်ပြီး အခက်တွေ့နေသည့်ပုံဖြင့် တိုးတိုးလေး ဖြေလိုက်၏။

“ဂိုဏ်းချုပ်ကို ဝင်ရောက်စွက်ဖက်ပြီး အခြေအနေ ငြိမ်အောင် ထိန်းပေးနိုင်တဲ့သူ ဂိုဏ်းထဲမှာ သိပ်မရှိပါဘူး အဲ့ဒီ လူနည်းစုထဲကနေ ဂိုဏ်းချုပ် စဉ်းစားကြည့်လို့ ရနိုင်ပါတယ်”

ဒီစကားကို ကြားလိုက်သည်နှင့် ယန်ဝမ်ကွမ်း၏ ပုံရိပ်က လင်ရန်ဝူ၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူ့ကို အသေအလဲ တားခဲ့တာ ယန်ဝမ်ကွမ်း မဟုတ်ပါလား။ မဟုတ်ရင် သူ ‘အကန့်အသတ်မဲ့ခန်းမ’ ကို ဝင်စီးပြီးနေလောက်ပြီ။

‘မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး’

လင်ရန်ဝူ ခေါင်းခါလိုက်သည်။

ယန်ဝမ်ကွမ်းက ဂိုဏ်းထဲမှာ သူ့နောက်လိုက်အဖြစ် အကြာဆုံး ရှိနေခဲ့သူ ဖြစ်ပြီး သူ အလွန်ယုံကြည်ရသူလည်း ဖြစ်သည်။

ဒီလောက် သစ္စာဖောက်တဲ့ အလုပ်မျိုး သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ။

‘ဒါပေမဲ့ တကယ်လို့များ’

သံသယမျိုးစေ့ ဝင်လာပြီဆိုတာနဲ့ ယန်ဝမ်ကွမ်း လုပ်ခဲ့သမျှ ကိစ္စအတော်များများက သူ့မျက်လုံးထဲမှာ မှားယွင်းနေသလို ခံစားလာရတော့သည်။

ဥပမာအားဖြင့် လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက ဂိုဏ်းခွဲသစ်တစ်ခုကို ဦးစီးဖို့ သူ့ကို ‘ကျောယိုပြည်နယ်’ ဆီ လွှတ်ဖို့ စီစဉ်တုန်းက သူက ဆင်ခြေအမျိုးမျိုးပေးပြီး လုံးဝ မသွားဘဲ ငြင်းဆန်ခဲ့ဖူးတယ်။ သူ့ဘေးနားမှာပဲ နေပြီး အကြံပေးချင်ပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။

အဲ့ဒီတုန်းကတော့ ယန်ဝမ်ကွမ်းက သစ္စာရှိလို့ပါလေ ဆိုပြီး လင်ရန်ဝူ တွေးခဲ့ပေမယ့် အခုပြန်စဉ်းစားကြည့်တော့ ဒီကိစ္စမတိုင်ခင်အထိ ယန်ဝမ်ကွမ်းက သူခိုင်းသမျှ ဘယ်တော့မှ မငြင်းခဲ့ဖူးပေ။

ဒီကိစ္စတစ်ခုတည်းမှာပဲ သူ့ရဲ့ တုံ့ပြန်မှုက ထူးထူးခြားခြား ပြင်းထန်ခဲ့တာ။

‘တစ်ခုခုတော့ မှားနေပြီ’

‘ငါ့ဘေးကနေ မခွာချင်ဘူး ဆိုတာက ငါ့ကိုများ သူက’

အတွေးတွေ လမ်းကြောင်းလွဲလာသည်ကို ခံစားမိလိုက်သဖြင့် လင်ရန်ဝူ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ဒီကိစ္စ ဒီမှာတင် ရပ်လိုက်တော့ နောက်ထပ် ထပ်မပြောနဲ့တော့”

“ဟုတ်ကဲ့ပါ” ယင်ရှို့လျန်က လက်သီးဆုပ်ကာ ပြောလိုက်၏။

“တခြားသတင်း ရှိသေးလား”

“အကန့်အသတ်မဲ့ခန်းမ နဲ့ မူလအစစ်အမှန်ဂိုဏ်း ပူးပေါင်းရတဲ့ အကြောင်းရင်းတချို့ကို ရှာတွေ့ထားပါပြီ ဒါပေမဲ့ အပြည့်အစုံ မစုံစမ်းရသေးပါဘူး ဂိုဏ်းချုပ်လင်အနေနဲ့ အချိန်နည်းနည်း ပေးပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်”

“သွား သွားတော့” လင်ရန်ဝူက လက်ကာပြလိုက်သည်။

“ခွင့်ပြုပါဦးခင်ဗျာ”

ယင်ရှို့လျန် ထွက်သွားပြီးနောက် လင်ရန်ဝူက ကြမ်းပြင်ပေါ် တံတွေးထွေးချလိုက်၏။

အင်အားကြီးတွေကြား အမြဲတိုက်ခိုက်နေရတာကြောင့် ဂိုဏ်းက ဘယ်တုန်းကမှ မအေးချမ်းခဲ့သလို၊ သူလျှိုတစ်ယောက်နှစ်ယောက် မိတယ်ဆိုတာလည်း သာမန်ကိစ္စပါပဲ။

ဒါပေမဲ့ ယန်ဝမ်ကွမ်းကတော့ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေထဲက တစ်ယောက်လေ။

သူတောင်မှ...

‘ဟူး’

လင်ရန်ဝူ သက်ပြင်းကြီးတစ်ချက် ရုတ်တရက် ချလိုက်မိသည်။

လျန်တိုင်းပြည်မှာ ကိုယ့်လူရင်းက ကိုယ့်ကို သစ္စာဖောက်တာမျိုးက ရိုးနေပြီဖြစ်သလို၊ ကိုယ့်ရဲ့ ယုံကြည်ရဆုံး လက်အောက်ငယ်သားကြောင့် သေမင်းတမန်လမ်း ရောက်သွားရသူတွေလည်း ဒုနဲ့ဒေး ရှိခဲ့ဖူးသည်။

‘တောက် ဝမ်ကွမ်း မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်မိပါစေနဲ့’

စိတ်နည်းနည်း ငြိမ်သွားတော့မှ လင်ရန်ဝူက တံခါးကို တွန်းဖွင့်ပြီး တည်းခိုခန်းထဲကနေ ထွက်ခွာသွားလေသည်။

သူရှိခဲ့တဲ့ အခန်းရဲ့ အောက်တည့်တည့် အခန်းထဲမှာတော့ မုန့်စစ်ဖေ့သည် အချိန်ကုန်လွန်စေရန် မုန့်စားနေ၏။

ဝါးကျည်တောက်ထဲမှ မြေပဲလှော် လက်တစ်ဆုပ်စာကို လက်ဝါးပေါ် လောင်းချလိုက်ပြီး တစ်စေ့ချင်း ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

‘သူ ငါ့ကို သတိရနေတယ် သူ ငါ့ကို သတိမရဘူး သူ ငါ့ကို သတိရနေတယ်’

နောက်ဆုံးကျန်တဲ့ မြေပဲစေ့ကို ရောက်တော့ “သူ ငါ့ကို သတိမရဘူး” ဆိုတဲ့ စကားလုံးကို မျိုချလိုက်ပြီး၊ အတွင်းအားသုံးကာ မြေပဲစေ့ကို နှစ်ခြမ်းခွဲလိုက်ကာ ပျော်ရွှင်စွာ ဆက်ရေတွက်လိုက်လေသည်။

“သူ ငါ့ကို သတိမရဘူး သူ ငါ့ကို သတိရနေတယ် ဟီးဟီး”

မြေပဲခြမ်းလေးကို ကျေနပ်စွာ စားလိုက်ပြီးနောက် မုန့်စစ်ဖေ့၏ နားထဲတွင် လခြမ်းကွေးချိုင့်ဝှမ်း၌ ကြားခဲ့ရသော အသံကို ပြန်လည်ကြားယောင်လာမိသည်။

“မကြောက်နဲ့ စစ်ဖေ့ ငါ မင်းကို ခေါ်ထုတ်သွားပေးမယ်”

ဒီစာကြောင်းလေးက ရက်အတော်ကြာသည်အထိ သူမခေါင်းထဲမှာ ထပ်တလဲလဲ ပဲ့တင်ထပ်နေခဲ့သည်။

အားနေတိုင်း သူမ ဒီအသံကို ကြားနေရပြီး၊ သူက သူမဘေးနားမှာ ရှိနေသလိုမျိုး ခံစားရစေသည်။

အနက်ရောင်ဘိုးဘေး အုပ်စုကြီး ဝိုင်းရံထားတဲ့ကြားကနေ သူမကို လွယ်လွယ်ကူကူ ကယ်ထုတ်နိုင်ခဲ့တာကို တွေးကြည့်ရင် ဒီစီနီယာကြီးက ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ကျွမ်းကျင်ပညာရှင်လဲ ဆိုတာကို မုန့်စစ်ဖေ့ တွေးကြည့်လို့တောင် မရနိုင်ပေ။

ဒါပေမဲ့ အရင်လိုပဲ မုန်စစ်ဖေ့ ဘာအဖြေမှ ရှာမတွေ့ခဲ့ပါဘူး။

ဒီစီနီယာကြီးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်၊ ဘာသဲလွန်စမှကို မရှိတာ။

‘ဒါပေမဲ့ သူက ဘာလို့ ငါ့ကို ဒီမှာ နေခိုင်းထားတာလဲ’

သူမ ဒီတည်းခိုခန်းမှာ နေရတဲ့အကြောင်းရင်းက လီဖူချန်က ဟော်ဟုန်ဖေး ဆိုတဲ့လူကို သူမဆီ ခေါ်လာပေးလို့ပါ။

စကားပြောကြည့်ပြီးနောက် သူတို့က ကိစ္စတော်တော်များများကို လျှို့ဝှက်ထားကြပေမယ့် ဒါက စီနီယာကြီးရဲ့ အစီအစဉ်ဖြစ်ပြီး သူမရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကို မုန့်စစ်ဖေ့ နားလည်လိုက်သည်။

စီနီယာကြီးရဲ့ အမိန့်ဖြစ်နေမှတော့ မုန့်စစ်ဖေ့က သဘာဝကျကျပဲ ချက်ချင်း သဘောတူလိုက်တာပေါ့။

ဟော်ဟုန်ဖေးက သူမကို ပထမဆုံး လုပ်ခိုင်းတဲ့ အလုပ်ကတော့ ဒီတည်းခိုခန်းထဲမှာပဲ နေဖို့၊ ဘာဖြစ်ဖြစ် အပြင်မထွက်ဖို့နဲ့ အတွင်းအား လုံးဝ ထုတ်မသုံးဖို့ပါပဲ။

အဲ့ဒါနဲ့ သူမ ဒီမှာနေတာ နှစ်ရက်တိတိ ရှိသွားပြီ၊ ဘာအတွက်လဲ ဆိုတာ ခုထိ မသိရသေးဘူး။

‘မဖြစ်နိုင်ဘူးလား

စီနီယာက ငါ့ကို ဒီမှာ လာတွေ့မှာများလား’

ဒီမျှော်လင့်ချက် ဝင်လာတာနဲ့ မုန့်စစ်ဖေ့တစ်ယောက် ရုတ်တရက် ဂဏှာမငြိမ် ဖြစ်လာတော့သည်။ ကြေးမုံပြင်ကို ကြည့်လိုက်၊ စကပ်ကို ပြင်ဝတ်လိုက်နဲ့ ညနေစောင်းတဲ့အထိ အငြိမ်မနေနိုင် ဖြစ်နေတော့၏။

စိတ်ပြန်ငြိမ်သွားရင်တောင်မှ ဒီအတွေးက ပျောက်မသွားပေ။

ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ချေ နည်းပေမယ့်လည်း...

‘တကယ်လို့များဆိုရင်ရော’

ဒီလို မျှော်လင့်ချက်တွေနဲ့ နောက်ထပ် လေးရက်လောက် အမြန်ကုန်ဆုံးသွားခဲ့သည်။

ဒီနေ့မနက်မှာတော့ တံခါးခေါက်သံ ကြားလိုက်ရသည်။

ဒီတံခါးခေါက်သံက စားပွဲထိုး ခေါက်တဲ့အသံနဲ့ မတူမှန်း မုန့်စစ်ဖေ့ သေချာပေါက် ခံစားလိုက်ရသည်။

နှလုံးခုန်သံများ မြန်ဆန်လာကာ မုန့်စစ်ဖေ့က တုန်ရီသောအသံဖြင့် ပြောလိုက်၏။

“ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”

တံခါးကို တွန်းဖွင့်ပြီး လီဖူချန် အခန်းထဲသို့ ဝင်လာကာ အရိုအသေပြုလိုက်သည်။

“ဂိုဏ်းချုပ်မုန့်”

ဒါပေမဲ့ နှုတ်ဆက်ပြီးပြီးချင်းမှာပဲ မုန့်စစ်ဖေ့က သူ့ကို အလွန်အမင်း စိတ်ပျက်နေတဲ့ မျက်နှာထားနဲ့ ကြည့်နေတာကို လီဖူချန် သတိထားမိလိုက်သည်။

ဒါက လီဖူချန်ကို လုံးဝ ကြောင်အသွားစေသည်။

‘ငါ တစ်ခုခု မှားလုပ်မိလို့လား’

ဒါပေမဲ့ မုန့်စစ်ဖေ့က သူမရဲ့ စိတ်အခြေအနေကို အမြန်ထိန်းညှိလိုက်ပြီး ပုံမှန်မျက်နှာထားနဲ့ လီဖူချန်ကို ကြည့်ကာ မေးလိုက်သည်။

“တစ်ခုခု လိုအပ်လို့လား”

လီဖူချန်က လက်သီးဆုပ်ကာ ပြောလိုက်၏။

“ဒီရက်ပိုင်း ပင်ပန်းသွားပါပြီ ဂိုဏ်းချုပ်မုန့် စီနီယာက အခုလေးတင် အမိန့်သစ် ပေးလိုက်ပါတယ် ညနေ ၃ နာရီ ကျရင် တည်းခိုခန်းကနေ ထွက်ခွာလို့ ရပါပြီတဲ့”

“၃ နာရီထိုးတာနဲ့ ထွက်ရမှာလား” မုန့်စစ်ဖေ့က သေချာအောင် ပြန်မေးလိုက်သည်။

“ဟုတ်ကဲ့ စီနီယာက အဲ့လို မှာလိုက်ပါတယ်”

“ကောင်းပြီ ငါနားလည်ပြီ”

“ဒါဆို သွားခွင့်ပြုပါဦး ဂိုဏ်းချုပ်မုန့်ကို ဒုက္ခပေးမိပြီ”

ပြောပြီးနောက် လီဖူချန်က တံခါးပိတ်ကာ သက်ပြင်းချလိုက်သည်။

မုန့်စစ်ဖေ့ရဲ့ အထောက်အထားမှန်ကို လီဖူချန် သိခဲ့တာ ရက်အနည်းငယ် ရှိပြီဆိုပေမယ့်၊ လန်ပြည်နယ်၊ လေးမျက်နှာဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်တစ်ယောက်က အစ်ကိုဝမ်ရဲ့ ခိုင်းဖတ်တစ်ယောက်လို ဖြစ်နေတာကို တွေးမိတိုင်း မယုံနိုင်စရာ ကောင်းနေတုန်းပါပဲ။

ဒီအတွေးတွေကို ဘေးဖယ်ပြီး လီဖူချန် အောက်ထပ်ကို အမြန်ဆင်းသွားလိုက်သည်။

သူ့မှာ လုပ်စရာ တခြားအလုပ်တွေ ရှိသေးတယ်လေ။

ညနေ ၃ နာရီ အချိန်ကျတော့ မုန့်စစ်ဖေ့က တံခါးကို တွန်းဖွင့်ပြီး အချိန်ကိုက် ထွက်လာခဲ့သည်။

ဘေးက ဖြတ်သွားတဲ့ ဧည့်သည်နှစ်ယောက်က သူမကို မြင်တော့ ကြောင်အသွားကြပြီး၊ လောကကြီးထဲမှာ ဒီလောက် လှပလွန်းတဲ့ အမျိုးသမီးမျိုး ရှိပါသေးလားလို့ မယုံနိုင်အောင် ဖြစ်နေကြသည်။

သူမက နှိုင်းယှဉ်စရာမရှိအောင် လှပလွန်းနေသည်လေ။

‘ဂလု’

တံတွေးမြိုချလိုက်ကြပြီး၊ မုန့်စစ်ဖေ့ လျှောက်လာတာကို မြင်တော့ အဲ့ဒီလူနှစ်ယောက် လမ်းဖယ်ပေးဖို့ ဘေးကို အမြန်ကပ်လိုက်ကြပေမယ့် မျက်လုံးတွေကတော့ တခြားဘက်ကို မလွှဲနိုင်ကြပေ။

တည်းခိုခန်းထဲက တခြားဧည့်သည်တွေလည်း အတူတူပါပဲ။

သူတို့ရဲ့ မျက်လုံးတွေက မုန့်စစ်ဖေ့ဆီမှာပဲ ကပ်နေကြသည်။

သူမဆီက ထွက်ပေါ်နေတဲ့ ချဉ်းကပ်ရခက်တဲ့ အရှိန်အဝါသာ မရှိရင် တချို့ လူရမ်းကားတွေက မနေနိုင်မထိုင်နိုင် စကားဝင်ပြောကြလောက်ပြီ။

ဒီလိုနဲ့ တည်းခိုခန်းထဲကနေ တစ်လှမ်းချင်း လျှောက်ထွက်လာရင်း မုန့်စစ်ဖေ့က ဘာထူးခြားမှုကိုမှ သတိမထားမိခဲ့ပေ။

ဘေးဘီကို ဝေ့ဝဲကြည့်ပြီးနောက် လီဖူချန် သူမအတွက် စီစဉ်ပေးထားတဲ့ နေအိမ်ဆီသို့ စတင်လျှောက်လှမ်းသွားလိုက်လေသည်။

...

လခြမ်းကွေးချိုင့်ဝှမ်းအတွင်း၌ လေထုအခြေအနေက အနည်းငယ် တင်းမာနေသည်။

ရတနာပစ္စည်း ပေါ်လာခါနီးမှပဲ လှုပ်ရှားကြမယ်လို့ ဂိုဏ်းအသီးသီးက တပည့်တွေ ထင်ထားကြပေမယ့်၊ အခုတော့ သူတို့ရဲ့ ဂိုဏ်းချုပ်တွေက စိတ်မရှည်နိုင်ကြတော့သည့်ပုံ ပေါ်နေသည်။

လင်ရန်ဝူသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ဒီရက်ပိုင်း သူ့စိတ်အခြေအနေက ပိုပိုပြီး ဒေါသထွက်လွယ်လာသည်။

အကြောင်းရင်းက တခြားမဟုတ်ပါဘူး၊ ယန်ဝမ်ကွမ်းကို ကြည့်လေလေ တာဝန်မကျေလေလေ ဖြစ်နေလို့ပါပဲ။

ရက်တွေသာ ကုန်သွားတယ်၊ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုက ဘာမှ ခရီးမရောက်ဘူး။

အကန့်အသတ်မဲ့ခန်းမ နဲ့ မူလအစစ်အမှန်ဂိုဏ်း ပူးပေါင်းရတဲ့ အကြောင်းရင်း တစ်ခုမှ ရှာမတွေ့တဲ့အပြင်၊ ဒီဂိုဏ်းနှစ်ခု ဘာကြံစည်နေလဲ ဆိုတာကိုလည်း မဖော်ထုတ်နိုင်သေးဘူး။

သူပြောပုံအရဆိုရင် ဒီဂိုဏ်းနှစ်ခုကြားမှာ အရင်က ပူးပေါင်းတဲ့ လက္ခဏာ မရှိခဲ့ဘူးတဲ့၊ ဒီတစ်ခေါက် ပူးပေါင်းမှုက အရမ်း ရုတ်တရက်ဆန်ပါတယ်တဲ့။

ဆန့်ကျင်ဘက်အနေနဲ့ ယင်ရှို့လျန်ဘက်ကကျတော့ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု သတင်းပို့နေပြီး၊ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အများကြီး ရရှိထားတယ်။ စာရွက်စာတမ်းပဲဖြစ်ဖြစ်၊ သက်သေပဲဖြစ်ဖြစ် အကုန်လုံးက ဒီဂိုဏ်းနှစ်ခုဟာ သူ့ကို တိုက်ခိုက်ဖို့ ပူးပေါင်းမယ့် အရိပ်အယောင်တွေ ပြနေတာကြာပြီ ဖြစ်ကြောင်းနဲ့ သူ့ဂိုဏ်းထဲမှာလည်း သူတို့နဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက်တစ်ယောက် ရှိနေကြောင်း ညွှန်ပြနေသည်။

အခုဆို ယန်ဝမ်ကွမ်းက သူ့ကို “အခြေအနေ ငြိမ်သွားအောင်” သိသိသာသာ ကြိုးစားနေတာတွေက လင်ရန်ဝူကို ပိုပြီး ဒေါသထွက်စေသည်။

လင်ရန်ဝူ စိတ်မရှည်စွာ လမ်းလျှောက်နေတုန်းမှာပဲ အဝင်ဝကနေ ယန်ဝမ်ကွမ်းရဲ့ အသံ ထွက်ပေါ်လာသည်။

“ဂိုဏ်းချုပ်ကြီး ကျုပ် ပြန်ရောက်ပါပြီ”

ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး လင်ရန်ဝူက သက်ပြင်းရှည်တစ်ချက်ချကာ ပြန်ဖြေလိုက်၏။

“ဝင်ခဲ့”

လိုက်ကာကို မကာ ယန်ဝမ်ကွမ်းက ရွက်ဖျင်တဲကြီးထဲ ဝင်လာပြီး လင်ရန်ဝူကို အရိုအသေပြုလိုက်သည်။

“ဂိုဏ်းချုပ်ကြီး”

“ဒီနေ့ ဘာထူးခြားမှု တွေ့လဲ”

ယန်ဝမ်ကွမ်း ခေါင်းခါလိုက်သည်။

“ဂိုဏ်းချုပ်ကြီးကို အစီရင်ခံပါတယ် လွှတ်လိုက်တဲ့ ကင်းထောက်တွေက ဘာသတင်းအချက်အလက်မှ မရခဲ့ပါဘူး ကျုပ်”

“တော်တော့” လင်ရန်ဝူက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။

ဂိုဏ်းချုပ်ရဲ့ ရုတ်တရက် ဒေါသကြောင့် ယန်ဝမ်ကွမ်းလည်း လန့်သွားပြီး ဒူးတစ်ဖက်ထောက်ကာ အမြန်ထိုင်ချလိုက်၏။

“ကျုပ် အရည်အချင်းမရှိလို့ပါ ကျုပ်ကို အပြစ်ပေးပါ ဂိုဏ်းချုပ်ကြီး”

ယန်ဝမ်ကွမ်းကို စိုက်ကြည့်ရင်း လင်ရန်ဝူ ပြောလိုက်သည်။

“အရင်တုန်းက ပြဿနာကြုံတိုင်း မင်းက သဲလွန်စအမြဲ ရှာပေးနိုင်ခဲ့တယ် ဒီတစ်ခေါက် ဘာဖြစ်နေတာလဲ ဘာလို့ ဘာသတင်းမှ မရရတာလဲ”

“ဂိုဏ်းချုပ်ကြီးကို အစီရင်ခံပါတယ် ကျုပ်ထင်တာကတော့ ကျုပ်တို့ ခန်းမသခင်ချိုး နဲ့ ဂိုဏ်းချုပ်ယန် တို့ကို တကယ်ပဲ အထင်လွဲနေတာ ဖြစ်နိုင်ပါတယ် ကျုပ် လွှတ်လိုက်တဲ့ လူတွေက”

ဟို ခွေးအိုကြီးနှစ်ကောင်ဘက်ကနေ ယန်ဝမ်ကွမ်း ဝင်ပြောနေတာကို ကြားလိုက်ရတော့ လင်ရန်ဝူ့ခေါင်းထဲ သွေးတွေ ဆောင့်တက်သွားသလို ခံစားလိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“ပါးစပ်ပိတ်ထားစမ်း သစ္စာဖောက်ကောင် အဲ့ဒီ ခွေးအိုကြီးနှစ်ကောင်က ငါ့ကို ပေါင်းတိုက်ဖို့ ပြင်နေတာ ဒီရက်ပိုင်း သိသာနေတာကို မင်းက ငါ အထင်လွဲနေတယ်လို့ ပြောရဲသေးတယ်ပေါ့”

ဂိုဏ်းချုပ်ကြီး ရူးသွပ်သွားသလို ဖြစ်နေတာကို မြင်တော့ ယန်ဝမ်ကွမ်းလည်း ကြောင်အသွားသည်။

သူ့ဂိုဏ်းချုပ်က နည်းနည်း စိတ်မြန်လက်မြန် ရှိပေမယ့် အချိန်အများစုမှာ တည်ငြိမ်ပြီး သူ့အကြံဉာဏ်တွေကို နားထောင်လေ့ရှိသူပါ။

ဒီနေ့ ဘာဖြစ်နေတာလဲ။

“ဂိုဏ်းချုပ်ကြီး ကျုပ်”

“ဘာမှ ဆက်မပြောနဲ့တော့ ဂိုဏ်းကို အခုချက်ချင်း ပြန်တော့ မင်းကို ဒီမှာ မလိုတော့ဘူး”

“ဂိုဏ်းချုပ်ကြီး ဘာကြောင့်များပါလဲဗျာ” ယန်ဝမ်ကွမ်း၏ မျက်နှာတွင် ထိတ်လန့်မှုများ အပြည့်ဖြစ်နေသည်။

ဂိုဏ်းချုပ်က သူ့ကို မောင်းထုတ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။

“ဘာကြောင့်လဲ ဟုတ်လား မင်းက ဒီလောက် အသုံးမကျတာ ငါက မင်းကို ဘာလုပ်ရမှာလဲ”

တကယ်တော့ လင်ရန်ဝူက အတော်လေး တည်ငြိမ်အောင် ထိန်းချုပ်ထားတာပါ။

မဟုတ်ရင် သစ္စာဖောက်လို့ သူ သတ်မှတ်ထားပြီးဖြစ်တဲ့ ဒီလက်ရုံးတစ်ဆူကို ကန်ထုတ်ပစ်ပြီးပြီ။

ဒါပေမဲ့ ယန်ဝမ်ကွမ်းရဲ့ အရင်က သစ္စာရှိခဲ့တာတွေကို တွေးပြီး လင်ရန်ဝူ စိတ်လျော့လိုက်ခြင်း ဖြစ်သည်။

လောလောဆယ် သူ့ကို ပြန်လွှတ်လိုက်မယ်၊ ကိစ္စတွေ သေချာစုံစမ်းပြီးမှ ဘယ်လိုစီရင်မလဲ ဆိုတာ ဆုံးဖြတ်မယ်။

ဂိုဏ်းချုပ်ရဲ့ ပြတ်သားတဲ့ စကားသံကို ကြားလိုက်ရတော့ ယန်ဝမ်ကွမ်းခမျာ တုန်ရီနေတဲ့ လက်တွေနဲ့ အရိုအသေပြုရုံသာ တတ်နိုင်တော့သည်။

“ဟုတ်ကဲ့ပါ ကျုပ် နာခံပါ့မယ် ဂိုဏ်းချုပ်ကြီး ဂရုစိုက်ပါ”

ယန်ဝမ်ကွမ်း လှည့်ထွက်သွားတာကို ကြည့်ရင်း လင်ရန်ဝူ သက်ပြင်းရှည်တစ်ချက် ချလိုက်ပေမယ့် ရင်ထဲမှာ ကျပ်တည်းနေတုန်းပါပဲ။

ဒီလိုအချိန်မျိုးမှာ သူ့ရဲ့ ယုံကြည်ရဆုံး လက်ရုံးတစ်ဆူက ပြဿနာရှာတာက သူ့အတွက် တော်တော်လေး ထိုးနှက်ချက် ဖြစ်စေခဲ့သည်လေ။

‘ယန် သောက်အဘိုးကြီး မင်း ငါ့ကို ကလိမ်ကကျစ် လုပ်ချင်တယ်ပေါ့လေ ဟွန်း စောင့်နေလိုက်

တကယ့် ငှက်ဝါလေးက ဘယ်သူလဲဆိုတာ မင်းကို သိစေရမယ်’

...

“ဟတ်ချိုး”

ခြံဝင်းတစ်ခုထဲမှာ ကျန်းပေရန် နှာချေလိုက်ပြီး၊ နှာခေါင်းကို ပွတ်ကာ အကြောဆန့်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

‘အချိန်နီးနေပြီပဲ

သရုပ်ဆောင်တွေလည်း နေရာတော်တော် ရောက်နေကြပြီ

အခု ပွဲကြီးပွဲကောင်း စဖို့ပဲ စောင့်ရတော့မယ်’

All Chapters