← Chapters

လက်နက်ချ အညံ့ခံခြင်း

Vol. 27 Ch. 340

လက်နက်ချ အညံ့ခံခြင်း

Vol. 27 Ch. 340

“ဆရာ တစ်ခုခု စားလိုက်ပါဦး”

“ထွက်သွား ငါ့မှာ မင်းလို သစ္စာဖောက်တပည့် မရှိဘူး”

“ဆရာ”

“ထွက်သွား”

ခမ်းနားထည်ဝါသော အခန်းတစ်ခန်းထဲတွင် ဆုရှိုးယွီသည် ယန်စစ်ယွမ်ရှေ့ ဒူးထောက်နေပြီး ဆန်ပြုတ်ပန်းကန်နှင့် ဟင်းခွက်အချို့ကို ကိုင်ထားသည်။

မနေ့မနက်က သူ အိပ်ရာက နိုးနိုးချင်း စာတစ်စောင် လက်ခံရရှိခဲ့သည်။

ဒါက ရှန့်တိုင်းပြည်ရဲ့ ဧကရာဇ်ဆီက စာပါ၊ ဒါမှမဟုတ် အခုနောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဧကရာဇ်ဆီကလို့ ပြောရင် ပိုမှန်ပါလိမ့်မည်။

စာအိတ်ကို ဖွင့်ပြီး ဖတ်လိုက်တဲ့အချိန်မှာ ဆုရှိုးယွီ ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရသည်။

လျန်တိုင်းပြည်ရဲ့ ကောင်းကင်ကြီး ပြိုကျသွားပြီ။

ခန်းမသခင်ချိုး နဲ့ ဂိုဏ်းချုပ်လင် နှစ်ယောက်လုံး သေဆုံးသွားပြီး၊ ရှန့်တိုင်းပြည်က အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်တော့မည်။

ပြီးတော့ သူ့ဆရာ... သူ့ဆရာက သူ့ကြောင့်သာ အသက်ရှင်ခွင့် ရနေတာ။

“ဂလု အဲ့ဒီ ဧကရာဇ်က တကယ် ကြောက်စရာ ကောင်းလွန်းတယ်”

ဆုရှိုးယွီက ဒီလိုရလဒ်မျိုး ဖြစ်လာနိုင်တယ်ဆိုတာ စဉ်းစားမိခဲ့ဖူးပေမယ့် ဒီလောက် ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ်လာမယ်လို့ မထင်ထားခဲ့ပေ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူ သူ့ဆရာဆီ စာရေးပြီး အခြေအနေတွေ ပြောပြခဲ့သေးတာ။ ရှန့်တိုင်းပြည်မှာ ကပ်ရောဂါတွေ ဖြစ်နေတယ်၊ နိုင်ငံရေး မငြိမ်သက်ဘူး၊ ပြည်သူတွေ ဆူပူနေတယ်ပေါ့။

ဖြောင့်မတ်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းတွေလည်း ပဋိပက္ခတွေ ပိုပြင်းထန်လာပြီး မကြာခင် စစ်ပွဲဖြစ်တော့မယ့် ပုံစံမျိုးတွေပေါ့။

ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ လျန်တိုင်းပြည်ကြီး တစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရမယ်လို့ ဘယ်သူက ထင်မှာလဲ။

တုန်လှုပ်အံ့သြမှုတွေ ဖြစ်ပြီးနောက် ဆုရှိုးယွီ စာကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်သည်။

အဓိပ္ပာယ်က ရိုးရှင်းပါတယ်။

လျန်တိုင်းပြည်ရဲ့ တိုးတက်မှုကို နှောင့်နှေးအောင် သူ ကောင်းကောင်း လုပ်ပေးနိုင်ရင် ကိစ္စအောင်မြင်တဲ့အချိန်ကျရင် သူ့ရဲ့ ‘မူလအစစ်အမှန်ဂိုဏ်း’ ကို ဘေးကင်းအောင် ထားပေးမယ်လို့ ဧကရာဇ်က ကတိပေးခဲ့ဖူးတယ်။

ဒါပေမဲ့ အခုတော့ အစီအစဉ်တွေက အပြောင်းအလဲတွေကို မမီတော့ဘူး။

ကိစ္စတွေက ဧကရာဇ်ရဲ့ မူလအတွေးအတိုင်း ဖြစ်မလာခဲ့ဘူး၊ ဒါကြောင့် မူလအစစ်အမှန်ဂိုဏ်း တည်မြဲနိုင်မလား၊ သူ့ဆရာ အသက်ချမ်းသာရာ ရမလား ဆိုတာက သူ့ရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်နေပြီ။

ရုတ်ခြည်းပင် ဆုရှိုးယွီရဲ့ ရင်ထဲမှာ ရှုပ်ထွေးပွေလီတဲ့ ခံစားချက်တွေ ပြည့်နှက်လာသည်။

သူ့ဆရာနဲ့ ထိပ်တိုက်တွေ့ရမယ့် အချိန်ကို မရေမတွက်နိုင်အောင် စိတ်ကူးကြည့်ဖူးပေမယ့် တကယ်တမ်း အဲ့ဒီနေ့ ရောက်လာတော့ သူ ကြောက်ရွံ့နေတုန်းပါပဲ။

သူ့ဆရာကို ဘယ်လို မျက်နှာထားမျိုးနဲ့ ရင်ဆိုင်ရမလဲ သူ မသိတော့ဘူး။

“ဟူး”

ဆုရှိုးယွီ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ဘာပဲဖြစ်ဖြစ် အဲ့ဒီ ဧကရာဇ်က ကတိတည်တဲ့လူ တစ်ယောက်ပါပဲ၊ ဒါက ကံဆိုးမိုးမှောင်ကျနေတဲ့ အထဲက ရောင်ခြည်ဖြာလာတဲ့ အလင်းတန်းလေး တစ်ခုလို့ ပြောလို့ရပါတယ်။

အနည်းဆုံးတော့ သူ အကြာကြီး ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ အလဟဿ မဖြစ်သွားဘူးပေါ့၊ သူ့ဆရာက သူ့ကြောင့် တကယ် အသက်ရှင်ခွင့် ရခဲ့ပြီလေ။

လျန်တိုင်းပြည်ရှိ ခြံဝင်းတစ်ခုထဲတွင် ကျန်းပေရန်သည် တစ်ယောက်တည်း ထိုင်ပြီး အရက်သောက်နေသည်။

ဆုရှိုးယွီဆီ စာရေးပြီးနောက် အစီအစဉ်တွေက အပြောင်းအလဲတွေကို ဘယ်လိုမှ မမီနိုင်ဘူး ဆိုတာကို တွေးပြီး သူ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

သူ့ရဲ့ မူလအစီအစဉ်မှာ ဆုရှိုးယွီနဲ့ မူလအစစ်အမှန်ဂိုဏ်းက လျန်တိုင်းပြည်ကို သိမ်းပိုက်ဖို့အတွက် အရေးပါတဲ့ နယ်ရုပ်တွေ ဖြစ်ခဲ့တာ။

အတွင်းမီး ရှို့တာပဲဖြစ်ဖြစ်၊ တစ်ယောက်ချင်းစီ ချေမှုန်းတာပဲဖြစ်ဖြစ် ဒေသခံတွေရဲ့ ပူးပေါင်းမှုက မရှိမဖြစ် လိုအပ်ခဲ့သည်။

ဒါပေမဲ့ ဟော်ဟုန်ဖေး ဆိုတဲ့ ဒီ အစွမ်းထက်ဆုံး သားမက် ပေါ်လာတာက သူ့အစီအစဉ်တွေကို အကြီးအကျယ် ခုန်ပျံကျော်လွှားသွားစေခဲ့သည်။

ကြိုတင်ပြင်ဆင်မှုတွေ၊ ကနဦး အစီအစဉ်တွေ၊ ပေါ်ပေါ်ထင်ထင် လုပ်ကွက်တွေနဲ့ လျှို့ဝှက် လုပ်ကွက်တွေ အားလုံးကို ကျော်သွားပြီး နောက်ဆုံးအဆင့်ကို တန်းရောက်သွားစေခဲ့တာလေ။

နောက်ဆက်တွဲ ဖြစ်ပျက်သမျှ အရာအားလုံးကလည်း ကွက်တိကို ဖြစ်သွားခဲ့သည်။

မုန့်စစ်ဖေရဲ့ ရင်သပ်ရှုမောဖွယ် ဝင်ရောက်လာမှုက လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုမြန်ဆန်သွားစေပြီး မငြိမ်မသက် ဖြစ်နေတဲ့ လျန်တိုင်းပြည်ကို တိုက်ရိုက် ပေါက်ကွဲသွားစေခဲ့သည်။

အဆင့်တိုင်းက တိုက်ဆိုင်မှုလို့ ထင်ရပေမယ့် ပြန်ဆက်စပ်ကြည့်လိုက်ရင် အဆင့်တိုင်းနဲ့ အသေးစိတ်တိုင်းက ကြိုတင်နိမိတ်ပြပြီးသား ဖြစ်နေတယ်။

အရာအားလုံးက ဂီယာတွေ ချိတ်ဆက်လည်ပတ်သလိုမျိုး ဖြစ်ရပ်ကို ရှေ့ရောက်အောင် တွန်းပို့ပေးခဲ့သည်။

“ဟူး”

သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးနောက် ဒါတွေအားလုံးကို တွေးတောရင်း ကျန်းပေရန် ခေါင်းထဲ စကားစုတစ်ခု ရောက်လာသည်။

“ငါတောင် မတွန်းရသေးဘူး မင်းက လဲကျသွားပြီ”

ဒါပေမဲ့ ဘာပဲပြောပြော သူက ကတိတည်တဲ့ လူတစ်ယောက်ပါပဲ။

ပြီးတော့ စူးရှိုးယွီက သူ့ကို အကျိုးအမြတ်တွေ အများကြီး ရစေခဲ့သလို လျန်တိုင်းပြည်ရဲ့ တိုးတက်မှုကိုလည်း သိသိသာသာ နှောင့်နှေးအောင် လုပ်ပေးနိုင်ခဲ့သည်လေ။

ဒါကြောင့် ယန်စစ်ယွမ်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျန်းပေရန်က သူ့အတွက် ကြိုးစားပေးဦးမှာပါ။

စံသတ်မှတ်ချက်က ရိုးရှင်းပါတယ်။

စူးရှိုးယွီက ယန်စစ်ယွမ်ကို နားချနိုင်ပြီး စနစ် က ဘာ ရွေးချယ်မှု မှ မပြဘူးဆိုရင်၊ ကျန်းပေရန်က ယင်ကျန်းဟုန်ကို ပြောပြီး ကန့်ကွက်မှုမှန်သမျှ ပယ်ချကာ သူ့ကို ဆက်ထားပေးမှာပါ။

‘ကံကောင်းပါစေ လူငယ်လေး’

...

စူးရှိုးယွီဘက်ကို ပြန်လှည့်ရရင် သူက ယန်စစ်ယွမ်ရှေ့မှာ ဒူးထောက်နေတုန်းပါပဲ။

သူပြန်ရောက်ကတည်းက သူ့ဆရာက ကြည်လင်တဲ့ မျက်နှာထား တစ်ချက်မှ မပြပေမယ့် ဆုရှိုးယွီရဲ့ ရင်ထဲမှာတော့ ပျော်ရွှင်နေမိသည်။

ဘာလို့လဲဆိုတော့ သူ သူ့ဆရာအကြောင်း နားလည်လို့ပါ။

သူ့ဆရာက သူ့ကို ပါးရိုက်ပြီး သတ်မပစ်သေးဘူး ဆိုကတည်းက အခြေအနေ ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုလိုတာပဲ။

မနက်ခင်းတစ်ခုလုံး ဒီလို ဒူးထောက်နေပေမယ့် စူးရှိုးယွီရဲ့ ဗန်းကိုင်ထားတဲ့ ဟန်ပန်က ရုပ်တုတစ်ခုလို မလှုပ်မယှက် ရှိနေသည်။

ရံဖန်ရံခါမှသာ တစ်လုပ်လောက် စားဖို့ သူ့ဆရာကို တိုက်တွန်းလေ့ရှိသည်။

“ဟူး”

မနက်ခင်းတစ်ခုလုံး အခန်းထဲမှာ မှိုင်တွေနေတဲ့ ယန်စစ်ယွမ်က ရုတ်တရက် သက်ပြင်းချလိုက်ပြီး ဆုရှိုးယွီလက်ထဲက ဗန်းကို ယူလိုက်သည်။

“ရှိုးယွီ ဆရာတစ်ယောက်အနေနဲ့ ငါ မင်းကို ကောင်းကောင်းဆက်ဆံခဲ့တာပါ မင်းက ဘာလို့ ဒီလို သစ္စာဖောက်တဲ့ အလုပ်ကို လုပ်ရတာလဲ”

ဘုန်း ဘုန်း ဘုန်း

စူးရှိုးယွီ ချက်ချင်းပဲ သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။

“တပည့်က ဒီလို ရှက်စရာကောင်းတဲ့ အလုပ်ကို လုပ်မိလို့ ဆရာ့ကျေးဇူးကို ကန်းမိပါပြီ ဆရာ့ကို ပြန်တွေ့ဖို့ မျက်နှာမရှိမှန်း သိပေမယ့် ဆရာ သေလမ်းကို လျှောက်သွားတာကိုတော့ လက်ပိုက်ကြည့်မနေနိုင်ပါဘူး ဒါကြောင့် မျက်နှာပြောင်တိုက်ပြီး လာဖျောင်းဖျရတာပါ ဆရာ ဆရာသာ အသက်ရှင်မယ်ဆိုရင် တပည့်က အသားအမွှန်း ခံရမယ်ဆိုရင်တောင် ကျေကျေနပ်နပ် လက်ခံပါ့မယ်”

စူးရှိုးယွီက ဖြစ်ကြောင်းကုန်စင်ကို သူ့ဆရာကို ရှင်းပြပြီးပြီ ဆိုပေမယ့် အသေးစိတ် အချက်အလက်တချို့ကိုတော့ ပြုပြင်ပြောထားသည်။

ဥပမာအားဖြင့် သူ့ကို အဆိပ်ထည့်ခဲ့တာ ရှန့်တိုင်းပြည်ရဲ့ ဧကရာဇ် မဟုတ်ဘဲ တခြား ပညာရှင်တစ်ယောက်၊ နာမည်ထုတ်ပြောခွင့် ပိတ်ပင်ထားတဲ့ ပညာရှင်တစ်ယောက်လို့ ပြောထားတာမျိုးပေါ့။

ဒါကလည်း ကျန်းပေရန် စာထဲမှာ ထပ်ဖြည့်ခိုင်းလိုက်တဲ့ အချက်ပါပဲ။

ယန်စစ်ယွမ်က အဲ့ဒီ ပညာရှင်က ဘယ်သူလဲလို့ အတင်းမေးပေမယ့်၊ စူးရှိုးယွီက သူ့ဆရာကို မလိမ်ချင်ပေမယ့် ခန္ဓာကိုယ်ထဲက ဂူအဆိပ်က အရမ်းပြင်းထန်လွန်းကြောင်း၊ နာမည်ထုတ်ပြောဖို့ စိတ်ကူးလိုက်တာနဲ့ သူ ချက်ချင်း သေဆုံးပြီး ဂူပိုးကောင်က နေရာဝင်ယူသွားမှာဖြစ်ကြောင်း ပြောပြခဲ့သည်။

အဲ့ဒီအချိန်ရောက်ရင် နှစ်ယောက်လုံး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးလေ။

ကိစ္စတွေက ဒီအဆင့်ထိ ရောက်နေပြီဆိုတာ ယန်စစ်ယွမ် သိလိုက်သည်။

သူ့တပည့်က အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ရဲ့ လက်ထဲမှာ လုံးဝ ရောက်နေပြီး ဘာအမှန်တရားမှ ထုတ်ဖော်လို့ မရတော့ဘူး။

ဒါကြောင့် သူ့တပည့်က သူ့ကို လာရင်ဆိုင်တာထက် နောက်ကွယ်က လူက သူ့ကို အခွင့်အရေး ပေးချင်နေတာလို့ ပြောရင် ပိုမှန်လိမ့်မည်။

‘တောက် ဘယ်ကနေ ဒီလိုကောင်မျိုး ထွက်လာတာလဲ အလယ်ပိုင်းလွင်ပြင်မှာ သယံဇာတတွေ သွားမလုဘဲ ငါတို့လို နေရာကျဉ်းကျဉ်းလေးမှာ လာပြီး ဗိုလ်ကျနေတယ်’

စိတ်ထဲကနေ ကျိန်ဆဲပြီးနောက် ယန်စစ်ယွမ်က စူးရှိုးယွီကို ဆွဲထူလိုက်ပြီး မေးလိုက်သည်။

“အဲ့ဒီလူက ငါ့ကို ဘာလုပ်စေချင်တာလဲ”

သူ့ဆရာ ဒီလိုမေးလာတာ ကြားတော့ ဆုရှိုးယွီရဲ့ ရင်ထဲမှာ ပန်းတွေပွင့်သွားသလို ခံစားလိုက်ရသည်။

သူ့ဆရာက ခေါင်းမာတဲ့ အဘိုးကြီး မဟုတ်မှန်း သူ သိတာပေါ့။

အသက်ရှိနေသရွေ့ မျှော်လင့်ချက် ရှိတယ်လေ။

အသက်ရှင်ဖို့ထက် ဘာက ပိုအရေးကြီးဦးမှာလဲ။

“ဆရာ့ကို အစီရင်ခံပါတယ် အဲ့ဒီပညာရှင်ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ် ရှန့်တိုင်းပြည်က လျန်တိုင်းပြည်ရဲ့ ထိပ်တန်းအင်အားစုတွေကို ဖယ်ရှားလိုက်ပြီ ဆိုပေမယ့် လုံးဝ သိမ်းပိုက်ဖို့ကတော့ လွယ်ဦးမှာ မဟုတ်ပါဘူး တကယ်လို့ ဆရာသာ ရှန့်တိုင်းပြည်ရဲ့ အရာရှိကြီးတွေနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမယ်ဆိုရင် ရှန့်တိုင်းပြည်နဲ့ လျန်တိုင်းပြည် လုံးဝ ပေါင်းစည်းသွားတဲ့အခါ မူလအစစ်အမှန်ဂိုဏ်းက အရင်အတိုင်းပဲ ဆက်ရှိနေမှာပါ လျန်တိုင်းပြည်ရဲ့ ထိပ်တန်းဂိုဏ်း မဟုတ်တော့ဘဲ ရှန့်တိုင်းပြည်ရဲ့ ဂိုဏ်းတစ်ခု ဖြစ်သွားမှာပေါ့ ပြီးတော့ အရင်ကထက်တောင် ပိုထင်ရှားလာနိုင်ပါသေးတယ်”

“မင်း ဘာတွေ လျှောက်ပြောနေမှန်း သိရဲ့လား” ယန်စစ်ယွမ် မေးလိုက်သည်။

ဒါကို ကြားတော့ ဆုရှိုးယွီ မြေကြီးပေါ် ချက်ချင်း ပြန်ဒူးထောက်လိုက်ပြီး ဦးခိုက်လိုက်သည်။

“တပည့် အပြစ်ကို သိပါပြီ”

“ထ”

မျက်တောင်အနည်းငယ် ခတ်လိုက်ပြီး စူးရှို့ယွီမတ်တပ်ရပ်လိုက်သည်။ နည်းနည်း ကြောင်တောင်တောင် ဖြစ်နေတုန်းမှာပဲ သူ့ဆရာက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလာသည်။

“တကယ်တော့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပါပဲ ဒါပေမဲ့ မင်းဆရာကလည်း လူယုတ်မာပဲ မဟုတ်လား လျန်တိုင်းပြည်ပဲဖြစ်ဖြစ် ရှန့်တိုင်းပြည်ပဲဖြစ်ဖြစ် ငါ လိုချင်တာက ကျင့်ကြံခြင်းလမ်းစဉ်မှာ ရှေ့ဆက်သွားနိုင်ဖို့ပဲ အဲ့ဒီပညာရှင်က ငါ့ကို အခွင့်အရေးပေးဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ငါ ဒီစေတနာကို လက်ခံလိုက်ပါ့မယ်”

“ဆ... ဆရာ”

ဆုရှိုးယွီရဲ့ အံ့သြနေတဲ့ မျက်နှာကို မြင်တော့ ယန်စစ်ယွမ်က မတ်တပ်ရပ်လိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“မင်းရဲ့ ဆရာအနေနဲ့ ငါက ဒီ လျန်တိုင်းပြည်အပေါ် သံယောဇဉ် သိပ်မရှိပါဘူး အခုမှ ဘာကိစ္စ သူနဲ့အတူ လိုက်သေရမှာလဲ တောတွင်းဥပဒေသကို ငါတို့ထက် ဘယ်သူ ပိုနားလည်မှာလဲ သားကောင်တွေ ဖြစ်နေမှတော့ ငါတို့မှာ ရွေးချယ်စရာ သိပ်မရှိဘူး မဟုတ်လား”

“ဆရာ တပည့် ပြောရမယ့် အချက်တစ်ချက် ကျန်ပါသေးတယ်”

“ပြော”

“သေချာတော့ မပြောနိုင်ပေမယ့် အဲ့ဒီပညာရှင်က လူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ တပည့် ယုံကြည်ပါတယ် တကယ်လို့ ဆရာက ဟန်ဆောင် လက်နက်ချဖို့ စဉ်းစားနေတယ်ဆိုရင် သေချာပေါက်”

“ဟားဟားဟားဟား” ယန်စစ်ယွမ် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါ့ကောင်လေး မင်း အဲ့ဒီပညာရှင်ကို ကြောက်လွန်းပြီး စိတ်တွေ ဂယောက်ဂယက် ဖြစ်ကုန်ပြီ ထင်တယ် ဒီလောကကြီးမှာ ဘယ်လိုလုပ် အဲ့လိုအရာမျိုး ရှိနိုင်မှာလဲ”

“ဆရာ”

စူးရှို့ယွီ ရုတ်တရက် အသံကုန်ဟစ်အော်လိုက်သည်။

“ကျေးဇူးပြုပြီး ယုံပေးပါ ဆရာ အဲ့ဒီပညာရှင်မှာ တကယ် အဲ့လိုစွမ်းရည် ရှိပါတယ် တပည့် တောင်းပန်ပါတယ်”

“တော်တော့” ယန်စစ်ယွမ် ဟန့်တားလိုက်သည်။

“ငါ ရှုံးနိမ့်ခဲ့ပေမယ့် ငါက ကတိတည်တဲ့ ယောက်ျားတစ်ယောက်ပါ လက်နက်ချမယ်လို့ ပြောရင် တကယ် စစ်မှန်တဲ့ လက်နက်ချခြင်းပါပဲ အဲ့ဒီပညာရှင်က ငါတို့လို အဘိုးကြီးတွေကို လက်ဖဝါးပေါ်တင် ကစားနိုင်တယ်ဆိုကတည်းက သူ့အစွမ်းကို ငါ နားလည်ပြီးသားပါ”

“ဆရာက ဉာဏ်ပညာ ကြီးမားလှပါတယ်”

...

လျန်တိုင်းပြည်၏ မြို့တော်၊ ‘ထာဝရငြိမ်းချမ်းရေးမြို့’

ရက်ဆက် အလုပ်ရှုပ်နေခဲ့သော လီဖူချန်သည် သူ့ရဲ့ ယာယီ တဲအိမ်လေးထဲတွင် ထန်ထင်ရွှမ် ချက်ပြုတ်ပေးထားသော ထမင်းကို စားနေသည်။

သူ သိပ်လုပ်ပေးနိုင်တာ မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်လုံး ဟော်ဟုန်ဖေးဆီမှာ ပညာသင်နေခဲ့ပြီး၊ သူ့ရဲ့ ထက်မြက်တဲ့ နည်းလမ်းတွေနဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေအကြောင်း လေ့လာနေခဲ့သည်။

ပြီးတော့ သူက ဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးနဲ့ တိတ်တဆိတ် မိတ်ဖွဲ့ထားနိုင်ရုံမက၊ ထန်မိသားစုနဲ့ တခြား အင်အားကြီး ပုဂ္ဂိုလ်တွေကို သူက အသုံးမကျတဲ့ သားမက်တစ်ယောက်ပါလို့ ယုံကြည်အောင် လုပ်ထားနိုင်တာက တကယ့်ကို သည်းခံခြင်းတရားရဲ့ အထွတ်အထိပ်ပါပဲ။

‘ဒါပေမဲ့ အဲ့လိုလူမျိုးတောင် အစ်ကိုဝမ်ရဲ့ ဆွဲဆောင်မှုအောက်မှာ ချက်ချင်း ကျရောက်သွားခဲ့တာ’

‘အစ်ကိုဝမ်က တကယ် အံ့သြစရာ ကောင်းတာပဲ’

ဟော်ဟုန်ဖေးရဲ့ ထက်မြက်တဲ့ ဘက်ခြမ်းကို မြင်ရုံတင်မက၊ လီဖူချန်က သူ့ရဲ့ ရက်စက်တဲ့ ဘက်ခြမ်းကိုပါ မြင်တွေ့ခဲ့ရသည်။

ထန်မိသားစုဝင် ၁၃၆ ယောက်ထဲက တစ်ယောက်မှ လျန်တိုင်းပြည်ကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး။

အားလုံး သူ့ရဲ့ မိုးကြိုးပစ်သလို လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖမ်းဆီးခံခဲ့ရသည်။

ဒါတွေအားလုံးက သူ ထန်မိသားစုနဲ့ အကြာကြီး နေခဲ့လို့ သူတို့မျိုးနွယ်အကြောင်း အကုန်သိနေလို့ပါပဲ။

သူတို့ ဘယ်လို လှည့်ကွက်တွေပဲ သုံးသုံး၊ ပေါ်ပေါ်ထင်ထင်ပဲ ဖြစ်ဖြစ် တိတ်တဆိတ်ပဲ ဖြစ်ဖြစ် သူ့လက်ထဲကနေ ဘယ်သူမှ မလွတ်နိုင်ကြဘူး။

ထန်ရွေ့ဟွမ်း ပြန်ဖမ်းလာတုန်းက သူမရဲ့ မျက်နှာပေါ်က တုန်လှုပ်နေတဲ့ အမူအရာကို ဒီနေ့ထိ လီဖူချန် မေ့မရသေးဘူး။

“ရှင် ကျွန်မကို ချစ်တာပဲ ရှင် ကျွန်မကို ချစ်နေတာ အသိသာကြီးကို” လို့ သူမက အော်ဟစ် ငိုယိုနေတုန်းမှာပဲ ဟော်ဟုန်ဖေးက သူမကို မြေအောက်ခန်းထဲ ထည့်ပြီး သူမရဲ့ ဆွေမျိုးသားချင်း ၁၃၅ ယောက်နဲ့အတူ ပိတ်လှောင်ထားလိုက်သည်။

နောက်ပိုင်းမှာတော့ ညဘက်တွေဆို ကိုးထပ်မြောက်ငရဲ က လာသလိုမျိုး ကြောက်မက်ဖွယ်ရာ အော်ဟစ်သံတွေ ကြားရတယ်လို့ ပြောစမှတ်ပြုကြသည်။

ဒေါက် ဒေါက် ဒေါက်

လီဖူချန် အတွေးလွန်နေတုန်း တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဟင်းရည်တစ်ငုံ သောက်နေတဲ့ လီဖူချန် သီးလုနီးပါး ဖြစ်သွားသည်။

သူ တံခါးကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်သည်။

သူ့ဘေးက ထန်ထင်ရွှမ်မှာလည်း အလားတူ မျက်နှာထားမျိုး ဖြစ်နေပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။

“သခင်လေး”

နားထင်ကို ဖိနှိပ်ရင်း ခေါင်းနည်းနည်း ကိုက်သလို ဖြစ်နေတဲ့ လီဖူချန်က ပြောလိုက်သည်။

“ထင်ရွှမ် တံခါးသွားဖွင့်လိုက်ပါ”

“ဟုတ်ကဲ့”

ပြောပြီးနောက် ထန်ထင်ရွှမ် တံခါးသွားဖွင့်လိုက်သည်။

“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်မုန့်” ထန်ထင်ရွှမ် အရိုအသေပြုလိုက်သည်။

ထန်ထင်ရွှမ်ကို ခေါင်းညိတ်ပြပြီး မုန့်စစ်ဖေ တဲအိမ်လေးထဲ ဝင်လာသည်။

“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်မုန့်”

လီဖူချန်လည်း စားပွဲကနေ ထရပ်ပြီး အရိုအသေပြုလိုက်သည်။

“ထမင်းစားနေတာလား ထိုင်ပါ ထိုင်ပါ ငါများ နှောင့်ယှက်မိသလား”

“မနှောင့်ယှက်ပါဘူး ထိုင်ပါ ဂိုဏ်းချုပ်မုန့် ထမင်းစားပြီးပြီလား ဝင်စားပါဦးလား”

“ရပါတယ် ငါလာခါနီး စားလာပြီးသားပါ”

“သြော်”

လီဖူချန် ခေါင်းညိတ်လိုက်ပြီး ထန်ထင်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်မုန့်အတွက် လက်ဖက်ရည်တစ်ခွက် သွားဖျော်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”

ပြောပြီးနောက် ထန်ထင်ရွှမ်က မုန့်စစ်ဖေကို ဦးညွှတ်လိုက်သည်။

“ဒါဆို ခဏလောက် စောင့်ပေးပါဦးနော် ဂိုဏ်းချုပ်မုန့်”

“ကျေးဇူးပဲ”

ဂိုဏ်းချုပ်မုန့်က စားပွဲပုလေးမှာ သဘာဝကျကျ ဝင်ထိုင်လိုက်တာကို မြင်တော့ ထန်ထင်ရွှမ် စိတ်ထဲကနေ သက်ပြင်းချပြီး လက်ဖက်ရည်ဖျော်ဖို့ ထွက်သွားလိုက်သည်။

ဧည့်သည်ရောက်နေတော့ လီဖူချန်လည်း ဆက်မစားနိုင်တော့ပေ။

စားပွဲဆီ အမြန်လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။

“ဂိုဏ်းချုပ်မုန့် ဒီနေ့ ဘာကိစ္စများ ရှိလို့ပါလဲ”

“ဘာမှ မရှိပါဘူး ဒီတိုင်း လာထိုင်တာပါ ငါ မင်းတို့ကို အနှောင့်အယှက် မပေးပါဘူးနော်”

“မပေးပါဘူး မပေးပါဘူး” လီဖူချန် လက်ခါပြလိုက်သည်။

စကားနည်းနည်းပါးပါး ပြောပြီးနောက် ဒီ ဂိုဏ်းချုပ်မုန့်ရဲ့ ဇွဲကောင်းပုံကို လီဖူချန် စိတ်ထဲကနေ လေးစားမိသွားသည်။

သူ မြို့တော်ကို ရောက်တဲ့ ပထမဆုံးနေ့ကတည်းက သူမ လာနေခဲ့တာ။

ပထမရက်တုန်းကတော့ အစ်ကိုဝမ် ရောက်ပြီလားဆိုပြီး အရိပ်အမြွက် မေးခဲ့သေးသည်။

သူ မဖြေနိုင်မှန်း သိလိုက်တော့ ဆက်မမေးတော့ဘဲ တစ်နေရာရာမှာ ဝင်ထိုင်နေပြီး ညနေမှ ပြန်သွားလေ့ရှိသည်။

စကားသိပ်မပြောဘူး၊ ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်နေတာ။

ကျင့်ကြံနေတာလား တရားထိုင်နေတာလား ခွဲခြားရခက်သည်။

မုန့်စစ်ဖေရဲ့ ရည်ရွယ်ချက်ကို လီဖူချန် ကောင်းကောင်း သိပါသည်။

အစ်ကိုဝမ် သူ့ကို လာရှာမယ့်အချိန်ကို စောင့်နေတာကလွဲပြီး တခြား မရှိပါဘူး။

ဒါပေမဲ့ လီဖူချန် လုံးဝ စဉ်းစားလို့ မရတဲ့ မေးခွန်းတစ်ခု ရှိသည်။

အစတုန်းက ဂိုဏ်းချုပ်မုန့်ကလည်း သူ့လိုပဲ အစ်ကိုဝမ်ရဲ့ လက်အောက်ငယ်သား တစ်ယောက်လို့ ထင်ခဲ့တာ။

ဒါပေမဲ့ အခုကြည့်ရတာ ဟုတ်ပုံမရဘူး။

အနည်းဆုံးတော့ အစ်ကိုဝမ် သူမကို မပြောပြထားတဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်၊ ပြီးတော့ သူလည်း ပြောပြခွင့် မရှိဘူး။

ဒါပေမဲ့ ဒီစစ်ဆင်ရေးမှာ ဒီ ဂိုဏ်းချုပ်မုန့်က အများကြီး ကူညီပေးခဲ့သည်။

သူမသာ မရှိရင် အစီအစဉ်က ဒီလောက် ချောချောမွေ့မေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလို့ရတယ်။

‘ထူးဆန်းလိုက်တာ’

ဒီဂိုဏ်းချုပ်နဲ့ အစ်ကိုဝမ်ကြားက ဆက်ဆံရေးကို စဉ်းစားလို့မရတော့ လီဖူချန် ဆက်မတွေးတော့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် အစ်ကိုဝမ်နဲ့ ပတ်သက်ရင် သူ နားမလည်တာတွေက များလွန်းနေပြီ၊ ဒါက နောက်ထပ် တစ်ခုပါပဲ။

ခဏကြာတော့ ထန်ထင်ရွှမ် လက်ဖက်ရည်နဲ့ ပြန်ရောက်လာသည်။

“ဂိုဏ်းချုပ်မုန့် လက်ဖက်ရည် သုံးဆောင်ပါဦး” ထန်ထင်ရွှမ်က မုန့်စစ်ဖေကို လက်ဖက်ရည်ခွက် ကမ်းပေးရင်း ပြောလိုက်သည်။

“ကျေးဇူးပဲ”

ခွက်ကိုယူရင်း မုန့်စစ်ဖေက လီဖူချန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ဆက်စားကြလေ ငါ ဒီမှာ ခဏ ထိုင်နေလိုက်မယ်”

“ရပါတယ် ကျွန်တော် ဗိုက်ဝနေပါပြီ ဂိုဏ်းချုပ်မုန့်နဲ့ အတူ ထိုင်နေပေးပါ့မယ်”

ခေါင်းညိတ်လိုက်ပြီး မုန့်စစ်ဖေက လက်ဖက်ရည်ပူပူကို တစ်ငုံသောက်လိုက်သည်၊ ပြီးတော့ ထန်ထင်ရွှမ်ဘက် လှည့်ပြီး ပြောလိုက်သည်။

“ညီမလေး ထင်ရွှမ် မင်းရဲ့ လက်ဖက်ရည်ဖျော်တဲ့ လက်ရာက တကယ် ကောင်းတာပဲ ဖျော်လိုက်တိုင်း သောက်လို့ အရမ်းကောင်းတယ်”

“ချီးကျူးတဲ့အတွက် ကျေးဇူးပါ ဂိုဏ်းချုပ်မုန့်” ထန်ထင်ရွှမ်က ရှက်သွေးဖြာတဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။

“ဟေ့ မင်းရဲ့ လက်ဖက်ရည်က”

ဒေါက် ဒေါက် ဒေါက်

သူမ စကားပြောနေတုန်းမှာပဲ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

မုန့်စစ်ဖေ မတ်တပ် ဖြတ်ခနဲ ထရပ်လိုက်ပြီး တံခါးကို ကိုယ်တိုင် သွားဖွင့်ချင်စိတ်တောင် ပေါက်သွားသည်။

သူမရဲ့ လှုပ်ရှားမှုက မြန်လွန်းလို့ ထန်ထင်ရွှမ်ရော လီဖူချန်ပါ လန့်သွားကြသည်။

ဒါပေမဲ့ ခြေတစ်လှမ်း လှမ်းပြီးတာနဲ့ မုန့်စစ်ဖေ သူမကိုယ်သူမ ပြန်ထိန်းလိုက်သည်။

သူမ ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည်သောက်ရင်း ပြုံးနေပေမယ့် တုန်ရီနေတဲ့ ညာလက်နဲ့ လက်ဖက်ရည်ခွက်ထဲက ဂယက်ထနေတဲ့ အရည်တွေက သူမရဲ့ ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

တံခါးဖွင့်သံနဲ့အတူ ထန်ထင်ရွှမ်က တံခါးဆွဲဖွင့်လိုက်ပြီး အရိုအသေပြုလိုက်သည်။

“သြော် အစ်ကိုဟော် ပါလား ဝင်ပါ ဝင်ပါ”

ဟော်ဟုန်ဖေး ဖြစ်နေမှန်း ကြားလိုက်တော့ မုန့်စစ်ဖေရဲ့ မျှော်လင့်တကြီး ဖြစ်နေတဲ့ မျက်နှာထား ချက်ချင်း ပျက်သွားပြီး လက်ဖက်ရည်ခွက်ကိုပဲ ပြန်ငုံ့ကြည့်နေလိုက်သည်။

ထန်ထင်ရွှမ်ကို ခေါင်းညိတ်ပြပြီး ဟော်ဟုန်ဖေး အခန်းထဲ ဝင်လာကာ လီဖူချန်ကို ကြည့်ပြီး ပြောလိုက်သည်။

“ဖူချန် မနေ့က မင်း ခရမ်းရောင်သက်တံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တွေ့ချင်တယ်လို့ ပြောထားတယ်မလား ဒီနေ့ သူ အားနေတယ် သွားတွေ့မလား”

ဟော်ဟုန်ဖေး စကားဆုံးခါနီးမှ မုန့်စစ်ဖေ ရှိနေတာကို သတိထားမိသွားသည်။

သူ လက်သီးဆုပ်ပြီး အရိုအသေပြုလိုက်သည်။

“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်မုန့်”

“ဂါရဝပြုပါတယ် သခင်ဟော်” မုန့်စစ်ဖေ ပြန်လည် နှုတ်ဆက်လိုက်သည်။

ရုတ်တရက် ပေါ်လာပြီး ဒီစစ်ဆင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဒီ ဟော်ဟုန်ဖေးနဲ့ မုန့်စစ်ဖေ သိပ်မရင်းနှီးပေမယ့်၊ သူကလည်း အဲ့ဒီစီနီယာကြီးရဲ့ လက်အောက်ငယ်သားပဲ ဖြစ်မယ်ဆိုတာ သူမ သိနေသည်။

အဲ့ဒီစီနီယာကြီးဆီမှာ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေ ဒီလောက်များနေတာကို တွေးမိတော့ မုန့်စစ်ဖေ အကြီးအကျယ် စိုးရိမ်စိတ် ဝင်လာသည်။

‘စီနီယာက ငါ့ကို အသုံးမဝင်တော့ဘူးလို့ ထင်သွားပြီလား’

All Chapters