← Chapters

လက်ဆောင်တစ်ခု

Vol. 27 Ch. 343

လက်ဆောင်တစ်ခု

Vol. 27 Ch. 343

“အင်း”

မနက်စောစော အိပ်ရာက ထရင်း လျိုဇီဂျင်း တစ်ယောက် ပျင်းရိလေးတွဲ့စွာ အကြောဆန့်လိုက်သည်။

‘စီနီယာအစ်ကိုလုက မြောင်မြောင်အတွက် မိုးမခမြို့က ကိစ္စကို ဒီနေ့လောက်ဆို ဖြေရှင်းပေးပြီးလောက်ပြီ ထင်တယ် ဒီတစ်ခေါက်တော့ ငါ့အလှည့်ပဲ ဖြစ်ရမယ်’

စီနီယာအစ်ကိုလုကို ဘယ်လို ဒုက္ခပေးရမလဲ စဉ်းစားရင်း လျိုဇီဂျင်း မှန်တင်ခုံရှေ့မှာ ထိုင်လိုက်သည်။

သူမက ဆံပင်တွေကို ကျွမ်းကျင်စွာဖြင့် တိမ်ခွဲဆံထုံး ပုံစံ ထုံးဖွဲ့လိုက်သည်။

လျိုဇီဂျင်း အဝတ်အစား လဲဖို့ ပြင်လိုက်စဉ်မှာပင် အဝါရောင် စက္ကူစွန်လေးတစ်ခု သူမဆီ ပျံဝဲလာတာကို တွေ့လိုက်ရသည်။

“ဟင်”

ဒီစက္ကူစွန် ဘယ်က ရောက်လာတာလဲ ဆိုပြီး လျိုဇီဂျင်း ဇဝေဇဝါ ရေရွတ်လိုက်မိသည်။

စက္ကူစွန်ကို လှမ်းဖမ်းလိုက်ပြီး ဘယ်လောက် သေသပ်လှပစွာ ခေါက်ထားလဲဆိုတာကို စိတ်ထဲကနေ ချီးကျူးနေတုန်းမှာပဲ စက္ကူစွန်က သူ့အလိုလို ပွင့်သွားတာကို တွေ့လိုက်ရသည်။

‘စာတစ်စောင်လား’

စာရွက်ကို ကောက်ကိုင်ပြီး လျိုဇီဂျင်း စတင် ဖတ်ရှုလိုက်သည်။

‘အာ ဒါက’

လျိုဇီဂျင်းရဲ့ မျက်နှာထား ရုတ်တရက် ပျက်ယွင်းသွားပြီး မှန်တင်ခုံရှေ့ ပြန်ထိုင်ချလိုက်မိသည်။

‘အစ်ကိုကြီးက ငါတို့ကို ဘယ်တော့မှ အလုပ်မခိုင်းတော့မှာကို ကြောက်တယ်’

စာထဲမှာ “မင်းတို့ အစ်ကိုလုဆီ သွားစရာ မလိုတော့ဘူး” ဆိုတဲ့ စာကြောင်းတိုလေး တစ်ကြောင်းပဲ ပါပေမယ့် အဲ့ဒီစာထဲက နက်ရှိုင်းတဲ့ စိတ်ပျက်မှုတွေကို လျိုဇီဂျင်း ဖတ်ရှုနိုင်ခဲ့သည်။

အစ်ကိုကြီးက သူမရှေ့မှာ ရပ်နေပြီး သူမကို အလွန် စိတ်ပျက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသလိုပါပဲ။

‘အစ်ကိုကြီး ညီမကို အဲ့လိုကြီး မကြည့်ပါနဲ့’

လျိုဇီဂျင်း တွေးလေလေ စိတ်မကောင်း ဖြစ်လေလေပါပဲ ဒါပေမဲ့ ဒီ စိတ်မကောင်းမှုထဲမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင် တစ်ခုလည်း ပါဝင်နေသည်။

သူမရဲ့ ခန္ဓာကိုယ်က ထူးဆန်းလာတာကို သတိထားမိလိုက်တော့ လျိုဇီဂျင်း အတွေးလွန်နေတာကို ရပ်တန့်လိုက်ပြီး တံခါးတွန်းဖွင့်ကာ အပြင်ကို ပြေးထွက်သွားလိုက်သည်။

ခဏကြာတော့ ဖန်းချိုးယောင် ရဲ့ တဲအိမ်လေးထဲမှာ ပန်းရွှေဝါငါးပွင့် စုံညီ ရောက်ရှိနေကြသည်။

“ငါတို့ ဒီတစ်ခေါက်တော့ သွားပြီ”

“သေချာပေါက် သွားပြီ”

“ငါတို့အကုန် သွားပြီ”

စာကို တစ်ယောက်တစ်လှည့် ဖတ်ပြီးနောက် ယွီညီအစ်မသုံးယောက်က ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။

သက်ပြင်းချပြီးတာနဲ့ သုံးယောက်သား အစ်ကိုကြီး ဘာလို့ ဒီစာ ပို့လိုက်တာလဲ ဆိုတာကို စတင် သုံးသပ်ကြတော့သည်။

“ဒုတိယအစ်မ ဒါက သေချာပေါက် အစ်မကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်ရက်က လော့ထျန်ပြည်နယ်မှာရှိတဲ့ မကောင်းဆိုးဝါးဂိုဏ်းကို ရှာပေးဖို့ စီနီယာအစ်ကိုလုကို အစ်မ တောင်းဆိုခဲ့တာက အရမ်း သိသာလွန်းနေလို့ နေမှာ အဲ့ဒီ မကောင်းဆိုးဝါးဂိုဏ်းက လူတစ်ရာလောက်ပဲ ရှိတာလေ ခေါင်းဆောင်ကလည်း အနက်ရောင်သခင်ကြီး အဆင့်လောက်ပဲ ရှိတာ ဘယ်လိုလုပ် စီနီယာအစ်ကိုလုရဲ့ အကူအညီ လိုအပ်မှာလဲ”

“အဲ့ဒါက အစ်မက အဲ့ဒီဂိုဏ်း ဘယ်နားမှာ ရှိလဲ မသိလို့ စီနီယာအစ်ကို့ကို ကူရှာပေးဖို့ ပြောတာလေ ဘယ်နေရာက သိသာနေလို့လဲ ညီမ ကိစ္စကမှ ပြဿနာရှိတာ စီနီယာအစ်ကိုလုကို ကောင်းကင်စာလုံးကျောက်တုံး ကူရှာပေးဖို့ ပြောရတယ်လို့ အဲ့ဒါက လေလံအိမ် တိုင်းမှာ ဝယ်လို့ရတယ်ဟာကို”

“ဘယ်သူပြောလဲ ညီမ ဝယ်မရလို့ပါနော် ပြီးတော့”

“ကဲပါ တော်ကြပါတော့” ဒီအချိန်မှာ လျိုဇီဂျင်းက သူတို့သုံးယောက်ကြား ဝင်ရပ်လိုက်ပြီး လက်ကာပြလိုက်သည်။

“အခု ဒါတွေ ငြင်းနေလို့ အပိုပဲ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ ဝိုင်းစဉ်းစားကြတာ ပိုကောင်းမယ်”

“ဟူး”

လျိုဇီဂျင်း စကားကြားတော့ ညီအစ်မသုံးယောက်လုံး မျက်နှာငယ်လေးတွေ ဖြစ်သွားကြသည်။

“စီနီယာအစ်ကိုလုက အစ်ကိုကြီးအတွက် အရမ်း အရေးကြီးတာ ငါတို့က ဒါကို ရှုပ်ထွေးအောင် လုပ်မိပြီ အစ်ကိုကြီးက ဘယ်လိုလုပ် ငါတို့ကို ခွင့်လွှတ်ပေးနိုင်မှာလဲ”

ဖန်းချိုးယောင်လည်း သက်ပြင်းချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးဆီ အရင်သွားပြီး တောင်းပန်လိုက်ကြတာပေါ့”

“အာ”

ယွီညီအစ်မသုံးယောက်လုံး မလိုလားတဲ့ အာမေဋိတ်သံတွေ ရှည်ရှည်ဆွဲပြီး အော်လိုက်ကြသည်။

အစ်ကိုကြီးက ပုံမှန် ဆူရင်တောင် ကြောက်စရာ ကောင်းနေတာ ဒီတစ်ခေါက် ငါတို့ အမှားကြီး လုပ်မိထားတော့ သေချာပေါက် ပိုပြီး ကြမ်းတော့မှာ”

“ဟုတ်တယ် အစ်ကိုကြီး ဒေါသထွက်ရင် သူ ဒေါသထွက်တာ တစ်ခါမှ မမြင်ဖူးပေမယ့် သေချာပေါက် အရမ်း ကြောက်စရာ ကောင်းမှာ”

“ဟုတ်တယ် ဟုတ်တယ်”

ဒီအချိန်မှာ လျိုဇီဂျင်း ဝင်ပြောလိုက်သည်။

“တောင်းပန်တဲ့ကိစ္စ အစ်မ တစ်ယောက်တည်း သွားလိုက်မယ်”

“ဟင်”

ကျန်တဲ့ လေးယောက်လုံး ပြိုင်တူ အံ့သြတကြီး အာမေဋိတ်သံ ပြုလိုက်ကြသည်။

“မဖြစ်ဘူးလေ ဘာလို့ အမှားလုပ်မိတိုင်း အစ်မဇီဂျင်းကပဲ အမြဲ ခေါင်းခံနေရတာလဲ”

“ဟုတ်တယ် ငါတို့ ငါတို့ အတူတူ သွားသင့်တယ် အစ်ကိုကြီး ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ငါတို့ကို စားလိုက်မှာမှ မဟုတ်တာ”

“ဟုတ်တယ် ငါတို့ အတူတူသွားပြီး အမှားဝန်ခံလိုက်မယ် စောစောက စနေကြတာပါ”

…

ညီအစ်မသုံးယောက် လုပြီး ပြောနေကြတာကို ကြည့်ရင်း လျိုဇီဂျင်း ခေါင်းခါလိုက်သည်။

“ညီမလေးတို့အတွက် အကြံကောင်း မစဉ်းစားပေးနိုင်ခဲ့တဲ့ အစ်မ အမှားပါ အဲ့ဒါကြောင့် စီနီယာအစ်ကိုလုက ငါတို့ ရိုးရိုးသားသား အကူအညီတောင်းတာ မဟုတ်မှန်း ရိပ်မိသွားတာပေါ့ ဒီတစ်ခေါက် အစ်မကို အရင် သွားခွင့်ပြုပါ အစ်ကိုကြီး စိတ်နည်းနည်း ငြိမ်သွားမှ ငါတို့ အတူတူ သွားကြတာပေါ့”

“အစ်မဇီဂျင်း”

ယွီညီအစ်မသုံးယောက် မျက်ရည်ဝဲတဲ့ မျက်လုံးတွေနဲ့ လျိုဇီဂျင်းကို ကြည့်လိုက်ကြသည်။

သုံးယောက်လုံးရဲ့ ခေါင်းကို ပုတ်ပေးလိုက်ပြီး လျိုဇီဂျင်းက ဖန်းချိုးယောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါဆို အစ်မ စီနီယာအစ်ကိုကြီးကို အရင် သွားရှာလိုက်ဦးမယ် ညီမလေးတို့ ဒီမှာပဲ သတင်းစောင့်နေကြနော်”

“အစ်မဇီဂျင်း ပင်ပန်းရပါတော့မယ်”

“ရပါတယ်”

ပြုံးပြီး ခေါင်းခါလိုက်ရင်း လျိုဇီဂျင်း လှည့်ထွက်သွားပြီး နီလာနှလုံးခန်းမ ဘက်သို့ လျှောက်လှမ်းသွားလိုက်သည်။

အစ်မဇီဂျင်းရဲ့ ဝမ်းနည်းစရာကောင်းပြီး သူရဲကောင်းဆန်တဲ့ ကျောပြင်ကို ကြည့်ရင်း ယွီညီအစ်မသုံးယောက် ပြိုင်တူ ရေရွတ်မနေနိုင်တော့ပေ။

“အစ်မဇီဂျင်းက တကယ် သဘောကောင်းလွန်းတယ်”

…

တစ်ချိန်တည်းမှာပင် မော့ရှာ အေးအေးချမ်းချမ်း နေထိုင်နေတာကို အတည်ပြုပြီးနောက် ကျန်းပေရန် စိတ်သက်သာရာရသွားပြီး စိတ်နှလုံးပြန်ဂိုဏ်း သို့ ပြန်လာခဲ့သည်။

ဒါပေမဲ့ သူက သစ်ခွရေစင်အဆောင် ကို တန်းမပြန်ဘဲ တောင်အောက်က ငြိမ်းချမ်းရောင်ခြည် ရွာ အပြင်ဘက်က ဇရပ်ဆီ အရင် သွားလိုက်သည်။

“အစ်ကိုကြီး”

လင်ယုယန် ဇရပ်ထဲကနေ ပျော်ရွှင်စွာ ခုန်ထွက်လာပြီး ကျန်းပေရန်ဆီ ပြေးလာသည်။

စောစောလေးကတင် သူမရဲ့ အစ်ကိုကြီးနဲ့ သဘာဝကျကျ ဘယ်လို အပြင်ထွက်ရမလဲလို့ စဉ်းစားနေတုန်း စက္ကူစွန်တစ်ခု သူမဆီ ပျံလာတာကို မြင်လိုက်ရတာလေ။

ဖွင့်ကြည့်လိုက်တော့ အစ်ကိုကြီးက သူမကို ချိန်းဆိုလိုက်တာတဲ့လေ။

‘လျှို့ဝှက် ဒိတ်လုပ်တာပဲ’

လင်ယုယန် ရုတ်တရက် နေရကျိုးနပ်တယ်လို့ ခံစားလိုက်ရသည်။

အစ်ကိုကြီးက သူမကို ကိုယ်တိုင် စပြီး ချိန်းဆိုလိုက်တာ ပြီးတော့ သူတို့နဲ့ ရင်းနှီးပြီးသား “နေရာဟောင်း” မှာလေ။

‘ဒါက အိမ်ထောင်သက် ရင့်နေတဲ့ စုံတွဲတွေကြားက ရိုမန်းတစ်ဆန်မှုမျိုးလား’

စာကို သေသေချာချာ ခေါက်ပြီး သေတ္တာလေးထဲ သိမ်းလိုက်ကာ လင်ယုယန် သေသေချာချာ ပြင်ဆင်ခြယ်သပြီး ဇရပ်ဆီ ချက်ချင်း ထွက်လာခဲ့တာ။

မူလက ဒီနေရာကို နည်းနည်း အလှဆင်မလို့ စိတ်ကူးထားပေမယ့် အစ်ကိုကြီး ဒီလောက်မြန်မြန် ရောက်လာမယ်လို့ မထင်ထားခဲ့မိဘူး။

‘သူ ငါ့ကို မြန်မြန် တွေ့ချင်နေတာလား ဟီးဟီး’

လင်ယုယန်ကို မြင်တော့ ကျန်းပေရန်က ဗျိုင်းဖြူပုံ ထွင်းထုထားတဲ့ ကျောက်စိမ်းတုံးတစ်ခုကို ထုတ်ပြီး သူမဆီ ပစ်ပေးလိုက်သည်။

လင်ယုယန် ချက်ချင်း လှမ်းဖမ်းလိုက်သည်။

“ဒီ ဟုန်ကျောက်စိမ်း တုံးက မင်းခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါး အရှိန်အဝါ ကို ဖိနှိပ်ပေးထားနိုင်လိမ့်မယ် မင်းအတွက် လက်ဆောင်”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

ပျော်ရွှင်မှုတွေ အပြည့်နဲ့ လင်ယုယန် ကျောက်စိမ်းတုံးကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။

သူ့ရဲ့ လုပ်ဆောင်ချက်က အရေးမကြီးပါဘူး ဒါက အစ်ကိုကြီး ကိုယ်တိုင် သူမကို လက်ဆောင် စပေးဖူးတာလေ။

ဒီအချက် တစ်ချက်တည်းနဲ့တင် လင်ယုယန်က ဒါကို ကိုယ့်အသက်လို တန်ဖိုးထားဖို့ လုံလောက်နေပါပြီ။

လင်ယုယန်က ဟုန်ကျောက်စိမ်းကို ပါးနဲ့ပွတ်ရမလား စဉ်းစားနေတုန်းမှာပဲ ကျန်းပေရန်က နောက်ထပ် လဲမှို့အိတ် တစ်လုံးကို သူမဆီ ပစ်ပေးလိုက်သည်။

လင်ယုယန် ဖမ်းမိတာ မြင်တော့ ကျန်းပေရန် ဆက်ပြောလိုက်သည်။

“ငါ့ကို ကိစ္စတစ်ခု ကူညီပေးပါ အကုန်လုံးကို ရေးပြီး အဲ့ဒီအိတ်ထဲ ထည့်ပေးထားတယ်”

“ဟုတ်ကဲ့ ညီမ သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်”

လင်ယုယန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

“ဒါဆို ဒါပဲနော် မင်း ပြီးသွားရင် ငါလာရှာမယ်”

ပြောပြီးတာနဲ့ ကျန်းပေရန် လှည့်ထွက်သွားလိုက်သည်။

သူ့အစ်ကိုကြီးရဲ့ ကျောပြင် လုံးဝ ပျောက်ကွယ်သွားမှသာ လင်ယုယန် လဲမှို့အိတ်ကို သတိထားပြီး ဖွင့်ကြည့်လိုက်သည်။

အထဲက စာရွက်ကို ထုတ်ပြီး ဖတ်လိုက်တာနဲ့ လင်ယုယန်ရဲ့ မျက်နှာထားက ပိုပိုပြီး ပျော်ရွှင်လာကာ အသက်ရှူသံတွေပါ ပြင်းထန်လာသည်။

နောက်ဆုံးတော့ သူမ ပါးစပ်ထောင့်စွန်းက တံတွေးကို မသုတ်ဘဲ မနေနိုင်တော့ပေ။

“စိတ်ချပါ အစ်ကိုကြီး ညီမ သေချာပေါက် ဇနီးကောင်းတစ်ယောက် ဖြစ်စေရပါ့မယ်”

တစ်ယောက်တည်း ရေရွတ်ပြီးနောက် လင်ယုယန် ခုန်ဆွခုန်ဆွနဲ့ ဂိုဏ်းဆီ ပြန်လာခဲ့သည်။

လမ်းတစ်လျှောက်လုံး အိတ်ထဲက အကြောင်းအရာကို တွေးမိတိုင်း ဘေးနားက လမ်းညွှန်ဆိုင်းဘုတ်တိုင်ကို မနေနိုင်မထိုင်နိုင် လက်ဝါးနဲ့ ရိုက်လိုက်မိသည်။

“ဂျွတ်” ဆိုတဲ့ အသံနဲ့အတူ ဆိုင်းဘုတ်တိုင်က ကွဲအက်သွားသည်။

“အယ်” လင်ယုယန် အာမေဋိတ်သံ ပြုလိုက်သည်။

သစ်သားစတွေ ဖြစ်သွားတဲ့ ဆိုင်းဘုတ်တိုင်ကို ကြည့်ပြီး ပြန်ပြင်ဖို့ မဖြစ်နိုင်တော့မှန်း သူမ သိလိုက်သည်။

‘ပြန်ရောက်ရင် လူရှာပြီး အသစ်လုပ်ခိုင်းလိုက်တော့မယ်’

တွေးပြီးတာနဲ့ လင်ယုယန် သီချင်းလေး ညည်းရင်း ဂိုဏ်းဆီ ဆက်ပြေးသွားလိုက်သည်။

စီစဉ်စရာ ရှိတာတွေ အကုန်စီစဉ်ပြီးပြီမို့ ကျန်းပေရန် ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်ကာ ကံတရားကို လက်ခံလိုက်တဲ့ ပုံစံနဲ့ သစ်ခွရေစင်အဆောင် ဆီ ရောက်လာခဲ့သည်။

အဆောင်အဝင်ဝ ရောက်တော့ ရှီဖုန်းလန် က တံခါးဘေးက တိုင်လုံးကို မှီပြီး သူ့ကို စောင့်နေတာ တွေ့လိုက်ရသည်။

“ပေရန်လေး”

ကျန်းပေရန် လာနေတာ မြင်တော့ ရှီဖုန်းလန် ချက်ချင်း လက်လှမ်းပြလိုက်ပေမယ့် တစ်ဝက်လောက်မှာတင် ပါးစပ်ကို အမြန် ပြန်ပိတ်လိုက်သည် ဘာလို့လဲဆိုတော့ ပေရန်လေးရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းလာတာကို သူမ မြင်လိုက်ရလို့ပါပဲ။

“မထင်ပေါ်ရဘူး မထင်ပေါ်ရဘူး”

ပါးစပ်ကနေ တီးတိုး ရေရွတ်ရင်း ရှီဖုန်းလန် ခြေဖျားထောက်ပြီး ခြံဝင်းထဲ ပြန်ဝင်သွားသည်။

ရှောင်လေး တံခါးပိတ်ပြီးတာနဲ့ ကျန်းပေရန် ခန်းမဆောင်အလယ်ကို လျှောက်လာပြီး ရှီဖုန်းလန်ကို ပြောလိုက်သည်။

“နောက်တစ်ခေါက် ထပ်ဖြစ်ရင် ခန်းမသခင်နဲ့ ပေ ၁၀၀ အကွာမှာပဲ နေတော့မယ်”

“မလုပ်ပါနဲ့ မလုပ်ပါနဲ့” ရှီဖုန်းလန် ခေါင်းကို အတင်းခါလိုက်သည်။

“ငါ မှားသွားပါတယ် နောက်မလုပ်ရဲတော့ပါဘူး”

“ပစ္စည်းတွေ သိမ်းပြီးပြီလား”

“ပြီးပြီ” ရှီဖုန်းလန် ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။

“အခု ပြန်ကြတော့မလို့လား”

“ဘာမှ လုပ်စရာ မရှိတော့ရင် သွားဖို့ ပြင်လို့ရပြီ”

ကျန်းပေရန်အတွက်တော့ မြန်မြန်သွားတာ ပိုကောင်းသည်။

ဘယ်လိုပဲဖြစ်ဖြစ် သွားရမှာပဲ ဆိုတော့ စောစောသွားပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို စောစော အဆုံးသတ်လိုက်တာ ပိုကောင်းတယ်လေ။

“ပေရန်လေး”

ရှီဖုန်းလန်ရဲ့ လှပတဲ့ မျက်နှာလေး ရုတ်တရက် ရဲတက်လာသည်။

“နင် ငါ့အိမ်ကို လိုက်ဖို့ ဒီလောက် စိတ်အားထက်သန်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး”

ရှီဖုန်းလန် စကားကို ဂရုမစိုက်ဘဲ ကျန်းပေရန် စားပွဲမှာ ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။

“ခန်းမသခင်အိမ် မသွားခင် မေးစရာတွေ အများကြီး ရှိသေးတယ် ထိုင်ပါ”

သူမ မေးခွန်းကို လျစ်လျူရှုခံလိုက်ရလို့ ရှီဖုန်းလန် နှုတ်ခမ်းဆူလိုက်ပြီး “အင်း” လို့ ပြောကာ ကုလားထိုင်တစ်လုံး ယူပြီး ကျန်းပေရန်နဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

“ခန်းမသခင်တို့ ရှီမိသားစုက ဘယ်တိုင်းပြည်က မိသားစုကြီးလဲ”

စနစ် က ဘာရွေးချယ်မှု မှ မပြတာကို မြင်တော့ အချိန်ကိုက်ပြီဆိုတာ ကျန်းပေရန် သေချာသွားသည်။

အရင်တုန်းကဆို ဝေ့လည်ကြောင်ပတ် မေးရင်တောင် မရဘူး အခုတော့ တိုက်ရိုက်မေးတာတောင် စနစ်က ရွေးချယ်မှု ပြမယ့် အရိပ်အယောင် လုံးဝ မပြဘူး။

“ထုန်တိုင်းပြည်” ရှီဖုန်းလန် ဖြေလိုက်သည်။

‘ထုန်တိုင်းပြည်’

အလယ်ပိုင်းလွင်ပြင် နိုင်ငံခြောက်နိုင်ငံ အကြောင်း ကျန်းပေရန် သိသမျှက လင်ယုယန်နဲ့ တစ်ခေါက် စကားပြောဖူးတာကနေ ရလာတာချည်းပါပဲ။

လင်ယုယန်က ချီတိုင်းပြည် အကြောင်းပဲ ရင်းနှီးတော့ ကျန်တဲ့ ငါးနိုင်ငံအကြောင်း ကျန်းပေရန် သိပ်မသိဘူး။

ဒီ ထုန်တိုင်းပြည် က အလယ်ပိုင်းလွင်ပြင်မှာ တည်ထောင်ထားတဲ့ နိုင်ငံခြောက်နိုင်ငံထဲက တစ်ခုဆိုတာလောက်ပဲ သူ သိတယ်။

“ထုန်တိုင်းပြည်အကြောင်း ဘယ်လောက်သိလဲ” ကျန်းပေရန် ထပ်မေးလိုက်သည်။

“ထုန်တိုင်းပြည်လား ပျော်စရာနေရာတွေ မရှိဘူး ပျင်းစရာကြီး”

‘…’

“ငါ မေးတာက ထုန်တိုင်းပြည်မှာ မင်းတို့ မိသားစုရဲ့ အဆင့်အတန်း ပြီးတော့ နိုင်ငံရေး အင်အားကြီး ဂိုဏ်းတွေနဲ့ အာဏာခွဲဝေမှု အခြေအနေတွေကို မေးတာ”

“ဒါက ဒါက” ရှီဖုန်းလန် ဘယ်ကြည့်ရမှန်း မသိဖြစ်သွားသည်။

သူမ ဦးနှောက်ကို အသည်းအသန် သုံးနေရတာ သိသာသည်။

“ထားလိုက်ပါတော့ဗျာ” ကျန်းပေရန် ခေါင်းခါလိုက်သည်။

ကျန်းပေရန်ရဲ့ စိတ်ပျက်သွားတဲ့ မျက်နှာကို မြင်တော့ ရှီဖုန်းလန်က ဝမ်းနည်းပက်လက်နဲ့ ပြောလိုက်သည်။

“ငါက အပြင်သိပ်မထွက်ဖူးတော့ ဒါတွေ ဘယ်လိုလုပ် သိမှာလဲ”

“ကိစ္စမရှိပါဘူး ဟိုရောက်မှ စုံစမ်းလိုက်ပါ့မယ်”

ပုံမှန် အခြေအနေမျိုးဆိုရင် ကျန်းပေရန်ရဲ့ စရိုက်အရ လုံးဝ မရင်းနှီးတဲ့ နေရာတစ်ခုကို မသွားခင် သေချာပေါက် စုံစမ်းလေ့လာပြီးမှ သွားလေ့ရှိပေမယ့် ဒီတစ်ခေါက် အခြေအနေက မတူဘူး။

ပထမအချက် လင်ယုယန်လို မိသားစုကြီးက အဖွဲ့ဝင်တစ်ယောက် မဟုတ်ရင် အာဏာခွဲဝေမှုနဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို သိနိုင်ဖို့ မဖြစ်နိုင်ဘူး။

ဒီကိစ္စမှာ ကျန်းပေရန် လက်အောက်က ကိရိယာလူသား တွေက အရည်အချင်း မမီဘူး အလွန်ဆုံး လူတိုင်းသိတဲ့ အကြောင်းအရာလောက်ပဲ စုံစမ်းပေးနိုင်မှာ။

ပြီးတော့ ကျန်းပေရန် လိုအပ်တာက အဲ့ဒီထက် အများကြီး ပိုတယ်။

“ငါ ပြန်ရောက်ရင် လူရှာပြီး မင်းအတွက် မေးပေးရမလား” ရှီဖုန်းလန် မေးလိုက်သည်။

“ကြည့်ရသေးတာပေါ့ အရင် သွားကြစို့”

ပြောပြီးတာနဲ့ ကျန်းပေရန် တံခါးတွန်းဖွင့်ပြီး ထွက်လာခဲ့သည်။

ကျန်းပေရန်နောက် ပျော်ရွှင်စွာ လိုက်ပါရင်း ရှီဖုန်းလန်က ရှောင်လေးကို လက်ပြလိုက်သည်။

“ရှောင်လေး အိမ်ကို ကောင်းကောင်း စောင့်နော် ကြားလား”

“ဟုတ်ကဲ့ပါ ခန်းမသခင်” ရှောင်လေးက ဒူးညွှတ်အရိုအသေပြုရင်း ပြောလိုက်သည်။

မင်္ဂလာတိမ်တိုက် ကို ဆင့်ခေါ်ဖို့ ပြင်လိုက်စဉ်မှာပင် ကျန်းပေရန် ရုတ်တရက် ရှီဖုန်းလန်ကို ကြည့်ပြီး မေးလိုက်သည်။

“ခင်ဗျား ပုံမှန် ဘယ်လို ပြန်လေ့ရှိလဲ”

“ငါ ဒါကို စီးတာ”

ပြောရင်းဆိုရင်း ရှီဖုန်းလန်က အိမ်တစ်လုံးနဲ့တူတဲ့ မော်ဒယ်လေးတစ်ခုကို ထုတ်ပြလိုက်သည်။

“ဒါက ပျံသန်းသော စံအိမ် လား” ကျန်းပေရန် ပါးစပ်ထောင့်စွန်းတွေ လှုပ်ခါသွားသည်။

ဇိမ်အကျဆုံး သယ်ယူပို့ဆောင်ရေး နည်းလမ်းကို ပြပါဆိုရင် ပျံသန်းသော စံအိမ်က သေချာပေါက် နံပါတ်တစ်ပါပဲ။

ပျံသန်းသော စံအိမ် ဆိုတာ ဘာလဲ စာသားအတိုင်းပါပဲ။

ပျံသန်းနိုင်တဲ့ နေအိမ်တစ်လုံးပေါ့။

ရွေ့လျားအိမ် သဘောတရားနဲ့ တူပါတယ်။

ဒီလို ပျံသန်းသော စံအိမ်မျိုးမှာ ကိုယ်ပိုင် အစီအရင်တွေ အကာအရံတွေ ပါရှိပြီး ဟင်းလင်းပြင် ကျွမ်းကျင်မှု အတတ်ပညာ တောင် ထည့်သွင်းထားတတ်သည်။

ဒီလို ပျံသန်းသော စံအိမ်နဲ့ ခရီးသွားရင် ရှာဖွေတွေ့ရှိဖို့ အရမ်း ခက်ခဲရုံသာမက တွေ့သွားရင်တောင် ကိစ္စမရှိပါဘူး။

အတွင်းက ကာကွယ်ရေး အစီအရင်တွေက အနက်ရောင်သူတော်စင် တစ်ယောက်ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို ခံနိုင်ရည် ရှိပြီး အဲ့ဒီနောက်မှာ တယ်လီပို့ အစီအရင် ပွင့်သွားပြီး အတွင်းက လူတွေကို ဘေးကင်းရာ ပို့ဆောင်ပေးနိုင်တယ်။

အိမ်တွင်းရေး ခရီးသွား လူသတ် မီးရှို့ ကိစ္စရပ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ဒီလောက် အသုံးဝင်တဲ့ မှော်ရတနာ တစ်ခုအတွက် တန်ဖိုးကလည်း မိုးထိအောင် မြင့်မားမှာ သေချာပါတယ်။

ထိပ်တန်း ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေလောက်ပဲ တတ်နိုင်လောက်တယ် နည်းနည်း နိမ့်ကျတဲ့ အဖွဲ့အစည်းတွေဆိုရင် အိပ်မက်တောင် မက်ရဲမှာ မဟုတ်ဘူး။

ထိပ်တန်း ဇိမ်ခံပစ္စည်း ဆိုတာ ဘာလဲ ဒါ ထိပ်တန်း ဇိမ်ခံပစ္စည်းပါပဲ….

‘အားကျလိုက်တာကွာ’

ကျန်းပေရန်က ရှီဖုန်းလန်ရဲ့ ပျံသန်းသော စံအိမ်ကို တကယ်ပဲ အားကျမိသည်။

အသက်ကယ်နိုင်စွမ်းက အရမ်း ကောင်းလွန်းတယ်လေ။

ဒီလို သယ်ယူပို့ဆောင်ရေး ယာဉ်မျိုးသာ ပိုင်ဆိုင်ထားရင် နိုင်ငံခြောက်နိုင်ငံမှာ လုံခြုံတဲ့အိမ် တစ်လုံး ရှိသလို ဖြစ်နေမှာ စနစ်ရဲ့ သဲလွန်စတွေ ကုန်သွားလို့ စိုးရိမ်နေစရာ မလိုတော့ဘူး။

“ဟုတ်တယ် ပျံသန်းသော စံအိမ် လေ ပေရန်လေး နင် ငါနဲ့အတူ လိုက်စီးမလား”

ရှီဖုန်းလန်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

“ကောင်းပြီလေ ခန်းမသခင်ရဲ့ ပျံသန်းသော စံအိမ်ကိုပဲ လိုက်စီးတာပေါ့”

ကျန်းပေရန် ချက်ချင်း သဘောတူလိုက်သည်။

မင်္ဂလာတိမ်တိုက် စီးပြီး ထုန်တိုင်းပြည်ကို သွားရင် လမ်းတစ်လျှောက်လုံး ရွေးချယ်မှုတွေ အများကြီး ပေါ်လာဖို့ ရှိပေမယ့် ပျံသန်းသော စံအိမ်ကို စီးခွင့်ရဖို့က ရှားပါးတဲ့ အခွင့်အရေးမို့ ကျန်းပေရန် လက်လွတ်မခံချင်ဘူး။

‘သူ့ရဲ့ လျှို့ဝှက်ချက်တချို့ကို ဖော်ထုတ်နိုင်ရင် တစ်နေ့ကျ ကိုယ့်ဘာသာ တစ်ခုလောက် လုပ်လို့ ရမလားမသိ’

သီးသန့် အကာအရံ နဲ့ သုံးထပ်ကာ မဟာအစီအရင် တွေကို ကိုယ့်ဘာသာ လေ့လာပြီးနောက် သူ့ရဲ့ လက်တွေ့ လုပ်ဆောင်နိုင်စွမ်း က တော်တော် မြင့်မားတယ်လို့ ကျန်းပေရန် ယုံကြည်ထားသည်။

ပုံစံခွက် တစ်ခုသာ ရရင် နောင်တစ်ချိန် သူ့ရဲ့ ကျွမ်းကျင်မှုတွေ ရင့်ကျက်လာတဲ့အခါ ကိုယ့်ဘာသာ တည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။

“ကောင်းပြီ ဒါဆို သွားကြစို့”

ရှီဖုန်းလန်ရဲ့ ပျော်ရွှင်စွာ အော်ဟစ်သံကို ကြားပြီးနောက် ကျန်းပေရန် သူ့အမြင်အာရုံ မည်းမှောင်သွားသလို ခံစားလိုက်ရသည်။

ပြန်လည် မြင်ရတဲ့အခါမှာတော့ သူက ခမ်းနားထည်ဝါတဲ့ နေအိမ်ကြီးတစ်ခု အတွင်း ရောက်နေပြီ။

“ငါ့ရဲ့ ပျံသန်းသော စံအိမ်ကနေ ကြိုဆိုပါတယ် ပေရန်လေး နင်က ငါ ပထမဆုံး ဖိတ်ခေါ်တဲ့ ဧည့်သည်ပဲ”

ရှီဖုန်းလန်က ပြုံးပြီး ပြောလိုက်သည်။

“ဒါဆို တကယ် ဂုဏ်ယူမိပါတယ်”

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။

သာမန်မျက်စိနဲ့ ကြည့်ရင် ဒီနေရာက တခြား ဇိမ်ခံအိမ်တွေနဲ့ ဘာမှ မကွာခြားပါဘူး။

ဒါပေမဲ့ စိတ်နှလုံးနဲ့ ခံစားကြည့်ရင် ဒီနေရာလွတ်တစ်ခုလုံးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအရင်တွေ ဗေဒင်ကိန်းခန်းတွေ ဓာတ်ကြီးငါးပါးတွေ ပြည့်နှက်နေတာကို အာရုံခံမိလိမ့်မည်။

လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတွေရဲ့ ရှုပ်ထွေးနက်နဲမှုက ကျန်းပေရန်ကိုတောင် အသက်ရှူမှားလောက်အောင် အံ့သြသွားစေသည်။

‘ဒါကြီးက ငါ ဘယ်လို ကူးချရမှာလဲ’

အစီအရင် အပိုင်းတစ်ခုတည်းမှာတင် ကျန်းပေရန် မသိသေးတဲ့ ကွက်လပ် တွေကို ထိတွေ့နေတဲ့ အချက်တွေ အများကြီး ပါဝင်နေသည်။

ဒါက သူ မကြုံတွေ့ရတာ ကြာပြီဖြစ်တဲ့ အတွေ့အကြုံသစ်ပါပဲ။

“ပေရန်လေး ဘာတွေ ငေးနေတာလဲ”

ရှီဖုန်းလန်က ညာလက်ကို ဆန့်ထုတ်ပြီး ကျန်းပေရန် မျက်နှာရှေ့မှာ ယမ်းပြလိုက်သည်။

ဝိညာဉ်အာရုံ ကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းပေရန် ပြန်ဖြေလိုက်သည်။

“ခန်းမသခင်ရဲ့ ဒီနေရာက ကောင်းသားပဲ”

“ဟီးဟီး ဒါပေါ့”

ပြောပြီးတာနဲ့ ရှီဖုန်းလန်က ကျန်းပေရန်ရဲ့ လက်မောင်းကို ဆွဲလိုက်ပြီး “လာ လာ အထဲကို လိုက်ပြမယ်” လို့ ပြောလိုက်သည်။

ရှီဖုန်းလန်နောက်ကို တစ်နာရီလောက် လိုက်ပါသွားပြီးနောက် ဒီနေရာလွတ်က တိုက်အမြင့်ကြီး တစ်လုံးစာလောက် မြင့်တယ်ဆိုတာ ကျန်းပေရန် နားလည်လိုက်သည် ဆိုလိုတာက တော်တော် ကျယ်ဝန်းတယ်ပေါ့။

“အိမ် ရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ”

ကြာပန်းကန် ဘေးမှာ ရပ်ရင်း ကျန်းပေရန် မေးလိုက်သည်။

“အင်း တစ်ရက်လောက်ပေါ့” ရှီဖုန်းလန် ပြန်ဖြေသည်။

‘အမြန်နှုန်းကတော့ ရယ်စရာကောင်းလောက်အောင် မမြန်ပါဘူး’

ပျံသန်းသော စံအိမ်က အမြန်နှုန်းအတွက်လည်း အံ့သြစရာကောင်းတဲ့ နည်းစနစ်တွေ သုံးထားမယ်လို့ ကျန်းပေရန် ထင်ခဲ့ပေမယ့် အခုကြည့်ရတာ မင်္ဂလာတိမ်တိုက်တို့လို သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေထက် နည်းနည်းလေးပဲ ပိုမြန်မယ့်ပုံ ပေါ်သည်။

All Chapters