← Chapters

အသက်အတွက်လျော်ကြေး

Vol. 110 Ch. 1533

အသက်အတွက်လျော်ကြေး

Vol. 110 Ch. 1533

မျောက်မင်းက ရူယိရွှေတုတ်ကို ဝှေ့ယမ်းလိုက်သည်နှင့် မိစ္ဆာချီစွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ သေမျိုးလူသားလောက အငွေ့အသက်များကို လွင့်ပြယ်သွားစေသည်။

ခမ်းနားကြီးကျယ်သော မိစ္ဆာချီစွမ်းအားများက ဓားဗုဒ္ဓ၏လူ့ဘုံနယ်ပယ်ကို ရိုက်ချိုးပစ်လိုက်သည်။

နှစ်ဖက်တိုက်ပွဲက ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို ရှောင်လွှဲမရအောင် ထိခိုက်စေခဲ့သည်။ အကြောင်းမှာ ဓားဗုဒ္ဓက လူ့ဘုံအဖြစ်ပြောင်းလဲ တိုက်ခိုက်စဉ်မှာပင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို သူ၏နယ်ပယ်နှင့် ပေါင်းစပ်လိုက်သောကြောင့် ဖြစ်၏။

တန်ခိုးစွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သည်နှင့် ကမ္ဘာတစ်ခုလုံး ပုံပျက်သွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်လုနီးပါး ဖြစ်သွားရသည်။

သို့သော် ဓားဗုဒ္ဓ ၊ ချွိစု၊ ဝမ်ကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့ကတော့ ထိုအခြေအနေကို အရေးမစိုက်ကြပေ။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာက ကာကွယ်ပေးထားသည့်အတွက် ထုန်ရှင်းလင်၊ ကွမ်းထုန်ကျီနှင့် အခြားသူများမှာ မဟာတာအို၏ စူးရှတေးသံကြောင့် အေးခဲသွားခြင်းမျိုး မဖြစ်ခဲ့ကြပေ။

ချွိစုတို့၏အာရုံစိုက်မှုကလည်း သူတို့ထံတွင်မရှိသဖြင့် ထုန်ရှင်းလင်အပါအဝင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ အခြားသေသာကျင့်ကြံသူများ ထွက်ပြေးရန် အခွင့်အရေး ရခဲ့ကြသည်။

မဟုတ်ပါက တိုက်ပွဲလှိုင်းဂယက်များအားထိတွေ့မိရုံဖြင့် သူတို့အားလုံး အသက်ဆုံးရှုံးသွားနိုင်သည်။

ဓားဗုဒ္ဓ၏လူ့ဘုံက မည်သူ့ကိုမှ လွတ်မြောက်ခွင့် မပေးခဲ့ပေ။

ကံကောင်းသည်မှာ ရန်သူများ၏အာရုံစိုက်မှုက နတ်မိစ္ဆာမျောက်မင်းထံသို့ ပြော်းလဲသွားသဖြင့် ထုန်ရှင်းလင်တို့အတွက် အခွင့်အရေးရသွားခြင်းပင်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ အချို့သူများက ထွက်ပြေးသွားကြပြီး အချို့သူများကတော့ ရဲရင့်သည့်စိတ်ထားဖြင့် မတည်မငြိမ်ဖြစ်နေသည့်ကမ္ဘာကြီးကို တည်ငြိမ်အောင်ထိန်းလျှက် ဤကမ္ဘာတွင်နေထိုင်သည့်လူသားများကို ကာကွယ်ပေးရန် ကျန်ရစ်ခဲ့ကြသည်။

သို့သော် ချွိစု ၊ ဝမ်ကွမ်းနှင့် အခြားရန်သူများက သူတို့လုပ်ဆောင်ချက်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို အရေးလည်းမစိုက်ခဲ့ကြပေ။

ရန်သူအားလုံးက မျောက်မင်းကိုသာလျှင် အာရုံစိုက်နေခဲ့ကြသည်။

ထိုအချိန် ရန်ကျောက်ကဲက နတ်သက်ကြွေဓားသိုင်းဖြင့် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းအား ခုတ်ပိုင်းချလိုက်လေသည်။

ချွိစုတို့မှာ ရန်ကျောက်ကဲ၏လုပ်ရပ်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲ၏ဓားချက် ထိမှန်ခံလိုက်ရသည့်တိုင် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းတွင် မည်သည့်ဓားဒဏ်ရာမှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

သို့သော် ရုပ်အ‌လောင်းမျက်နှာပြင်ထက်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက ပူလောင်သည်ဟုထင်ရသော်လည်း တစ်ချိန်တည်းမှာပင် အေးစက်နေပြန်သည်။

ခဏအကြာမှာတော့ အလင်းတန်းများ တဖြည်းဖြည်းမှိန်ဖျော့သွားခဲ့သည်။

ထိုအခြေအနေကိုတွေ့မြင်သည်နှင့် လူတိုင်း သဘောပေါက်သွားကြသည်။

ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ နတ်သက်ကြွေဓားသိုင်းအသုံးပြုသည့်တိုင် ကောင်းကင်နတ်ဘုရားတစ်ပါးကို ထိခိုက်အောင်လုပ်နိုင်မည် မဟုတ်ပေ။

တာအိုဆရာ’ယွိတင်’ က သေဆုံးသွားပြီဖြစ်သဖြင့် ရုပ်ခန္ဓာ အလွတ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

သို့သော် သူ၏ရုပ်အလောင်း ခိုင်မာမှုက အမတမှော်ဝင်ပစ္စည်းများနှင့် နှိုင်းယှဉ်နိုင်သည်ဖြစ်ရာ ကောင်းကင်နတ်ဘုရားများသည်ပင် ထိုရုပ်အလောင်းကို ဖျက်ဆီးပစ်ရန် ခက်ခဲလှသည်။

မည်သို့ပင်ဖြစ်စေ ဤသည်က အခွံသက်သက်ရုပ်ခန္ဓာကြီးဖြစ်လေရာ ရန်ကျောက်ကဲ၏ နတ်သက်ကြွေဓားသိုင်းက သူ့ကို ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အထိ ဆွဲချနိုင်စွမ်းရှိခဲ့သည်။

ရန်ကျောက်ကဲက တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းကို စူးစိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းပင် သူ့လက်ထဲတွင် တာအိုဆရာ’ချင်းကျန်း’ ထံမှ ရရှိထားသည့် ကျောက်စိမ်းဖြူဓားတို ထွက်ပေါ်လာသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထို‌ကျောက်စိမ်းဖြူဓားတိုကို ချိုးပစ်လိုက်ပြီး ကျန်ရှိသည့်ဓားအပိုင်းဖြင့် သူ့ရင်ဘတ် နှလုံးသားတည်ရှိရာနေရာသို့ ထိုးစိုက်ချလိုက်သည်။

ဓားတိုက ဓားရိုးပင်မမြင်ရတော့လောက်အောင် သူ့ရင်ဘတ်ထဲ နက်ရှိုင်းစွာ ဖောက်ဝင်သွားသည်။

သို့တိုင် သွေးများထွက်လာခြင်းမရှိသလို ရန်ကျောက်ကဲ၏မျက်နှာအမူအရာသည်လည်း ပုံမှန်အတိုင်းသာ ရှိနေခဲ့၏။

ထို့နောက် သူက ကျန်ရှိနေသည့်ဓားကျိုးအပိုင်းအစမျက်နှာပြင်ထက် အင်းသင်္ကေတအချို့ ရေးဆွဲလိုက်ပြီး တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းဆီသို့ ပစ်ပေါက်လိုက်သည်။

ကျောက်စိမ်းဖြူဓားတို အကျိုးအပဲ့က ကျောက်စိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး တာအိုဆရာ'ယွိတင်'၏ ရုပ်အလောင်းဖြင့် ပေါင်းစပ်သွားသည်။

ထိုအချိန် ရန်ကျောက်ကဲမျက်လုံးထဲတွင် များပြားလှစွာသော အင်းသင်္ကေတအလင်းတန်းများ ဖြတ်သန်းသွားသည်။

တစ်ချိန်တည်းမှာပင် တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းက တုန်ခါလာပြီး မျက်လုံးများပွင့်လာသည်။ ထိုမျက်လုံးများထဲတွင်လည်း များပြားလှစွာသာ အင်းသင်္ကေတအလင်းတန်းများ ‌တောက်ပလာသည်။

ထို့နောက် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းက လက်ကိုပင့်မြှောက်ပြီး လက်ဖဝါးကိုဖြန့်လိုက်ရာ လက်ဖဝါးအလယ်ဗဟိုမှ သွေးနီ‌ရောင်အလင်းတန်းများ တောက်ပလာသည်။

ဗလာနယ်ထဲတွင်ရှိနေသည့် နတ်ဘုရားထောင်ချောက်ဓားမှ သွေးနီရောင်အလင်းတန်းများ တောက်ပလာပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။

အချိန်တစ်စက္ကန့်ပင်မကြာဘဲ ထိုရှေးဟောင်းဓားက တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်း လက်ထဲတွင် ထွက်ပေါ်လာသည်။

လက်ရှိတွင် ရန်ကျောက်ကဲက နက်ရှိုင်းနတ်ဘုရားအဆင့်တွင် ရှိနေသည်။

သူက တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး မရေမတွက်နိုင်သော သိုင်းကျင့်စဉ်များကို ကျင့်ကြံထားသည့်တိုင် သူ့အသက်ကို စတေးပြီး သွေးအစီအရင်ကို အသုံးမပြုပါက နတ်ဘုရားထောင်ချောက်ဓားကို ကိုင်တွယ်ရန် သို့မဟုတ် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းကို လှုံ့ဆော်ပေးရန် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

စွမ်းဆောင်နိုင်လျှင်တောင်မှ သူ့အနေဖြင့် နတ်ဘုရားထောင်ချောက်ဓား၏ စွမ်းအားအစစ်အမှန်ကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

သို့ရာတွင် သူက ပြုပြင်မွမ်းမံမှု အသေးစားလေးဖြင့် မဖြစ်နိုင်သည်ကို ဖြစ်နိုင်သည့်အခြေအနေအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။

တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ စွမ်းအားကျဆင်းသွားသော်လည်း သူက နတ်ဘုရားထောင်ချောက်ဓား၏ မူလပိုင်ရှင်ဖြစ်သည်။

သို့ဖြစ်ရာ နတ်ဘုရားထောင်ချောက်ဓားကိုဆင့်ခေါ်နိုင်သူ သူတစ်ယောက်သာလျှင် ရှိပေသည်။

ယခု တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းက ကောင်းကင်နတ်ဘုရားအဆင့် မဟုတ်တော့သည့်တိုင် ဓားဝိညာဉ်၏တွန်းအားကြောင့် နတ်ဘုရားထောင်ချောက်ဓား၏ မျက်နှာပြင်ထက်တွင် သွေးနီရောင်အလင်းတန်းများ ပြင်းထန်စွာ လှိုင်းထလာပြီး စကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ဓားအလင်းတန်းဖြတ်သန်းသွားသည်နှင့် ပျက်ဆီးနေသော ကျောက်စိမ်းစမ်းချောင်းကမ္ဘာ နယ်နိမိတ်များ ပြန်လည်ပြုပြင်ခံလိုက်ရပြီး ဖျက်ဆီးခံထားရသည့်အစအနပင် တွေ့မြင်ရခြင်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သည့်ဓားအလင်းတန်းများက ချွိစု ၊ ဝမ်ကွမ်းနှင့် အခြားရန်သူများထံ ခုတ်ပိုင်းချလိုက်သည်။

နတ်ဘုရားထောင်ချောက်ဓား၏ သွေးနီရောင်အလင်းတန်းများ လည်ပတ်ထွက်ပေါ်လာပြီး ၊ ဤအခြေအနေအောက်တွင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည်ပင် လွတ်မြောက်နိုင်စွမ်းရှိမည် မဟုတ်ပေ။

တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်း မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ဝမ်ကွမ်းက ကောင်းကင်ထက်ခေါင်းမော့ကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

သူ့ထံမှ ပျင်းရိပျင်းတွဲ အိပ်ငိုက်နေသည့်အသွင် ပျောက်ကွယ်သွားခဲ့ပေပြီ။

သူက ရည်ရွယ်ချက်ရှိသောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲအား စူးစိုက်ကြည့်လိုက်သည်။

ဝမ်ကွမ်းက ရန်ကျောက်ကဲ၏လုပ်ရပ်များကို တားဆီးချင်သည့်တိုင် သူ အာရုံလွင့်သွားသည့်တစ်ခဏတွင် ရူယိရွှေတုတ်ကိုကိုင်ဆောင်ထားသည့် မျောက်မင်းက ကျုံးဝါးသံကြီးဖြင့် ခုန်ဝင်လာသဖြင့် ကူရာကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ရသည်။

"မဖြစ်နိုင်တော့ဘူး... သွားကြစို့..."

ဝမ်ကွမ်းက သူ၏ကြေးမုံမှန်ကို တစ်ချက်လှည့်လိုက်ပြီး ကြေးမုံမှန်အလင်းတန်းဖြင့် ဒဏ်ရာအပြင်းအထန်ရထားသည့် ဗုံခရာကောင်းကင်ဘုံအရှင်ကို သိမ်းဆည်းကာ ပြင်ပဗလာနယ်ထဲသို့ လျှင်မြန်စွာ ထွက်ပြေးသွားတော့သည်။

နတ်ဘုရားထောင်ချောက်ဓား၏ ဓားအလင်းတန်းများက ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို တည်ငြိမ်စေရုံသာမကဘဲ ဓားဗုဒ္ဓ၏လူ့ဘုံနယ်ပယ်ကိုပါ ဖျက်ဆီးပစ်လိုက်သည်။

သေမျိုးလူသားလောက၏အငွေ့အသက်များ မှေးမှိန်သွားပြီး ဆက်လက်တည်ရှိနိုင်ခြင်း မရှိတော့ပေ။ ဓားဗုဒ္ဓ၏ လူ့ဘုံလောကမှာ ဖြည်းဖြည်းချင်း ပြိုကွဲစပြုလာသည်။

နတ်မိစ္ဆာမျောက်မင်းက ချက်ချင်းပင် ရှေ့သို့ခုန်တင်လိုက်ပြီး ရူယိရွှေတုတ်ကို ကိုင်မြှောက်လျှက် ရိုက်ချလိုက်လေရာ လူ့ဘုံလမ်းကြောင်းမှာ အစအနမကျန် ပျက်စီးသွားပြီး ဓားဗုဒ္ဓ၏ပုံရိပ် ထွက်ပေါ်လာသည်။

သူ၏မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းဆီမှ သွေးများစီးကျနေသည်။

သူက ဆုတ်ခွာရန်ကြံရွယ်လိုက်သော်လည်း သွေးနီရောင်ဓားအလင်းတန်းများက သူ့ကို နေရာမှာပင် ပိတ်ဆို့ထားလိုက်၏။

အစောပိုင်းတွင် သူက လူ့ဘုံလောကအဖြစ်ပြောင်းလဲပြီး ရန်ကျောက်ကဲတို့အုပ်စုကို ဖမ်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ ဤသည်က သူ့အတွက် စွန့်စားလုပ်ဆောင်လိုက်ခြင်းသာပင်။

ယခုတော့ သူ့အနေဖြင့် ရန်သူများကို ထောင်ချောက်ဆင်ရန် မဖြစ်နိုင်တော့သည့်အပြင် ရန်သူများလက်ထဲ အဖမ်းခံခဲ့ရပေပြီ။

နတ်ဘုရားထောင်ချောက်ဓားသာမက ကောင်းချင်းရွှမ်၏ နတ်ဘုရားသတ်ဖြတ်ဓား ၊ ဖန်းယွင်ရှန်း၏ နေရိပ်နတ်ဓားတို့သည်လည်း ဓားဗုဒ္ဓထံသို့ ကျရောက်လာပြီး အပိုင်းပိုင်ခုတ်ဖြတ်လိုက်ကြသည်။

ချွိစုက ဆရာဖြစ်သူကို ကယ်တင်ရန်ကြိုးစားလိုက်သည်။

သို့သော် ရက်စက်ကြမ်းတမ်းလှသော ရူယိရွှေတုတ်က သူ့ကို တားဆီးလိုက်လေသည်။

ချွိစုက တန်ခိုးစွမ်းအားထူးခြားသူဖြစ်သည့်တိုင် ဤထိပ်တန်းအဆင့်လက်နက်ကိုတော့ ခုခံနိုင်ခြင်း မရှိခဲ့ပေ။ သို့တိုင် သူက နောက်ဆုတ်ရန် ဆန္ဒမရှိခဲ့ပေ။

သူ ဒဏ်ရာရသွားပါစေ အရေးမကြီးပေ။ သူ၏ဓားသိုင်းစွမ်းအားဖြင့် ရူယိရွှေတုတ်ကိုတွန်းလှန်ပြီး ဆရာဖြစ်သူအတွက် လမ်းဖွင့်ပေးကာ နှစ်ယောက်အတူ ထွက်ခွာသွားနိုင်ရန် ကြိုးစားလိုက်သည်။

သို့ပေသိ နတ်မိစ္ဆာမျောက်မင်း၏စွမ်းအားက လျှော့တွက်၍မရပေ။

ရူယိရွှေတုတ်၏စွမ်းအားက ချွိစု၏ဓားသိုင်းစွမ်းအားနှင့် နှိုင်းယှဉ်လျှင် များစွာပိုမိုခိုင်မာပြီး နေရာတိုင်းသို့ လွှမ်းခြုံထားနိုင်သည်။

ဓားနှင့် တုတ် ရိုက်ခတ်မိသည်နှင့် ချွိစုလက်ထဲမှ ဓားရှည် လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့ပြီး မနည်းအားယူ၍ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။

သူက ရန်သူကို ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဓားဗုဒ္ဓကတော့ ဆက်လက်ခုခံနိုင်စွမ်း မရှိတော့ပေ။

လူ့ဘုံအဖြစ်ပြောင်းလဲထားသည့် သူ၏ဓားလမ်းစဉ် ဖျက်ဆီးခံလိုက်ရသဖြင့် ဒဏ်ရာလည်း အပြင်းအထန် ရရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားသတ်ဖြတ်ဓားတို့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် အလွန်ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွားသည်။

ဖန်းယွင်ရှန်းက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာရှိသည့်တိုင် သူမ၏ဓားဝိညာဉ်က အလွန်နက်ရှိုင်းကြမ်းတမ်းလွန်းသည်။

အစပိုင်းတွင် ဓားဗုဒ္ဓက ထိုဓားဝိညာဉ်ကို လုံးဝ အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခု ဒဏ်ရာများရရှိထားချိန် ဖန်းယွင်ရှန်း၏ဓားချက်ကျရောက်လာသည့်အခါ သူ၏ဓားလမ်းစဉ် ပျက်ဆီးသွားသည်ကို ခံစားလိုက်မိသည်။

ကောင်းချင်းရွှမ်က လေးနက်သည့်အသံဖြင့်...

“လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်တုန်းက ရှင့်ကို ဒီမှာထိန်းထားဖို့အတွက် ဂိုဏ်းတူညီမလေးနဲ့ တာအိုရောင်းရင်း'ရန်'တို့ အသက်စွန့်ခဲ့ကြရတယ်”

သူမက ဆက်ပြောလိုက်သည်။

“ဒီနေ့မှာတော့ သူတို့ဝိညာဉ်တွေကို ကောင်းကင်ဘုံမှ အေးချမ်းစွာ အနားယူနိုင်ဖို့ ရှင့်ကိုသတ်ပစ်ရလိမ့်မယ်”

စကားသံဆုံးသွားသည်နှင့် နတ်ဘုရားသတ်ဖြတ်ဓားပတ်ပတ်လည်တွင် နက်မှောင်သည့်ချီစွမ်းအားများထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ဓားဗုဒ္ဓထံသို့ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားထောင်ချောက်ဓား၏ သွေးနီရောင်အလင်းတန်းများသည်လည်း ကောင်းကင်တစ်ခွင်လွှမ်းခြုံသွားပြီး နတ်ဘုရားထောင်ချောက်ဓား၏ အနက်ရောင်ဓားအလင်းတန်းများနှင့် ရောယှက်သွားကာ ဝဲဂယက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဓားဗုဒ္ဓကို စုပ်ယူမျိုချလိုက်သည်။

“ရွှီ...”

တစ်လောကလုံးကိုဖျက်ဆီးနိုင်စွမ်းရှိသော ထိတ်လန့်ဖွယ်ရာတိုက်ခိုက်မှုကိုရင်ဆိုင်ရန် ဓားဗုဒ္ဓက သူ့ဓားကိုပင့်မြှောက်လိုက်သည်။

သို့သော် ထိုအချိန် နတ်မိစ္ဆာမျောက်မင်းက ချွိစုကို နောက်သို့တွန်းထုတ်လိုက်ပြီး ရူယိရွှေတုတ်ကို နောက်ပြန်ရိုက်ချလိုက်သည်။

ဓားဗုဒ္ဓက ထင်မှတ်မထားသည့်တိုက်ခိုက်မှုကို ကာကွယ်ရန် မတတ်နိုင်ခဲ့ပေ။

ဓားဗုဒ္ဓ၏ဦးခေါင်းမှာ ရူယိရွှေတုတ်ဖြင့် အပြင်းအထန်ရိုက်နှက်ခံရပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။

All Chapters