← Chapters

မွေးရပ်မြေ

Vol. 110 Ch. 1535

မွေးရပ်မြေ

Vol. 110 Ch. 1535

ကောင်းချင်းရွှမ်က ထိုသို့ပြောနေသော်လည်း သူမအဖွဲ့အတွက် သိပ်ပြီးစိုးရိမ်ပူပန်ဟန် မရှိပေ။ သူမက ကျောက်စိမ်းစမ်းချောင်းကမ္ဘာရှိရာသို့ လှမ်းမျှော်ငေးကြည့်လိုက်သည်။

ချွိစုနှင့် ဝမ်ကွမ်းတို့ကို အနိုင်ယူခဲ့ပြီဖြစ်ရာ ရန်ကျောက်ကဲတို့အတွက် ဤနေရာမှ အခက်အခဲမရှိ ပြန်လည်ဆုတ်ခွာသွားနိုင်သည်။

သို့သော် ရန်သူများပြန်ရောက်လာပါက ဤနေရာတွင် ကျန်ရစ်ခဲ့သည့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာကတော့ ကျိန်းသေ ပျက်ဆီးခြင်းသို့ ရောက်ရပေမည်။

ဤနေရာက ယခင်က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့ကဲ့သို့ပင် ဖြစ်သည်။ တည်နေရာ ဖော်ထုတ်ခံရခြင်းမရှိသရွေ့ သူတို့ရှိနေကြောင်း မည်သူမှ မသိနိုင်ပေ။

ယခု ဤကမ္ဘာ၏တည်နေရာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ မကောင်းသောရည်ရွယ်ချက်ရှိသူများက ဤနေရာကို လာရောက်ဒုက္ခပေးနိုင်သည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ဓားတစ်လက်ပေါ်လာသည်။ ထိုဓားဖြင့် တာအိုဆရာတစ်ယောက်အား ထိုးစိုက်ချလိုက်သည်။

တာအိုဆရာ’ချင်းကျန်း’ သက်ပြင်းချလိုက်သည်။

“ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်တယ်ဆိုတာ တကယ်ပါလား”

သူက ဆက်ပြောလိုက်သည်။

“ကျုပ် မင်းတို့လက်ထဲမှာ အသက်ဆုံးရတော့မယ် ၊ ဒါပေမဲ့ ကျုပ်တပည့်တွေနဲ့ ညီအစ်ကိုတွေကိုတော့ ဒီပြဿနာထဲကို ဆွဲမထည့်ပါနဲ့”

ရန်ကျောက်ကဲက တည်ကြည်စွာဖြင့်....

“အဲဒါကတော့ သူတို့အပေါ်ပဲမူတည်တယ် ၊ အရင်က မင်းပြောခဲ့သလိုပဲပေါ့... ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရမှာပဲလေ”

စကားဆုံးသွားသည်နှင့် ဓားရှည်ကတုန်ခါသွားပြီး တာအိုဆရာ’ချင်းကျန်း’ ၏ခန္ဓာကိုယ်အား အပိုင်းပိုင်းကွဲထွက်သွားစေသည်။

ရန်စွယ်ရန်ငုတ်ကိုအပြတ်ရှင်းပြီးသည်နှင့် ရန်ကျောက်ကဲတို့အုပ်စု ကျောက်စိမ်းစမ်းချောင်းကမ္ဘာသို့ ရောက်ရျိလာကြသည်။

ထုန်ရှင်းလင်နှင့် ကွမ်းထုန်ကျီတို့အုပ်စုက သူတို့ကို ကြိုဆိုကြလေသည်။

တာအိုဆရာ ချင်းကျန်း၊ ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့ ပျောက်ဆုံးနေကြောင်း သတိထားမိကြသော်လည်း မည်သည့်စကားမှမဆိုဘဲ သက်ပြင်းသာချမိကြသည်။

သူတို့က ရန်ကျောက်ကဲအား အလေးအနက်ထားကာ ဂါရဝပြုလိုက်ကြပြီး...

“သခင်လေးက ပြင်ပကျင့်ကြံသူတွေကို နှိမ်နင်းခဲ့တဲ့အတွက် ကျုပ်တို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာ ဘေးကင်းခဲ့တာပါ”

ရန်ကျောက်ကဲက...

“ယဉ်ကျေးလွန်းနေပါပြီ...”

သူက ဆက်ပြောလိုက်သည်။

“ရန်သူတွေအားလုံးကိုအနိုင်ယူခဲ့တာရော ၊ ဓားဗုဒ္ဓကိုသတ်ဖြတ်ပြီး ကျုပ်ရဲ့အဘိုးနဲ့အဘွားအတွက် လက်စားချေနိုင်ခဲ့တာရောက တာအိုဆရာ’ယွိတင်’ ရဲ့ ရုပ်အလောင်းကြောင့်ပါပဲ”

ယခု တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းက ရန်ကျောက်ကဲ၏ဘေးတွင် ငြိမ်သက်စွာ လွင့်မျောလျှက် ရှိသည်။ ငြိမ်းချမ်းရာသို့ရောက်ရှိနေသည့်ပမာ မျက်လုံးများကို မှေးမှိတ်ထားလေသည်။

ထိုရုပ်အလောင်းထဲမှရောင်ဝါက ဖြည်းဖြည်းချင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။ ကျောက်စိမ်းဖြူဓားကျိုးမှာလည်း ရန်ကျောက်ကဲလက်ထဲ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။

ရန်ကျောက်ကဲက တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းကို တည်ကြည်စွာ ဦးညွှတ်ဂါရဝပြုလိုက်ရင်း...

“ဘိုး‌ဘေးတွေက သားမြေးတွေကိုကူညီနေဆဲပါပဲ ၊ ဒါကိုကြည့်ရင် ကျုပ်တို့ စန်းချင်း(၃)ပါးအဆက်အနွယ်တွေ ဘယ်တော့မှမပျက်သုဉ်းဘူးဆိုတဲ့ နိမိတ်ပုံပါပဲ”

ဖန်းယွင်ရှန်းနှင့် ကောင်းချင်းရွှမ်တို့လည်း အလားတူပင် ဂါရဝပြုလိုက်ကြသည်။

ရန်သူများဆုတ်ခွာစေရန်နှင့် ဓားဗုဒ္ဓကို လက်စားချေသတ်ဖြတ်ရာတွင် တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းက အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ထုန်ရှင်းလင်တို့အုပ်စုကလည်း တည်ကြည်စွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြပြီး...

“ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေလည်း ဘိုးဘေးတွေရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုကို ဘယ်တော့မှ မမေ့လျော့ရဲပါဘူး”

ရန်ကျောက်ကဲ၏ စကားများတွင်လည်း သူ၏ရည်ရွယ်ချက်ကို ထင်ရှားစွာတွေ့မြင်ရသည်။

သူက အခက်အခဲကြုံနေချိန် ရန်သူများကိုရင်ဆိုင်ရန်အတွက် တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းကို ယာယီချေးယူ အသုံးပြုခဲ့ခြင်းသာပင်။

သူ့အနေဖြင့် တာအိုဆရာ’ယွိတင်’ ကို ဂုဏ်သိက္ခာမဲ့စေရန် ရည်ရွယ်ချက်မရှိသလို တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းကို ကိုယ်ပွားအဖြစ် ပြန်လည်သန့်စင်ရန် ရည်ရွယ်ချက်လည်း လုံးဝမရှိခဲ့ပေ။

ဤသည်က ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏အမြင်ကို လေးစားသောကြောင့် မဟုတ်ပေ။

တာအိုဆရာ'ယွိတင်' ကိုယ်တိုင်က ယွိချင်အဆက်အနွယ်၏ ထင်ရှားကျော်ကြားသူ ဘိုးဘေးဆရာသခင်တစ်ပါး ဖြစ်နေသဖြင့် ထိုက်သင့်သောလေးစားမှုကို သဘာဝကျစွာ ပေးအပ်ခြင်းသာ ဖြစ်၏။

ပြီးတော့ ရန်ကျောက်ကဲက တာအိုဆရာ'ယွိတင်' အဆက်အနွယ်မှ မဟုတ်သည့်တိုင် သူ၏အဘိုး’ရန်ရှင်းထန်’ က ထိုအဆက်အနွယ်မှ ဖြစ်သည်။

ထို့ကြောင့် တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းကို လေးစားဂါရဝပြုခြင်းသည် သက်ကြီးဝါကြီးများကို ရိုသေလေးစားခြင်း ဓလေ့ထုံးတမ်းဖြင့် ကိုက်ညီပေသည်။

သေချာသည်ကတော့ ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားကို ယူဆောင်သွားမည်ဖြစ်သည်။ ထိုလုပ်ရပ်အတွက် မည်သူနှင့်မှ ဆွေးနွေးရန်မလိုဟု သူက ယူဆသည်။

အစောပိုင်းတိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ပြီးနောက် ထုန်ရှင်းလင်တို့သည်လည်း နတ်ဘုရားထောင်ချောက်ဓားကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် မျှော်လင့်ချက် တစိုးတစိမျှ ကျန်ရစ်တော့မနေ။

ရန်ကျောက်ကဲက တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းကို ပြသထားသော လေးစားမှုသည်ပင် သူတို့အတွက် စိတ်သက်သာရာရစေလောက်ပြီဖြစ်သည်။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ သူတို့ဘက်က ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ် ၊ အခုဆိုရင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာရဲ့ တည်နေရာက လျှို့ဝှက်ချက် မဟုတ်တော့ဘူး။”

“သူတို့ ဘယ်တော့ပြန်လာမလဲဆိုတာ မသိနိုင်ပေမယ့် ပြန်တော့လာကြဦးမှာပဲ ၊ ဒီတော့ မင်းတို့ ဘာလုပ်ဖို့ဆုံးဖြတ်ထားကြသလဲ”

ထုန်ရှင်းလင်က အခြားသူများနှင့်ပင် တိုင်ပင်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ဘယ်ကိုသွားမယ်၊ ဘယ်လိုနေထိုင်မယ်ဆိုတာ ကျွန်မတို့ ဖြည်းဖြည်းချင်း ဆွေးနွေးရဦးမယ်...”

သူမက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ရှင်ပြောသလိုပဲ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတွေရော ပြင်ပတာအိုကျင့်ကြံသူတွေရော ပြန်လာကြမှာပဲ ၊ သူတို့က ကောင်းကင်နတ်ဘုရားတွေဆိုတော့ ကျွန်မတို့ ဘယ်လိုမှတွန်းလှန်နိုင်မှာ မဟုတ်ဘူး ၊ လမ်းမှားကိုမလျှောက်ချင်ဘူးဆိုရင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို စွန့်ခွာရမယ်ဆိုတာ သိပြီးသားပါ”

သူမက အနည်းငယ် ပြုံးလိုက်သည်။

“မွေးရပ်မြေနဲ့ခွဲခွာရတယ်ဆိုတာ အရမ်းခက်ခဲပါတယ် ၊ ဒါပေမဲ့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာက အရမ်းသက်တမ်းကြာနေပါပြီ ၊ ပျက်ဆီးတော့မယ့်အချိန်ရောက်နေပြီ ၊ ပြင်ပရန်သူတွေကြောင့်မဟုတ်ရင်တောင် ဒီကမ္ဘာက အဆုံးသတ်တော့မှာပါ”

ကွမ်းထုန်ကျီနှင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှလူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

ထုန်ရှင်းလင်က မချိပြုံးပြုံးလိုက်ရင်း...

“အရင်က ကျောက်စိမ်းစမ်းချောင်းကမ္ဘာ ချိတ်ပိတ်ခံထားရတော့ မျက်စိရှေ့မှာ အဆုံးသတ်ကိုမြင်နေရပေမယ့် ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရတယ် ၊ အခုတော့ လွတ်မြောက်သွားပြီ ၊ မျှော်လင့်ချက်အလင်းရောင် ပြန်ထွက်ပေါ်လာပြီ ၊ ဒီတော့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို စွန့်ခွာသွားရရင်တောင် အခက်အခဲမရှိတော့ပါဘူး”

သူမက ဆက်ပြောလိုက်သည်။

“အရင်တိုက်ပွဲတွေတုန်းက နတ်ဘုရားထောင်ချောက်ဓားက ကျွန်မတို့ကမ္ဘာကို အမြဲတမ်းကာကွယ်ပေးခဲ့တယ် ၊ ဒါပေမဲ့ အဲဒီအချိန်ကတည်းက ဒီကမ္ဘာက ပျက်ဆီးဖို့ ခြေလှမ်းစနေပါပြီ ၊ အခု ဒီနေရာက အချိန်သိပ်မကျန်တော့ဘူးဆိုတော့ ကျွန်မတို့လည်း ဆက်နေခွင့် မရှိတော့ပါဘူး”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း အမြန်ဆုံး ပြင်ဆင်ကြပါ...”

ရန်ကျောက်ကဲအနေဖြင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို သူ၏စကြာဝဠာထဲသို့ ပေါင်းစည်းလက်ခံနိုင်သည်။ သို့သော် အထူးဂရုစိုက်ဆောင်ရွက်ရန် လိုအပ်သည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့လောက် ကြီးမားခြင်းမရှိသော်လည်း သာမန်အောက်ဘုံကမ္ဘာများထက် ကျယ်ပြန့်ပြီး လူဦးရေလည်း အလွန်များပြားသည်။

ဤလူများကို ခဏတာ လက်ခံထားရုံမျှဆိုလျှင် ပြဿနာမရှိပေ။

သို့သော် ထိုသူများအခြေချနေထိုင်ပြီး မျိုးဆက်သစ်များဆက်လက်ထွန်းကားလာရန်အတွက် နေရာအသစ်တစ်ခု ပေးရမည်ဆိုလျှင်မူ အနည်းငယ် အခက်အခဲ ရှိနိုင်၏။

ထိုသို့မဟုတ်ဘဲ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာထဲသို့ဖြစ်စေ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံထဲသို့ဖြစ်စေ ဤမျှများပြားသောလူဦးရေဖြင့် ရွှေ့ပြောင်းနေထိုင်သူများ ရုတ်တရက်ဝင်ရောက်လာပါက ဒေသခံများအတွက် ဘေးသင့်သလို ဖြစ်သွားနိုင်သည်။

ယခင်က အမတခုံရုံး၏နတ်ဘုရားနယ်မြေ(၈၀၀)ကို ဆုံးရှုံးခဲ့ပြီး ကျန်ရှိသော နယ်မြေ(၂၂၀၀)အတွင်းသို့ လူပေါင်းများစွာ အတင်းအကျပ် ပြောင်းရွှေ့စေခဲ့ရသည်။

ထိုအခါ အပြင်လူများနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားပြီး အမတခုံရုံး၏ ယုံကြည်မှုစွမ်းအားကို မသိမသာထိခိုက်စေခဲ့သည်။

ထို့ပြင် သိုင်းကျင့်ကြံသူများ အလွန်များပြားစွာ ဝင်ရောက်လာသည့်အခါ ထိုသူများကျင့်ကြံရန်အတွက် ရင်းမြစ်များစွာ ထပ်မံလိုအပ်သည်။

ထိုရင်းမြစ်များက မိုးပေါ်မှကျလာမည် မဟုတ်ပေ။

ကျင့်ကြံခြင်းမြင့်မားလေ အဆင့်တက်ရန်အတွက် လိုအပ်သောရင်းမြစ်များက ပိုမိုများပြားလေပင်။

ထို့ကြောင့် ထျန်းစူးစကြာဝဠာအနေဖြင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှလူများကို ခေါ်ယူမည်ဆိုပါက လုံးဝအသစ်ဖြစ်သော ကမ္ဘာတစ်ခုဖန်တီးရန်လိုအပ်သည်။

အဂ္ဂိရတ်ခန်းမမှဆင်းသက်လာပြီး ယနေ့တိုင် အပြည့်အဝ တည်ငြိမ်မှုမရှိသေးသော ထျန်းစူးစကြာဝဠာအတွက် အလွန်ဂရုတစိုက်ဖြင့် အသေးစိတ်စီမံဆောင်ရွက်မှသာ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပေမည်။

သို့ပေသိ ဤဒုက္ခသည်များကို လက်ခံရာတွင် အခက်အခဲများစွာရှိသော်လည်း အကျိုးအမြတ်လုံးဝမရှိဟု မဆိုနိုင်ပေ။ ထိုသူများက ရင်းမြစ်များကိုသာစားသုံးမည့် ဝန်ထုပ်ဝန်ပိုးများ မဟုတ်ကြပေ။

ချီစွမ်းအား(၄)ခု ပေါင်းစည်းခြင်းရောင်ဝါအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော ထုန်ရှင်းလင်ကို ဘေးဖယ်လိုက်လျှင်တောင်မှ ကွမ်းထုန်ကျီနှင့် အခြားသူများမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

လူဦးရေများပြားလေလေ၊ ထူးချွန်သူများ ပေါ်ထွက်လာနိုင်ခြေလည်း ပိုမြင့်မားလေပင်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့တွင် ဝမ်ကွမ်း၊ ယင်းရှီယန်၊ ချွိစု စသည့် လမ်းမှန်တာအိုဝါဒ ၊ လမ်းမှန်ဗုဒ္ဓဘာသာမှ ကျင့်ကြံသူများနှင့်ယှဉ်ပြိုင်နိုင်သူများ ထွက်ပေါ်လာခြင်းမှာ လူဦးရေများပြားခြင်းကြောင့်သာ ဖြစ်သည်။

ယခုလက်ရှိတွင် သူတို့က လမ်းမှန်တာအိုဝါဒထက် လူဦးရေပိုမိုများပြားလေသည်။

လမ်းမှန်တာအိုဝါဒ ပြန်လည်ထွန်းကားရေးမှာ အချိန်ယူရမည့်ကိစ္စဖြစ်လေရာ ထူးချွန်သူများမွေးထုတ်နိုင်မည့် အခြေခံအုတ်မြစ်ကို လျှော့တွက်၍မရပေ။

မကြာမီကပင် အထက်ဘုံကမ္ဘာ ဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး ယခုထိ အခြေအနေမည်သို့ရှိသည်ကို ရေရေရာရာ မသိရှိရသေးပေ။

သို့ဖြစ်ရာ ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ လူဦးရေများပြားလှသည့် အဆက်အနွယ်တူ လမ်းမှန်တာအိုကျင့်ကြံသူများကို ကြည့်မြင်ရသည်မှာ ရန်ကျောက်ကဲတို့အတွက် စိတ်အားတက်ကြွစေသည်ကတော့ အမှန်ပင်။

ထုန်ရှင်းလင်က...

“ရှင့်အဖေရော...”

ယခု အခြားသူများက ရွှေ့ပြောင်းရေးကိစ္စအတွက် ဆောင်ရွက်နေကြသည်။

ထုန်ရှင်းလင်နှင့် ကွမ်းထုန်ကျီတို့ကတော့ ရန်ကျောက်ကဲတို့အုပ်စုအား ဧည့်ခံနေကြလေသည်။

“ကျုပ်အဖေ ဟိုမှာရှိတယ်...”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

ယခု နတ်ဘုရားသတ်ဖြတ်ဓားနှင့် နတ်ဘုရားထောင်ချောက်ဓား နှစ်လက်စလုံး သူမလက်ထဲတွင် ရှိနေသည်။

နတ်ဘုရားထောင်ချောက်ဓား၏ဓားရိုးတွင် သွေးနီရောင်အလင်းတန်းများစုစည်းလျှက် အလွန်သေးငယ်သည့် အလင်းစက်တစ်ခု ဖြစ်တည်နေကာ တလက်လက်တောက်ပလို့နေလေ၏။

All Chapters