ထာဝရပုံရိပ်
Vol. 110 Ch. 1536
နတ်ဘုရားထောင်ချောက်ဓား၏ဓားအလင်းတန်းက ထိုသို့အလွန်သေးငယ်သည့် အလင်းစက်ကို ဖြစ်ပေါ်စေခြင်းပင်။
အပြင်ပန်းတွင် အလွန်သေးငယ်သည်ဟု ထင်ရသော်လည်း ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်ဆင်းနိုင်လောက်အောင် ကြီးမားလှသည်။
ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့ ထိုအထဲသို့ ပျံသန်းဝင်ရောက်သွားလေသည်။
သွေးနီရောင်အလင်းတန်းများ အက်ကွဲသွားသည်နှင့်တပြိုင်နက် ဗလာနယ်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည့် ရန်တိ ကို တွေ့လိုက်ရသည်။
ထိုက်ယိဟွာတိမ်တိုက်က သူ၏ဦးခေါင်းထက်တွင်လွင့်မျောလျှက်ရှိပြီး ကြာပန်းပမာပွင့်လန်းလို့နေသည်။
ရန်တိက ရောက်လာသူနှစ်ယောက်အား အသိအမှတ်ပြုဟန် ခေါင်းညိတ်ပြလိုက်ပြီး ဗလာနယ်အခြားတစ်ဖက်ဆီသို့ တိတ်ဆိတ်စွာဖြင့် ပြန်လည်ငေးမောကြည့်နေသည်။
ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ် သူ ကြည့်သည့်နေရာသို့ လိုက်ကြည့်လိုက်ကြသည်။ ထိုအခါ သူတို့မျက်စိရှေ့တွင် အချိန်ရေစီးကြောင်းထဲတွင် စွဲထင်နေသည့် ၊ ဘယ်သောအခါမှ ပျောက်ပျက်နိုင်မည်မဟုတ်သော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုပုံရိပ်ထဲတွင် ရက်စက်ကြမ်းတမ်းသောအသွင်ရှိသည့် ဗုဒ္ဓတစ်ပါး ရှိနေသည်။
ထိုဗုဒ္ဓက ဓားတစ်လက်ကိုကိုင်ဆောင်လျှက် အလွန်ပင် သန့်စင်မြင့်မြတ်သောဟန်ပန်ရှိပြီး သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသည့်အလင်းတန်းများက ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးလွှမ်းနေပြီး သေမျိုးလူသားလောကတစ်ခုလုံး ငရဲဘုံအဖြစ် ပြောင်းလဲသွားသည့်ပမာ ထင်မှတ်ရသည်။
ထိုဗုဒ္ဓနှင့် မျက်နှာချင်းဆိုင်တွင် ခရမ်းရောင်ဝတ်လူငယ်တစ်ယောက်နှင့် အဖြူရောင်ဝတ်မိန်းမပျိုတစ်ယောက်တို့ ဘေးချင်းယှဉ်မတ်တတ်ရပ်လျှက် ရှိကြသည်။
ခရမ်းရောင်ဝတ်လူငယ်က ဘယ်လက်ဖြင့်ဓားကိုင်ထားပြီး အဖြူရောင်ဝတ်မိန်းမပျိုက ညာလက်ဖြင့်ဓားကိုင်ထားသည်။ ကျန်လက်တစ်ဖက်စီကတော့ တစ်ယောက်နှင့်တစ်ယောက် တင်းကျပ်စွာ လက်ချင်းဆုပ်ကိုင်ထားကြလေသည်။
ထိုလူငယ်နှင့် မိန်းမပျိုက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ပြုံးရယ်နေကြပြီး သူတို့ထံတွင် ကြောက်စိတ်ဟူ၍ အနည်းငယ်မျှပင် မတွေ့ရှိရပေ။
ထိုပုံရိပ်များက ကျောက်ခက်ပန်းရေးထိုးထားသည့်ပမာ အချိန်ရေစီးကြောင်းထဲတွင် တည်ငြိမ်စွာ ရပ်တန့်နေခဲ့သည်။
ထိုနှစ်က နောက်ဆုံးအခိုက်အတန့်ကို အတိအကျပုံဖော်ထားပြီး ထိုနေရာတွင် အမှန်တကယ် တည်ရှိနေည့်အလား လက်တွေ့ကျလွန်းလှသည်။
ထိုပုံရိပ်ကိုကြည့်မိသည်နှင့် ရန်ကျောက်ကဲစိတ်ထဲ ထိုစဉ်က ဖြစ်ပွားခဲ့သော နောက်ဆုံးအခိုက်အတန့်များက သူ့စိတ်ထဲ ထင်ရှားထွက်ပေါ်လာသည်။
ဇနီးမောင်နှံနှစ်ယောက်သည် ကြောက်ရွံ့ခြင်းအလျှဉ်းမရှိ လက်ချင်းတွဲလျှက် ငရဲဘုံအသွင်ပြောင်းလဲသွားသော ဓားဗုဒ္ဓကို ရင်ဆိုင်တိုက်ခိုက်ခဲ့လေသည်။
အဘိုးနှင့်အဘွားဖြစ်သူက အသက်ကိုပင်ပဓာနမထားဘဲ ရဲဝင့်စွာရပ်တည်ခဲ့ပုံကို ပြန်စဉ်းစားမိသည့်အခါ ရန်ကျောက်ကဲကိုယ်တိုင်ပင် စိတ်ထဲတွင် အလွန်အမင်း လေးမြတ်သွားရသည်။
သူက ထိုပုံရိပ်နှစ်ခုကို တည်ကြည်စွာ ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
ကောင်းချင်းရွှမ်ကတော့ ရန်တိနှင့်အတူ နေရာတွင်ပင် ငြိမ်သက်စွာ မတ်တတ်ရပ်နေလေသည်။ သူမက အချိန်အတန်ကြာအောင် စကားမဆိုဘဲ ရုပ်တုတစ်ခုပမာ ငြိမ်သက်စွာဖြင့် ထိုပုံရိပ်နှစ်ခုကို ငေးကြည့်နေခဲ့သည်။
သူမက ရန်ကျောက်ကဲနှင့် ရန်တိတို့ကဲ့သို့ ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ကို တစ်ခါမှ မတွေ့ဆုံဖူးသူ မဟုတ်ခဲ့ပေ။ ကောင်းချင်းရွှမ်စိတ်ထဲတွင် တိချင်းလျန်၏ ပြုံးရယ်ဟန်များက လှည့်ပတ်ပျံထဲလို့နေခဲ့သည်။
နွယ်ပင်ဧကရီ၏တပည့်များထဲတွင် ကောင်းချင်းရွှမ်က ဂိုဏ်းတူညီမဖြစ်သူ’တိချင်းလျန်’ နှင့် အရင်းနှီးဆုံးဖြစ်သည်။ တစ်နည်းပြောရလျှင် အရင်းနှီးဆုံးတပည့်ဆို၍လည်း သူတို့နှစ်ယောက်သာ ရှိခဲ့သည်။
တိချင်းလျန်နှင့် ရန်ရှင်းထန် ပြင်ပလောကသို့ ခရီးမထွက်ခင်တွင် ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့ကို လာရောက်နှုတ်ဆက်သေးသည်။
သို့သော် ထိုတွေ့ဆုံမှုက နောက်ဆုံးခွဲခွာရခြင်းဖြစ်သွားမည်ဟု ကောင်းချင်းရွှမ် ထင်မထားခဲ့ပေ။
အမြဲတမ်း တည်ငြိမ်စွာရှိတတ်သော ကောင်းချင်းရွှမ်သည်ပင် ယခု စိတ်ခံစားချက်များ လှိုင်းထန်စွာလှုပ်ခတ်နေပြီး မလွှဲမရှောင်သာပင် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရသည်။
“ဆရာ... ညီမလေးက သူရွေးခဲ့တဲ့လမ်းကို ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး ၊ ဒီပုံရိပ်ကို ဆရာကိုယ်တိုင်တွေ့မြင်မယ်ဆိုရင် စိတ်အေးနိုင်မယ်လို့ ထင်ပါတယ်”
မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့သော နွယ်ပင်ဧကရီ’လီယင်း’ အကြောင်း စဉ်းစားမိတော့ ကောင်းချင်းရွှမ်စိတ်ထဲ ပို၍ပင် ဝမ်းနည်းနာကျင်လာရသည်။
ဘေးတွင်ရှိနေသည့် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်ကိုကြည့်ရင်း တိုးဖျော့စွာ သက်ပြင်းချလိုက်မိ၏။
ရန်တိကတော့ နေရာမှာပင် စကားတစ်ခွန်းမှမဆို ငြိမ်သက်စွာ မတ်တတ်ရပ်လျှက် ထိုပုံရိပ်နှစ်ခုကို ဆက်လက်ငေးကြည့်နေခဲ့သည်။
ထိုက်ယိဟွာတိမ်တိုက်ကြောင့်လားမသိ ၊ သူ့စိတ်ထဲတွင် မိဘနှစ်ပါးနှင့်ပတ်သက်သည့် အမှတ်တရများကို တစ်ခုမှ စဉ်းစား၍မရခဲ့ပေ။
သို့သော် ထိုက်ယိဟွာတိမ်တိုက်ကြောင့်ပင် မိဘနှစ်ပါးချန်ထားခဲ့သော ဓားသိုင်းပညာအားလုံးက သူနှင့်ရင်းနှီးနေခဲ့ပြီး သွေးသားတော်စပ်မှုကို အတည်ပြုနိုင်ခဲ့သည်။
ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က မိဘတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းမရှိသလို သားသမီးကို ပြုစုစောင့်ရှောက်ခြင်းနှင့် အဖော်ပြုပေးခြင်များလည်း မပြုလုပ်ခဲ့ပေ။
သူတို့နှစ်ယောက်လုံးက မိဘများအဖြစ် ကလေးတစ်ယောက်ကို မည်သို့ပြုစုစောင့်ရှောက်ရမည်ကို မသိခဲ့ကြပေ။ သို့သော် သူတို့သားလေး မွေးဖွားမလာခင်မှာပင် အကောင်းဆုံးဆိုသောအရာများကို ပေးအပ်ခဲ့ပြီးသား ဖြစ်၏။
မိဘများနှင့်တစ်ခါမှမတွေ့ဆုံဖူးသည့်တိုင် ၊ ထောင်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ရန်တိစိတ်ထဲ မိဘများ၏ ကြီးမားလှသောချစ်ခြင်းမေတ္တာကို ခံစားသိမြင်နိုင်ဆဲပင်။
အချိန်အတန်ကြာမှ ရန်တိက ရန်ကျောက်ကဲဘက်သို့လှည့်ကြည့်လိုက်ပြီး...
“အပြင်ကကိစ္စတွေ အကုန်ပြီးသွားပြီလား...”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဓားဗုဒ္ဓကိုသတ်ပြီး အဘိုးနဲ့အဘွားအတွက် လက်စားချေပြီးသွားပါပြီ”
ရန်တိက ကျောက်ပန်းထိုးပန်းချီကားပမာရှိသော ပုံရိပ်များဆီသို့ လှမ်းကြည့်လိုက်ရင်း...
“လက်စားချေပြီးသွားပြီဆိုပေမယ့် သူတို့ရဲ့နောက်ဆုံးဆန္ဒကိုတော့ ဖြည့်ဆည်းမပေးနိုင်သေးဘူး”
သူက ဆက်ပြောလိုက်သည်။
“သူတို့က မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၊ ယိုးမင်ဧကရာဇ်'ယင်ထျန်းရှ'၊ ထုန်းမင်ဧကရာဇ်'ဟူယွဲ့ရှင်း' တို့နဲ့ အတူတူပါပဲ ၊ သူတို့အတွက် လက်စားချေရုံတင်မကဘူး... ငါတို့အနေနဲ့ လမ်းမှန်တာအိုဝါဒ ထွန်းကားလာအောင် ၊ လမ်းမှန်တာအိုဝါဒ စကြာဝဠာတစ်ခုလုံးမှာ တောက်ပလာအောင် ကြိုးစားကြရမယ် ၊ ဒါက သူတို့ဖြစ်စေချင်တဲ့ဆန္ဒပဲလေ...”
ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“အဲဒီနေ့က မဝေးတော့ပါဘူး”
စိတ်ခံစားချက်များ တည်ငြိမ်အောင်ကြိုးစားပြီးနောက် ကောင်းချင်းရွှမ်က စကားဆိုလိုက်သည်။
“သွားကြရအောင်...”
ရန်ကျောက်ကဲနှင့် ရန်တိတို့ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် သူတို့(၃)ယောက်လုံး နတ်ဘုရားထောင်ချောက်ဓားအလင်းတန်းဖြင့် ဖန်ဆင်းထားသောကမ္ဘာမှ ထွက်ခွာလာပြီး ကျောက်စိမ်းစမ်းချောင်းကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြသည်။
ယခု ကျောက်စိမ်းစမ်းချောင်းကမ္ဘာကတော့ ရွှေ့ပြောင်းရေးအစီအစဉ်များ ဆောင်ရွက်နေကြသည်။
နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များကပါ သာမန်လူများကို ကူညီပေးနေသဖြင့် များစွာအားစိုက်ထုတ်စရာမလိုဘဲ အရာအားလုံး အဆင်ပြေလျှက် ရှိ၏။
သာမန်လူများနှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက်ကတော့ မည်သည့်အရာကိုမှ သတိထားမိခြင်း မရှိကြပေ။ အရာအားလုံးက တိတ်ဆိတ်စွာ ဖြစ်ပျက်သွားသည့်ပမာ ထင်မှတ်ရသည်။
တဖြည်းဖြည်းဝေးကွာသွားသည့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာကိုကြည့်ရင်း ထုန်ရှင်းလင်တို့အုပ်စု ခဏမျှတိတ်ဆိတ်သွားကြသည်။
သို့သော် မကြာမီ သူတို့အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
သူတို့ဆိုခဲ့သလိုပင် ပြင်ပတာအိုကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုကြောင့်မဟုတ်လျှင်တောင်မှ ကျောက်စိမ်းစမ်းချောင်းကမ္ဘာက အလွန်သက်တမ်းကြာနေပြီဖြစ်ရာ မကြာမီ အဆုံးသတ်ဆီသို့ ရောက်ရှိတော့မည်သာပင်။
သူတို့အတွက် နေရာသစ်ရှာဖွေသင့်သည်မှာ ကြာမြင့်ပေပြီ။
ယနေ့ဖြစ်ရပ်များက ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြစ်ပျက်သွားသည့်တိုင် သူတို့အားလုံး နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။
တာအိုဆရာ’ချင်းကျန်း’ ၊ ယောင်းယွင်ချန်နှင့် အခြားသူများ၏ အတွင်းပိုင်းအင်အားစု ခြိမ်းခြောက်မှုများသည်လည်း ကင်းစင်သွားပြီဖြစ်သည်။
ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏ အတွင်းရေးကိစ္စများကို ကိုယ်တိုင်ဖြေရှင်းချင်သည်ဟု ထုန်ရှင်းလင်က တောင်းဆိုခဲ့သည့်အတွက် ရန်ကျောက်ကဲကလည်း ခွင့်ပြုပေးခဲ့သည်။
နောက်ပိုင်းမှာတော့ ထုန်ရှင်းလင်က ဆန့်ကျင်ဘက်အင်အားစုများ၏ထိပ်ပိုင်းခေါင်းဆောင်များကို အရှိန်အဟုန်ဖြင့် ရှင်းလင်းပစ်ခဲ့သည်။
အသေးစိတ်သိရှိခြင်းမရှိသည့် လက်အောက်ခံများကိုတော့ တာအိုဆရာ’ချင်းကျန်း’ ၊ ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့ ဓားဗုဒ္ဓလက်ချက်ဖြင့် သေဆုံးသွားပြီဟု ပြောကြားလိုက်သည်။
ထိုသို့ဖြင့် ကျန်ရစ်သူများအားလုံးသည်လည်း ထုန်ရှင်းလင်တို့အုပ်စုနှင့်အတူ ပြင်ပကျင့်ကြံသူများကို လက်စားချေရမည့်ရန်သူများအဖြစ်သာ ရှုမြင်သွားတော့သည်။
အစပိုင်းတွင် တာအိုဆရာ’ချင်းကျန်း’ အား ထောက်ခံသူ အများအပြားရှိခဲ့သည်။
ဤသို့ဖြစ်ရသည်မှာ ကျောက်စိမ်းစမ်းချောင်းကမ္ဘာက ချိတ်ပိတ်ခံထားရပြီး လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသောကြောင့်သာ ဖြစ်၏။
အပြန်လမ်းတွင် ရန်တိက ရန်ကျောက်ကဲအား မေးလိုက်သည်။
“ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နဲ့ ပတ်သက်တဲ့ သတင်းရောရသေးလား...”
ရန်ကျောက်ကဲက...
“ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ရဲ့ တည်နေရာအတိအကျကို ရှာတွေ့နိုင်မလားဆိုတာတော့ မသေချာသေးဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ခိုင်မာတဲ့ သဲလွန်စတစ်ခုကိုတော့ တကယ်ပဲ ရှာတွေ့သွားကြပြီ”
ရန်တိက တစ်ချက်စဉ်းစားလိုက်ပြီး...
“အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေက ဒီကိစ္စကို ဒီလောက်အာရုံစိုက်နေတယ်ဆိုရင်... ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ရဲ့ တည်နေရာနဲ့ပတ်သက်ပြီး အအတော်လေးစိုးရိမ်နေတယ်ဆိုတာ ပေါ်လွင်တယ် ၊ ဒါဆိုရင်... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် မဖြစ်နိုင်ဘူး”
ရန်ကျောက်ကဲက...
“အစက ဝူတန့်မယ်တော်က ကျွန်တော်တို့ကိစ္စကို ဖုံးကွယ်ပေးဖို့ ကောလဟလသတင်းဖြန့်ပြီး ကူညီပေးခဲ့တာ ၊ အခုတော့ သူတောင် ဒီကိစ္စကို အတော်လေးစိတ်ဝင်စားနေပြီ”