နတ်ဘုရားသုတ်သင်ဓားနှင့် နတ်ဘုရားအဆုံးသတ်ဓား
Vol. 110 Ch. 1539
ခန်းမထဲတွင် ရွှေရောင်မျက်လုံးများရှိသော ကုလားအုပ်တစ်ကောင် ဝပ်နေလေသည်။ ထိုကုလားအုတ်ထက်တွင် အနီရောင်ဝတ်ဆင်ထားသည့် တာအိုဆရာတစ်ယောက် ရှိနေသည်။
သူ၏မျက်နှာက ခရမ်းပြာရောင် ၊ ဆံပင်ကတော့ ရွှေနီရောင် ဖြစ်လေသည်။
ထို့ပြင် သူ၏နဖူးထက်တွင် မျက်လုံးတစ်လုံးရှိနေသဖြင့် မျက်လုံးသုံးလုံးရှိသည်ဟု ဆိုနိုင်သည်။
ဤမျက်လုံသုံးလုံးတာအိုဆရာက မဟာအိပ်မက်ကောင်းကင်ဘုံအရှင်နှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့ကို ကြိုဆိုနေသူ ဖြစ်သည်။
ဗုံခရာကောင်းကင်ဘုံအရှင် ဒဏ်ရာရထားသည်ကိုမြင်တော့ သူက ရွှေမျက်လုံးကုလားအုပ်ပေါ်မှဆင်းလိုက်ပြီး ဗုံခရာကောင်းကင်ဘုံအရှင်ကို ဆေးကုသရန်အတွက် ဘေးဘက်သို့ သယ်ဆောင်သွားခိုင်းလိုက်သည်။
မျက်လုံးသုံးလုံးတာအိုဆရာက ဝမ်ကွမ်းကိုကြည့်လိုက်ရင်း...
“မင်း စိုးရိမ်ခဲ့တာ အလကားမဟုတ်ဘူးပဲ”
ဝမ်ကွမ်းက အားအင်ကုန်ခမ်းသည့်ဟန်ပန်ဖြင့်...
“ထင်တဲ့အတိုင်းပဲလေ... အဲဒီတာအိုဝါဒဘက်ကလူတွေက နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံးကို လိုချင်နေကြတာ”
သူက ဆက်ပြောလိုက်သည်။
“အခု ဓားနှစ်လက်ရသွားပြီလေ ၊ ဒါပေမဲ့ ဓားနှစ်လက်နဲ့ သူတို့ ဘယ်လောက်ထိ သောင်းကျန်းနိုင်မှာလဲ ၊ ဒါပေမဲ့ ဓားလေးလက်လုံး သူတို့လက်ထဲရောက်သွားရင်တော့ အကြီးအကျယ် ပြဿနာတက်လိမ့်မယ် ၊ ပြီးတော့ သူတို့မှာ ပြီးပြည့်စုံတဲ့ နတ်ဘုရားသုတ်သင်အစီအရင်လည်း ရှိတယ်လေ”
မျက်လုံးသုံးလုံးတာအိုဆရာက...
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့အမိန့်အရ နတ်ဘုရားသုတ်သင်ဓား(၄)လက်နဲ့ပတ်သက်တဲ့ကိစ္စက သဘောတူညီချက် ရပြီးပါပြီ”
ထိုစကားကြားတော့ ဝမ်ကွမ်း အံ့အားသင့်သွားသည်။
“အိုး... ဟုတ်လား”
တာအိုဆရာက ဆက်ပြောသည်။
“အခု အရှေ့စွန်းထွန်းတောက်ဧကရာဇ် ဘယ်မှာလဲဆိုတာသိရဖို့ ခိုင်မာတဲ့သဲလွန်စတွေ ရထားပြီးပြီ ၊ ဒီကိစ္စက လူသားအမြုတေကျောက်တုံး အပိုင်းအစနဲ့လည်း ဆက်စပ်နေတယ် ၊ ငါတို့ ဘာကိုမှ လျစ်လျူရှထားလို့မရဘူး ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင်ကလည်း ဒီကိစ္စကို အနီးကပ်စောင့်ကြည့်ဖို့ အမိန့်ပေးထားတယ်”
ဝမ်ကွမ်းက ပျင်းရိပျင်းတွဲအမူအရာ ပြန်ဖြစ်သွားပြီး...
“ဒါဖြင့်လည်း အဲဒီတာဝန်ကို မင်းတို့လက်ထဲပဲ အပ်လိုက်တော့မယ်”
သူက ဆက်ပြောလိုက်သည်။
“ကိစ္စရှိရင်တော့ လာခေါ်ပေါ့ ၊ ဒီတစ်ခေါက် အတော်ပင်ပန်းသွားလို့ အိပ်ရေးဝဝအိပ်ပြီး အနားယူရဦးမယ်”
မျက်လုံးသုံးလုံးတာအိုဆရာက ဝမ်ကွမ်းကိုတစ်ချက်ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။
“မင်းလုပ်ချင်တာသာလုပ် ၊ ခေါ်ရင်တော့လာနော်...”
***
ထိုအချိန်...
အဖြူရောင်ကြာပန်းသုခဘုံဆီသို့ ကြာပွင့်ဖြူတစ်ပွင့် ဆင်းသက်လာသည်။
ထိုအဖြူရောင်ကြာပန်းက ဗုဒ္ဓနယ်မြေပေါင်းတစ်သောင်းခြောက်ထောင်ကို ဖြတ်ကျော်ကာ အဖြူရောင်ကြာပန်းသုခဘုံ ဗဟိုချက်နေရာသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။
အဖြူရောင်ကြာပလ္လင်ထက်တွင် ဆံပင်ရှည်နှင့် ဘုန်းကြီးဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ထိုင်နေပြီး သူ၏ဒူးထက်တွင် ဓားရှည်တစ်လက် ကန့်လန့်ဖြတ်တင်ထားသည်။
သူက မျိုးဆက်သစ်ဓားဗုဒ္ဓဟု နာမည်ကျော်ကြားသည့် လမ်းခြောက်သွယ်ဓားသခင် ချွိစု ဖြစ်သည်။
ချွိစု၏မျက်နှာက တည်ငြိမ်နေပြီး မည်သည့်စိတ်ခံစားချက်မှ ထွက်ပေါ်မနေပေ။
သူက ဗုဒ္ဓနယ်မြေတစ်ခုအတွင်း ဝင်ရောက်လာပြီး တောင်တံခါးသို့ရောက်သည့်အခါ ကြာပလ္လင်ထက်မှ ဆင်းသက်လိုက်သည်။
တောင်တံခါးအဝင်ဝတွင် အဖြူရောင်ကြာပန်းပလ္လင်ထက် ထိုင်နေသည့် ရွှေရောင်ဗုဒ္ဓတစ်ပါး ရှိနေသည်။
ချွိစုရောက်လာသည်ကိုမြင်တော့ ထိုဗုဒ္ဓက စကားဆိုလိုက်သည်။
“ဓားဗုဒ္ဓ ပျံလွန်တော်မူတဲ့ကိစ္စကို မီလဲ့ကိုယ်တော် သိပြီးပါပြီ”
ပြင်ပတာအို၏အခြေခံအုတ်မြစ်မှာ ယုံကြည်ခြင်းအလင်းတန်း ၊ ရတနာအလင်းတန်းနှင့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများအပေါ် မူတည်သော်လည်း ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကတော့ ထို့ထက်ပိုပြီး လွတ်လပ်ခွင့်ရှိကြသည်။
မဟုတ်ပါက ဓားဗုဒ္ဓက အဖြူရောင်ကြာပန်းသုခဘုံမှ နှစ်ပေါင်းနှစ်ထောင်ကျော်ပျောက်ကွယ်သွားသည်ကို မီလဲ့ကိုယ်တော်က အဘယ့်ကြောင့် မရှာဖွေရပါသနည်း။
အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးစစ်ဖြစ်ပါက ဓားဗုဒ္ဓက အလွန်အရေးပါလှသည်။ အကြောင်းမှာ ဓားဗုဒ္ဓကိုရင်ဆိုင်နိုင်ရန် အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူအများအပြား လိုအပ်ပေသည်။
သူ ပျောက်ဆုံးနေခြင်းက အဖြူရောင်ကြာပန်းသုခဘုံအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့သည်။
အဖြူရောင်ကြာပန်းသုခဘုံမှ အဝေးသို့သွားရောက်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
သို့သော် ဓားဗုဒ္ဓက နတ်ဘုရားထောင်ချောက်ဓားနှင့် တာအိုဆရာ'ယွိတင်'၏ ရုပ်အလောင်းဖြင့် စည်းတံဆိပ်ခတ် ခံထားခဲ့ရသည်။
ထို့ကြောင့် ဘုရားလောင်းပင်လျှင် သူ့ကိုရှာဖွေရန် ခက်ခဲခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဓားဗုဒ္ဓက အဖြူရောင်ကြာပန်းသုခဘုံ၏ ရတနာအလင်းတန်းကြေင့်သာ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းတွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ထို့ကြောင့် သူ ပျံလွန်တော်မူသည့်အခါ ဘုရားလောင်းက ချက်ချင်းသိရှိလေသည်။
ချွိစု ခေါင်းညိတ်လိုက်သည်။
“ကျုပ် ဆရာ့အတွက် လက်စားချေချင်တယ် ၊ ဒါကြောင့် အရှင်မြတ်ထံလာပြီး အကြံတောင်းတာပါ”
ရွှေရောင်ဗုဒ္ဓက...
“အရှင်မြတ်မိန့်တာတော့ အချိန်မကျသေးဘူးတဲ့ ၊ လမ်းမှန်တာအိုဝါဒကလူတွေ နောက်ထပ်ဓားတစ်လက်ထပ်ရမှ အခွင့်အရေးရမယ်တဲ့”
ချွိစုက...
“သူတို့က နတ်ဘုရားသတ်ဖြတ်ဓားကို လမ်းညွှန်အဖြစ်အသုံးပြုပြီး နတ်ဘုရားထောင်ချောက်ဓားကို ရှာဖွေခဲ့တာ ၊ ဒါပေမဲ့ သူတို့ ဘယ်လိုလျှို့ဝှက်နည်းလမ်းသုံးခဲ့လဲ ကျုပ်မသိဘူး”
ရွှေရောင်ဗုဒ္ဓက...
“အရှင်မြတ်ပြောတာတော့ အဲဒီနည်းလမ်းက အချိန်စောင့်ဖို့လိုတယ် ၊ အချိန်ခဏလေးနဲ့ ပြန်သုံးလို့မရဘူးတဲ့”
ချွိစုက မျက်လုံးများကိုမှိတ်လိုက်ပြီး ခဏကြာမှ ပြန်ဖွင့်လိုက်သည်။
“ကျုပ် သတိထားနေပါ့မယ်”
ရွှေရောင်ဗုဒ္ဓက...
“ဒီကိစ္စက ဓားဗုဒ္ဓ ပျံလွန်တော်မူတဲ့ကိစ္စတစ်ခုတည်းအတွက် မဟုတ်ပါဘူး ၊ တာအိုဝါဒ ပိုပြီးအင်အားကြီးထွားလာမှာကိုလည်း စိုးရိမ်ရတယ်”
“ကျုပ်တို့အားလုံး သတိထားနေကြရမှာပါပဲ”
ချွိစုက လက်အုပ်ချီလိုက်ပြီး...
“ကျေးဇူးတင်ပါတယ် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ...”
သူက ဆက်မေးမြန်းလိုက်သည်။
“အရှေ့စွန်းထွန်းတောက်ဧကရာဇ်နဲ့ပတ်သက်တဲ့အခြေအနေရော ဘယ်လိုရှိလဲ”
ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓက...
“သူ့ကိုရှာဖွေဖို့ သဲလွန်စရထားပြီးပြီ ၊ ဒါပေမဲ့ လောလောဆယ်တော့ သူ ဘယ်မှာရှိလဲဆိုတာ မသိရသေးဘူး ၊ အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာလည်း မသိနိုင်သေးဘူး”
သူက ခေါင်းငုံ့လိုက်ပြီး...
“ကိုးဝိညာဉ်မဟာသူတော်စင်ရဲ့စကားအရတော့ သူ့လက်ထဲမှာရှိတဲ့ လူသားအမြုတေကျောက်တုံးအပိုင်းအစကို မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက အရှေ့စွန်းထွန်းတောက်ဧကရာဇ်က ယူသွားပြီတဲ့ ၊ ထူးခြားဖြစ်စဉ်မရှိဘူးဆိုရင် အဲဒီပစ္စည်းက အရှေ့စွန်းထွန်းတောက်ဧကရာဇ်လက်ထဲမှာပဲ ရှိနေမှာပါ”
ချွိစု ခေါင်းညိတ်လိုက်သည်။
“ကျုပ်ရဲ့ ဗုဒ္ဓနယ်မြေကိုပြန်ပြီး ဓားသွေးနေပါ့မယ် ၊ အကြောင်းရှိရင် ကျုပ်ကို အသိပေးပါ”
ထို့နောက် ချွိစုက ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓကိုနှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
***
သတ္တုပလ္လင်ကိုပိုင်ဆိုင်သောရှေးဟောင်းနတ်ဆိုး ပြန်လည်မွေးဖွားပြီးနောက် မြေကမ္ဘာပလ္လင်နတ်ဆိုးနှင့် ရေပလ္လင်နတ်ဆိုးတို့ ပြန်လည်မွေးဖွားလာရန် မျှော်လင့်ချက်မှေးမှိန်သွားခဲ့သည်။
ငရဲကိုးထပ်မှနတ်ဆိုးများလည်း ဇွတ်အတင်း မကြိုးစားတော့ဘဲ ငရဲကိုးထပ်သို့ ပြန်သွားကြလေသည်။ အပြန်လမ်းတွင် အခြားအင်အားစုများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရပြီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အရိပ်နတ်ဆိုးတို့သည်ပင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။ သို့သော် ငရဲကိုးထပ်သို့ အောင်မြင်စွာ ပြန်ရောက်လာသည်ကိုပင် သူတို့က ကျေနပ်နေကြပေပြီ။
ယခု... ငရဲကိုးထပ်၏ နတ်ဆိုးပင်လယ်ချောက်နက်ထဲမှ မူလစိတ်ဝိညာဉ်နတ်ဆိုး၏နေအိမ်တွင် အဘိုးအိုတစ်ယောက်အသွင်ရှိသော ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးတစ်ပါး ရှိနေသည်။
သူက ကြီးမားသောကျောက်တုံးကြီးတစ်ခုထက်တွင် လဲလျောင်းအနားယူနေလေသည်။
ရုတ်တရက် ကျောက်တုံးအောက်ရှိ အရိပ်က အနည်းငယ် တုန်ခါသွားသည်။
အဘိုးအိုက မျက်လုံးမဖွင့်ဘဲ မေးမြန်းလိုက်၏။
“သတ္တုပလ္လင်နတ်ဆိုး အခြေအနေ ဘယ်လိုရှိလဲ”
အောက်ဖက်ရှိအရိပ်ထဲမှ အရိပ်နတ်ဆိုး၏အသံ ထွက်ပေါ်လာသည်။
“မျှော်လင့်ထားတာထက် ပိုကောင်းနေတယ်”
အဘိုးအိုက...
“ကောင်းတာပေါ့... အခုချိန်မှာ သူက ငါတို့ရဲ့ အဓိကဦးစားပေးပဲ”
အဘိုးအိုက သက်ပြင်းချလိုက်ရင်း...
“ရေပလ္လင်နတ်ဆိုးနဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုးတို့ တကယ်ကို ကံဆိုးခဲ့တာ ၊ အခုဆိုရင် သူတို့ ပြန်လာဖို့ ဘယ်နှစ်နှစ်ထပ်စောင့်ရမလဲ မသိနိုင်တော့ဘူး ၊ ဒါပေမဲ့ သတ္တုပလ္လင်နတ်ဆိုး အောင်မြင်သွားတာကတော့ အားလုံးအတွက် အဖိုးတန်တာပဲ ၊ လောလောဆယ်တော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြရုံပေါ့”
အရိပ်နတ်ဆိုးက...
“စန်းချင်း(၃)ပါးအဆက်အနွယ်တွေ နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲက နှစ်လက်ကိုရသွားပြီ မဟုတ်လား”
မူလစိတ်ဝိညာဉ်နတ်ဆိုးက မျက်လုံးဖွင့်ကာ ပြုံးလိုက်သည်။
“အမှန်ပဲ ၊ နတ်ဘုရားသတ်ဖြတ်ဓားတင်မကဘူး... နတ်ဘုရားထောင်ချောက်ဓားပါ သူတို့လက်ထဲ ရောက်သွားပြီ”
အရိပ်နတ်ဆိုးက...
“ဒါဖြင့် နတ်ဘုရားသုတ်သင်ဓားနဲ့ နတ်ဘုရားအဆုံးသတ်ဓားပဲ ကျန်တော့တာပေါ့”
မူလစိတ်ဝိညာဉ်နတ်ဆိုးက..
“အဲဒီကိစ္စက ငါတို့နဲ့မဆိုင်တော့ဘူး...”
သူက ဆက်ပြောလိုက်သည်။
“အခုချိန်ကစပြီး ဘာတွေပဲဖြစ်လာပါစေ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်”
အရိပ်နတ်ဆိုးက...
“စိတ်မကောင်းစရာပဲ ၊ ဒါပေမဲ့ ငါတို့ဝင်ပါလဲ အန္တရယ်များလွန်းတယ် မဟုတ်လား”
မူလစိတ်ဝိညာဉ်နတ်ဆိုးက တည်ကြည်စွာဖြင့်...
“ဘာမဆို ပေးဆပ်ရတဲ့တန်ဖိုးရှိတယ်လေ”
“အမှန်ပဲ...”
အရိပ်နတ်ဆိုး၏အသံက တဖြည်းဖြည်း တိုးဖျော့သွားပြီး နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားတော့သည်။
အဘိုးအိုက အရှေ့ဆီမှ လေပြေလေညင်းများတိုက်ခတ်နေသည့် သာယာသောကမ္ဘာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ကျောက်တုံးထက်တွင် အေးဆေးစွာ အနားယူလိုက်သည်။
ငရဲကိုးထပ်အပြင်ဘက် ကျယ်ပြောလှသော ပြင်ပဗလာနယ်ထဲတွင်မူ အမတခုံရုံး၊ အနောက်သူတော်စင်ဘုံ၊ အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ အပြင်းအထန် စစ်ပွဲဆင်နွှဲနေကြသည်။
ရန်ကျောက်ကဲတို့အတွက်ကတော့ ဤအချိန်က ဖွံ့ဖြိုးတိုးတက်ရန်ကြိုးစားရမည့် အခွင့်အရေး ဖြစ်သည်။
နတ်ဘုရားထောင်ချောက်ဓားကို ရရှိပြီးနောက် နတ်ဘုရားသုတ်သင်ဓားနှင့် နတ်ဘုရားအဆုံးသတ်ဓားကို ဆက်လက်ရှာဖွေလိုပါက ၊ ရန်ကျောက်ကဲ၏ အစီအရင်ကို ထပ်မံပြုလုပ်ရန် နှစ်ပေါင်း(၅၀)ခန့် စောင့်ဆိုင်းရပေမည်။
နှစ်ပေါင်း(၅၀)ဆိုသည်က နတ်ဘုရားများကိုမဆိုထားနှင့် သိုင်းသူတော်စင်များအတွက်ပင် မျက်တောင်တစ်ချက်ခတ်မျှ အချိန်ဖြစ်၏။
တခါတရံဆိုလျှင် တံခါးပိတ်ကျင့်ကြံခြင်းသည်ပင် ထို့ထက်ပို၍ ကြာမြင့်တတ်သေးသည်။
သို့သော် သာမန်လူများအတွက်တော့ လူ့သက်တမ်း၏ တစ်ဝက်နီးပါး ကုန်ဆုံးသွားပေမည်။
မျိုးဆက်များပွားများမှုကို တွက်ချက်မည်ဆိုလျှင် အနည်းဆုံး မျိုးဆက်နှစ်ဆက်ခန့်ထွက်ပေါ်လာပေမည်။ ဖြစ်နိုင်လျှင် ထို့ထက်ပင်ပိုပြီး များပြားနိုင်သေး၏။