လေးဆယ့်ကိုးနှစ်ကြာပြီးနောက်
Vol. 110 Ch. 1540
ကျယ်ပြန့်သောလွင်ပြင်တစ်ခုထက်တွင် တောင်မြင့်ကြီးတစ်လုံး မားမားရပ်လျှက်ရှိသည်။
ထိုတောင်ထိပ်မှ တောက်ပသည့်အလင်းရောင်တစ်ခု ထွက်ပေါ်နေပြီး ထိုအလင်းရောင်က နေ့ရောညပါ တောက်ပနေကာ ပတ်ဝန်းကျင်နေရာအားလုံးကို အလင်းပေးလို့နေ၏။
ထိုအချိန်...
အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီမှ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုပုံရိပ်အနားသို့ရောက်လာသည့်အခါ အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်လာသည်။
သူမအသွင်က နူးညံ့သိမ်မွေ့ခြင်း ၊ စိတ်အားထက်သန်ခြင်းများ ပြည့်နက်နေပြီး သူမ၏မျက်ဝန်းများတွင်လည်း နွေးထွေးမှုဖြင့် ပြည့်နက်နေသည်။
သူမ၏ကိုယ်နေဟန်နှင့် ရုပ်ရည်သွင်ပြင်က တစ်လောကလုံးမှ အလှတရားများစုပေါင်းပြီး မိုးကောင်းကင်မှ ချီးမြှင့်ပေးအပ်ထားသည့်ပမာ အလွန်ပင် ပြီးပြည့်စုံသော အလှတရားကို ပိုင်ဆိုင်ထားသည်။
အလင်းရောင်တောက်ပနေသည့် တောင်ထွတ်ဆီသို့ ထိုအဖြူရောင်ဝတ်မိန်းမပျို နီးကပ်လာချိန် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဂိုဏ်းတူညီမလေး'မန်’”
ခိုင်မာသောအသံနှင့်အတူ တောင်ထိပ်မှ အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာ၏။
အဖြူရောင်ဝတ်မိန်းမပျိုက ထိုအလင်းတန်းထက်သို့ လှမ်းတက်လိုက်သည်နှင့် အလင်းတန်းက နောက်ပြန်ဆုတ်သွားပြီး သူမကို တောင်ထိပ်ဆီသို့ ဆွဲခေါ်သွားသည်။
ကာကွယ်ရေးယန္တရားများကို ဖြတ်ကျော်ပြီးနောက် အလင်းရောင်က ပျောက်ကွယ်သွားကာ အံ့သြဖွယ်ကောင်းသော အဆောက်အအုံများ ပေါ်ထွက်လာသည်။
အဆောက်အအုံများကြားတွင် လူအများသွားလာလှုပ်ရှားနေကြပြီး ထိုနေရာမှာ ကြီးမားသော တန်ခိုးစွမ်းအားလှိုင်းလုံးများ ထုတ်လွှတ်လျှက်ရှိသည်။
ထိုသူများက အဖြူရောင်ဝတ်မိန်းမပျိုကိုမြင်တော့ ယဉ်ကျေးစွာပင် နှုတ်ဆက်စကားဆိုကြသည်။
အဖြူရောင်ဝတ်မိန်းမပျိုက ဤနေရာနှင့် စိမ်းသက်သူ မဟုတ်ပေ။
သူမက နှုတ်ဆက်လာသူများအားလုံးကို ခေါင်းညိတ်ပြုံးပြလျှက် ပြန်လည်နှုတ်ဆက်လေသည်။
ထို့နောက် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာပြီး သူမကိုကြိုဆိုကာ တောင်ထိပ်ရှိ ပင်မခန်းဆောင်ရှိရာသို့ ခေါ်ဆောင်သွားသည်။
ပင်မခန်းဆောင်ထဲတွင် အဖြူရောင်ဝတ်လူငယ်တစ်ယောက်ရှိနေသည်။
သူက မိန်းမပျိုကိုတွေ့သည်နှင့် ပြုံးရွှင်စွာနှုတ်ဆက်လိုက်ပြီး...
“ခဏနေရင် သွားကြတော့မှာမို့လို့ ညီမလေးကို သေချာထွက်ပြီး မကြိုဆိုမိတာပါ”
ထိုစကားကြားတော့ မိန်းမပျိုက ပြုံးလိုက်ရင်း...
“ရပါတယ်နော်... ဂိုဏ်းတူအစ်ကို’ထန်’ က ဘာတွေများ အားနာနေရတာလဲ”
မိန်းမပျိုခေါ်လိုက်သည့် ဂိုဏ်းတူအစ်ကို’ထန်’ ဆိုသူက ချောမောခန့်ညားပြီး ဂုဏ်သရေရှိသော အသွင်အပြင်ရှိပေသည်။ သို့သော် သူ၏စိတ်နေစိတ်ထားကတော့ အတော်လေး ဖမ်းဆုပ်ရခက်လေသည်။
ထိုသူက တခါတရံ တောင်မြင့်ကြီးတစ်လုံးပမာ ခမ်းနားမြင့်မြတ်နေတတ်ပြီး တခါတရံတွင်လည်း ဓားရှည်တစ်လက်ပမာ ထက်ရှနေတတ်ပြန်သည်။
သူ၏အသက်အရွယ်ကိုလည်း ရုပ်ရည်သွင်ပြင်ကြည့်ပြီး ဆုံးဖြတ်၍ မရနိုင်ပေ။
တခါတရံ အသက်(၄၀)ကျော်အရွယ် တည်ကြည်သောလူရွယ်တစ်ယောက်ဟုထင်မှတ်ရပြီး တခါတရံ အသက်(၂၀)ကျော်အရွယ် ရဲရင့်ချောမောသော လူငယ်လေးတစ်ယောက် ဖြစ်နေပြန်သည်။
သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းကျင့်ကြံသူတစ်ယောက်ယောက် သူ့ကိုတွေ့မြင်မည်ဆိုလျှင်တော့ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းမှတ်မိမည်ပင်။
ထန်ယုံဟောင်...။
တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ နေသူတော်စင်ဂိုဏ်းမှ အတော်ဆုံးသော လူငယ်ပါရမီရှင်...။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဇာမဏီအရိုးကိုရရှိခဲ့ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်၏ အတွင်းစည်းတပည့်ဖြစ်လာခဲ့သည်။
အချိန်မြစ်ကစီးဆင်းသွားပြီး ဆယ်စုနှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပေပြီ။
ထန်ယုံဟောင်ရှေ့တွင်ရှိနေသည့် အဖြူရောင်ဝတ်မိန်းမပျိုမှာလည်း တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ နေသူတော်စင်ဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်သည်။
အခြားသူမဟုတ် ၊ မန်ဝမ် သာပင်...။
မန်ဝမ်က အထက်ဘုံကမ္ဘာရှိ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ၏ သမီးငယ် ဖြစ်သည်။
ငယ်စဉ်ကပင် သားအဖ ကွဲကွာခဲ့ရပြီး အထက်ဘုံကမ္ဘာရောက်မှ ပြန်လည်ဆုံတွေ့ခဲ့ရသည်။
သားအဖနှစ်ယောက်လုံး သွေးသားတော်စပ်မှုကို အသိအမှတ်ပြုကြသော်လည်း မန်ဝမ်က ဖခင်ဖြစ်သူ၏ “ဖု” မျိုးနွယ် ခံယူခြင်းမရှိဘဲ သူမအမည်ကို “မန်ဝမ်” ဟုသာ ဆက်လက်ထားရှိခဲ့သည်။
ဖုယွင်ချီကလည်း ထိုအချက်ကို စိတ်ထဲမထားဘဲ သမီးငယ်အပေါ် ဆက်လက်ချစ်ခင်စမြဲပင်။ လက်ရှိအချိန်မှာတော့ ပိုးသားဧကရာဇ်နှင့် မန်ဝမ်က သားအဖဖြစ်ကြောင်း လူတိုင်း အသိအမှတ်ပြုထားကြပြီ ဖြစ်၏။
ထို့ကြောင့်ပင် ထန်ယုံဟောင်က သူမကို ဂိုဏ်းတူညီမလေး’ဖု’ ဟု မခေါ်ဘဲ ဂိုဏ်းတူညီမလေး’မန်’ ဟုသာ ခေါ်ဆိုခြင်း ဖြစ်သည်။
ထန်ယုံဟောင်က...
“ညီမလေး ခရီးမပန်းဘူးဆိုရင် ကျင်းထင်တောင်ကို အခုပဲ သွားကြရအောင်”
မန်ဝမ်က...
“အင်း... သွားကြမယ်လေ”
သူမက ဆက်ပြောလိုက်သည်။
“ကျွန်မကိုသာ စောင့်မနေရဘူးဆိုရင် အစ်ကိုက ကျင်းထင်တောင်ကို အစောကြီးကတည်းက သွားနှင့်မှာ မဟုတ်လား ၊ ဆရာက နတ်ဘုရားတံခါးကိုတွန်းဖွင့်နိုင်ပြီဆိုတော့ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ”
ထန်ယုံဟောင်က ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ...”
ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာ နယ်မြေတစ်ဝက်ကို အဂ္ဂိရတ်ခန်းမအတွင်းသို့ ပြောင်းရွှေ့ခဲ့ပြီး တာအိုစကြာဝဠာမှ ထွက်ခွာခဲ့သည်။
ထိုအချိန်က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်၊ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်၊ အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၊ အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်နှင့် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် တစ်စိတ်တစ်ပိုင်းတို့ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှ ခွဲထွက်သွားခဲ့သည်။
နောက်(၁၀)နှစ်အကြာတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း အဂ္ဂိရတ်ခန်းအတွင်း ဝင်ရောက်လာခဲ့သည်။
ရန်ကျောက်ကဲ နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် ကြီးကျယ်ခမ်းနားသော စကြာဝဠာဖန်တီးခြင်းအလုပ်ကို ထပ်မံပြုလုပ်ကာ အဂ္ဂိရတ်ခန်းမကို ထျန်းစူးစကြာဝဠာအဖြစ် ပြောင်းလဲခဲ့ပြီး သူအသစ်ဖန်တီးထားသောကမ္ဘာကို ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ဟု အမည်ပေးခဲ့သည်။
ဤသည်မှာ တာအိုဝါဒ စန်းချင်း(၃)ပါးအဆက်အနွယ်၏ ခေတ်ဟောင်းကိုအဆုံးသတ်ပြီး ခေတ်သစ်တစ်ခု အစပြုခဲ့ခြင်း ဖြစ်သည်။
အသစ်ဖန်တီးထားသော ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကို ကုန်းမြေ(၅)ခုဖြင့် ဖွဲ့စည်းထားသည်။
အထက်ဘုံကမ္ဘာမှ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တို့ ပေါင်းစည်းပြီး ကောင်းကင်ဘုံကမ္ဘာ၏ အလယ်ပိုင်ကုန်းမြေအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုကုန်းမြေက ကောင်းကင်ဘုံကမ္ဘာ၏ အချက်အချာနေရာဖြစ်ပြီး ဝါဒတောင်သည်လည်း ထိုနေရာတွင် တည်ရှိသည်။
အလယ်ပိုင်းကုန်းမြေက တောင်ပိုင်းမှ မြောက်ပိုင်းတစ်လျှောက် ကျယ်ပြန့်ရှည်လျားလှသည်။
အထက်ဘုံကမ္ဘာမှ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်က ယခု အရှေ့ဘက်ကုန်းမြေ ဖြစ်လာသည်။
အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်က မြောက်ဘက်ကုန်းမြေ ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က တောင်ပိုင်းကုန်းမြေ ၊ အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်က အနောက်ဘက်ကုန်းမြေအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်မှာတော့ ကောင်းကင်ဘုံကမ္ဘာ၏နယ်မြေများ တည်ငြိမ်သွားပြီး ယနေ့တိုင် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၊ သမုဒ္ဒရာကမ္ဘာ၊ ယန်ဖူကမ္ဘာစသည့် အောက်ဘုံကမ္ဘာများစွာကို ကောင်းကင်အက်ကွဲကြောင်းများမှတစ်ဆင့် ကုန်းမြေ(၅)ခုဖြင့် ချိတ်ဆက်ထားသည်။
ထျန်းစူးစကြာဝဠာပြင်ပတွင်မူ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံ၏ စစ်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နတ်မိစ္ဆာမျိုးနွယ်များက အနောက်ဘက်သူတော်စင်ဘုံနှင့် တိုက်ခိုက်နေကြသည်။
ရှေးဟောင်းနတ်ဆိုးများ ပြန်လည်မွေးဖွားသည့် လုပ်ငန်းစဉ် ပြီးဆုံးသည့်နောက် နတ်ဆိုးများကတော့ ငရဲကိုးထပ်မှာပင် ပုန်းအောင်းနေခဲ့ကြသည်။
လက်ရှိအချိန်တွင် ထျန်းစူးစကြာဝဠာကတော မည်သည့်ထိခိုက်မှုမှမရှိဘဲ တည်ငြိမ်အေးချမ်းမှုကို ယခင်အတိုင်း ထိန်းသိမ်းထားနိုင်ခဲ့သည်။
ရန်ကျောက်ကဲတို့အုပ်စုသည်လည်း နတ်ဘုရားထောင်ချောက်ဓားကို ရယူပြီးနောက် ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာခြင်းမရှိတော့သဖြင့် ထျန်းစူးစကြာဝဠာသည်လည်း ယခင်ကထက် ပို၍ ငြိမ်သက်သွားခဲ့သည်။
ထိုသို့ဖြင့် အချိန်က လျှင်မြန်စွာစီဆင်းသွားပြီး (၄၉)နှစ်တိုင်တိုင် ကြာမြင်ခဲ့လေသည်။
ထန်ယုံဟောင်နှင့် မန်ဝမ် ယခုရပ်နေသော တောင်ထွတ်သည် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏ အရှေ့ဘက်ကုန်းမြေတွင် ရှိသည်။
ဤတေင်ထွတ်ကို “ကမ္ဘာအလင်းတောင်ထွတ်” ဟု ခေါ်ဆိုလေသည်။
ဤနေရာက အသစ်ပြန်လည်တည်ထောင်ထားသော နေသူတော်စင်ဂိုဏ်း၏ ဌာနချုပ် ဖြစ်သည်။
သို့သော် အတိတ်က နေသူတော်စင်ဂိုဏ်းနှင့် ယခုနေသူတော်စင်ဂိုဏ်းနှိုင်းယှဉ်လျှင် သိုင်းပညာအနည်းငယ်သာလျှင် ဆင်တူတော့သည်။
ကျန်ရှိသည်များကတော့ နည်းနည်းမှ အလားသဏ္ဌာန်မတူတော့ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်တည်ထောင်ထားခဲ့သော နေသူတော်စင်ဂိုဏ်းက ရှေးယခင်ကတည်းက ပျက်ဆီးသွားခဲ့ပြီး ဝါဒတောင်ဂိုဏ်းကို ခေါင်းမာစွာ ဆန့်ကျင်ခဲ့သူ အများစုမှာလည်း သေကြေပျက်ဆီးကုန်ပေပြီ။
ကျန်ရစ်သူများမှာလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ အခြားဂိုဏ်းများသို့ ပြောင်းရွှေ့သွားကြပြီး ဇာတ်မြှုပ်နေထိုင်ခဲ့ကြသည်။
ထို့ကြောင့် ထန်ယုံဟောင် တောင်တံခါးပြန်ဖွင့်သည့်အခါ ဂိုဏ်းသားအဟောင်းများ အနည်းငယ်သာ ကျန်ရစ်တော့သည်။
ဥပမာ - မန်ဝမ်၏ဆရာ ချန်မင်ယင်းမှာ လှိုင်းနက်ဂေဟာတွင်သာ ဆက်လက်နေထိုင်ခဲ့ပြီး ဘယ်သောအခါမှ နေသူတော်စင်ဂိုဏ်းသို့ ပြန်မလာတော့ပေ။
သူမလိုလူမျိုး အများအပြား ရှိလေသည်။
ယခုအချိန်တွင် ဝါဒတောင်ဂိုဏ်းက သူတို့ လုံးဝမယှဉ်နိုင်တော့သော ကြီးမားသည့်အခြေခံအုတ်မြစ်ကိုပိုင်ဆိုင်ထားလေပြီ။
ထို့ကြောင့် တစ်ချိန်က နေသူတော်စင်ဂိုဏ်းကို ပြန်လည်အသက်သွင်းလိုသည့်စိတ်ဓာတ်များလည်း အားနည်းသွားကြရသည်။
သို့သော် ထန်ယုံဟောင်ကတော့ လုံးဝ စိတ်ဓာတ်မကျခဲ့ပေ။
သူက သုညမှစတင်ကာ နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်ရန် ပြင်ဆင်ခဲ့သည်။
အထက်ဘုံကမ္ဘာပြိုကွဲသွားပြီး ကောင်းကင်ဘုံကမ္ဘာတည်ထောင်ချိန်တွင် ထန်ယုံဟောင်က ဤနေရာတွင် နေသူတော်စင်ဂိုဏ်း ပြန်လည်တည်ထောင်ရေးအတွက် အခြေခံအုတ်မြစ်ချခဲ့သည်။
ယခုအခါမှာတော့ နေသူတော်စင်ဂိုဏ်းသည် အရှေ့ဘက်ကုန်းမြေတွင် သိုင်းဂိုဏ်းအသစ်တစ်ခုအဖြစ် ပြန်လည်ဦးမော့လာနိုင်ပေပြီ။
ဟုတ်ပေ၏။
နောက်ကွယ်မှ ကျင်းထင်တောင်၏ ပံ့ပိုးပေးမှုလည်း ရှိနေသည်ပင်။
ထန်ယုံဟောင်သည်လည်း ချောင်ကျယ်နှင့် ကျင်းထင်တောင်၏ကျေးဇူးကို မမေ့လျော့ဘဲ သူ့ကိုယ်သူ ကျင်းထင်တောင်၏ အဆက်အနွယ်ဟု လက်ခံထားခဲ့သည်။
နေသူတော်စင်ဂိုဏ်းက ကောင်းကင်ဘုံကမ္ဘာတွင် ခြေကုပ်ယူနိုင်ခဲ့ပြီးနောက် ထန်ယုံဟောင်က ဂိုဏ်းချုပ်အသစ်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် လွတ်လပ်စွာ လှုပ်ရှားခွင့် ရရှိလာသည်။
နေသူတော်စင်ဂိုဏ်းနှင့် ကျင်းထင်တောင်၏ ဆက်ဆံရေးကို အလွယ်တကူ ဖြတ်တောက်၍ မရနိုင်ပေ။
လူအများ၏ မျက်စိထဲတွင် နေသူတော်စင်ဂိုဏ်းသည် ကျင်းထင်တောင်၏ လက်အောက်ခံဂိုဏ်း သို့မဟုတ် ထန်ယုံဟောင်၏ ကိုယ်ပိုင်နယ်မြေဟု ယူဆကြသည်။
နေသူတော်စင်ဂိုဏ်းသည်လည်း ဂိုဏ်းချုပ်တစ်ယောက် ရှိနေပြီဖြစ်ရာ ထန်ယုံဟောင်က ကျင်းထင်တောင်သို့ပြန်သွားပြီး တံခါးပိတ်ကျင့်ကြံချိန်များတွင်လည်း နေသူတော်စင်ဂိုဏ်းက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ထန်ယုံဟောင်က ဆရာဖြစ်သူ ချောင်ကျယ်၏ ဂရုစိုက်ပေးမှုအတွက် အလွန်ပင် ကျေးဇူးတင်နေမိသည်။
မန်ဝမ်၏ဂုဏ်ပြုစကားကိုကြားတော့ သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။
“ညီမလေးက ယဉ်ကျေးလွန်းနေပြီ ၊ ဆရာ နတ်ဘုရားအဖြစ် အဆင့်တက်လှမ်းနိုင်ပြီဆိုတော့ အစ်ကိုက သေချာပေါက် ပျော်ရွှင်ရတာပေါ့”
မန်ဝမ်က ပြုံးလိုက်ရင်း...
“အရှေ့ဘက်ကုန်းမြေတင်မဟုတ်ဘူး... နောက်ဆိုရင် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး ပျော်ရွှင်စရာတွေနဲ့ ပြည့်နေတော့မှာပါ”