ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ၏ခေါင်းဆောင်
Vol. 110 Ch. 1542
ယခင်အချိန် အထက်ဘုံကမ္ဘာတွင်ရှိစဉ်က ကျွမ်းရှန်နှင့် မောက်ယွမ်ရှန်းတို့၏ဆရာက ဝူထုန်တောင်စောင်း ဆက်ခံသူနေရာအား မောက်ယွမ်ရှန်းသို့ ပေးအပ်လိုခဲ့သည်။
သို့သော် ဆရာဖြစ်သူ မတော်တဆဖြစ်ကာ ရုတ်တရက် ကွယ်လွန်သွားသည့်အခါ ဝူထုန်တောင်စောင်း၏ဆက်ခံသူရာထူးက ကျွမ်းရှန်လက်ထဲ ကျရောက်သွားခဲ့သည်။
နောက်ပိုင်းတွင် ကျွမ်းရှန်က ဆရာြဖစ်သူထက်ပင် တော်သွားခဲ့သည်။ သူ၏ တန်ခိုးစွမ်းအားနှင့် ဂုဏ်သတင်းကမြင့်တက်လာပြီး အတိတ်မှအဖြစ်အပျက်များကို လူတိုင်းမေ့လျော့သွားကြသည်။
ကျွမ်းရှန် သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် တစ်ချိန်က ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့သော မောက်ယွမ်ရှန်းမှာ ကျွမ်းရှန်နောက်ကွယ်မှ အရိပ်တစ်ခုပမာသာ ဖြစ်ရတော့သည်။
ဤဖြစ်ရပ်က အထက်ဘုံကမ္ဘာမှာပင် မဟုတ်ခဲ့ပေ။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ထဲမှာရော ဝူထုန်တောင်စောင်းအတွင်းပိုင်းမှာပါ မောက်ယွမ်ရှန်းက နိမ့်ပါးသည့်အနေအထားမျိုး ဖြစ်ခဲ့ရသည်။
ကျွမ်းရှန်က သူ့ကို တမင်သက်သက် ဖိနှိပ်ထားခြင်းမရှိသော်လည်း မောက်ယွမ်ရှန်းကတော့ ကျွမ်းရှန်ကို တတ်နိုင်သမျှ ရှောင်ရှားခဲ့တယ်။
နောက်ပိုင်း ရန်ကျောက်ကဲရောက်ရှိလာပြီးနောက် ဝူထုန်တောင်စောင်း ကျဆုံးခဲ့ရပြီး ဂိုဏ်း၏အသက်သွေးကြောများစွာ ပျက်ဆီးခဲ့ရသည်။
ထိုအခါမှ မောက်ယွမ်ရှန်း ပြန်လည်ထွက်ပေါ်လာပြီး ဝူထုန်တောင်စောင်းကို ပြန်လည်တည်ထောင်ရန် ကျွမ်းရှန်ကို ကူညီပေးခဲ့သည်။
ကျွမ်းရှန်က ဝါဒတောင်ကိုစိန်ခေါ်ပြီး ရန်တိ၏ဓားချက်အောက်တွင် အသက်ဆုံးရှုံးခဲ့ပြီးနောက် ဝူထုန်တောင်စောင်းက မောက်ယွမ်ရှန်း၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အဖြူရောင်နှင့် အနက်ရောင် ပိုးသားဧကရာဇ်တို့၏ တိုက်ပွဲပြီးဆုံးသွားပြီးနောက် မောက်ယွမ်ရှန်း၏ ပထမဆုံးလုပ်ရပ်မှာ မြောက်ဖေးတောင်ထွတ်၊ ကြာပန်းနီကမ်းပါးသို့သွားရောက်ပြီး ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ထံ ခွင့်လွှတ်ရန် တောင်းပန်ခဲ့ခြင်း ဖြစ်၏။
ထို့ပြင် သူက မန်ဝမ်ကို ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဝူထုန်တောင်စောင်းသို့ ပြန်လည်ဖိတ်ကြားခဲ့ပြီး သူ၏စိတ်ရင်းကိုပြသရန်အတွက် အရင်ကထက်ပိုမိုသည့် လေးစားမှုဖြင့် ဧည့်ဝတ်ပြုခဲ့သည်။
ကျွမ်းရှန်က မန်ဝမ်ကိုအသုံးချပြီး ပိုးသားဧကရာဇ်၏စိတ်ကို ရူးသွပ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သည်။ ထိုကိစ္စအတွက် ဖုယွင်ချီက အလွန်ဒေါသထွက်ခဲ့ပေသည်။
သို့သော် လက်ရှိတွင် ကျွမ်းရှန်က သေဆုံးသွားပြီဖြစ်ရာ ဖုယွင်ချီအနေဖြင့် ဝူထုန်တောင်စောင်းမှ ကျန်ရစ်သူများကို ထပ်မံဖိအားပေးရန် စိတ်မဝင်စားတော့ပေ။
မန်ဝမ်ကလည်း မောက်ယွမ်ရှန်းနှင့် ဝူထုန်တောင်စောင်းကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။
သူမ တောင်ပိုင်းသို့ သွားရောက်လည်ပတ်ချိန်တွင် တစ်ချိန်က ဝူထုန်တောင်စောင်း၏တပည့်ဖြစ်ခဲ့ဖူးသော သူမ၏မိခင် လျိုရွှမ့်ထင်ကို လေးမြတ်စွာ ဂါရဝပြုခဲ့သည်။
နောက်ပိုင်း အထက်ဘုံကမ္ဘာမှထွက်ခွာလာပြီး ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာချိန်တွင်လည်း မန်ဝမ်က ဝူထုန်တောင်စောင်းဖြင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ မောက်ယွမ်ရှန်းနှင့် ဝူထုန်တောင်စောင်းမှလူများကတော့ ကျော့ကျော့မော့မော့ဖြင့် ရှေ့ထွက်လာရန် ယခုချိန်ထိ သတ္တိမရှိကြသေးပေ။
လွန်ခဲ့သော(၁၀)နှစ်ခန့်က မောက်ယွမ်ရှန်း သိုင်းသူတော်စင်နဝမအဆင့်မှ လူသားအထွတ်ထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ယခင်ကလိုပင် သိုသိုသိပ်သိပ် နေထိုင်ဆဲပင်။
သို့ပေသိ ကျွမ်းရှန်အရိပ်အောက်တွင် တိမ်မြုပ်နေခဲ့သော ပုံရိပ်ကတော့ တစ်ဖန်ပြန်လည် ထင်ရှားလာခဲ့ပြီ ဖြစ်၏။
မောက်ယွမ်ရှန်းလက်ထက်တွင် သူ၏စိတ်ရှည်သည်းခံမှုနှင့် အသေးစိတ်သင်ကြားပြသပေးမှုများကြောင့် ဝူထုန်တောင်စောင်းက အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာခဲ့သည်။
ယခုဆိုလျှင် ကောင်းကင်ဘုံကမ္ဘာ၏ တောင်ဘက်ကုန်းမြေတွင် ဝူထုန်တောင်စောင်းက အထွတ်ထိပ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်၏။
တောက်ဘက်ကုန်းမြေတွင် ဝူထုန်တောင်စောင်းဆိုသည်က မည်သူမှ လျစ်လျူမရှုရဲသည့် ခိုင်မာသောတည်ရှိမှုတစ်ခု ဖြစ်လာပေပြီ။
“ဆရာမောက်က ဉာဏ်ပညာရှိတဲ့သူပါ ၊ သူက အလောတကြီးမလုပ်တတ်သလို မိုက်မဲတဲ့ဆုံးဖြတ်ချက်တွေလည်း ချမှာမဟုတ်ပါဘူး”
ထို့နောက် မန်ဝမ်နှင့် ထန်ယုံဟောင်တို့ ကမ္ဘာအလင်းတောင်ထွတ်မှထွက်ခွာလာပြီး ကျင်းထင်တောင်ဆီသို့ ဦးတည်ခဲ့ကြသည်။
မန်ဝမ်က သက်ပြင်းချရင်း...
“ဝါဒတောင်ဂိုဏ်းကသာ ထပ်ပြီးဖိအားပေးခဲ့ရင် တူထုန်တောင်စောင်း အခုထိတောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး ၊ ဒါကို ကျွန်မတို့အားလုံး နားလည်ပါတယ် ၊ ဝါဒတောင်ရဲ့ကရုဏာကြောင့်ပဲ သူတို့တွေ အခုလိုရှေ့ဆက်နိုင်တာပါ”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဝူထုန်တောင်စောင်းရဲ့အခြေအနေက ဝါဒတောင်နဲ့ယှဉ်မယ်ဆိုရင် ပိုးစုန်းကြူးနဲ့ နေမင်းကြီး နှိုင်းယှဉ်သလိုပါပဲ ၊ သူတို့အနေနဲ့ ဝါဒတောင်ကိုကျော်တက်နိုင်ဖို့ ဘယ်လိုလုပ် မျှော်လင့်ချက်ရှိမှာလဲ”
“အင်း... ဝူထုန်တောင်စောင်းမှာ ရှေ့မီနောက်မီ အကြီးအကဲတွေ အများကြီး ရှိနေသေးတယ် ၊ သူတို့ထဲကတစ်ယောက်ယောက်က လက်ရှိအောင်မြင်မှုလောက်နဲ့ စိတ်ကြီးဝင်ပြီး မျက်ကန်းတစ္ဆေမကြောက်လုပ်မှာကို စိုးရိမ်နေရတယ်”
သူမက ထန်ယုံဟောင်ကိုကြည့်လိုက်ရင်း...
“တော်သေးတယ်နာ်... ကျွန်မတို့ နေသူတော်စင်ဂိုဏ်းရဲ့တပည့်အသစ်တွေက အတိတ်ကဖြစ်ရပ်တွေကို သိပ်မသိကြတော့ဘူး ၊ အဲဒါ အစ်ကို့အတွက် အများကြီးပိုပြီး လွယ်ကူသွားတာပေါ့”
ထန်ယုံဟောင်က...
“ဝါဒတောင်ဂိုဏ်းကသာ ငါတို့ကိုဖိနှိပ်မယ်ဆိုရင် နေသူတော်စင်ဂိုဏ်းတောင် ပြန်တည်ထောင်ဖို့ ဖြစ်နိုင်ခဲ့မှာ မဟုတ်ဘူး”
ခဏမျှ တိတ်ဆိတ်နေပြီးမှ သူက ဆက်ပြောလိုက်သည်။
“အထက်လူကြီးတွေရဲ့ ညစ်ပတ်ယုတ်ညံ့မှုတွေက လက်အောက်ခံလူတွေရဲ့စိတ်ထဲကို အတော်လေးသက်ရောက်မှုရှိတယ် ၊ အများစုက လက်စားချေချင်လို့မဟုတ်ဘဲ ဆန္ဒနဲ့လောဘကြောင့်ပဲ အန္တရယ်များတဲ့လမ်းကို လျှောက်လေ့ရှိကြတာပါ...”
မန်ဝမ်က...
“ရှေ့ဆက်ဖို့ စိတ်အားထက်သန်မှုရှိတာ ၊ ကိုယ်ပိုင်ဆန္ဒရှိတာတွေက မဆိုးပါဘူး ၊ ဒါပေမဲ့ ဘာမဟုတ်တာလေးကြောင့် ကြီးမားတဲ့အစီအစဉ်တွေ ပျက်ဆီးသွားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့”
သူမက ဆက်ပြောလိုက်သည်။
“အခု ကျွန်မတို့ လမ်းမှန်တာအိုဝါဒက ပြန်ပြီးတိုးတက်လာနေပြီ ၊ အားလုံး တစ်စိတ်တည်းတစ်ဝမ်းတည်း စည်းလုံးရမယ့်အချိန်ပဲလေ”
“အဖွဲ့အစည်းတစ်ခုဟာ ခေါင်းဆောင်မရှိရင် ဆက်ပြီးမရှင်သန်နိုင်ဘူး ၊ အခု ဝါဒတောင်ဂိုဏ်းက ကျွန်မတို့ ကောင်းကင်ဘုံကမ္ဘာရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပြီ ၊ သူတို့အင်အားကြီးလေ ကောင်းကင်ဘုံကမ္ဘာလည်း အင်အားကြီးလေပဲ ၊ ဒါဆို ကျွန်မတို့ လမ်းမှန်တာအိုဝါဒလည်း အထွတ်ထိပ်ကာလကို ပိုပြီးမြန်မြန်ရောက်လာမှာပဲ ၊ ဒါက အားလုံးအတွက် အကျိုးရှိတဲ့ကိစ္စပါ”
ထန်ယုံဟောင်က အဝေးသို့လှမ်းမျှော်ငေးကြည့်ရင်း...
“ဟုတ်တယ်... ငါ့ဆရာ ၊ ဆရာလျို ၊ ပြီးတော့ ဝူထုန်တောင်စောင်းသခင် ဆရာမောက်တို့အားလုံးအတွက် အကျိုးရှိတဲ့ကိစ္စပဲပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဝါဒတောင်ဂိုဏ်း ကျရှုံးသွားရင် ငါတို့အားလုံးလည်း ဆိုးဆိုးရွားရွား ထိခိုက်ခံစားကြရမှာပဲ ၊ အထက်ဘုံကမ္ဘာမှာ ကျန်ခဲ့တဲ့သူတွေ ကပ်ဘေးကြုံရသလိုမျိုးပေါ့ ၊ ငါ့ဆရာက ရန်သူက ဘယ်သူလဲဆိုတာ ပြောမပြခဲ့ဘူး ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာရဲ့ ဆိုးရွားတဲ့အဆုံးသတ်က ငါတို့ ကောင်းကင်ဘုံကမ္ဘာကိုလည်း အမြဲတမ်းသတိရှိနေအောင် သင်ခန်းစာယူဖို့ လုံလောက်ပါတယ်”
ထန်ယုံဟောင် သက်ပြင်းချလိုက်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ငရဲကိုးထပ်ရဲ့ခြိမ်းခြောက်မှုကြုံရပြီး မီးတောက်မိစ္ဆာတွေကျူးကျော်လာတုန်းက ဂိုဏ်းတူညီလေး’ဟွမ်ကျိ’ က ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ တခြားသိုင်းဂိုဏ်းတွေကြား ခေါင်းမာမာနဲ့ တိုက်ပွဲဖြစ်အောင်ဖန်တီးခဲ့လဲဆိုတာ ငါ လုံးဝ နားမလည်နိုင်ခဲ့ဘူး”
“နောက်မှ သူတို့က အထက်ဘုံကမ္ဘာရဲ့တည်ရှိမှုကို အစောကြီးကတည်းကသိနေခဲ့ပြီး ကွမ်းမင်ဂိုဏ်းနဲ့ ဆက်ဆံရေးတည်ဆောက်ထားတယ်ဆိုတာ သိခဲ့ရတယ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ထိန်းချုပ်လို့မရတော့ရင် ကွမ်းမင်ဂိုဏ်းက လူတစ်ယောက်ဆင်းလာဖို့ဖိတ်ခေါ်ပြီး မငြိမ်သက်မှုတွေကို ဖြေရှင်းဖို့ လုပ်ခဲ့တာပဲ”
“အကျိုးဆက်တွေကိုလုံးဝမကြောက်ဘဲ ဝါဒတောင်ဂိုဏ်းနဲ့ တခြားဂိုဏ်းတွေကိုဖျက်ဆီးပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ငါတို့ နေသူတော်စင်ဂိုဏ်းကသာ ပထမနေရာဖြစ်ရမယ်လို့ ခိုင်ခိုင်မာမာ သက်သေထူဖို့ လုပ်ခဲ့ကြတာ”
ထန်ယုံဟောင် ခေါင်းခါယမ်းလိုက်သည်။
“အဲဒီတုန်းက ငါ့ကို ဘာမှမသိတဲ့သူဆိုပြီး ဂိုဏ်းတူညီလေး’ဟွမ်’ က လှောင်ရယ်ခဲ့တာ ၊ ဘာကြောင့်လဲဆိုတာ နောက်မှပဲ နားလည်ခဲ့ရတယ် ၊ ဒါပေမဲ့... အခုအခြေအနေက အဲဒီတုန်းကအခြေအနေနဲ့ ဘယ်လောက်များဆင်တူလိုက်သလဲ ၊ ရုတ်တရက် မိုးပေါ်ကနေ လူတစ်ယောက်ဆင်းလာမယ်လို့မျှော်လင့်ပြီး အကျိုးဆက်အားလုံးကိုလျစ်လျူရှုလို့ရတဲ့ အနေအထား လုံးဝမဟုတ်ဘူး ၊ ငါတို့ တာအိုဝါဒရဲ့ လက်ရှိအခြေအနေက အချင်းချင်းစည်းစည်းလုံးလုံးရှိနေမှဖြစ်မှာ ၊ ဒါကသာ တစ်ခုတည်းသောမျှော်လင့်ချက်ပဲ”
မန်ဝမ်က ထန်ယုံဟောင်၏စကားကို တိတ်ဆိတ်စွာ နားထောင်နေသည်။
ပြီးမှ သူမက ပြုံးလိုက်ပြီး...
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတုန်းက ကျွန်မတို့တွေ အပြင်လောကအကြောင်း ဘာမှမသိကြဘူးနော် ၊ အခန်းထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေလိုပဲ ၊ အပြင်လောကက ဒီလောက်ကျယ်ပြန့်မယ်လို့ ဘယ်သူစိတ်ကူးရဲခဲ့ပါ့မလဲ”
ထန်ယုံဟောင်လည်း ပြုံးလိုက်သည်။
“အမှန်ပဲ...”
မန်ဝမ် နောက်သို့လှည့်ကြည့်လိုက်တော့ ကမ္ဘာအလင်းတောင်ထွတ်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
“နေသူတော်စင်ဂိုဏ်း ပြန်လည်တည်ထောင်ခဲ့ပေမဲ့ ရှင်နဲ့ကျွန်မ နှစ်ယောက်လုံး အဲဒီဂိုဏ်းကတပည့်တွေ မဟုတ်ကြတော့ဘူး ၊ အတိတ်က နေသူတော်စင်ဂိုဏ်း ဘယ်လိုပျက်ဆီးသွားလဲဆိုတာ ဘယ်သူမှ မမှတ်မိကြတော့ဘူး”
ယခု သူမက မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးသို့ ရောက်ရှိနေပြီဖြစ်ပြီး ထန်ယုံဟောင်ကတော့ ကျင်းထင်တောင်၏ အဆက်အနွယ်တစ်ယောက် ဖြစ်နေပေပြီ။
“ဆရာလည်း ဘေးကင်းကင်းနဲ့ရှိနေတယ် ၊ ဂိုဏ်းတူအစ်မ’ဖန်း’ ကတော့ ဝါဒတောင်မှာ ရောက်နေပြီ ၊ အရင်တုန်းက ထူးကဲယင်သရဖူအတွက် သူနဲ့ယှဉ်ပြိုင်ရင်း ရှုံးခဲ့ရပေမယ့် တကယ်နောင်တမရခဲ့ပါဘူး ၊ ကျွန်မ အကောင်းဆုံးကြိုးစားခဲ့ပြီးသားပါ”
မန်ဝမ်က တိုးလျစွာဆိုလိုက်သည်။
“ကျွန်မစိတ်ထဲမှာ ဝါဒတောင်နဲ့ ရန်ဘက်မဖြစ်ချင်ခဲ့ဘူး ၊ ဒါပေမဲ့ ကျွန်မ တကယ်ပဲ အဲဒီလိုတွေးခဲ့တာလား... ဒါမှမဟုတ် ဝါဒတောင်ကို ဆန့်ကျင်ရမှာကြောက်နေလို့ အကြောင်းပြချက်ရှာနေမိတာလား မသိတော့ပါဘူး”
ထန်ယုံဟောင် ပြုံးလိုက်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဝါဒတောင် ဒီလောက်အင်အားမကြီးခင်ကတည်းက မင်း သူတို့နဲ့ ရန်ဘက်မဖြစ်ချင်ခဲ့ဘူး မဟုတ်လား”
မန်ဝမ်က သက်ပြင်းချရင်း...
“ဟုတ်တယ်... အရင်တုန်းက ကျွန်မက နေသူတော်စင်ဂိုဏ်းအတွက် တာဝန်မကျေတဲ့တပည့်တစ်ယောက်ပါပဲ”
ထန်ယုံဟောင်က...
“အင်အားမကြီးဘူးဆိုရင်တောင် လုပ်သင့်တဲ့အလုပ်ကိုတော့ လုပ်ရလိမ့်မယ် ၊ ဘယ်လောက်ပဲ အင်အားကြီးကြီး မလုပ်သင့်တဲ့အရာတွေကိုတော့ မလုပ်ရဘူး ၊ တချို့အလုပ်တွေက မလုပ်ဘဲနေလိုက်တာ ပိုပြီးကောင်းတယ်”
ထိုစကားကြားတော့ မန်ဝမ်က ရယ်မောလိုက်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မဟုတ်တော့ပေမယ့်... ဘယ်လောက်ပဲနှစ်တွေကြာပါစေ... အစ်ကိုက လုံးဝ မပြောင်းလဲဘူးနော်”
ထန်ယုံဟောင်လည်း ရယ်မောလိုက်သည်။
“ငါ့မှာထူးချွန်တာဆိုလို့ အဲဒါတစ်ခုတည်းရှိတာလေ”
နှစ်ယောက်သား စကားပြောရင်း ကျင်းထင်တောင်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏ အရှေ့ဘက်ကုန်းမြေက အလွန်ကျယ့်ပြန့်သော်လည်း ကမ္ဘာအလင်းတောင်ထွတ်နှင့် ကျင်းထင်တောင်ကတော့ သိပ်မဝေးလှပေ။
သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ချက်ချင်းရောက်အောင် သွားနိုင်ပေသည်။
ကျင်းထင်တောင်ကိုရောက်တော့ မထင်မှတ်ဘဲ အလွန်စည်ကားလျှက်ရှိသည်ကိုတွေ့ရသည်။
ချောင်ကျယ်ကိုဂုဏ်ပြုရန် နေရာအနှံမှ လူအများအပြား ရောက်ရှိလာကြသည်ပင်။
ထန်ယုံဟောင်နှင့် မန်ဝမ်ရောက်လာတော့ ဝူထုန်တောင်စောင်းသခင်’မောက်ယွမ်ရှန်း’ ရောက်နှင့်နေသည်ကို တွေ့ရသည်။
အထက်ဘုံကမ္ဘာတွင်ရှိစဉ်က ဖြစ်ပွားခဲ့သော ဝူထုန်တောင်စောင်းနှင့် ကျင်းထင်တောင်ကြားမှ ရန်ငြိုးရန်စက လုံးဝပျောက်ကွယ်သွားပေပြီ။
မန်ဝမ်နှင့်ထန်ယုံဟောင် မျက်လုံးချင်းဆုံလျှက် ကျေနပ်စွာပြုံးလိုက်ကြသည်။
ထို့နောက်မှာတော့ ကျင်းထင်တောင်၏ အတွင်းစည်းတပည့်ဖြစ်သော ထန်ယုံဟောင်က ဧည့်သည်များကို ဧည့်ဝတ်ကျေစွာကြိုဆိုရင်း အလုပ်များသွားတော့သည်။
ခဏအကြာမှာတော့ နောက်ထပ်ဧည့်သည်များ ထပ်မံရောက်ရှိလာပြီး နေရာတစ်ခုလုံး ဆူညံသွားသည်။
ဝါဒတောင်မှလူများ ရောက်ရှိလာခြင်းပင်။