ဝါဒတောင်၏ဂိုဏ်းချုပ်အသစ်
Vol. 110 Ch. 1543
မန်ဝမ်က အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ဝါဒတောင်ဂိုဏ်း၏ဝတ်စုံများ ဝတ်ဆင်လာသည့်လူတစ်စု ကျင်းထင်တောင်ပေါ်သို့ တက်လာသည်ကို တွေ့မြင်ရသည်။ ကျင်းထင်တောင်မှ တပည့်များက သူတို့ကို ကြိုဆိုလျှက် ခေါ်ဆောင်လာကြခြင်းပင်။
အဖွဲ့ကိုဦးဆောင်လာသူက အရပ်မြင့်မြင့် လူရွယ်တစ်ယောက်ဖြစ်သည်။ သူ၏မျက်ဝန်းများက အလွန်တည်ကြည်ပြီး အမူအရာက သူရဲကောင်းဆန်လွန်းသည်။
မန်ဝမ်ကတော့ ထိုလူရွယ်နှင့် အတော်လေး ရင်းနှီးသည်ပင်။
သူက ဝါဒတောင်ဂိုဏ်းချုပ်’ရွှီဖေး’ ပင် မဟုတ်ပါလား။
နတ်ဘုရားထောင်ချောက်ဓားကို ရယူပြီးသည့်နောက် ဝါဒတောင်ဂိုဏ်းချုပ်’ရန်တိ’ က ချက်ချင်းပင် တာဝန်ခန်းမ၏ ပထမထိုင်ခုံအကြီးအကဲ’ရွှီဖေး’ ကို ဂိုဏ်းချုပ်ရာထူး လွှဲအပ်ပေးခဲ့သည်။
သူကတော့ ကျင့်ကြံခြင်းတွင်သာ ပိုပြီးအာရုံစိုက်နေခဲ့၏။
ဤသည်က ကောင်းကင်ဘုံကမ္ဘာတွင် အလွန်အရေးပါသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်ပင်။
မန်ဝမ်က ဖခင်ဖြစ်သူ ‘ဖုယွင်ချီ’ နှင့်အတူ ဝါဒတောင်သို့ သွားရောက်လည်ပတ်စဉ်က ရွှီဖေးက ဝါဒတောင်အစဉ်အလာအတိုင်း လိုက်နာပြီး ယခင် ‘ကောင်းကင်ဂဠုန်’ ဟူသော ဘွဲ့အမည်မှ ‘ကောင်းကင်ထက်ယံ ပျံသန်းဂဠုန်’ ဆိုသော ဘွဲ့အမည်အား ပြောင်းလဲခဲ့သည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်ပင်။
ရွှီဖေးက ဝါဒတောင်၏ တတိယမျိုးဆက်တပည့်တစ်ယောက်ဖြစ်ပြီး ဝါဒတောင်နှင့်ပတ်သက်သော ကြီးလေးသည့်တာဝန်များစွာကို ထမ်းဆောင်ခဲ့သည်။
သို့သော် အပြင်လူများအတွက်တော့ နာမည်ကြီးများဖြစ်သော ရန်ကျောက်ကဲ ၊ ရန်တိ ၊ ဖန်းယွင်ရှန်းတို့နှင့် နှိုင်းယှဉ်လျှင် ရွှီဖေးက အရေးမပါသည့်ပမာ လူသိနည်းခဲ့သည်။
သူက ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာ ပိုင်ဆိုင်ထားသည်ကိုလည်း မည်သူမှ မသိရှိခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ ရွှီဖေး ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် ဝါဒတောင်၏တိုးတက်မှုက ကျဆင်းမသွားဘဲ ပြီးပြည့်စုံစွာ ဆက်လက်တည်ရှိနေခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ ရွှီဖေး၏အစွမ်း ပိုမိုပြသနိုင်လာပြီး သူ၏ဂုဏ်သတင်းလည်း ပိုမိုကျော်ကြားလာခဲ့သည်။
ယနေ့အချိန်မှာတော့ ရွှီဖေးကို စစ်မှန်သော တန်ခိုးစွမ်းအားရှင်တစ်ယောက်အဖြစ် လူတိုင်းက လက်ခံနေကြပေပြီ။
သူ၏လွှမ်းမိုးနိုင်စွမ်းမြင့်မားခြင်းက ဝါဒတောင်၏ဂိုဏ်းချုပ်အသစ်ဖြစ်ခြင်းထက် သူ့ကိုယ်ပိုင်အရည်အချင်းများကြောင့် ဖြစ်၏။
ကျင်းထင်တောင်နှင့် ကြာပန်းနီကမ်းပါးကဲ့သို့သော ဝါဒတောင်နှင့်ရင်းနှီးသည့် ထိပ်တန်းသိုင်းဂိုဏ်းကြီးများက ရွှီဖေး၏ ချီထျန်းမဟာသူတော်စင်ရွှေခန္ဓာ မည်မျှစွမ်းအားပြင်းထန်ကြောင်း သိရှိထားကြသည်။
ရွှီဖေးနှင့် ရင်းနှီးပြီးသားဖြစ်သော ထန်ယုံဟောင်က ပြုံးရွှင်စွာဖြင့် ရွှီဖေးအား နှုတ်ဆက်စကားဆိုလိုက်သည်။
“ဆရာ့ကိုယ်စား ရွှီဂိုဏ်းချုပ်ကို ကြိုဆိုပါတယ်ဗျာ”
ဝါဒတောင်တွင် ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဖန်းယွင်ရှန်းတို့က ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားကြသည်။
ထိုသူများ ကျင်းထင်တောင်သို့ လာရောက်မည်ဆိုပါ လူတိုင်း၏အာရုံစိုက်မှုကို ခံရပေမည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သူများ လာရောက်ပါကလည်း ဝါဒတောင်ဂိုဏ်းက မာန်တက်ပြီးရိုင်းစိုင်းသည်ဟု ထင်မြင်သွားနိုင်သည်။
ချောင်ကျယ်ဆိုသည်က အထက်ဘုံကမ္ဘာမှာကတည်းက နာမည်ကြီးပြီးသား ကျင့်ကြံသူတစ်ဘောက်ဖြစ်သည်။
သူ့ပုံစံက လူရွယ်တစ်ယောက်ပမာ နုပျိုနေသည့်တိုင် သူ့အသက်အရွယ်နှင့်ဝါစဉ် ဝါဒတောင်ဂိုဏ်းမှလူတိုင်းထက် ပိုမိုကြီးမားသည်။
ရွှီဖေးက ငယ်ရွယ်သည့်တိုင် လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်ဖြစ်သည်။
ယခု သူကိုယ်တိုင်ရောက်လာပြီး ချောင်ကျယ်အား ဂုဏ်ပြုသည်ဖြစ်ရာ ဝါဒတောင်က ကျင်းထင်တောင်အား လုံလောက်သည့်လေးစားမှု ပြသလိုက်ခြင်းပင်။
ရွှီဖေး၏နာမည်ဂုဏ်သတင်းက ကြီးမားသည်ဆိုသော်လည်း ရန်ကျောက်ကဲနှင့် ရန်တိတို့ထက် နိမ့်ပါးနေသေးသည်။ ထို့ပြင် သူက ‘ရန်’ သားအဖထက် သိုသိုသိပ်သိပ်နေလေ့ရှိသောကြောင့် ယနေ့ ဂုဏ်ပြုပွဲအခမ်းအနားကို လူအများအာရုံစိုက်ခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။
ရွှီဖေးကဲ့သို့ပင် သိုသိုသိပ်သိပ်နေထိုင်ပြီး ရိုးဖြောင့်သူတစ်ယောက် ရှိနေသေးသည်။ ထိုသူက ဝါဒတောင်၏ဂိုဏ်းချုပ်ဟောင်း’ယွမ်ကျန်းဖုန်း’ ပင် ဖြစ်၏။
ရန်တိနှင့် ရန်ကျောက်ကဲမဟုတ်ဘဲ ဝါဒတောင်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ယွမ်ကျန်းဖုန်းသည်လည်း သင့်တော်ပေသည်။
သို့သော် ယွမ်းကျန်းဖုန်းက တံခါးပိတ်ကျင့်ကြံနေသဖြင့် ချောင်ကျယ်အား ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုနိုင်ခြင်း မရှိခဲ့ပေ။
ရွှီဖေးက ပြုံးလိုက်ရင်း...
“အစ်ကိုထန်နဲ့ ကျင်းထင်တောင်က မိတ်ဆွေတွေအားလုံးက ယဉ်ကျေးလွန်းနေပါပြီဗျာ ၊ ကျွန်တော်က ခင်ဗျားတို့ကို ဒုက္ခပေးသလို ဖြစ်နေပါပြီ”
သူ့ဘေးနားတွင်ရှိသော ဝါဒတောင်မှ ကျင့်ကြံသူများသည်လည်း ကျင်းထင်တောင်မှလူများအား အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။
ထန်ယုံဟောင်က ဝါဒတောင်မှအုပ်စုကို အကဲခတ်လိုက်တော့ ရင်းနှီးသောမျက်နှာအချို့ကို တွေ့လိုက်ရသည်။
သိမ်မွေ့ဟန်ရှိသော လူငယ်တစ်ယောက်က ထန်ယုံဟောင်အား လက်နှစ်ဆုပ်ဂါရဝပြုရင်း...
“အရင်တုန်းက ဂိုဏ်းတူအစ်ကို’ကျန်း’ ပြောတာ ကြားဖူးတယ် ၊ အစ်ကိုထန်က သိုင်းသူတော်စင်နဝမအဆင့်ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်တဲ့ ၊ ဒီတော့ ကျွန်တော်က ကြိုတင်ပြီး ဂုဏ်ပြုထားပါရစေ”
ထန်ယုံဟောင်က ပြုံးလိုက်ရင်း...
“ခြေတစ်လှမ်းလောက်ပဲလိုတယ်ဆိုတာ ချဲ့ကားပြောဆိုတာပါ ၊ ဒါပေမဲ့ မင်းရဲ့ဂုဏ်ပြုစကားကိုတော့ ကျုပ်စိတ်ထဲ မှတ်သားထားပါ့မယ်”
ထိုလူငယ်က ရန်ကျောက်ကဲ ၊ ရွှီဖေးတို့နှင့် မျိုးဆက်တူညီသည့် ဝါဒတောင်တပည့် ‘ဖုန်းမော့ယန်’ ဖြစ်သည်။
ဖုန်းမော့ယန်ကို အပြင်လူများ သိပ်မသိကြသော်လည်း ဝါဒတောင်တွင်တော့ သူ၏ရာထူးနှင့်ဂုဏ်သတင်းက အလွန်ကျော်ကြားသည်။
ဖုန်းမော့ယန်က နတ်ဘုရားသိမြင်ခြင်းအဆင်တွင်သာ ရှိသေးသော်လည်း အဂ္ဂိရတ်ပညာ ၊ ဆေးလုံးဖော်စပ်ခြင်းနှင့် ဆေးဝါးပညာအပြင် ဆေးပင်များစိုက်ပျိုးခြင်းတွင်လည်း အလွန်ထူးချွန်သည်။
ထို့ပြင် သူက ဂိုဏ်း၏အတွင်းရေးကိစ္စများကိုလည်း များစွာတာဝန်ယူထားရသူ ဖြစ်၏။
ကျင်းထင်တောင်သခင်’ချောင်ကျယ်’ က ဆေးလုံးပြုလုပ်ခြင်းကို အလွန်အလေးထားသည်။ ထို့ကြောင့် ကျင်းထင်တောင်တစ်ခုလုံးသည်လည်း ဆေးလုံးပညာရပ်နှင့် အဂ္ဂိရတ်ပညာတွင် ကျွမ်းကျင်ကြ၏။
ဝါဒတောင်ကလည်း ဤနယ်ပယ်တွင် ကျင်းထင်တောင်နှင့် အပြန်အလှန်ဆက်သွယ်မှုများရှိသည်ဖြစ်ရာ ဖုန်းမော့ယန်က ကျင်းထင်တောင်မှလူများနှင့် ရင်းနှီးကျွမ်းဝင်လေသည်။
ဖုန်းမော့ယန်၏ကျင့်ကြံခြင်းအဆင့်က ထန်ယုံဟောင်ထက်နိမ့်ကျသော်လည်း အခြားသူ၏ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြောဆိုခြင်းက လူမှုဆက်ဆံရေးတွင် ပြဿနာမရှိလှပေ။
ရန်ကျောက်ကဲကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် အစွန်းရောင်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းမှတပည့်များ တိုက်ခိုက်ကြစဉ်က ထန်ယုံဟောင်၏ပြိုင်ဘက်မှာ သူ့ရှေ့တွင်ရှိနေသည့် ရွှီဖေးပင် ဖြစ်သည်။
ထိုစဉ်အချိန်က မျိုးဆက်တူများထဲတွင် သူတို့က အထူးချွန်ဆုံးပါရမီရှင်များ ဖြစ်ကြ၏။
နောက်ပိုင်း ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းသာမက ရွှီဖေးနှင့် ထန်ယုံဟောင်တို့၏ကံကြမ္မာသည်လည်း အလှည့်အပြောင်းများစွာ ကြုံတွေ့ခဲ့ရသည်။
ထန်ယုံဟောင်အတွက် လွယ်ကူခဲ့သည် မဟုတ်ပေ။
အတက်အကျ အနိမ့်အမြင့်များစွာကိုဖြတ်ကျော်ပြီးနောက် နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်ရင်း ကျင့်ကြံခြင်းကိုလည်း အာရုံစိုက်ခဲ့ရသည်။
ကျင်းထင်တောင်၏ သိုင်းပညာအမွေအနှစ်နှင့် ပတ်ဝန်းကျင်က နေသူတော်စင်ဂိုဏ်းထက် များစွာသာလွန်သည်။
ထန်ယုံဟောင်က ချောင်ကျယ်၏ အတွင်းစည်းတပည့်ဖြစ်လေရာ ကျင်းထင်တောင်တွင် သူ၏ဂုဏ်သတင်းနှင့်ရာထူးက ထင်ရှားသည်။
သို့ပေသိ သူ လက်ရှိအနေအထားသို့ ရောက်ရှိလာခြင်းမှာ ထန်ယုံဟောင်၏ ပါရမီနှင့် ကြိုးစားအားထုတ်မှုနှင့် အများကြီး သက်ဆိုင်၏။
ထို့ကြောင့် အထက်ဘုံကမ္ဘာတွင်ဖြစ်စေ ကောင်းကင်ဘုံကမ္ဘာတွင်ဖြစ်စေ လူအများက သူ့ကို အမြဲတမ်း ချီးကျူးကြသည်ပင်။
အဘယ်ကြောင့်ဆိုသော် ထန်ယုံဟောင် အထက်ဘုံကမ္ဘာသို့ရောက်ရှိပြီးနောက် ကျင်းထင်တောင်သို့ မဝင်ရောက်နိုင်သေးဘဲ အချိန်အတန်ကြာအောင် နှောင့်နှေးခဲ့ရသေးသည်။
နောက်ပိုင်းတွင်လည်း နေသူတော်စင်ဂိုဏ်း ပြန်လည်တည်ထောင်ရန်အတွက် ကျင့်ကြံခြင်းပတ်ဝန်းကျင်ညံ့ဖျင်းသော အစွန်းရောက်ရှစ်ပါးကမ္ဘာ သို့ အချိန်အတန်ကြာ ပြန်သွားခဲ့ရသည်။
ယခုအခါမှာတော့ ထန်ယုံဟောင်က ကောင်းကင်ဘုံကမ္ဘာနှင့် အရှေ့ဘက်ကုန်းမြေတွင် နာမည်ကြီးတစ်ယောက် ဖြစ်နေခဲ့ပေပြီ။
သူ၏ အသက်အရွယ်နှင့် လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို နှိုင်းယှဉ်ကြည့်လျှင် အနာဂတ်က အကန့်အသတ်မရှိသည်မှာ သိသာထင်ရှားသည်။
သို့ရာတွင်...
ရွှီဖေးနှင့် နှိုင်းယှဉ်လျှင်တော့ သူက နောက်ကျကျန်ရစ်ခဲ့ပြီ ဖြစ်၏။
ရွှီဖေးက သူ၏ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာကို အချိန်အများစုတွင် ဖုံးကွယ်ထားတတ်သော်လည်း သူ၏ကျင့်ကြံခြင်းကတော့ တိုးတက်လျှက်ရှိသည်။
အင်အားကြီးမားသော ချီထျန်းမဟာသူတော်စင်ရွှေခန္ဓာက ရွှီဖေး၏ကျင့်ကြံခြင်းအပေါ် များစွာလွှမ်းမိုးထားပေသည်။
သူ့ကို ရုတ်တရက်ကြည့်လိုက်လျှင် သေမျိုးလူသားအဆင့်တွင်သာ ရှိနေသေးပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ဆင်တူခြင်း မရှိပေ။
သို့သော် ထန်ယုံဟောင်ကဲ့သို့ ကျင်းထင်တောင်မှတပည့်များကိုအသာထား ၊ ချောင်ကျယ်သည်ပင် ရွှီဖေး၏ လက်ရှိတန်ခိုးစွမ်းအားကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။
သူ၏ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာကို အသုံးပြုနိုင်စွမ်းရှိခြင်းက ပို၍ပင် ခန့်မှန်းမရအောင် ဖြစ်စေသည်။
“အရှေ့ဘက်တောင်တန်းမှပါရမီရှင်(၄)ယောက်” ဟု ကျော်ကြားသော ဝါဒတောင်တပည့်(၄)ယောက်တွင် စစ်ခုန်ချင်း ၊ ယင်လုန်ထူနှင့် ရှကွမ်းတို့က သိုင်းသူတော်စင်နဝမအဆင့်သို့ ရောက်ရှိနေကြပေပြီ။
သို့ဖြစ်ရာ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏ ဦးဆောင်သူအဖြစ် ဝါဒတောင်က အခြားသောသိုင်းဂိုဏ်းများထက် သာလွန်သည့်အနေအထားတွင် ရှိသည်။
ကျင်းထင်တောင်မှ ရရှိသော သတင်းများအရဆိုလျှင် ထို(၃)ယောက်က နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းစုဆောင်းထားမှုများဖြင့် မကြာခင် လူသားအထွတ်အထိပ်အဆင့်သို့ တက်ရောက်ကြတော့မည် ဖြစ်၏။၊
လက်ရှိမှာတော့ သူတို့၏အခြေအနေကို သိရှိရခြင်း မရှိသေးပေ။
သူ့ထက်အသက်ငယ်ရွယ်သည့် ရွှီဖေး ၊ စစ်ခုန်ချင်း ၊ ယင်လုန်ထူတို့နှင့်ယှဉ်လျှင် ထန်ယုံဟောင်က အနည်းငယ် နောက်ကျကျန်ခဲ့သလို ရှိသည်။
သို့ပေသိ ထန်ယုံဟောင်က ထိုအကြောင်းကို စိတ်ထဲမထားခဲ့ပေ။
လူတိုင်းက ကိုယ့်ကံနှင့်ကိုယ်ပဲ မဟုတ်ပါလား။
သူသာ အတိတ်တစ်ချိန်က ဇာမဏီအရိုးကို ကောက်ယူခဲ့ခြင်းမရှိလျှင် ကျင်းထင်တောင်နှင့် ဝူထုန်တောင်စောင်း၏ ပဋိပက္ခထဲ ပါဝင်ပတ်သက်မိမည်မဟုတ်လို ကျင်းထင်တောင်သို့လည်း လွယ်ကူစွာ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ထန်ယုံဟောင်စိတ်ထဲ ခံစားချက်များ လှုပ်ခတ်သွားသည်။
“အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ရှိတုန်းကဆိုရင်... ငါတို့ဂိုဏ်းရဲ့ဘိုးဘေးတွေ စိတ်ကျေနပ်စေဖို့အတွက်နဲ့ နေသူတော်စင်ဂိုဏ်းရဲ့သိုင်းပညာကို ဖြန့်ဝေနိုင်ဖို့အတွက် သိုင်းသူတော်စင်အဆင့်ရောက်ဖို့ပဲ မျှော်လင့်ခဲ့မိတာ ၊ အခုလိုမျိုး အမတကူးပြောင်းခြင်းအဆင့်ထိ တက်လှမ်းနိုင်မယ်လို့ တစ်ခါမှတောင် အိပ်မက်မမက်ခဲ့ဖူးဘူး”