← Chapters

ကမ္ဘာကြီးကိုပြောင်းလဲမည်

Vol. 110 Ch. 1544

ကမ္ဘာကြီးကိုပြောင်းလဲမည်

Vol. 110 Ch. 1544

ထန်ယုံဟောင်၏စကားကြောင့် ရွှီဖေး ပြုံးလိုက်သည်။

“အဲဒီတုန်းက အထက်ဘုံကမ္ဘာလိုမျိုး ပိုပြီးကျယ်ပြန့်တဲ့နေရာတစ်ခုရှိနေမယ်လို့ ငါတို့တွေ မသိခဲ့ကြဘူးလေ”

ဖုန်းမော့ယန်၏ မျက်နှာထက်တွင်လည်း အတိတ်ကို လွမ်းဆွတ်သည့် အမူအရာများ ပေါ်လာသည်။

လက်ရှိတွင် သူက သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူနှင့် သက်တူရွယ်တူများဖြစ်သည့် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရွှီဖေး၊ ယင်လုန်ထူ တို့နှင့်နှိုင်းယှဉ်လျှင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသော်လည်း ဖုန်းမော့ယန်က သူ၏ဖခင်ဖြစ်သူ ဖုန်းချီကိုတော့ ကျော်တက်သွားခဲ့ပေပြီ။

ယခု အစွန်းရောက်ရှစ်ပါးကမ္ဘာရှိဝါဒတောင်တွင် ဂိုဏ်းချုပ်ဟူ၍ မရှိတော့ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်ကို ဘိုးဘေးအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး အတိတ်တစ်ချိန်က ဘိုးဘေးများကို ဂါရဝပြုရန်နေရာအဖြစ်သာ ထားရှိတော့သည်။

ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာကို ထိန်းချုပ်ထားခြင်းအား စွန့်လွှတ်လိုက်ပြီး ဘိုးဘေးအမွေအနှစ်ကို သန့်ရှင်းရေးပြုလုပ်ပေးရန် လူအနည်းငယ်ကိုသာ ချန်ထားခဲ့သည်။

ဝါဒတောင် မျိုးဆက်တပည့်တိုင်း၏ သင်္ချိုင်းမြေဖြစ်သော ‘ကောင်းကင်ဘုံရေကန်’ ကိုပင် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်သည်။

ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသိမ်းပိုက်ထားခြင်းကို ရပ်တန့်လိုက်ပြီး ထိုကမ္ဘာကို သူ့အလိုလျောက် ဖွံ့ဖြိုးတိုးတက်ခွင့် ပေးထားလိုက်ပေပြီ။

ခြေထောက်ခြောက်ချောင်းမြွေပျံမျိုးနွယ်များက ချန်စန်းရှင်းဟိုင်စကြာဝဠာမှ မီးလျှံနဂါးကမ္ဘာကို ထိုက်ဟွာနတ်ဘုံငယ်ဟု ပြောင်းလဲခဲ့သည့်ပမာ ဖြစ်သည်။

စောမင်ကျန့်ထွက်ခွာသွားသည်မှာ နှစ်ပေါင်းများစွာကြာပြီးနာက် သူတို့က ကမ္ဘာကိုပြောင်းလဲခဲ့ကြသော်လည်း စောမင်ကျန့်မိဘများ၏ ဂူဗိမာန်ကိုတော့ ကြည့်ရှုစောင့်ရှောက်ပေးထားခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင် ဘိုးဘေးခန်းမကိုတော့ စောင့်ရှောက်မည့်သူမရှိလျှင်တောင် မည်သူကမှ ဝင်ရောက်နှောက်ယှက်ရဲမည် မဟုတ်ပေ။

ဘိုးဘေးများ၏ဂုဏ်သိက္ခာအတွက်သာ လူအချို့ကို စောင့်ကြပ်ခိုင်ထားခြင်း ဖြစ်၏။

လက်ရှိတွင် ဝါဒတောင်က ပိုမိုမြင့်မားသည့် ကောင်းကင်ဘုံကမ္ဘာတွင် ဦးဆောင်သူများ ဖြစ်နေပေပြီ။

ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်ဂိုဏ်းချုပ် ဖုန်းချီသည်လည်း ထိုနေရာတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ဘဲ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာသို့ ပြောင်းရွှေ့လာခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာကို မည်မျှပင် ပြန်လည်ပြုပြင်စေကာမူ ထိုကမ္ဘာ၏ ဝိညာဉ်ချီစွမ်းအား သိပ်သည်းဆက ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာထက် နိမ့်ကျနေဆဲပင် ဖြစ်၏။

ကျင့်ကြံသူတစ်ယောက်အတွက် ကောင်းကင်ဘုံကမ္ဘာကသာ အသင့်တော်ဆုံး ဖြစ်သည်။

ဖုန်းချီက သားဖြစ်သူ ဖုန်းမော့ယန်လောက် ပါရမီ မရှိပေ။

သို့သော် ဝါဒတောင်ဂိုဏ်း၏ ထူးခြားသော ပတ်ဝန်းကျင်နှင့် ပေါများလှသည့် ရင်းမြစ်များကြောင့် သိုင်းသူတော်စင် တတိယအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။

သူသာ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဆက်နေမည်ဆိုလျှင် နတ်ဘုရားသိမြင်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်မည်လား၊ ကိုယ်ပိုင်အင်အားဖြင့် အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ တက်လှမ်းနိုင်မည်လားဆိုသည်ကတော့ ယနေ့ထိတိုင် မသိနိုင်သည့် ပ‌ဟေဠိတစ်ခုသာပင်။

သို့ပေသိ အထက်ဘုံကမ္ဘာတွင်သာ နေထိုင်မည်ဆိုလျှင် ဖုန်းချီ၏ လက်ရှိကျ့င်ကြံခြင်းအဆင့်က ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်သည့် ဧကရာဇ်တစ်ပါးပမာ ကြောက်မက်ဖွယ်ရာ ဖြစ်နေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ရှေးယခင်အချိန်ကဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ ကိုယ့်အရည်အချင်းနှင့်ကိုယ် တက်လှမ်းလာနိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။

ဖုန်းမော့ယန်က ပြုံးလိုက်ရင်း...

“ဒီလောက်ကျယ်ပြန့်တဲ့ ပြင်ပလောကကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး ၊ ဂိုဏ်းတူအစ်ကို’ရန်’ ရဲ့ အကူအညီသာ မရခဲ့ဘူးဆိုရင် ငါတို့ထဲကအများစု တစ်သက်လုံး ဒီလောက်မြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်ကြမှာမဟုတ်ဘူး ၊ ဒီလောက်ကြီးကျယ်တဲ့ ရှုမျှော်ခင်းတွေကိုလည်း တွေ့မြင်ခွင့်ရမှာမဟုတ်ဘူးဆိုတာ သေချာတယ်”

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတို့နှင့် နှိုင်းယှဉ်လျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာက လုံးဝ ခြောက်ကပ်နေသည့်ပမာ ထင်မှတ်ရသည်။

ဝိညာဉ်စွမ်းအားသိပ်သည်းဆဖြစ်စေ ၊ ရင်းမြစ်ပေါများမှုဖြစ်စေ အစွန်းရောက်ရှစ်ပါးကမ္ဘာက များစွာနိမ့်ကျလေသည်။

ရန်ကျောက်ကဲတို့က များစွာပြုပြင်ပြောင်းလဲပေးခဲ့သဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ပတ်ဝန်းကျင်က များစွာတိုးတက်ကောင်းမွန်လာခဲ့ခြင်း ဖြစ်၏။

ထို့ပြင် အဖိုးတန်ရင်းမြစ်များ ပို့ဆောင်ပေးထားသဖြင့် အတိတ်က ပျောက်ကွယ်သွားပြီဟုထင်မှတ်ရသော ရင်းမြစ်ပစ္စည်းများသည်ပင် ထိုကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထို့ပြင် အဆင့်မြင့်ဆုံး သိုင်းကျမ်းကျင့်စဉ်များကိုလည်း ပေးအပ်ထားခဲ့သည်။

ထိုအရာများ၏ အကူအညီဖြင့်ဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်မှာပင် ကျင့်ကြံပါက ကျင့်ကြံခြင်းအရှိန်အဟုန် များစွာမြန်ဆန်လာနိုင်သည်။

ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းကန့်သတ်ချက်အတွင်း တိုးတက်မှုရရှိလာနိုင်ပြီး ပိုမိုမြင့်မားသည့် အလားအလာများဆီသို့ ကြိုးပမ်းခွင့်လည်း ပေးစွမ်းနိုင်လိမ့်မည်။

“အသက်(၃၀)မတိုင်မီ သိုင်းပညာရှင်အဆင့်သို့ မရောက်ရှိပါက သိုင်းဆရာသခင်အဆင့်သို့ရောက်ရှိရန် လုံးဝမျှော်လင့်ချက်မရှိ” ဟု ပြောဆိုလေ့ရှိကြသည်။

သို့သော် အခြေအနေများ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ တိုးတက်ခွင့်ရသူများလည်း ပိုမိုများပြားလာနိုင်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရန်တိ၊ ယင်လုန်ထူ၊ ရန်ကျောက်ကဲတို့မှာ အလွန်ထူးခြားသော ပါရမီရှင်များဖြစ်ကြပြီး မည်သည့်အခြေအနေမျိုးတွင်ဖြစ်ပါစေ အခြားသူများအနေဖြင့် သူတို့ကိုယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု ယူဆခဲ့ကြသည်။

သို့သော် ယခု သူတို့ထက် စံချိန်ချိုးသူ မြောက်မြားစွာ ထွက်ပေါ်ခဲ့သည်။

ထိုသို့စံချိန်ချိုးသူများက ဘိုးဘေးများထက် ပိုမိုထူးချွန်၍များလား...။

ထိုသို့မဟုတ်ပေ။

အများစုမှာ နေထိုင်မှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာခြင်း ၊ အတားအဆီးများ နည်းပါးလာခြင်းကြောင့် ဖြစ်ကြ၏။

ယခုဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင် ၊ သိုင်းဆရာသခင် ၊ သိုင်းပညာရှင် အရေအတွက်များ လွန်စွာများပြားနေပြီး ၊ ထိုသူများ၏ ပျမ်းမျှအသက်အရွယ်မှာလည်း အတော်လေး ငယ်ရွယ်ကြသေးသည်။

ဝါဒတောင်သာမက ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်း ၊ လှိုင်းနက်ဂေဟာ၊ ပြန်လည်တည်ထေင်ထားသော နေသူတော်စင်ဂိုဏ်း စသည်တို့မှပင် ထူးချွန်သူများ အဆက်မပြတ် ပေါ်ထွက်လာပြီး ကိုယ်ပိုင်စွမ်းအားဖြင့် ကောင်းကင်ဘုံကမ္ဘာသို့တက်လှမ်းလာသူများ မနည်းလှတော့ပေ။

ရှေးယခင်နှစ်များကဆိုလျှင် ထိုသို့သောမြင်ကွင်းမျိုး လုံးဝ တွေ့မြင်နိုင်မည် မဟုတ်ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာ သမိုင်းကြောင်းထဲမှ ဂန္ထဝင်ပုဂ္ဂိုလ်များဖြစ်သည့် ကျန်းဒေါင်ဂီ ၊ ကျန်းရှီလော့ ၊ ကျန်းချောင် ၊ ဟွမ်ကွမ်လီနှင့် အခြားသူများ အသက်ရှင်နေဦးမည်ဆိုလျှင် ယခုကဲ့သို့သော ပတ်ဝန်းကျင်အနေအထား ၊ ရင်းမြစ်ပစ္စည်းများဖြင့် ပေါင်းစပ်လိုက်ပါက ထိုသူများအနေဖြင့် ထိပ်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ နောက်ဆုံးမှာတော့ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ရပေမည်။

ကံဇာတ်ဆရာဆိုသည်က လူတစ်ယောက်ကို လက်ဖဝါးထက်သို့တင်ပြီး ကစားနိုင်စွမ်းရှိသူ ဖြစ်သည်။

ရွှီဖေးက...

“အရင်တုန်းက ငါတို့ကျင့်ကြံခဲ့တဲ့ကျင့်စဉ်တွေနဲ့ သက်တမ်းအကန့်အသတ်ကိုနှိုင်းယှဉ်ကြည့်ရင်... မင်းက သိပ်ကိုငယ်ရွယ်ပါသေးတယ်... ၊ အတိတ်ကိုပြန်လွမ်းဆွတ်နေရမယ့်အရွယ်ကို မရောက်သေးပါဘူးကွာ...”

သူက ဆက်ပြောလိုက်သည်။

“ကမ္ဘာကြီးကို ဒီလိုအပြောင်းအလဲတွေဖြစ်လာအောင် ငါတို့ညီအစ်ကိုတွေ ကြိုးစားလုပ်ဆောင်ခဲ့ကြတာပဲ မဟုတ်ဘူးလား ၊ ငါကိုယ်တိုင်က သိပ်ပြီးပါဝင်နိုင်ခဲ့တာ မရှိပေမယ့်... ဒါတွေအားလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အနည်းအကျဉ်းကူညီခွင့်ရခဲ့တာကလည်း ဂုဏ်ယူစရာပဲ မဟုတ်ဘူးလား”

ထိုစကားကြားတော့ ထန်ယုံဟောင်လည်း အတော်လေး ဂုဏ်ယူသွားမိသည်။

“ဟုတ်တယ် ၊ အပြောင်းအလဲတွေက အဆုံးသတ်ကိုမရောက်သေးဘူး ၊ ဆက်ဖြစ်နေတုန်းပဲ ၊ ငါတို့တွေ ပိုကောင်းတဲ့အရာတွေဖြစ်လာအောင် ကြိုးစားနိုင်သေးတယ် ၊ မဟာကပ်ဘေးကြီးမတိုင်ခင် အကောင်းဆုံးအခြေအနေမျိုး ပြန်ရရှိအောင် ကြိုးစားဖို့ မျှော်လင့်ချက်ရှိနေပါ‌သေးတယ်”

သူ၏စကားများက အခြေအမြစ်မရှိသောစကားများ မဟုတ်ပေ။

လက်ရှိတွင် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာက အားမွေးနေဆဲအဆင့်မှာပင် ရှိနေသေးသည်။ သို့သော် အခြေခံအုတ်မြစ်အလွန်ခိုင်မာပြီး ကနဦးပုံစံအချို့ ထင်ရှားစွာပေါ်လွင်နေပြီ ဖြစ်၏။

လွန်ခဲ့သော အနှစ်(၅၀)အတွင်း နတ်ဘုရားတံခါး တွန်းဖွင့်နိုင်ခဲ့သူများမှာ လျိုကျန်းကူ၊ ရွှယ်ချူးချင်၊ ချောင်ကျယ်တို့ (၃)ယောက်သာ ရှိခဲ့သည်။

သို့သော် အမြင်ကို အနည်းငယ်လျှော့ချပြီးကြည့်မည်ဆိုလျှင် သိုင်းသူတော်စင်အဆင့် တန်ခိုးစွမ်းအားရှင်များ၏အင်အားက အတော်လေးများပြားသည်ဟု ဆိုနိုင်သည်။

ဝါဒတောင်တွင်ဆိုလျှင် ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့က တာဝန်ဝတ္တရားများကို စွန့်လွှတ်ပြီး ကျင့်ကြံခြင်းကိုသာ အပြည့်အဝ အာရုံစိုက်ခဲ့ကြသည်။

ထို့ကြောင့် အတိတ်က ဆုံးရှုံးခဲ့သော အလားအလာများ ပြန်လည်နိုးကြားလာပြီး ကြီးမားသောတွန်းအားများ ဖြစ်ပေါ်လာကာ မြင့်မားသည့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

ယခုဆိုလျှင် ယွမ်ကျန်းဖုန်းရော ဖန်ကျွင်းပါ လူသားအထွတ်ထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပေပြီ။

ဝါဒတောင်ဂိုဏ်းသားမဟုတ်သည့် အားဟူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်သည်လည်း စစ်ခုန်ချင်းတို့ထက် နိမ့်ကျခြင်း မရှိပေ။

ယခုဆိုလျှင် သူသည်လည်း သိုင်းသူတော်စင် နဝမအဆင့်သို့ ရောက်ရှိနေပေပြီ။

ဝါဒတောင်ပြင်ပတွင်ဆိုလျှင်လည်း ဝူထုန်တောင်စောင်းမှ မောက်ယွမ်ရှန်း ၊ မြောက်ဖေးတောင်ထွတ် ကြာပန်းနီကမ်းပါးမှ ပိုးသားဧကရာဇ်၏သမီး ကြာပန်းနီဒေဝီ ‘ဖုထင်’ တို့မှာ လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိကြပြီ ဖြစ်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကျင်းထင်တောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ယင်စန်းတောင်ကဓားဘုရင် ‘လင်ဟန့်ဟွာ’ တဖြစ်လဲ ‘လုန်ဟန့်ဟွာ’ သည်လည်း လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိ ရွှမ်လျိုကျောင်းတော်သခင် ၊ မြောက်ပိုင်းကောင်းကင်ချီလင် ‘ကျန်းမော့’ ဆိုလျှင် အထက်ဘုံကမ္ဘာရှိ မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်မှ ပိုင်ဆိုင်မှုများအားလုံးကိုစွန့်လွှတ်ကာ ကောင်းကင်ဘုံကမ္ဘာသို့ အတူလိုက်ပါလာခဲ့သူဖြစ်သည်။

သူက မြောက်ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်လာမည့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရသော်လည်း နှစ်ပေါင်းများစွာ သိုင်းသူတော်စင်နဝမအဆင့်တွင် ရပ်တည်နေခဲ့သူ ဖြစ်သည်။

သူ့ကို ယွင်ကဲတောင်မှ အရည်အချင်းအရှိဆုံး သိုင်းကျင့်ကြံသူဟု ခေါ်ဆိုနိုင်၏။

လက်ရှိမှာတော့ တံခါးပိတ်ကျင့်ကြံလျှက်ရှိပြီး လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်ရန် အလွန်ပင် မျှော်လင့်ချက်မြင့်မားနေသည်။

သိုင်းသူတော်စင်နဝမအဆင့်မှ လူသားနတ်ဘုရားအထွတ်ထိပ်အဆင့်သို့ တက်လှမ်းခြင်းနှင့် လူသားအထွတ်ထိပ်အဆင့်မှ နတ်ဘုရားလူသားကပ်ဘေးကို ရင်ဆိုင်ကာ နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းတို့မှာ ကျင့်ကြံသူများအတွက် ကြီးမားလှသည့် အတားအဆီးနှစ်ရပ်ဖြစ်သည်။

ထိုအတားအဆီးနှစ်ခုမှ တစ်ခုသည်ပင် လူတစ်ယောက်ကို နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခြင်းတစ်ဆို့နေစေပြီး အခန့်မသင့်လျှင် သက်တမ်းပင် ကုန်ဆုံးသွားနိုင်သည်။

အထူးသဖြင့် လူသားနှင့် နတ်ဘုရားကြား အတားအဆီးကြောင့် ကောင်းကင်ဘုံကမ္ဘာတွင် သိုင်းသူတော်စင်များ စုပုံနေပြီး နတ်ဘုရားအဆင့် တက်ရောက်နိုင်သူ နည်းပါးနေခြင်းသာပင်။

သက်တမ်းကုန်ဆုံးသွားသူများအတွက်တော့ ဘာမှမတတ်နိုင်ပေ။

သို့သော် အလားအလာရှိနေသူများအတွက်တော့ စိတ်ရှည်စွာကျင့်ကြံရမည်ဖြစ်ပြီး အခက်အခဲကိုဖြတ်ကျော်နိုင်မည့် အခွင့်အရေးတစ်ခုကို ခိုင်ခိုင်မာမာ ဖမ်းဆုပ်ရပေမည်။

ထိုအတားအဆီးကို ဖြတ်ကျော်နိုင်သည်နှင့် လုံးဝအသစ်အဆန်းဖြစ်သော ကမ္ဘာတစ်ခုက စောင့်ကြိုနေပေလိမ့်မည်။

လက်ရှိတွင် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာက အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားနေသဖြင့် အနာဂတ်က ပိုမိုကောင်းမွန်လာမည်သာ ဖြစ်သည်။

အတိတ်တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာဆိုလျှင် မည်သူမှထင်မှတ်မထားလောက်အောင် ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

ယခု ကောင်းကင်ဘုံကမ္ဘာဆိုလျှင်လည်း အတိတ်တစ်ချိန်က အိပ်မက်ပင်မမက်ဝံ့သည့် ဂန္ထဝင်ဇာတ်လမ်းများနှင့် အံ့သြဖွယ်ရာများက တစတစ လက်တွေ့အဖြစ်သို့ ပြောင်းလဲလာနေပြီဖြစ်သည်။

ဖုန်းမော့ယန် ပြုံးလျှက် ခေါင်းညိတ်လိုက်သည်။

“ငါလည်း သိပ်တော့အင်အားမရှိပေမယ့် တတ်နိုင်သလောက် ပါဝင်ချင်ပါတယ် ၊ အသက်ရှင်နေသရွေ့ ကြိုးစားသွားကြတာပေါ့”

All Chapters