← Chapters

ရှုထောင့်များစွာ

Vol. 110 Ch. 1545

ရှုထောင့်များစွာ

Vol. 110 Ch. 1545

ဖုန်းမော့ယန်၏စကားကိုကြားတော့ ထန်ယုံဟောင်က တည်ကြည်စွာဖြင့်...

“တာအိုရောင်းရင်း’ဖုန်း’ ... မင်းရဲ့ပါဝင်မှုကို တမင်လျှော့ချပြီး မပြောစမ်းပါနဲ့ ၊ မင်း ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါ အသိဆုံးပါ ၊ အခု ကောင်းကင်ဘုံကမ္ဘာ ဖွံ့ဖြိုးတိုးတက်လာတာ ခင်ဗျားရဲ့ပံ့ပိုးမှုတွေ အများကြီးပါပါတယ် ၊ ငါကတောင် မင်းကို ကျေးဇူးတင်စကားဆိုရဦးမှာပါ”

ထန်ယုံဟောင်က ကျင်းထင်တောင်မှတပည့်အဖြစ် အဂ္ဂိရတ်ပညာနှင့် ဆေးလုံးဖော်စပ်ခြင်းတို့တွင် ဝါဒတောင်နှင့် လက်တွဲလုပ်ကိုင်နေသူ ဖြစ်သည်။

ဖုန်းမော့ယန်က ကျင့်ကြံခြင်းအဆင့် အနည်းငယ်နိမ့်ပါးသော်လည်း အဂ္ဂိရတ်ပညာနှင့် ဆေးလုံးဖော်စပ်ခြင်းတို့နှင့်ပတ်သက်ပြီး သူ၏အားထုတ်မှုက အလွန်ကြီးမားခဲ့သည်။

ထန်ယုံဟောင်က ထိုအချက်ကို ကောင်းစွာသိရှိသည်ပင်။

ဤနယ်ပယ်တွင် အဓိကပံ့ပိုးပေးသူကတော့ ရန်ကျောက်ကဲ ဖြစ်ပေ၏။

သို့ပေသိ ရန်ကျောက်ကဲက အလွန်အလုပ်များသဖြင့် အသေးစိတ်လိုက်ပြီး လုပ်ဆောင်နိုင်ခြင်းမရှိသလို လုပ်ဆောင်ရန်လည်း မလိုအပ်ခဲ့ပေ။

ရွယ်တူတန်းတူများထဲတွင် ဖုန်းမော့ယန်က အဂ္ဂိရတ်ပညာ အထူးထက်မြက်သူတစ်ယောက် ဖြစ်၏။

သို့ရာတွင် သူလုပ်သည့်အလုပ် အများစုက ရန်ကျောက်ကဲ၏စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်ပေးရခြင်းဖြစ်ပြီး ၊ ထိုနေရာမှတစ်ဆင့် ရှေ့ဆက် တွန်းအားပေးသူအဖြစ် ရပ်တည်ခဲ့သည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ စတင်တည်ထောင်စဉ်ကပင် ထိုသို့သောလုပ်ငန်းစဉ် စတင်ခဲ့ခြင်း ဖြစ်၏။

နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ကောင်းကင်ဘုံကမ္ဘာတွင် အဂ္ဂိရတ်ပညာနှင့် ဆေးလုံးပညာက အဆက်မပြတ်တိုးတက်လာပြီး ပိုမိုအဆင့်မြင့်မားလာခဲ့သည်။

ဝိညာဉ်ဆေးလုံးများနှင့် ဆေးဝါးများ ပေါများလာခြင်းက ကောင်းကင်ဘုံကမ္ဘာရှိ သိုင်းကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအား နေ့စဉ်တိုးတက်လာရသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။

ထို့ကြောင့် ဖုန်းမော့ယန်နှင့် ကျင်းထင်တောင်မှလူများ၏ပံ့ပိုးမှုက မဖြစ်မနေ အရေးပါခဲ့သည်ပင်။

ဤသည်က ဝါဒတောင်နှင့် ကျင်းထင်တောင်သာ အကျိုးရှိခဲ့သည်မဟုတ်ဘဲ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး အကျိုးအမြတ်ခံစားရခြင်း ဖြစ်၏။

ပြန်လည်တည်ထောင်ထားသည့် နေသူတော်စင်ဂိုဏ်းပင် ပါဝင်လေသည်။

ထန်ယုံဟောင်ကိုကြည့်ရင်း ဖုန်းမော့ယန်စိတ်ထဲ လှိုက်လှိုက်လှဲလှဲခံစားလိုက်ရသည်။

“အစ်ကိုထန်က ယဉ်ကျေးလွန်းနေပါပြီ”

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်နေထိုင်စဉ်က ဝါဒတောင်တစ်ခုလုံးက ထန်ယုံဟောင်ကို ရန်သူအဖြစ်သတ်မှတ်ပြီး သံသယများဖြင့်သာ ကြည့်မြင်ခဲ့ကြသည်။

အထူးသဖြင့် သက်တူရွယ်တူ လူငယ်များက သူ့ကို ပြိုင်ဘက်အဖြစ် ပို၍သဘောထားကြသည်။

ရန်ကျောက်ကဲနှင့်ရန်တိုတို့ကြောင့် ဝါဒတောင်တိုးတက်လာခဲ့ပြီး ရန်သူဟောင်းဖြစ်သော နေသူတော်စင်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ပစ်ခဲ့သည်။

အထက်ဘုံကမ္ဘာတွင် နေသူတော်စင်ဂိုဏ်းကို ခိုလှုံခွင့်ပေးသည့် ကွမ်းမင်ဂိုဏ်းသည်ပင် မလွတ်မြောက်နိုင်ဘဲ ပျက်ဆီးခြင်းအား ရင်ဆိုင်ခဲ့ရသည်။

ထန်ယုံဟောင်က နေသူတော်စင်ဂိုဏ်းအသစ်ကို ပြန်လည်တည်ထောင်ခဲ့သည်။

အောက်ဘုံကမ္ဘာဖြစ်သော အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြန်လည်စတင်ခဲ့ပြီး နောက်ဆုံး ကောင်းကင်ဘုံကမ္ဘာတွင် အမြစ်တွယ်လာခဲ့သည်။

ယခုဆိုလျှင် နေသူတော်စင်ဂိုဏ်းက ကောင်းကင်ဘုံကမ္ဘာ၏ အရှေ့ဘက်ကုန်းမြေတွင် ခြေကုပ်ယူနိုင်ရုံသာမက အင်အားသစ်တစ်ခုအဖြစ် ထင်ရှားလာခဲ့ပေပြီ။

အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာတွင် ဝါဒတောင် စတင်ထွန်းကားလာသကဲ့သို့ပင် ဖြစ်၏။

ထန်ယုံဟောင်ကိုယ်တိုင်သည်လည်း ပါရမီထူးခြားသူအဖြစ် ဂုဏ်သတင်းကျော်ကြားမှု ရရှိထားသည် မဟုတ်ပါလား။

သူက ချောင်ကျယ်၏ အတွင်းစည်းတပည့်ဖြစ်လေရာ ချောင်ကျယ်သည်လည်း အရည်အချင်းရှိသူများကို ရွေးချယ်ရာတွင် မှားယွင်းခြင်းမရှိကြောင်း သက်သေပြခဲ့သည်။

အတိတ်တစ်ချိန်က ဝူထုန်တောင်စောင်းနှင့် ယှဉ်ပြိုင်ရန်အတွက်သာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမဟုတ်ကြောင်းလည်း သက်သေပြခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတုန်းက ဝါဒတောင်အပြင် အထွန်းတောက်ဆုံးကြယ်နှစ်ပွင့်လည်း ထွန်းလင်းခဲ့သည်။

ထိုသူများက ထန်ယုံဟောင်နှင့် မန်ဝမ်ပင် ဖြစ်လေသည်။

မန်ဝမ်က ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်လွန်းသဖြင့် ထင်ရှားကျော်ကြားသည်။

ယခုဆိုလျှင် သူမက သိုင်းသူတော်စင်နဝမအဆင့်၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်တွင် ရှိနေပြီဖြစ်သည်။ ထန်ယုံဟောင်သာမက အခြားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများစွာကို ကျော်တက်သွားခဲ့ပေပြီ။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တစ်ခေတ်တစ်ခါ နာမည်ကျော်ကြားခဲ့ဖူးသော ဇာမဏီငှက်သည် ယခုတော့ အညစ်အကြေးများကို ခါချလိုက်ပြီး ကောင်းကင်ကိုးထပ်သို့ ပျံသန်းထွက်ခွာကာ ကမ္ဘာကြီးတစ်ခုလုံးကို အံ့အားသင့်အောင် ပျံသန်းပြနိုင်ခဲ့သည်။

တကယ်တော့ သူမ၏ ကျင့်ကြံခြင်းအဆင့် လျှင်မြန်ရခြင်းက အကြောင်းရင်းများစွာ ရှိ၏။

ဥပမာ - သူမ၏ဖခင်က ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ဖြစ်ခြင်း ၊ မြောက်ဖေးတောင်ထွတ်က ကျင်းထင်တောင်နှင့် အခြားအင်အားစုများထက် များစွာသာလွန်ခြင်း စသည်တို့ဖြစ်သည်။

နောက်တစ်ချက်မှာ ဖန်းယွင်ရှန်း နတ်ဘုရားအဆင့်သို့ တက်ရောက်ပြီးနောက် ထူးကဲယင်သရဖူကို ဆက်လက်ထိန်းသိမ်းထားရန် မလိုအပ်တော့ပေ။

ဖန်းယွင်ရှန်းက ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်လေရာ ထိုသရဖူကိုအသုံးပြုခြင်းဖြင့် ကျင့်ကြံခြင်းအရှိန်အဟုန် ပိုမိုမြန်ဆန်အောင် ပြုလုပ်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမ၏ အရှိန်အဟုန်နှင့်တိုးတက်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်ပင်။

ထန်ယုံဟောင်၏ ကျင့်ကြံခြင်းအရှိန်အဟုန်က မန်ဝမ်လောက် မြန်ဆန်ခြင်း မရှိပေ။

မန်ဝမ်က အခြားသူများနှင့် တိုက်ခိုက်ခဲသူ ဖြစ်သည်။ သို့သော် ထန်ယုံဟောင်ကတော့ တိုက်ရည်ခိုက်ရည်ရှိသူအဖြစ် နာမည်ကြီးသည်။

ထန်ယုံဟောင်က နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်သည့်အခါ ကျင်းထင်တောင်က ကူညီပံ့ပိုးပေးပြီး ဝါဒတောင်ကလည်း တားမြစ်ခဲ့ခြင်း မရှိပေ။

သို့သော် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းကြားမှရန်ငြိုးက လျှို့ဝှက်ချက် မဟုတ်ခဲ့ပေ။ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး သိရှိကြသည်။

ဝါဒတောင်က နေသူတော်စင်ဂိုဏ်းကို တရားဝင်ပံ့ပိုးပေးခြင်းမရှိသဖြင့် နေသူတော်စင်ဂိုဏ်းကို နှိပ်ကွပ်ချင်သူများက အချိန်တိုင်းရှိနေခဲ့သည်။

ထို့ပြင် ဝူထုန်တောင်စောင်းကဲ့သို့ အခြေခံအုတ်မြစ်များလည်း ကျန်ရှိနေခြင်း မရှိခဲ့ပေ။ နေသူတော်စင်ဂိုဏ်းမှအခြေခံအုတ်မြစ်များအားလုံးက ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

ပြီးတော့ သိုင်းဂိုဏ်းအသစ်တစ်ခ ခြေကုပ်ယူပြီး ဖွံ့ဖြိုးတိုးတက်ရန်ဆိုလျှင် ပတ်ဝန်းကျင်ရှိအင်အားစုများနှင့် မလွှဲမရှောင်သာ တိုက်ခိုက်ရပေမည်။

တစ်ချိန်က အထက်ဘုံကမ္ဘာတွင် ဝါဒတောင် ပထမဆုံးခြေချချိန်ကနှင့် အတူတူပင် ဖြစ်၏။

သေးငယ်သည့်အင်အားစုများက ကျင်းထင်တောင်ကိုစိုးရိမ်သောကြောင့် ထင်ရာမစိုင်းရဲကြသော်လည်း အင်အားကြီးအုပ်စုအချို့ကတော့ တိုက်ခိုက်ရန် တာဆူကြသည်။

ထိုအင်အားကြီးအုပ်စုများအနေဖြင့် ကိုယ်တိုင်မလှုပ်ရှားဘဲ လူအချို့ကို လက်သပ်မွေးလှုပ်ရှားခိုင်းလျှင်ပင် နေသူတော်စင်ဂိုဏ်းအတွက် များစွာအခက်တွေ့ရသည်ပင်။

ထို့ကြောင့်ပင် ထန်ယုံဟောင်နှင့် ပြန်လည်တည်ထောင်ထားသော နေသူတော်စင်ဂိုဏ်းက တိုက်ပွဲများရင်ဆိုင်ပြီး ဂုဏ်သတင်းတည်ဆောက်ခဲ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ယင်စန်းတောင်ကဓားဘုရင် ‘လင်ဟန့်ဟွာ’ ပြီးနောက် ထွက်ပေါ်လာသည့် ထွန်းလင်းဓားအရှင်’ထန်ယုံဟောင်’ ဆို၍ လူတိုင်းသိလာခဲ့ကြသည်။

သူက သိုင်းသူတော်စင် အဋ္ဌမအဆင့်တွင်သာရှိနေသေးသည့်တိုင် ကျင်းထင်တောင်၏ ထိပ်တန်းကျင့်ကြံသူ(၃)ယောက်တွင် တစ်ယောက်အဖြစ်ပါဝင်နေပေပြီ။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပင် ထန်ယုံဟောင်၏ဓားသိုင်းကို လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။

ရန်ကျောက်ကဲကိုယ်တိုင်သည်ပင် ချီးကျူးခဲ့ဖူးသည်။

“ထန်ယုံဟောင်၏ဓားသိုင်းပညာကျွမ်းကျင်မှုမှာ ကျင့်စဉ်များကြောင့်မဟုတ်ဘဲ ဓားသိုင်းကို ကိုယ်ပိုင်နားလည်သိမြင်နိုင်စွမ်းကြောင့်ဖြစ်သည်” ဟု ရန်ကျောက်ကဲပြောသည်ကို ဖုန်းမော့ယန် ကြားခဲ့ဖူး၏။

မူလနေသူတော်စင်ဂိုဏ်းက ဓားသိုင်းကျင့်ကြံသည့်ဂိုဏ်းမဟုတ်သဖြင့် ထန်ယုံဟောင်၏ အရည်အချင်းများ တိမ်မြုပ်နေရခြင်းသာပင်။

ကျင်းထင်တောင်ကတော့ သူ၏လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်း‌ပေးနိုင်ခဲ့သည်။

ထန်ယုံဟောင်က ကျင်းထင်တောင်၏ ဓားသိုင်းပညာကို နေသူတော်စင်ဂိုဏ်း၏ ပညာရပ်များဖြင့် ‌ပေါင်းစပ်ကာ ကွမ်းမင်ဂိုဏ်း၏ ဓားသိုင်းအနှစ်သာရများကိုပင် ထည့်သွင်းရောနှောထားခဲ့သည်။

ဤသို့ ကိုယ်ပိုင်ဓားသိုင်းပုံစံဖန်တီးလိုက်ခြင်းဖြင့် အသစ်ပြန်တည်ထောင်ထားသော နေသူတော်စင်ဂိုဏ်းအတွက် လုံးဝအသစ်ဖြစ်သော ထူးခြားသည့်ဓားသိုင်းပညာရပ် ထွက်ပေါ်လာခဲ့သည်။

ထိုဓားသိုင်းက ကျင်းထင်တောင်တွင်ပင် အဆက်အနွယ်အသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ချောင်ကျယ် ၊ လုန်ဟန့်ဟွာ ၊ အရှေ့တောင်နတ်ဓားမယ်နှင့် အခြားသူများကိုပင် အံ့အားသင့်စေခဲ့သည်။

ထို့ကြောင့် ထန်ယုံ‌ဟောင်က ဖုန်းမော့ယန်ကဲ့သို့ အဂ္ဂိရတ်ပညာဖြင့် ကမ္ဘာတစ်ခုလုံးကို အကျိုးပြုသူမျိုး မဟုတ်သော်လည်း ကောင်းကင်ဘုံကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမှန်တကယ်ပံ့ပိုးခဲ့သူအဖြစ် ရွှီဖေးရော ဖုန်းမော့ယန်ကပါ လက်ခံထားကြသည်။

အားလုံး၏ကြိုစားမှုဖြင့်ပင် မဟာကပ်ဘေးကြီးမတိုင်ခင် သိုင်းပညာများစွာ ရာနှင့်ချီ ထောင်နှင့်ချီ ထွန်းကားခဲ့သည့် အကောင်းဆုံးသောအချိန်ကာလကို တစ်ဖန်ပြန်လည်နီးကပ်လာနေပြီဟု မျှော်လင့်နေကြခြင်းပင်။

စကားပြောရင်းဖြင့်ပင် ထန်ယုံဟောင်က ဝါဒတောင်မှလူများကို ကြိုဆိုလမ်းပြသွားပြီး ချောင်ကျယ်အပါအဝင် ကျင်းထင်တောင်အကြီးအကဲများနှင့်တွေ့ဆုံရန် ခေါ်ဆောင်သွားသည်။

ပင်ပခန်းဆောင်အနားသို့ ရောက်လာစဉ် ဆန့်ကျင်ဘက်မှ အဖွဲ့တစ်ဖွဲ့ရောက်လာသည်ကိုတွေ့ရသည်။

ထိုအဖွဲ့ကို ဦးဆောင်ကြိုဆိုလာသူက ကျင်းထင်တောင်မှ တပည့်တစ်ယောက်ဖြစ်သည်။

ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်သူက လူငယ်တစ်ယောက်ဖြစ်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ဓားချီများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံနေသည်။

ထိုသူက ရွှီဖေးနှင့် ထန်ယုံဟောင်အတွက် သူစိမ်းတစ်ယောက်မဟုတ်ပေ။ သူက အနောက်ဘက်ကုန်းမြေရှိ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များထဲမှတစ်ယောက် ဖြစ်၏။

အခြားသူမဟုတ် ၊ အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ ပင် ဖြစ်သည်။

ပိုင်တောင်းက ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး အထက်ဘုံကမ္ဘာတွင်ရှိစဉ်က အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်ကို အုပ်ချုပ်ခဲ့သူပင်။

နောက်ပိုင်းတွင် နျဲ့ကျင်းရှန်က သူ့နေရာကိုအစားထိုးပြီး ဓားဧကရာဇ်၏ဆက်ခံသူဖြစ်လာခဲ့သည်။

သို့သော် နျဲ့ကျင်းရှန်က အထက်ဘုံကမ္ဘာတွင် တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို လက်ခံယူချိန်တွင် သူက ဓားသိုင်းပညာမှလွဲပြီး မည်သည့်အရာကိုမှ အရေးစိုက်သူမဟုတ်ကြောင်း လူတိုင်းနားလည်သွားကြသည်။

နျဲ့ကျင်းရှန်က တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို လက်ခံယူလိုက်ခြင်းမှာ ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဝါဒတောင်အတွက အဆင်ပြေစေရန်သာဖြစ်ကြောင်း လူတိုင်းသိရှိခဲ့သည်။

ပိုင်တောင်းက ကျောက်စိမ်းကျောက်ဆောင်သို့ မကြာခဏ လာရောက်လေ့မရှိပေ။

သို့သော် နောင်တစ်ချိန်တွင် သူက ယွဲ့ကျန့်ပေ၏အမွေကိုဆက်ခံပြီး ကျောက်စိမ်းကျောက်ဆောင်ကို လွှဲယူမည်ဟု လူအများကယူဆခဲ့ကြသည်။

သို့‌သော် နျဲ့ကျင်းရှန်ထွက်ခွာသွားပြီးနောက် ပိုင်တောင်းက ကောင်းကင်ဘုံကမ္ဘာ၏ အနောက်ဘက်ကုန်းမြေတွင် ကိုယ်ပိုင်သိုင်းဂိုဏ်းတစ်ခုတည်ထောင်ကာ ထိုဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။

ကျောက်စိမ်းကျောက်ဆောင်ကို သူ၏မူလဇာစ်မြစ်အဖြစ် အသိအမှတ်ပြုထားသော်လည်း သူ၏သိုင်းဂိုဏ်းအသစ်ကတော့ ကျောက်စိမ်းကျောက်ဆောင်မှ ခွဲထွက်သွားခဲ့သည်။

ဤသည်မှာ ကျောက်စိမ်းကျောက်ဆောင်အား ဆက်ခံရန် အခွင့်အရေးကို စွန့်လွှတ်လိုက်ခြင်းနှင့် တူညီသည်။

ပိုင်တောင်း၏လုပ်ရပ်က လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး ထိုသတင်းက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို အံ့သြတကြီး ဖြစ်စေခဲ့လေသည်။

All Chapters