← Chapters

ရက်စက်လှသည့်လမ်းစဉ်ကိုကျော်လွန်နိုင်ရန်

Vol. 110 Ch. 1546

ရက်စက်လှသည့်လမ်းစဉ်ကိုကျော်လွန်နိုင်ရန်

Vol. 110 Ch. 1546

အမှန်တော့ နျဲ့ကျင်းရှန် ရှိစဉ်အခါကပင် ပိုင်တောင်း၏ ကျောက်စိမ်းကျောက်ဆောင်ကို ဆက်ခံခွင့်အနာဂတ်က လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ။

ယခု နျဲ့ကျင်းရှန် မရှိတော့သဖြင့် ပို၍ပင် ထိခိုက်မည် မဟုတ်တော့ပေ။

သို့သော် ပိုင်းတောင်း၏လုပ်ရပ်က လူတိုင်း၏ မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွားခဲ့သည်။

သူက တစ်ယောက်တည်းထွက်ခွာသွားပြီး အနောက်ဘက်ကုန်းမြေတွင် သိုင်းဂိုဏ်းတစ်ခုတည်ထောင်ကာ အခြေချခဲ့သည်။

အကြောင်းရင်းကို သူကိုယ်တိုင်သာ သိရှိပေလိမ့်မည်။

မျက်မြင်သက်သေများကတော့ ပိုင်တောင်း ဆရာဖြစ်သူ ယွဲ့ကျန့်ပေနှင့် ခဏမျှ စကားပြောဆိုပြီးနောက် ဆရာဖြစ်သူကိုနှုတ်ဆက်ကာ တစ်ယောက်တည်း ကျောက်စိမ်းကျောက်ဆောင်မှ ထွက်ခွာသွားခဲ့သည်ဟု ဆိုကြသည်။

ဆရာတပည့်နှစ်ယောက် မည်သည့်စကားများပြောဆိုခဲ့ကြသည်လဲ မည်သူမှ မသိရှိခဲ့ပေ။

ထိုကိစ္စက ကောင်းကင်ဘုံကမ္ဘာတွင် အတော်လေး ရှုပ်ထွေးနက်နဲပြီး နားလည်ရခက်သောကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ဝါဒတောင် အတွင်းပိုင်းမှာပင် ထိုကိစ္စကို ဆွေးနွေးခဲ့ကြသည်။

လူအများစုကတော့ ပိုင်းတောင်းက အမှားတစ်ခုခုကျူးလွန်ခဲ့သဖြင့် ကျောက်စိမ်းကျောက်ဆောင်ဆက်ခံခွင့် ဆုံးရှုံးသွားရခြင်း ဖြစ်မည်ဟု ခန့်မှန်းကြသည်။

သို့သော် “အိမ်တွင်းမီးကို အိမ်ပြင်မထုတ်ရ” ဆိုသည့် စကားပုံအတိုင်း ကျောက်စိမ်းကျောက်ဆောင်၏ အတွင်းရေးကိစ္စများက အပြင်လောကသို့ ထွက်ပေါ်လာခြင်း မရှိပေ။

ကောင်းကင်ဘုံကမ္ဘာမှလူများကသာ အမျိုးမျိုး ခန့်မှန်းကြည့်နေကြခြင်း ဖြစ်၏။

အချို့ကတော့ နျဲ့ကျင်းရှန် လျှင်မြန်စွာတိုးတက်လာခြင်းက ပိုင်တောင်း၏မာနကို ထိခိုက်စေသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် နျဲ့ကျင်းရှန် မရှိတော့သည့်တိုင် ပိုင်တောင်းက ကိုယ့်ကိုယ်ကိုယ် နျဲ့ကျင်းရှန်ထက် နိမ့်ကျသည်ဟု ထင်မြင်နေဆဲ ဖြစ်၏။

သို့မဟုတ် ဆန့်ကျင်ဘက်အနေဖြင့် ပိုင်တောင်းက နျဲ့ကျင်းရှန်၏အရိပ်ထဲမှ လွတ်ထွက်လိုသဖြင့် ရည်မှန်းချက်အသစ်ဖြင့် သိုင်းဂိုဏ်းတစ်ခုတည်ထောင်ကာ ဘဝကို ပြန်လည်ပြောင်းလဲလိုခြင်းလည်းဖြစ်သည်ဟု ယူဆကြသည်။

ဝါဒတောင်နှင့် ကျောက်စိမ်းကျောက်ဆောင်က ကျင်းထင်တောင်ထက်ပင် ပိုမိုရင်းနှီးသော်လည်း အမှန်တကယ် ဘာဖြစ်ခဲ့ကြောင်း သူတို့လည်း မသိရှိကြပေ။

ထို့ကြောင့် ခန့်မှန်းချက်များဖြင့် တွေးတောရုံသာ တတ်နိုင်ခဲ့ကြ၏။

သို့သော် ဤကိစ္စကြောင့်ဖြင့် ဝါဒ‌တောင်နှင့် ပိုင်တောင်း၏ဆက်ရေးကို လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ။ ယခု နှစ်ဦးနှစ်ဖက် တွေ့ဆုံသည်နှင့် ရွှီဖေးနှင့် ပိုင်တောင်းတို့ အပြန်အလှန် နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

ပိုင်တောင်း၏နောက်တွင် သူ၏ဂိုဏ်းမှတပည့်များနှင့် ကောင်းကင်ဘုံကမ္ဘာ အနောက်ဘက်ကုန်းမြေမှ အခြားသော အင်အားစုခေါင်းဆောင်များ လိုက်ပါလာကြသည်။

သူတို့အားလုံး ရှေ့သို့ထွက်လာကြပြီး ဝါဒ‌တောင်ဂိုဏ်းချုပ်’ရွှီဖေး’ ကို နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

အချင်းချင်းနှုတ်ဆက်ပြီးသည်နှင့် အတူတကွ ပင်မခန်းဆောင်အတွင်း ဝင်ရောက်လိုက်ကြ၏။ ခန်းဆောင်ထဲတွင် လူအများအပြား ရောက်နှင့်နေပြီ ဖြစ်သည်။

ကျင်းထင်တောင်မှတပည့်များ ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံရင်းဖြင့်ပင် နောက်ဆုံး အခမ်းအနား စတင်သည့်အချိန်သို့ ရောက်ရှိလာသည်။

ပိုင်တောင်းက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကိုယ်စား ရောက်ရှိနေသည့် ကျောက်စိမ်းကျောက်ဆောင်မှ ‘ဝမ်ဖူ’ ကို တွေ့လိုက်ရသည်။

ညီအစ်ကိုနှစ်ယောက်ဆုံသည်နှင့် မလွှဲမရှောင်သာ စကားလက်ဆုံကျဖြစ်တော့သည်။

ပိုင်တောင်းက ဝမ်ဖူကိုကြည့်လိုက်ရင်း...

“မင်းကိုကြည့်ရတာ အဆင့်တက်တော့မယ့်ပုံပဲ”

ဝမ်ဖူက ခေါင်းခါယမ်းလိုက်ရင်း...

“နည်းနည်းတော့လိုပါသေးတယ် ၊ ဘာပဲဖြစ်ဖြစ် သိုင်းသူတော်စင်နဝမအဆင့်ကနေ လူသားအထွတ်ထပ်အဆင့်ကိုတက်တာဆိုတော့ နတ်ဘုရားအဆင့်ကိုတက်ရတာလောက် အန္တရယ်မများဘူးလေ ၊ လူသားနတ်ဘုရားကပ်ဘေးကို မကျော်ဖြတ်ရဘူး မဟုတ်လား”

သူက ပြောပြီးသည်နှင့် ပိုင်တောင်းကို အဓိပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်လိုက်သည်။

ဝမ်ဖူ ဘာပြောချင်သည်ကို ပိုင်တောင်း ချက်ချင်း သဘောပေါက်သွားသည်။

“ငါက အဆင့်မတက်နိုင်သေးပါဘူးကွာ... ယုံကြည်ချက်တစ်ဝက်တောင် မရှိသေးဘူး”

ဝမ်ဖူက...

“မင်းက အသက်ငယ်ငယ်လေးပဲရှိသေးတာ ၊ ဘာမှမဖြစ်လောက်ပါဘူး”

ပိုင်တောင်းက ပြုံးလိုက်ရင်း...

“ဒီကပ်ဘေးကိုမကျော်နိုင်ရင် နှစ်ထောင်ပေါင်းများစွာ အသက်ရှည်နေလည်း ငါ့အတွက် ဘာမှမထူးဘူး”

သိုင်းသူတော်စင် အထွတ်ထိပ်အဆင့် ‌ရောက်ရှိနေသည့် ပိုင်တောင်းက သက်တမ်းအရတော့ ငယ်ရွယ်သည်ဟု ပြောနိုင်ဆဲပင်။

အထက်ဘုံကမ္ဘာ၏ နယ်မြေ(၁၀)ခု အရှင်သခင်များတွင် ချန်ချန်းဟွာကို ဘေးဖယ်လိုက်မည်ဆိုလျှင် အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျန်ကျူးလင်’ နှင့် ပိုင်တောင်းတို့က အသက်အငယ်ဆုံး ဖြစ်သည်။

သို့သော် သက်တမ်းကုန်ဆုံးသည်အထိ နတ်ဘုရားတံခါးကိုတွန်းမဖွင့်နိုင်သူ သို့မဟုတ် နတ်ဘုရားလူသားကပ်ဘေးကို မဖြတ်ကျော်နိုင်ဘဲ သေဆုံးသွားသည့် လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင် အရေအတွက်မှာလည်း မနည်းလှပေ။

အထက်ဘုံကမ္ဘာတွင်ဆိုလျှင် မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ကို ဘေးဖယ်ထားမည်ဆိုလျှင် ကျန်ရှိသော နယ်မြေ(၁၀)ခု အရှင်သခင်များ၏ရာထူးက မကြာခဏ ပြောင်းလဲလေ့ရှိသည်။

ထိုသူများထဲတွင် တိုက်ပွဲတွင်ကျဆုံးသူထက် သက်တမ်းကုန်ဆုံးသဖြင့် သေဆုံးသွားသူများက ပိုမိုများပြားသည်။

ဝမ်ဖူက ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။

လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်၏ သက်တမ်းက နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်လျှင် များစွာတိုတောင်းသည်။

သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများကတော့ လူသားအထွတ်ထိပ်အဆင့်ထက်ပင် ပိုပြီးသက်တမ်းတိုတောင်းသေး၏။

ထိုအဆင့်တွင် ကျင့်ကြံခြင်းတစ်ဆို့နေသူများ မရေမတွက်နိုင်အောင် များပြားလေသည်။

သူတို့၏စကားများကိုနားထောင်ရင်း ဖုန်မော့ယန်စိတ်ထဲ ခံစားချက်လှိုင်းလုံးများ မြင့်တက်လာသည်။

ကျင့်စဉ်လမ်းဆိုသည်က ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားလေ ရှေ့ဆက်ရခက်လေဖြစ်သည် မဟုတ်ပါလား။

ဆူးညှောင့်လမ်းကို သည်းခံ၍ လျှောက်လှမ်းနိုင်သူမှာ အလွန်ရှားပါးလှသည်။

ဝါဒတောင်မှ သက်ကြီးဝါကြီး ဂိုဏ်းသားများထဲမှာပင် ရှေ့ဆက်ရန် စိတ်အားထက်သန်သူများ သိပ်မရှိတော့ပေ။

ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ လူသားအထွတ်ထိပ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။ သို့သော် သူတို့အနေဖြင့် နတ်ဘုရားလူသားကပ်ဘေးကို ရင်ဆိုင်နိုင်မည်လား ဆိုသည်မှာ မသေချာသေးပေ။

အခြားသော သက်ကြီးဝါကြီးတစ်ဦးဖြစ်သည့် ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်း၏ ဆရာဖြစ်သူ ‘ဖူအန်းစု’ သည်လည်း အမတကူးပြောင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် နောက်ပိုင်းနှစ်များတွင် သူမ၏ တိုးတက်မှုအရှိန်အဟုန်က တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

တပည့်နှစ်ယောက်က သူမကိုဖြတ်ကျော်တက်သွားခြင်းက အရေးမကြီးပေ။ ဆရာထက် တပည့်လက်စောင်းထက်ရမည်ဟု သူမက အမြဲတမ်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည်ပင်။

အဓိကပြဿနာမှာ သူမအနေဖြင့် ရှေ့ဆက်ရန် စွမ်းအား နည်းပါးလာခြင်း ဖြစ်သည်။

ဖူအန်းစု၏ အသက်ရွယ်နှင့် သူမ၏ကျင့်ကြံခြင်းအဆင့်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူမကို ငယ်ရွယ်သည်ဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် တိုးတက်နိုင်ခြေ ရှိနေသေးသည်။

သို့သော် ကျင့်ကြံခြင်းအရှိန်အဟုန် တဖြည်းဖြည်းနှေးကွေးလာပြီး အသက်ရွယ်ကြီးရင့်လာသည်နှင့်အမျှ အလားအလာများသည်လည်း တဖြည်းဖြည်း ကုန်ဆုံးလာမည်ဖြစ်သည်။

ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့က ဆရာဖြစ်သူကို ကျော်တက်ခဲ့ကြသော်လည်း ဖူအန်းစုကတော့ သူမ၏ဆရာဖြစ်သူ ယွမ်ကျန်းဖုန်းကို ကျော်တက်နိုင်ပါမည်လား ယုံကြည်မှုမရှိတော့ပေ။

ဝါဒတောင်တွင် ဖူအန်းစုက အကြိုးစားဆုံး ကျင့်ကြံသူများထဲမှတစ်ယောက် ဖြစ်သည်။ သို့သော် ယွမ်ကျန်းဖုန်း ရောက်ရှိခဲ့သည့်အမြင့်အထိ တက်လှမ်းရန်မှာ ခက်ခဲလွန်းလှသည်။

အလားတူပင် ပိုင်တောင်းနှင့် ဝမ်ဖူတို့မှာလည်း ဆရာဖြစ်သူ’ယွဲ့ကျန့်ပေ’ ကို လိုက်မီရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်။

အနာဂတ်တွင် ဖုန်းမော့ယန်သည်လည်း ဤသို့သောကူရာကယ်ရာမဲ့ခြင်းများဖြင့် မလွှဲမရှောင်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

ကျင့်စဉ်လမ်းကိုလျှောက်လှမ်းရခြင်းက လူသားဆန်မှုကင်းမဲ့ပြီး ရက်စက်လွန်းလှသည်။

အခြားရှုထောင့်မှကြည့်မည်ဆိုလျှင် ရန်ကျောက်ကဲအပါအဝင် အခြားသော တာအိုဝါဒ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက ဤရက်စက်လှသည့်လမ်းစဉ်ကို တွန်းလှန်ရန် ကြိုးပမ်းနေခဲ့ကြပေသည်။

သိုင်းကျင့်ကြံသူများအတွက် ပိုမိုကျယ်ပြန့်၍ ပိုမိုလုံခြုံသည့် လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်ရန် ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။

ထိုသို့တွေးမိသည်နှင့် ဖုန်းမော့ယန် ပြုံးလိုက်မိသည်။

“တာအိုရောင်းရင်းပိုင် ၊ တာအိုရောင်းရင်းဝမ်... ချောင်ဂိုဏ်းချုပ်ကို အတူတူသွားနှုတ်ဆက်ရအောင်”

ရွှီဖေးက သူတို့ရှိရာသို့ လှည့်ကြည့်ပြီး ‌ပြောလိုက်သည်။

ဖုန်းမော့ယန်နှင့် အခြားသော ဝါဒတောင်ဂိုဏ်းသားများ ခေါင်းညိတ်လိုက်ကြပြီး သူတို့(၃)ယောက် ထွက်ခွာသွားသည်ကိုကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။

ရွှီဖေး သီးသန့်အခန်းထဲဝင်လိုက်သည်နှင့် ချောင်ကျယ်နှင့်အတူ ထိုင်နေသူများကို တွေ့လိုက်ရသည်။

ထိုသူများထဲမှတစ်ယောက်က ရန်ကျောက်ကဲ ဖြစ်၏။

ရွှီဖေးဝင်လာသည်ကိုတွေ့တော့ ရန်‌ကျောက်ကဲက ပြုံးလိုက်ပြီး...

“အစ်ကိုရွှီ ၊ နောက်ကျနေပြီနော်...”

ရွှီဖေးက ရယ်မောရင်း ခေါင်းခါရမ်းလိုက်သည်။

“ဂိုဏ်းထဲကကိစ္စတချို့ ဆောင်ရွက်နေရတာနဲ့ နည်းနည်းနောက်ကျသွားတယ်”

ထို့နောက် သူက ချောင်ကျယ်ဘက်သို့လှည့်ပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။

“အနှောက်အယှက်ပေးမိတာ ခွင့်လွှတ်ပေးပါ ချောင်ဂိုဏ်းချုပ်”

ချောင်ကျယ်က အေးဆေးသည့်ဟန်ဖြင့်...

“ကိစ္စမရှိပါဘူး ၊ အချိန်လည်းစောသေးတယ်လေ”

ရန်ကျောက်ကဲ ဤနေရာသို့လာခြင်းမှာ အကြောင်းရင်းနှစ်ခုရှိကြောင်း ရွှီဖေး သိထားသည်။ တစ်ခုက ချောင်ကျယ်ကိုဂုဏ်ပြုရန် ၊ နောက်တစ်ခုက အချို့သောကိစ္စများ ဆွေးနွေးရန် ဖြစ်၏။

ဟုတ်ပေ၏။

နောက်ပိုင်းကျင်းပမည့်အခမ်းအနားတွင်တော့ ရန်ကျောက်ကဲက လူအများအာရုံစိုက်မလာစေရန် ရှောင်ထွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ချောင်ကျယ်နှင့် သီးသန့်တွေ့ဆုံရုံသာ ဖြစ်သည်။

ရန်ကျောက်ကဲနှင့်အတူ ထိုင်နေသူများကတော့ ပိုးသားဧကရာဇ် ဖုယွင်ချီ၊ ချောင်ကျယ်ထက် အနည်းငယ်စောပြီး နတ်ဘုရားတံခါးတွန်းဖွင့်နိုင်ခဲ့သူ’လျိုကျန်းကူ’ နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘ကောင်းရွှယ်ပေါ်’ တို့ ဖြစ်ကြသည်။

ပိုင်တောင်းနှင့် ဝမ်ဖူတို့က သူတို့ရောက်နေမည်ကို ကြိုသိထားသဖြင့် အားလုံးကို ပုံမှန်အမူအရာဖြင့်ပင် နှုတ်ဆက်လိုက်ကြသည်။

အားလုံး နေရာတွင်ထိုင်ပြီးသည်နှင့် စောစောကပြောဆိုဆွေးနွေးနေသည်ကို ဆက်လက်ပြောဆိုကြသည်။

ရန်ကျောက်ကဲက ချောင်ကျယ်ဘက်သို့လှည့်ကြည့်လိုက်ပြီး...

“ချောင်ဂိုဏ်းချုပ်... ခင်ဗျားတို့အဆက်အနွယ်က ထိုက်ချင်အဆက်အနွယ်က ဆင်းသက်လာတယ်ဆိုတာ ကျွန်တော် သိပါတယ် ၊ ဆိုတော့... ကျင်းထင်တောင်မှာ တောက်ရှင်ထျန်းကျွင်းနဲ့ပတ်သက်တဲ့ သဲလွန်စ လုံးဝမရှိဘူးလား”

ကျင်းထင်တောင်က ထိုက်ချင်အဆက်အနွယ်ဖြစ်ကြောင်း လူတိုင်းသိကြသည်။

သူတို့ဂိုဏ်း၏အမည်က ယွိချင်အဆက်အနွယ်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်ဖြစ်သည့် ‘တောက်ရှင်ထျန်းကျွင်း’ ၏ ကျောက်ဂူအိမ်တော်ဖြစ်သော “ကျင်းထင်တောင် ၊ ကျောက်စိမ်းရိပ်ငြိမ်အိမ်တော်” နှင့် အမည်တူနေခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်၏။

သို့သော် ရန်ကျောက်ကဲက အခွင့်အရေးကို လက်လွှတ်ခြင်းမရှိဘဲ အတည်ပြုချင်နေဆဲပင်။

အကြောင်းမှာ ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းခေတ်ကာလက နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲသွားပြီးနောက် နတ်ဘုရားသုတ်သင်ဓား(၄)လက်မှ တစ်လက်ဖြစ်သော နတ်ဘုရားအဆုံးသတ်ဓားမှာ တောက်ရှင်ထျန်းကျွင်းလက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် ဖြစ်ပေ၏။

All Chapters