← Chapters

ဆုတ်ခွာခြင်း

Vol. 81 Ch. 1232

ဆုတ်ခွာခြင်း

Vol. 81 Ch. 1232

ညရောက်လာပြန်လေပြီ။

ကျက်သရေပြာမြို့တော်၊ ဖန်စီဒီယန်...

နေ့ဘက်တွင် သွေးနီရောင် ထင်ဟပ် နေခဲ့သော ကောင်းကင်က တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့ပြီး နှစ်ရက်နှင့် တစ်ည ကြာမြင့်ခဲ့သော တုန်လှုပ်ဖွယ် ဝိုင်းရံ တိုက်ခိုက်ခြင်း သည်ကလည်း ငြိမ်သက်ခြင်းသို့ အဖြစ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အလောင်းများအားလုံးကို ရှင်းလင်းပြီး ဖြစ်သော်လည်း စူးရှသော သွေးအနံ့မှာ လေထဲတွင် ရှိနေဆဲပင်။

အနောက်ဘက် မြို့ရိုးမှာ အပျက်အစီး ဖြစ်သွားခဲ့ပြီး မြို့ရိုး အပြင်ဘက်ရှိ မြေပြင်မှာလည်း ပျက်စီး ယိုယွင်းနေကာ မီတာများစွာ နိမ့်ကျသွားပုံရသည်။ ၎င်းမှာ ယခင် တိုက်ပွဲ မည်မျှ ပြင်းထန်ခဲ့သည်ကို ပြသနေ၏။

မြေပြင်ပေါ်တွင် အေးခဲသွားသော ချော်ရည်များကဲ့သို့ အစိုင်အခဲဖြစ်နေသော အနီရောင်ရင့်ရင့် ကျောက်တုံးလေးများ ရှိနေသည်။ ထို့အပြင် သလင်းကျောက် တစ်မျိုးမျိုး ကဲ့သို့သော့ ထူးဆန်းသည့် ဖောက်ထွင်း မြင်နိုင်သော အရာဝတ္ထု များစွာလည်း ရှိနေခဲ့သည်။

လန်ဘိစ်က ပျက်စီးနေသော မြို့ရိုးပေါ် မတ်တပ်ရပ်နေပြီး မြို့တော်မှ လင်းလက် နေသော အမှောင်ထုထဲ ကြယ်များကဲ့သို့ အလင်းစက်များ ထွန်းလင်းနေသည်ကို စိုက်ကြည့်နေခဲ့သည်။

ငါ ဒီအလင်းတွေကို မမြင်ရတော့မလို့။ ဒီအလင်းတွေက ဒီလောကကြီးထဲကနေ လုံးဝပျောက်ကွယ်သွားတော့မယ့်နီးပါးပဲ။

ကံကောင်းသွားတယ်...

အသူရာချောက် နက်စစ်တပ် ရှင်းလင်း ခံလိုက်ရပြီ။

လုံးဝကို အမြစ်ပြတ် ချေမှုန်းခံရတာ။

တိုက်ပွဲအတွင်း နဂါးတွေနဲ့ ထူးဆန်းတဲ့ စစ်တပ်တွေ အပြင်ကို သိဒ္ဓိအလင်း ကျောင်းတော်မှ စစ်ကူများလည်း ရောက်ရှိ လာခဲ့ကြတယ်။

ယခုတစ်ကြိမ်တွင် ဗိုလ်ခြေ နှစ်ခုကို စေလွှတ်ခဲ့သည်။ တစ်ခုမှာ တစ်ချိန်က မုန်တိုင်းဓားသခင်အဖြစ် လူသိများခဲ့သော ပါဆာလီ ဦးဆောင်သည့် ကောင်းကင် မိုးကြိုးခန်းမ၏ နတ်ဘုရားကျောင်း မြင်းစီးသူရဲတပ်ဖွဲ့ ဖြစ်သည်။ ယခု ပါဆာလီက အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်နေပြီး နောက်ထပ် တစ်ခုမှာ သိဒ္ဓိအမျိုးသမီး ယူဒိုရာ၏ တပည့်ဖြစ်သူ မီရန်ဒါ ဦးဆောင်သည့် အလင်းဒြပ်စင် မှော်ပညာရှင်များ ပါဝင်သော သင်းအုပ် ဆရာ တပ်ဖွဲ့ ဖြစ်သည်။

သို့သော် တိုက်ပွဲ အခြေအနေကို အမှန်တကယ် ပြောင်းလဲပစ်ခဲ့သည်မှာ မသိရသေးသော ဇစ်မြစ်မှ ထူးဆန်းသော တပ်ဖွဲ့ အများအပြားပင်။

အသူရာချောက်နက်မကောင်းဆိုးဝါးများက သာမန် စစ်သည်များကဲ့သို့ မဟုတ်ပေ။ အခြေအနေ အရပ်ရပ် ဆုံးရှုံးသွားရာ သို့မဟုတ် ခေါင်းဆောင် သေဆုံးသွားရာတွင် သူတို့၏စိတ်ဓာတ် ကျဆင်းသွားခြင်း၊ တိုက်ခိုက်ခြင်း မရှိဘဲ ပြိုလဲခြင်းမျိုးလည်း မရှိပေ။ နောက်ဆုံး မကောင်းဆိုးဝါး တစ်ကောင်သာ ကျန်ရှိ နေသည့်တိုင် သူတို့က သေခြင်းကို မကြောက်ဘဲ ဆက်လက် တက်လာသည်။ ထိုအရာမှာ အကြောက်ရဆုံးပင်။

ထိုသို့သော ကြောက်မက်ဖွယ် အရာကို ကိုယ်တိုင် တွေ့ကြုံဖူးမှသာ သိနိုင်မည် ဖြစ်သည်။

စစ်ကူများ ရောက်ရှိလာပြီးနောက်တွင် အသူရာချောက်နက်စစ်တပ်က ပို၍ပင် ကြောက်မက်ဖွယ်ရာ တိုက်စစ်ကို စတင် ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့က ထိုထူးဆန်းသော တပ်ဖွဲ့များကြောင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုစစ်တပ်သည်လည်း အတော်အတန် ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ခဲ့ရသည်မှာ အသေအချာပင်။

ထိုအချိန် အယ်လ်တိုစ်က လန်ဘိစ်ထံ လျှောက်လာပြီး စကား အနည်းငယ်ကို တိုးတိုးလေး ပြောလိုက်သည်။

လန်ဘိစ်၏ မျက်လုံးများတွင် အံ့အားသင့်သည့် အမူအရာ ရှိနေပြီး သူ ခေါင်းညိတ်ကာ ပြောလိုက်၏။ “သူ့ကို ဝင်ခွင့်ပေးလိုက်...”

ခဏအကြာတွင် အမျိုးသား တစ်ဦးက လန်ဘိစ်ထံသို့ ရောက်ရှိလာသည်။ သူ ဦးညွှတ်လိုက်၏၊ “မင်္ဂလာပါ။ အရှင်မ...”

“ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင် ရှင့်ကို သိဒ္ဓိခိုလှုံရာမှာ တစ်ခါတွေ့ဖူးတယ်။ မင်းရဲ့ နာမည်က လူစီအို။ သိဒ္ဓိခိုလှုံရာ အပြင်ဘက် စီမံအုပ်ချုပ်သူ။ မင်းကို ဘွန်နက်က အကြံပြုခဲ့တဲ့ပုံပဲ...”

လူစီအို အနည်းငယ် အံ့အားသင့် သွားခဲ့ပြီး ပြောသည်။ “ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ကျုပ်လို အသေးအမွှား လူတစ်ယောက်ကို အရှင်မ မှတ်မိမယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး...”

“အသေးအမွှား လူလား...” လန်ဘိစ် ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။ “ဆာ-လူစီအို နောက်နေတာ ဖြစ်မယ်။ ကျွန်မရဲ့ မျက်စိအောက်မှာ အခြား လောကရဲ့ ဒီလို လျှို့ဝှက်သူလျှို တစ်ဦး ရှိနေတာကိုတောင်မှ ဘာမှ မသိခဲ့တာကို ကျွန်မ ရှက်သင့်တာ။ ခုနက အယ်လ်တိုစ် ကျွန်မကို မြို့တော်ကို ကယ်တင်ခဲ့တဲ့ စစ်တပ်က တကယ်တမ်း နတ်ဆိုးဆီက ရောက်လာတာလို့ ပြောတုန်းက ကျွန်မရဲ့ စိတ်ထဲမှာ တုန်လှုပ်မှုပဲ ရှိခဲ့တယ်...”

လူစီအိုက ယခုတစ်ကြိမ် အမှန်ပင် ကြီးကြီးမားမား အကျိုးပြုခဲ့သည်။ သူ၏ လမ်းညွှန်မှု မရှိခဲ့လျှင် အဂ္ဂိရတ်စစ်တပ်က ကျက်သရေပြာ အင်ပါယာသို့ ထိုမျှ မြန်မြန် ရောက်ရှိလာမည် မဟုတ်ပေ။ လမ်းတွင် သူတို့က နဂါးတောင်ကြားမှ စစ်ကူများနှင့် ဆုံတွေ့ခဲ့ကြလေသည်။ ဂွယ်ရိုအက်စ်က မုန်တိုင်းကျွန်းတွင် ချန်လွေ့နှင့် တွေ့ဆုံခဲ့ဖူးပြီး တိုင်တန် ခေါင်းဆောင် အိုးရှင်းနက်စ်ကို မိတ်ဟောင်းဆွေဟောင်းများအဖြစ် သတ်မှတ်၍ ရနိုင်သောကြောင့် သူတို့က အင်အားများ ပူးပေါင်းလိုက်ရုံသာ ဖြစ်၏။

“အရှင်မက ကျုပ်ကို အထင်ကြီးလွန်း နေပါပြီ။ ကျုပ်က ဒီရှေးဟောင်းစစ်တပ်ကို လမ်းညွှန်ပေးဖို့ သခင်ရဲ့ အမိန့်ကို လိုက်နာ နေခဲ့တဲ့ အသေးအမွှား တစ်ယောက်ပါ။”

“သခင် ဟုတ်လား။ နတ်ဆိုးဘုံက ဘယ်တော်ဝင် ဧကရီ အရှင်မလဲ...” လန်ဘိစ်က မျက်မှောင်ကြုတ်လိုက်သည်။ အင်ပါယာကြီး တစ်ခုကပဲ ဒီလိုမျိုး အစွမ်းထက်တဲ့ စစ်တပ်ကို ပိုင်ဆိုင်နိုင်မှာ။ နတ်ဆိုးဘုံရဲ့ တိုက်ခိုက်ရေး စွမ်းအားက ငါတို့ ခန့်မှန်းထားတာထက် အများကြီး ကျော်လွန်နေတာကို တွေ့မြင်ရနိုင်တယ်။ ကံကောင်းချင်တော့ ရွှေရောင်နယ်မြေမှာ တိုက်ပွဲက ဆက်မဖြစ်ခဲ့ဘူး...

ထိုအကြောင်းကို ပြောလိုက်သောအခါ လူစီအို၏ မျက်လုံးများတွင် ဂုဏ်ယူ ဝင့်ကြွားသည့် အသွင် ရှိနေပြီး သူက ပြောလိုက်သည်။ “ကျုပ်ရဲ့ သခင်က နတ်ဆိုးဘုံရဲ့ ဧကရီ မဟုတ်ပါဘူး... ပြောရရင်တော့ ဧကရီ သုံးပါးလုံးက သူ့ရဲ့ ဇနီးတွေပါ...”

“တော်ဝင်မင်းသား အက်ဂ်ယောလား။” လန်ဘိစ် အံ့အားသင့်သွား၏။ သူက နတ်ဆိုးဘုံနှင့် ပတ်သက်သော အခြေခံ အချက်အလက် အချို့နှင့် မစိမ်းလှပေ။ သို့သော် ယခုတစ်ကြိမ်တော့ သတင်းမှာ နောက်ကျနေခဲ့သည်။

ရွှေရောင်နယ်မြေ စစ်ပွဲပြီးနောက်တွင် ကျက်သရေပြာအင်ပါယာ၏ ထောက်လှမ်းရေးဌာနက သက်ဆိုင်ရာ အချက်အလက်များကို ချက်ချင်းပင် ရရှိခဲ့သော်လည်း လန်ဘိစ်၏ တရစပ် တောင်းဆိုမှုကြောင့် ထောက်လှမ်းရေးဌာနက လျင်မြန်စွာ အစီရင်ခံခြင်း မပြုဘဲ ထပ်ခါတလဲလဲ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် အက်ဂ်ယောက သိဒ္ဓိသားတော် ဘွဲ့ခံယူ အခမ်းအနားတွင် သေဆုံးခဲ့သော မင်းသား အာသာ ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။ (ထိုအချိန်က သက်သေများမှာ နယ်မြေ ခေါင်းဆောင်များ ဖြစ်ကြပြီး ကျောင်းတော်က တိတ်တိတ်နေရန် အမိန့် ပေးထားခဲ့သည်)

အတည်ပြုပြီးသော ထောက်လှမ်းရေး သတင်းများ လန်ဘိစ်၏ စားပွဲပေါ်သို့ ရောက်ရှိလာချိန် လန်ဘိစ်၏ အင်အား အကုန်လုံးက အသစ် ပေါ်လာသော အသူရာချောက်နက် မကောင်းဆိုးဝါးများ အပေါ်သို့ ရောက်ရှိနေခဲ့သည်။ စစ်ပွဲ၏ အရေးတကြီး လိုအပ်ချက်များကြောင့် လန်ဘိစ်တွင် အခြားသော ကိစ္စများကို ဖြေရှင်းရန် အချိန်မရှိခဲ့။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ကျက်သရေပြာ အင်ပါယာ တစ်ခုလုံး၏ သေရေးရှင်ရေး အဓိက အဖြစ်အပျက်နှင့် သက်ဆိုင်နေ၍ပင်။

“တကယ်တော့ အက်ဂ်ယောဆိုတာ နာမည်ဝှက် တစ်ခုပါ။ ကျုပ် သခင်က အရှင်မရဲ့ မိတ်ဆွေဟောင်း တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်...”

“မိတ်ဆွေဟောင်းလား...” လန်ဘိစ် ရုတ်တရက် လပြည့်ည ပွဲတော်မှ မြင်ကွင်း တစ်ခုနှင့် ရာဖယ်ရယ် မြင်လိုက်ရသော နတ်ဆိုးကို သတိရသွားပြီး စိတ်ထဲတွင် ကြိုတင် ခန့်မှန်းမှုတစ်ခု ပေါ်လာခဲ့သည်။

“သိဒ္ဓိခွက်ကို အရှင်မ မှတ်မိလိမ့်မယ်လို့ ယူဆပါတယ်...”

လူစီအို၏ စကားများက လန်ဘိစ်၏ စိတ်ထဲမှ ယူဆချက်ကို အတည်ပြု လိုက်ပြီး သူက တုန်လှုပ်မိသွားခဲ့သည်။ “မင်း ပြောချင်တာ အက်ဂ်ယောက... သူလား...”

နတ်ဆိုးဘုံမှ အဓိကဧကရီ ၃ပါး၏ တစ်ဦးတည်းသော ခင်ပွန်း၊ နတ်ဆိုးဘုံ၏ နောက်ကွယ်မှ တကယ့် ထိန်းချုပ်သူက တကယ်တော့ သူ၏ခင်ပွန်း ဖြစ်လုနီးပါး ဖြစ်ခဲ့သော အမျိုးသား ဖြစ်နေခဲ့သည်။ အာဏာနှင့် ရာထူးအတွက် သူ စိတ်ကို ပိုင်းဖြတ်ပြီး လက်လွှတ်ခဲ့သော နဂါး လင်းလက် အင်ပါယာမှ တတိယမင်းသား။

လန်ဘိစ်သည် ရှင်းပြ၍ မရနိုင်သော ခါးသီးမှုကို ခံစားလိုက်ရသည်။ အဲဒီယောက်ျားရဲ့ စွမ်းအားနဲ့ စရိုက်အရ ဆိုရင်တော့ နတ်ဆိုးဘုံက ဧကရီ ၃ပါးနဲ့ သူ့ရဲ့ အိမ်ထောင်ရေးက အကျိုးစီးပွား ဆက်ဆံရေးထက် ပိုလောက်တယ်။

ဘာလို့ အဲဒီမိန်းမတွေက အာဏာ ရှိနေချိန်မှာ ချစ်ခြင်း မေတ္တာကိုလည်း ရနိုင်ရတာလဲ။

သေခြင်းကို ရင်ဆိုင်ရတော့မည်ဟု သူ တွေးတောခဲ့သည့် အခိုက်အတန့်တွင် သူ ယခင်ကထက် ပိုမို ပြတ်သားနေခဲ့သည်။ ယခု သူက နောက်တစ်ကြိမ် ရှင်သန် ခဲ့ပြီးနောက် လွှတ်ချခဲ့ပြီဟု တွေးခဲ့သော အရာအချို့က နှလုံးသားဆီသို့ ပြန်ရောက် လာခဲ့သည်။

သူသည် ဧကရီ တစ်ပါး ဖြစ်သည်။ နောက်ဆုံးတွင် သူက အမျိုးသမီး တစ်ဦးလည်း ဖြစ်၏။

သို့သော် ယခုတွင် ထိုအတွေးများက အဓိပ္ပာယ် မရှိတော့ပေ။

လန်ဘိစ်က အတွေးများကို ရုပ်သိမ်း လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဒါက လျှို့ဝှက်ချက် တစ်ခုပဲ။ ဒါပေမဲ့ မင်း ဒါကို ပြောပြလို့ ရတာဆိုတော့ လူတွေ အများကြီး သိနေပြီလို့ ထင်ပါတယ်...”

“သခင်က သူ၏ သရုပ်ကို ရွှေရောင် နယ်မြေမှာ နဂါးလင်းလက် အင်ပါယာ ဧကရာဇ် လက်ဇ် အရှေ့မှာ ဖော်ထုတ်ခဲ့ပြီး စစ်ပွဲကို တားဆီးခဲ့ပါတယ်...”

လန်ဘိစ်က ငွေလကောင်းကင် မြို့တော်တွင် ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့ အာသာကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့ရသည်ကို တွေးမိသွားပြီး သူ ခေါင်းညိတ်လိုက်၏။ “ဒါကြောင့်ကိုး။ ယခု သူ့မှာ ဒီလိုစွမ်းအားမျိုး ရှိနေပြီဆိုတော့... ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ ဆာ-လူစီအို။ သူ့ရဲ့ အကူအညီအတွက် ကျွန်မရဲ့ အလေးနက်ဆုံး ကျေးဇူးတင်စကားကို အရှင်မင်းသားဆီ ပေးပို့ပေးလိုက်ပါ...”

ထိုအချိန်က အာသာနှင့် ပုလဲမင်းသမီး အကြားမှ အိမ်ထောင်ရေး ဖောက်ပြန်မှု အကြောင်းကို လူတိုင်း ကသိရှိကြသည်။ လူစီအို သိရှိသော်လည်း သူ၏သခင်နှင့် ဧကရီတွင် မည်သည့် မသိရသေးသော ရှုပ်ထွေးမှုများ ရှိနေကြောင်း သူ မသိပေ။

ဆန်ဒရို ရောက်ရှိလာခဲ့ပြီး သူ၏ ဘေးနားတွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ရှိနေသည်။ သူတို့က ယခု တစ်ကြိမ် သိဒ္ဓိအလင်းတောင်မှ စစ်ကူများ၏ ကိုယ်စားလှယ်များ ဖြစ်သော ပါဆာလီနှင့် မီရန်ဒါတို့ ဖြစ်ကြသည်။

လန်ဘိစ် သူတို့ နှစ်ဦးအား အနည်းငယ် ဦးညွှတ်လိုက်သည်။ “ဆာ-ပါဆာလီ။ မစ်-မီရန်ဒါ။ ရောက်လာတဲ့အတွက် ကျေးဇူး တင်ပါတယ်...”

ပါဆာလီက ခေါင်းခါပြီး သက်ပြင်း အရှည်ကြီး ချလိုက်သည်။ “အရှင်မရဲ့ စကားတွေက ကျုပ်တို့ကို အရှက်ရ စေပါတယ်။ အသူရာ ချောက်နက်ရဲ့ စွမ်းအားကို ကျုပ်တို့ ခန့်မှန်းတဲ့ နေရာမှာ အကြီးအကျယ် ချို့ယွင်းခဲ့ပြီး တကယ်ကို အများကြီး အကူအညီ မပေးခဲ့ပါဘူး။ ကျုပ်တို့ကို အနှောင့်အယှက် ဖြစ်တယ်လို့ မယူဆရင် လုံလောက်ပါပြီ...”

နတ်ဘုရားကျောင်း မြင်းစီးသူရဲ ဗိုလ်ခြေတွင် အသူရာချောက်နက်အပေါ် ချုပ်တည်းမှု ဂုဏ်သတ္တိ အချို့ ရှိသော်လည်း ထိုအရေအတွက်မှာ အသူရာချောက်နက် စစ်တပ် တစ်ခုလုံးနှင့် ယှဉ်လျှင် မလုံလောက်ပေ။ မည်သို့ပင် ဆိုစေကာမူ သင်းအုပ်ဆရာ ဗိုလ်ခြေက ဒဏ်ရာရ စစ်သည်များကို ကုသရာတွင် အံ့သြဖွယ်ရာ အကျိုးသက်ရောက်မှုကို ပြသခဲ့သည်။

လူစီအိုက ဘဝ ခက်ခဲခဲ့သော ကြေးစား တစ်ဦး ဖြစ်ခဲ့သည်။ တစ်နေ့တွင် သူက ပါဆာလီနှင့် လန်ဘိစ်ကဲ့သို့ သူများနှင့် ထိုကဲ့သို့ စကားပြောရမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ၊ သို့သော် ယခု သူသည် သူ့ကိုယ်သူအစား ချန်လွေ့ကို ကိုယ်စားပြု နေသောကြောင့် သူ၏ခါးမှာ သိသိသာသာ ပိုမိုတောင့်တင်းနေ၏။ သူ ပါဆာလီအား နှိမ့်ချသော မာနကြီးသော သဘောထား မရှိဘဲ ဆက်ဆံနေခဲ့သည်။

သူက ပြုံးပြီး ပြောလိုက်သည်။ “ဆာက ချီးကျူးလွန်းနေပါပြီ။ ကျုပ်က အမိန့်ကို လိုက်နာနေရုံ သက်သက်ပါ။”

လန်ဘိစ်က ခေါင်းညိတ်ပြီး ပြောသည်။ “ရှင်တို့ ဘယ်ဘက်ကိုပဲ အစီရင်ခံချင်ချင်၊ ရှင်တို့ သုံးယောက်ရဲ့ ကျေးဇူးတွေကို ကျွန်မ မှတ်ထားပါ့မယ်။ အနာဂတ်မှာ ကျွန်မ သေချာပေါက် ပြန်ဆပ်ပါ့မယ်...”

“ကိစ္စမရှိပါဘူး....” ပါဆာလီ သက်ပြင်း ချပြီး ပြောလိုက်သည်။ “ဒီမှာ သတင်းဆိုး တစ်ခု ရှိတယ်။ ကျုပ်တို့တွေ အသူရာ ချောက်နက်ကို တိုက်ခိုက် နေတုန်းမှာ အသူရာချောက်နက် စစ်တပ် နှစ်ခုက ကန်းစ်မြို့နဲ့ ဆီမစ်မြို့ကို ဖျက်ဆီးပစ် ခဲ့တယ်။ အခု သူတို့ လူးဘို အင်ပါယာကို ကျူးကျော်နေပြီ။ ထောက်လှမ်းရေးဌာနရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ အသူရာချောက်နက် စစ်တပ် နှစ်ခုရဲ့ အရေအတွက်က ကျုပ်တို့တို့ ခုနက ရင်ဆိုင်ခဲ့ရတာထက် မနည်းပါဘူး...”

“ဘယ်လို...” လန်ဘိစ်က ထိတ်လန့် သွားခဲ့သည်။ အသူရာချောက်နက် စစ်တပ်ကို အုပ်စု သုံးစု ခွဲထားတာပဲ။ ငါက အသူရာ ချောက်နက်ရဲ့ အဓိက အင်အားစုကို အနိုင်ယူခဲ့ပြီလို့ တွေးခဲ့တာ။ ရယ်စရာကောင်းလိုက်တာ။

ကန်းစ်မြို့နှင့် ဆီမစ်မြို့တို့က ကျက်သရေပြာအင်ပါယာ၏ အနောက်မြောက်ဘက်ရှိ မြို့များ ဖြစ်ပြီး ကျက်သရေပြာ အင်ပါယာ တစ်ခုလုံး၏ အများစုမှာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

မီရန်ဒါက ပြောသည်။ “ခုနက တိုက်ပွဲမှာ အရှင်မရဲ့ သတ္တိကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အခုက တကယ် ရဲရင့်ရမယ့် အချိန် မဟုတ်တော့ပါဘူး။ အသူရာချောက်နက်စစ်တပ်က စိတ်ကူးနိုင်တာထက် အများကြီး ကျော်လွန်နေပါတယ်။ အရှင်မ ဖန်စီဒီယန်ကနေ လျင်မြန်စွာ ဆုတ်ခွာဖို့ ပြင်ဆင်သင့်တယ်လို့ အကြံပြုလိုတယ်။ ကိုယ့်အတွက်တင် မကဘဲ မြို့တော်က လူတွေအတွက်ပါ...”

လန်ဘိစ်က တိတ်ဆိတ်သွားခဲ့သည်။ ပါဆာလီက လျှော့‌ပေါ့၍ ပြောခဲ့ကြောင်း သူ နားလည်သည်။ ခုနက တိုက်ပွဲသည် ဖန်စီဒီယန်၏ ခံတပ်များနှင့် အင်အား အားလုံးကို လုံးဝနီးပါး ဖျက်ဆီးပစ်ခဲ့သည်။ ထိုသို့သော တိုက်ခိုက်မှု နောက်တစ်ကြိမ် ရှိခဲ့ပါက နတ်ဆိုးဘုံ စစ်တပ်၏ အကူအညီဖြင့်ပင် ခုခံနိုင်မည် မဟုတ်ပေ။

သို့သော် ဆုတ်ခွာလျှင် ကျက်သရေပြာ အင်ပါယာ တစ်ခုလုံး အခြေခံအားဖြင့် ဖျက်ဆီးခံရမည် ဖြစ်သည်။

“အသူရာချောက်နက် မကောင်းဆိုးဝါးတွေက အင်ပါယာ တစ်ခုတည်း ရင်ဆိုင်ဖို့အတွက် အတော် အားကောင်းလွန်းနေတယ်။” ပါဆာလီက ပြောသည်။ “တစ်ခုတည်းသော ဖြေရှင်းနည်း ကတော့ လူတွေကို အနောက်ဘက်ဆီ အမြန်ဆုံး ဆုတ်ခွာဖို့ စီစဉ်ပြီးတော့ အင်အားစု အကုန်လုံး စုစည်းပြီး အသူရာချောက်နက်ကို အသေခံ တိုက်ခိုက်ဖို့ပါပဲ။ ကျုပ် သိသလောက် ကမ်းပါးဖြူ ကလည်း အသူရာချောက်နက်စစ်တပ်ရဲ့ အသိုက်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်။ ဒီမကောင်းဆိုးဝါးတွေကို အမြစ်ကနေ ဖြေရှင်းဖို့အတွက်ပေါ့။ ဒါပေမဲ့ ကျုပ်တို့ ဒီလိုမျိုး ဆက်စောင့်နေလို့ မရတော့ဘူး။”

ပါဆာလီ၏ စကားအသုံးအနှုန်းကြောင့် အံ့အားသင့်သွားသော လန်ဘိစ်က မေးလိုက်သည်။ “ကျွန်မတို့ ဟုတ်လား...”

“အခုတစ်ခေါက် ကျုပ်နဲ့ မီရန်ဒါတို့ရဲ့ တာဝန်က အသူရာချောက်နက်ကို လုံးဝ အနိုင်မယူခင် အရှင်မကို ကာကွယ်ဖို့ပါ။ ပြီးတော့ တာဝန် မပြီးမချင်း ကျုပ်တို့က ပြန်လို့မရပါဘူး။” ပါဆာလီက အနေရ ခက်ရင်း ပြုံးလိုက်၏။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့က သေဖို့အတွက် စေလွှတ်ခံရတဲ့ အမြောက်စာတွေပဲ။”

လန်ဘိစ်သည် သိဒ္ဓိအလင်းတောင်မှ ခေါင်းဆောင်ကြီး ၃ဦး၏ ပွင့်လင်းသော၊ လျှို့ဝှက်သော ရုန်းကန်မှုများအကြောင်း ကြားဖူးခဲ့ပြီး သူက ထပ်မမေးတော့ပေ။ “အရှင်မ ရှိရင် အင်ပါယာရှိတယ်” ဟူ၍ အယ်လ်တိုစ် တစ်ချိန်က အဓိကခန်းမတွင် ပြောခဲ့ဖူးသည့် စကားက သူ့စိတ်ထဲတွင် ပေါ်လာပုံရသည်။ သူက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ “ဒါဆိုရင် ဆုတ်ခွာကြတာပေါ့...”

အိပ်မက်ဆိုး မီးတောင်၌ ဖြစ်သည်။

စိန်ပုံစံ ရှိနေသော ကောင်းကင်တွင် သွေးရောင် အလင်းများ ထိုးထွက်လာပြီး မြေပြင်ပေါ်တွင် တဟုန်းဟုန်းနှင့် တောက်ပနေသော မီးလျှံ စီးကြောင်းကို ထွန်းလင်းပေးနေ၏။

ခီလီယာနာက သွေးနီရောင် ပလ္လင်ပေါ် ထိုင်နေပြီး မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုတောင်စောင်း၏ အောက်ခြေရှိ ချော်ရည်များတွင် အဆုံးမဲ့ သွေးပိုးအိမ်များ ရှိနေသည်။ ဖွဲ့စည်းပြီး ဖြစ်သော အသူရာ ချောက်နက် မွေးမြူရေး အသိုက်များက သွေးပိုးအိမ် အသစ်များကို အဆက်မပြတ် ဖန်တီးပေးနေ၏။

၎င်းတို့ထဲတွင် ဧရာမ သွေးပိုးအိမ် နှစ်ခုမှာ အထင်ရှားဆုံး ဖြစ်သည်။ ဧရာမ သွေးပိုးအိမ် နှစ်ခု အနီးတွင် ကြည်လင် နေသော အသူရာချောက်နက် ပန်းများ ရေတွက်၍ မရနိုင်အောင် စုစည်းနေပြီး ပန်းများစွာက ချော်ရည်များနှင့်အတူ ပတ်ပတ်လည်တွင် လွင့်မျောနေခဲ့သည်။

ခီလီယာနာ၏ မျက်လုံး တဖြည်းဖြည်း ပွင့်လာခဲ့ပြီး သူ၏ ညာဘက် မျက်လုံးမှ သွေးနီရောင် မျက်ဆံတွင် အက်ကြောင်း တစ်ခု ရှိနေသေးသည်။

ဘယ်ဘက်ရှိ ဧရာမ သွေးပိုးအိမ်က စတင်၍ လှုပ်ယမ်းလာပြီး အပြင်ဘက် အလွှာက တစ်လွှာပြီး တစ်လွှာ ကွာကျ လာတော့သည်။

All Chapters