အကြောက်တရား
Vol. 81 Ch. 1234
သိဒ္ဓိအလင်းတောင် ထိပ်ပိုင်းရှိ အလင်း နတ်ဘုရားကျောင်း၌ ဖြစ်သည်။
“မိုက်ကယ်။ မဟာလင်းလက်ဓား အခင်းအကျင်းက စွမ်းအား အများကြီး ကုန်ဆုံးစေတယ်။ ငါ့ရဲ့ လက်ရှိတိုင်းပြည် စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ ဒါကြောင့် ဖြည့်တင်းဖို့ ယုံကြည်မှုစွမ်းအား ပိုပြီးတော့ လိုအပ်တယ်။ မဟုတ်ရင် ဒါကို ငါ ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။” ထိုသူမှာ အခြားသူဟုတ်ဘဲ လူသား လောက၏ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် ရာဂူရယ်လ်ပင်။ သူသည် လောက နှစ်ခုအကြားရှိ တံခါး ပေါ်လာစဉ်က ချန်လွေ့နှင့် ငြင်းခုံခဲ့ဖူးသူ ဖြစ်သည်။
“ရာဂူရယ်လ်။ သိပ်ပြီး လောဘမကြီးနဲ့။ သိဒ္ဓိအလင်းတောင်ကနေ စုစည်းထားတဲ့ ယုံကြည်မှု စွမ်းအား သုံးပုံ တစ်ပုံ မင်းကို ပေးထားပြီးပြီ။ အဲဒါက မလုံလောက် သေးဘူးလား။” မိုက်ကယ်က မျက်ခုံးပင့် လိုက်ပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
ခီလီယာနာကို ရှုံးနိမ့်ပြီးနောက်တွင် ကောင်းကင်တမန် သုံးပါးသည် ဒဏ်ရာများဖြင့် သိဒ္ဓိအလင်းတောင်သို့ ပြန်ရောက်လာခဲ့သည်။ အင်အားကြီးသော ခီလီယာနာကို ကိုင်တွယ်ရန် အတွက် မိုက်ကယ်က အလင်းရောင်နတ်ဘုရား ချန်ထားခဲ့သော မဟာလင်းလက်ဓား အခင်းအကျင်းကို တွေ့ရှိခဲ့သည်။
မဟာလင်းလက်ဓား အခင်းအကျင်း၏ စွမ်းအားမှာ အလွန်ပင် အားကောင်း၏။ ၎င်းမှာ ထိုစဉ်က နတ်ဘုရား တိုက်ပွဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းခဲ့သည်။ ပြဿနာမှာ ထိုဓား အခင်းအကျင်း၏ အဓိက အချက်မှာ နတ်ဘုရားစွမ်းအား ဖြစ်ခြင်းပင်။ နတ်ဘုရားများ ကျဆုံးမှုကြောင့် နတ်ဘုရား စွမ်းအား၏ ကောင်းချီးကို ရရှိရန် မဖြစ်နိုင်တော့ပေ။ နတ်ဘုရားများ အသက် သွင်းထားသော အဓိကကုန်းမြေ အစီအရင်ပင် တစ်နှစ်ပြီး တစ်နှစ် အားနည်းလာနေပြီး သူတို့က ၎င်းကို ထိန်းသိမ်းရန် စတေးခံများကိုသာ အသုံးပြုနိုင်ခဲ့သည်။
မိုက်ကယ်၏ အစီအစဉ်မှာ ဖန်တီးခြင်း စာအုပ်တွင် စုစည်းထားသော ယုံကြည်မှု စွမ်းအားနှင့် အသက်စွမ်းအား အသုံးပြု၍ အတင်းအကျပ် အစားထိုးရန် ဖြစ်သည်။ စွမ်းအား များစွာလျော့ကျသွားသော်လည်း ၎င်းမှာ အတိုင်းအတာ တစ်ခုအထိ တန်ဖိုးရှိပေသည်။
ရာဂူရယ်လ်သည် မူလက နတ်ဝင်သည် တစ်ဦး ဖြစ်ခဲ့ပြီး ယုံကြည်မှုကို စုပ်ယူခြင်း၊ လွှဲပြောင်းခြင်းနှင့် သွတ်သွင်းခြင်း ပါရမီ ရှိသည်။ ယခုတစ်ကြိမ်တွင် ကောင်းကင် တမန်တော် သုံးပါးသည် ခီလီယာနာကို တိုက်ခိုက်ရန် မဟာလင်းလက်ဓား အခင်းအကျင်းကို အပြီးသတ်ရန်အတွက် ရာဂူရယ်လ်၏ ပါရမီများကို ငှားရန် ရောက်ရှိလာခဲ့သည်။
ရာဂူရယ်လ်သည် ထိုစဉ်က သိဒ္ဓိ အလင်းတောင်သို့ ပူးပေါင်းချင်ခဲ့ပြီး အကျိုးအမြတ်ရှိသော အလင်းရောင် နတ်ဘုရား၏ ယုံကြည်မှု ဝေစုတစ်ခုကို ရယူချင်ခဲ့လေသည်။ သို့သော် သူ၏ လောဘကြီးသော စရိုက်ကြောင့် ကောင်းကင်တမန်တော် သုံးပါး၏ မုန်းတီးခြင်းကို ခံခဲ့ရသဖြင့် အပြင်းအထန် အငြင်းခံခဲ့ရသည်။
ရာဂူရယ်လ်က နိမ့်ကျသော စွမ်းအားကြောင့် ရန်လိုရဲခြင်း မရှိသော်လည်း သူက အမြဲပင် အငြိုးအတေး ထားခဲ့သည်။ ယခုတွင် ကောင်းကင်တမန် သုံးပါးက သူ့ကို လိုအပ်လာရာ သူက သိဒ္ဓိအလင်းတောင်မှ စုစည်းထားသော ယုံကြည်မှု စွမ်းအား သုံးပုံ တစ်ပုံ အပါအဝင် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်ရန် သဘာဝ အတိုင်း အခွင့်ကောင်း ယူခဲ့သည်။ ယခု သူက ယုံကြည်မှု ပိုမိုတောင်းဆိုနေသဖြင့် ကောင်းကင်တမန်တော် သုံးပါးကို ဒေါသ ထွက်စေခဲ့သည်။
မိုက်ကယ်၏ မျက်လုံးများ သတ်ဖြတ် ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပုံမှန်ဆိုလျှင် သူက ရန်လိုပြီး ဖြစ်သည်။ သို့သော် မဟာလင်းလက်ဓား အခင်းအကျင်း အတွက် သူက ယခု လောလောဆယ်တွင် ဒေါသကို ထိန်းထားရမည် ဖြစ်သည်။
ဂေဘရီရယ်က ခနဲ့လိုက်သည်။ “ရာဂူရယ်လ်။ သိပ်ပြီး လောဘမကြီးနဲ့။ ကျွန်မတို့က တိတစ်ခု အရင်ပေးခဲ့တယ်။ ပြီးတော့ စာချုပ် လက်မှတ် ထိုးထားတာ ကြာခဲ့ပြီ...”
“ငါတို့ရဲ့ အဆင့်နဲ့ဆိုရင် စာချုပ်ထဲ ဟာကွက်တွေ ရှိတာကို နားလည်တယ်။ အခု ငါက အများဆုံး ကူညီပေးခဲ့တဲ့သူပဲ။ ပြီးတော့ ဒါက ထင်ထားတာထက်ကို ကျော်လွန်သွားပြီ။ လျော်ကြေး လိုအပ် တာပေါ့။” ရာဂူရယ်လ်က ဂေဘရီရယ်ကို ခနဲ့လျက် ကြည့်လိုက်သည်။
“မင်းက ငါတို့နဲ့ တူညီတဲ့ အဆင့်မှာ ရှိနေလို့လား။” ရာဖယ်ရယ်က အမှန်တွင် မုန်းတီးမှုကို ဆွဲဆောင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ရာဂူရယ်လ်က စကား တစ်ခွန်းတည်းဖြင့် မျက်နှာနီရဲသွားသည်။
“ဒါဆို မင်းတို့ ဒါကို အပြီးသတ်ဖို့ တခြားလူ တစ်ယောက်ကို သွားရှာလေ။ ဘာပဲဖြစ်ဖြစ် ငါက အထီးကျန်သူ တစ်ယောက်ပါ။ သိဒ္ဓိကျောင်းတော် မိသားစုလောက်တော့ မကြီးမားပါဘူး။” ရာဂူရယ်လ်က မဟာလင်းလက်ဓား အခင်းအကျင်းသည် သူမရှိဘဲ မဖြစ်နိုင်ကြောင်း သိနေသည်။
“တကယ်လို့ ရှင် အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောနေရင်တော့ လမ်းခွဲရလိမ့်မယ်။” ဂေဘရီရယ်က အေးစက်စွာ ပြောလိုက်၏၊ “အသူရာချောက်နက်ရဲ့ ပျက်စီးခြင်းက ခွဲခြားမှု မရှိဘူး။ အဆိုးဆုံး အခြေအနေဆို ခီလီယာနာ ရောက်လာတဲ့အခါ လူတိုင်း အတူတူ ပျက်စီးသွားမှာပဲ။”
ရာဂူရယ်လ်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းပြီး မိုက်ကယ်ကို ကြည့်ကာ ရန်စလိုက်သည်။ “ဂေဘရီရယ်က မင်းကို ကိုယ်စားပြုနိုင်လို့လား။”
“သေချာတာပေါ့..” ရာဖယ်ရယ်က အရင်ဦးစွာ ပြောလိုက်သည်။ “ငါတို့ သုံးယောက်က အမြဲတမ်း အတူတူ ရှေ့တိုးပြီး အတူတူ နောက်ဆုတ် ခဲ့ကြတာ။”
မိုက်ကယ်က သည်းမခံ နိုင်တော့ပေ။ သူက ရာဖယ်ရယ်ကို ကြည့်လိုက်ပြီး ဂေဘရီရယ်ကို ကြည့်ကာ ခေါင်းညိတ် လိုက်သည်။ “မင်းက ဇွဲကောင်းနေမှတော့ စာချုပ်ကို ပယ်ဖျက်လိုက်လေ။”
ရာဂူရယ်လ်၏ မျက်လုံးထောင့်များ တွန့်သွား၏။ သူက ဈေးဆစ်ရန် အခွင့်အရေး ယူလိုခဲ့ရုံသာ ဖြစ်သည်။ အကယ်၍ သူ စာချုပ်ကို အမှန်တကယ် ပယ်ဖျက်ခဲ့ပါက စာချုပ်ပေါ်မှ လုံခြုံရေး စည်းမျဉ်းများလည်း အကျုံးဝင်တော့မည် မဟုတ်ပေ။ သူတို့၏ အမူအရာများအရ ဆိုလျှင် သူ့ကို ချက်ချင်း သတ်ပစ်နိုင်၏။ ထိုအရာမှာ ပြိုင်ဘက်၏ အသိုက်ပင်။ သူက ကောင်းကင်တမန် သုံးပါးထံမှ လွတ်မြောက်ရန် ယုံကြည်ချက် မရှိခဲ့ပေ။
“မဟာလင်းလက်ဓား အခင်းအကျင်း ပြီးတော့မှာကို မင်းတို့က ငါ့ကို အခု လက်လျှော့စေချင်တာလား။” ရာဂူရယ်လ်က မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။ “အခု အရေးအကြီးဆုံး တာဝန်က အသူရာချောက်နက်ကို အတူ တိုက်ခိုက်ဖို့ပဲ။ တခြားအရာ အားလုံးကို ဘေးဖယ်ထားလိုက်ကြတာပေါ့။”
ကောင်းကင်တမန်တော် သုံးပါးသည် ရာဂူရယ်လ်ကို အလွန်ပင် အထင်သေး သော်လည်း ယခုအချိန်မှာ ဂရုစိုက်ရန် အချိန် မဟုတ်ပေ။ မဟာလင်းလက်ဓား အခင်းအကျင်းကို အမြန်ဆုံး အပြီးသတ် ရမည် ဖြစ်သည်။ ခုနက ဂေဘရီရယ် ရာဂူရယ်လ်ကို တမင်တကာ ခြိမ်းခြောက် ခဲ့ခြင်းမှာ သူ့ကို လှုံ့ဆော်ရန်သာ ဖြစ်ပြီး အမှန်တကယ် လက်လျှော့ရန် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် မိုက်ကယ်က ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိ လိုက်သည်။ သူက လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ် သွားခဲ့သည်။ မိုက်ကယ်သာ မကဘဲ အခြားသော သုံးဦးသည်လည်း ထူးဆန်းသော တစ်စုံတစ်ရာကို အာရုံခံမိ လိုက်ကြလေသည်။ သူတို့က အလင်း နတ်ဘုရားကျောင်းထဲမှ အလျင်စလိုပင် ထွက်ခွာသွားခဲ့ကြသည်။
သိဒ္ဓိအလင်းတောင်မှ ရှေ့သို့ကြည့်လျှင် ကောင်းကင်တွင် ကြီးမားသော သွေးရောင် အပိုင်းအစတစ်ခု သိဒ္ဓိအလင်းမြို့တော် ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့လာနေ၏။
“အသူရာချောက်နက်...” ရာဖယ်ရယ်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ အရှေ့ဘက်ခြမ်းမှာ ဖျက်ဆီးမှုတွေကို လုပ်နေသင့်တဲ့ အသူရာချောက်နက်က သိဒ္ဓိအလင်းတောင်ဆီကို တကယ်ကြီး ကျူးကျော်လာနေတယ်။ ခီလီယာနာရဲ့ ဒဏ်ရာက ဒီလောက်မြန်မြန် ပြန်ပြီးတော့ ကောင်းသွားတာလား။
ယခင် ငွေလကောင်းကင်မြို့တော်မှ တိုက်ပွဲက ကောင်းကင်တမန် သုံးပါးအား သူတို့နှင့် ခီလီယာနာ အကြားမှ ကွာဟချက်ကို သိရှိစေခဲ့သည်။ အကယ်၍ မဟာလင်းလက်ဓား အခင်းအကျင်းကို ပြီးစီးခဲ့ပါက တိုက်ခိုက် နိုင်သေးသည်။ သို့သော် မဟာလင်းလက်ဓား အခင်းအကျင်းက ယခု အဆင်သင့် မဖြစ်သေးပေ။
ကမ်းပါးဖြူက သိဒ္ဓိကျောင်းတော်၏ အခြေစိုက်စခန်း ဖြစ်သည်။ ၎င်းက အဓိကကုန်းမြေပေါ်တွင် မသိနိုင်သော နှစ်များကြာအောင် ရပ်တည်နေခဲ့သည်။ မည်သူမျှ ၎င်းကို မလှုပ်ခါ နိုင်ခဲ့ပေ။ ယုံကြည်မှုနှင့် ဟန့်တားမှုကြောင့်သာ မကဘဲ စွမ်းအားကြောင့်လည်း ဖြစ်သည်။ ချန်လွေ့နှင့် ဖိုက်သွန်တို့ကို ကျေးဇူး တင်ရမည် ဖြစ်၏။ သိဒ္ဓိအလင်းတောင်သို့ အကြိမ်များစွာ ဖောက်ထွင်း ဝင်ရောက်ပြီး နောက်တွင် ကာကွယ်ရေးက ယခင်ထက် အဆများစွာ အားကောင်း၍ လာခဲ့သည်။ ယခု အခြေအနေ တစ်ခုနှင့် ကြုံတွေ့ရာ တုံ့ပြန်မှုအရှိန်မှာ အလွန် လျင်မြန်၏။
အထူးသဖြင့် မိုက်ကယ်က အမြင့်ဆုံး သတိပေး အခြေအနေကို ကြေညာပြီး နောက်တွင် ကာကွယ်ရေး အားလုံးကို ဖွင့်လိုက်ပြီ ဖြစ်သည်။
မူလ ကျယ်ဝန်းသော လမ်းမကြီးတွင် ခံတပ်ကဲ့သို့ သံတံခါးများ ပေါ်လာခဲ့သည်။ နှစ်ဖက် စလုံးမှ အလှဆင်ထားပုံရသော တိုင်များက ချဉ်းကပ်လာသော ရန်သူ အားလုံးကို တိုက်နိုင်သော မှော်စက်ဝိုင်း မျှော်စင်များစ်သို့ ပြောင်းလဲသွားခဲ့သည်။ သိဒ္ဓိအလင်းမြို့ တော်လည်း လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ခံတပ် မြို့တော်တစ်ခု ဖြစ်လာခဲ့သည်။ ကျက်သရေဆောင် စစ်သည်တော်များ၊ တရားသူကြီးများ၊ တောင်ထိပ် သုံးခု၏ စီရင်ပိုင်ခွင့် အောက်မှရှိသော သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်များနှင့် အခြားအင်အားစုများအားလုံး လျင်မြန်စွာ စုဝေးနေကြသည်။
သွေးတိမ်၏ အရှိန်က တဖြည်းဖြည်း နှေးသွားသော်လည်း သံတံခါးများက မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် စတင် ပြိုလဲလာခဲ့သည်။ အဆက်မပြတ် အသက် သွင်းနေသော မှော်စက်ဝိုင်း မျှော်စင် များကလည်း လျင်မြန်စွာ ပြိုလဲလာသည်။ ထိုအရာအားလုံးက အဆုံးမဲ့ သွေးနီရောင် သတ္တဝါများ၏ ဒီရေကြောင့် ဖြစ်ခဲ့ခြင်းပင်။
လမ်းတစ်လျှောက် ပိတ်ဆို့ထားသူများ၊ ကျက်သရေဆောင် စစ်သည်တော် ဖြစ်စေ၊ အဆောက်အအုံများ ဖြစ်စေ အားလုံး သွေးရောင် ရေစီးကြောင်းထဲ ဝိုင်းအုံခြင်း ခံလိုက်၏။
နောက်ဆုံး သံတံခါးတွင် အဖြူရောင် အလင်း တောက်ပနေသော ရေတွက်၍ မရနိုင်သည့် ဥက္ကာခဲများ ကောင်းကင်မှ ကျလာခဲ့သည်။ ရှေ့ဆုံးမှ ရေစီးကြောင်းက ဥက္ကာခဲများ၏ လွှမ်းခြုံမှု အောက်တွင် အငွေ့အဖြစ် ပြောင်းသွားပြီး ပျောက်ကွယ် သွားခဲ့သည်။
ပြန်လည် တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် မီးတောက်များနှင့် ဓားအလင်းရောင်များ သွေးရောင် စစ်တပ်နောက်မှ ပျံထွက် လာသော်လည်း မီးတောက်များသည် ကြယ်များကြားထဲ ချက်ချင်းပင် ငြိမ်းသတ် သွားခဲ့သည်။ ဓားအလင်းရောင်များသာ မနည်းမနော ထိန်းထား နိုင်သော်လည်း သူတို့က ကျလာသော ဥက္ကာခဲများကို မရပ်တန့် နိုင်သေးပေ။ ထိုအရာမှာ သာမန် အလင်းဒြပ်စင်မှော်ပညာ [အလင်းတိမ်ကြယ်ပျံ] မဟုတ်ပေ။ ၎င်းတွင် နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်၏ တိုင်းပြည် အဆုံးသတ် တိုက်ကွက် [ကြယ်စီရင်ချက်] ပါဝင်၏။
ကြယ်များ၏ ဇစ်မြစ်မှာ ကောင်းကင်မှ တောင်ပံ ၈ခုနှင့် ကောင်းကင်တမန်၊ အစွမ်းအထက်ဆုံး နတ်ဘုရားတစ်ပိုင်း အဆင့် ကာမေရယ်၏ လက်ထဲတွင် ကိုင်ဆောင်ထားသည့် ရှေးဟောင်း ပုံစံကွက်များဖြင့် ထွင်းထုထားသော ငွေရောင်ဖြူ လှံတံပင်။
စီရင်ချက်လှံတံ၏ တောက်ပမှုက ပို၍ တောက်ပလာခဲ့သည်။ လက်ရွေးစင် အသူရာချောက်နက် သခင်များပင်လျှင် ကျဆင်းလာသော ကြယ်ပျံများကြောင့် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
[ကြယ်စီရင်ချက်]၏ စွမ်းအားမှာ အံ့ဩဖွယ် ကောင်းလှသည်။ အနီးအနားမှ အသူရာချောက်နက် သတ္တဝါ အားလုံး ပျက်စီးသွားသော်လည်း ကုန်သွားသော စွမ်းအားမှာ အသေးအဖွဲ မဟုတ်ပေ။ ခဏတာ အသက်သွင်းပြီး နောက်တွင် ကာမေရယ် အနည်းငယ် အားစိုက်ရသလို ခံစားနေရသော်လည်း ရေစီးကြောင်း၏ အရှိန်အဝါမှာ လုံးဝကို မပြောင်းလဲခဲ့ပေ။ သူတို့က သေခြင်းတရား အရှေ့တွင် ရှိနေသည်ကို မသိသလို တစ်ယောက်ပြီး တစ်ယောက် ရှေ့တိုးလာနေဆဲ ဖြစ်သည်။ ဖိအား အများဆုံး ဖြစ်စေသော အသူရာ ချောက်နက် သခင် အပါအဝင် ဖြစ်၏။ အသူရာ ချောက်နက် စစ်တပ် တစ်ခုလုံး မည်သည့် လျော့နည်းမှုမှ မရှိဘဲ အဆုံးမဲ့ ဖြစ်နေပုံရသည်။
အသူရာချောက်နက် မကောင်းဆိုးဝါးများ၏ ရေစီးကြောင်းတွင် သလင်းကျောက် အရာအချို့ ရှိနေသည်။ အနီးကပ် ကြည့်လိုက်ရာတွင် ၎င်းတို့မှာ ညှို့ယူဖမ်းစားနိုင်သော သွေးရောင်ရှိသည့် အနီရောင် သလင်းကျောက်ပန်းများ၊ အသူရာချောက်နက် ပန်းများ ဖြစ်နေ၏။
ထိုပန်းများ အတူတကွ ပေါက်ကွဲထွက် သွားပြီး သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
သွေးမြူခိုးထဲတွင် မကောင်းဆိုးဝါးများ တစ်ကောင်ပြီးတစ်ကောင် ဗီဇပြောင်းလဲ သွားခဲ့သည်။ ပိန်ပါးသော ပါးစပ်ကြီး နတ်ဆိုးက အလွန်ပင် သန်မာလာပြီး ဒေါသအိုး နတ်ဆိုး၏ အရိုးဆူးများ နှစ်ဆ တိုးလာခဲ့သည်... ထိုပြောင်းလဲမှုများက အပေါ်ယံတွင် သာမကဘဲ ၎င်းမှာ စွမ်းအားတွင် ခုန်ပျံကျော်လွှားမှုကိုလည်း ဖြစ်စေခဲ့သည်။
တောက်ပနေသော ကြယ်များထဲတွင် မူလအားနည်းသော ဓားအလင်းရောင်များ ပို၍ အားကောင်းလာသည်။ ဓားချီစွမ်းအင် အများအပြား ဖြတ်ကျော်သွားပြီး သိဒ္ဓိ အလင်းမြို့တော်၏ လားရာဘက်သို့ သံတံခါးကို မဖြတ်သန်းခင်တွင် [ကြယ်စီရင်ချက်]ကို အမှန်တကယ် စုတ်ဖြဲပစ်လိုက်သည်။
ကာမေရယ် သူတို့ကို မတားဆီးခင်ပင် ပျံသန်းနေသော ဓားအလင်းရောင်များဖြင့် ဝန်းရံခံလိုက်ရသည်။ အသူရာချောက်နက် ပန်း၏ ကောင်းချီးပေးခြင်း ခံရသော လက်ရွေးစင် အသူရာချောက်နက် သခင်က ကာမေရယ်အား အန္တရာယ် အာရုံကို ပေးခဲ့သည်။ သူက အဆုံးသတ် တိုက်ကွက် ပြိုလဲမှု၏ တန်ပြန်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ဓားချီ စွမ်းအင်ကို လမ်းလွှဲရန် စီရင်ချက်လှံတံကို လှုပ်ခါလိုက်သည်။ ထို့နောက် သူက ရှေ့မှ အသူရာချောက်နက် သခင်၏ ရင်ဘတ်ကို ထိုးဖောက်လိုက်၏။
အကယ်၍ ယခင်ကသာ ဖြစ်ခဲ့ပါက လက်ရွေးစင် အသူရာချောက်နက် သခင်ပင်လျှင် ထိုသို့ ထိုးနှက်မှုကြောင့် ပျက်စီးသွားလောက်ပြီ ဖြစ်သော်လည်း ယခုတွင် အသူရာချောက်နက် သခင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ရင်ဘတ်မှ ဧရာမ အပေါက်ကို လျစ်လျူရှုကာ သေခြင်းတရားကို မကြောက်ဘဲ ရှေ့သို့ ပြေးဝင်လာခဲ့သည်။ ကာမေရယ် စွန့်စားရဲခြင်းမရှိပေ။ သူက အသူရာချောက်နက် သခင်၏ ဘေးတွင် ပေါ်လာခဲ့သည်။ စီရင်ချက်လှံတံက တိကျသော ဝှေ့ယမ်းမှုကို ပြုလုပ်လိုက်ပြီး ပြိုင်ဘက်၏ ဒဏ်ရာကို ဘေးမှ ထိမှန် သွားခဲ့သည်။ အသူရာချောက်နက် သခင် နောက်ဆုံးတွင် စုတ်ပြဲသွားခဲ့၏။
ကာမေရယ်က အရူးအမူး ဝင်လာသော အသူရာချောက်နက် သခင်များနှင့် မီးလျှံ စုန်းမများ၏ ကြီးမားသော လှိုင်းလုံးကို ကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တမန် အုပ်စုတစ်စုက သူ၏နောက် လေထဲတွင် ပေါ်လာပြီး ရန်သူထံသို့ တိုက်စစ်ဆင် လိုက်ကြသည်။ တောင်ပံ ၆ခု၊ တောင်ပံ ၄ခုနှင့် တောင်ပံ ၂ခု တမန်တော်များ ဖြစ်ကြ၏။
လေထဲမှ ခုခံမှုကို ဆုံးရှုံးသွားပြီးနောက် မြေပြင်ပေါ်မှ အသူရာ ချောက်နက် စစ်တပ်က သိဒ္ဓိအလင်း မြို့တော်သို့ အလျင်အမြန်ပင် ချဉ်းကပ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အေးစက်သော နှာမှုတ်သံတစ်ခု လူတိုင်း၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို နေကဲ့သို့ တောက်ပမှု တစ်ခုက ကမ်းပါးဖြူ တစ်ခုလုံးကို လင်းထိန်၍ သွားစေသည်။
တောက်ပမှု ရောက်ရှိရာ နေရာတိုင်း သွေးနီရောင်အားလုံး အမှုန်များ အဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းတွင် သွေးရောင်က ဒီရေကျသလို လျင်မြန်စွာ ပျောက်သွားခဲ့သည်။
နေရောင်ခြည် တဖြည်းဖြည်း လျော့ပါး သွားသောအခါ အမြင်ထဲမှ သွေးရောင် အားလုံးနှင့် ကြောက်မက်ဖွယ် မွန်းကြပ်မှု ခံစားချက် ပျောက်ကွယ်သွားခဲ့လေသည်။ လေထဲမှ ကာမေရယ်နှင့် အခြားသူများ၏ ပြိုင်ဘက်များပင်လျှင် ပြာမှုန့် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျက်သရေဆောင် စစ်သည်တော်နှင့် သိဒ္ဓိအလင်းမြို့တော်မှ ယုံကြည်သူများက ကောင်းကင်တမန် သုံးပါး လှုပ်ရှား ခဲ့ကြောင်းကို သိရှိကြသည်။ သူတို့အားလုံး အားပေးကြပြီး သူတို့၏ စိတ်ဓာတ်က များစွာ မြင့်တက်လာခဲ့သည်။
သို့သော် သွေးနီရောင်များက လုံးဝ မပျောက်ကွယ်သွားသေးပေ။ သူတို့သည် အဆုံးမဲ့ အရှိန်အဝါဖြင့် နောက်တစ်ကြိမ် တိုးဝင်လာခဲ့ကြသည်။
သိဒ္ဓိအလင်းတောင်မှ ရာဖယ်ရယ်က သူ၏ ငွေရောင် တုတ်ရှည်ကို ရှေ့သို့ ချိန်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက် တော့မည် ပြင်လိုက်စဉ် မိုက်ကယ်က တားဆီးလိုက်သည်။
“မင်း ဒီရုပ်သေးတွေ အားလုံးကို သတ်လို့ မရနိုင်ဘူး။ မင်းရဲ့ စွမ်းအားကို အလဟဿ မဖြုန်းတီးနေနဲ့။ တကယ့် ရန်သူက...”
“...ရောက်လာပြီ။” ဂေဘရီရယ်က ပြန်ဖြေလိုက်ပြီး ယခင် ပိတ်ထားခဲ့သော ငွေ-နီ မျက်ဆံများ ပွင့်လာခဲ့သည်။
အသူရာ ချောက်နက် စစ်တပ်၏ နောက်တန်းအပေါ်မှ သွေးရောင်တိမ်တွင် မျက်လုံးတစ်စုံ ခပ်ရေးရေး ပေါ်လာ၏။
ထိုမျက်လုံးများက ထူးဆန်းသော စွမ်းအားကို သယ်ဆောင်ထားကြသည်။ ၎င်းတို့ကို ကြည့်လိုက်ရုံဖြင့် လူတစ်ဦး၏ ဝိညာဉ်က အားအင်နှင့် သတ္တိ အားလုံး ပျောက်ကွယ်ပြီး အကြောက်တရားသာ ကျန်ရစ်တော့သကဲ့သို့ မလွန်ဆန်နိုင်သော တုန်လှုပ်မှုကို ခံစားရပေလိမ့်မည်။
သွေးရောင်တိမ်က မြေကြီးပေါ်မှ တစ်စုံတစ်ရာကြောင့် စုပ်ယူခြင်း ခံလိုက် ရသကဲ့သို့ ပို၍ပို၍ပင် ပါးလွှာလာခဲ့သည်။ မီးလောင်နေသော ချော်ရည်များ မြေပြင် ပေါ်တွင် စီးဆင်းနေသည်။ ရေတွက်၍ မရနိုင်သော သလင်းကျောက် သွေးများက ချော်ရည်ထဲတွင် လင်းလက်နေခဲ့ပြီး မရေမတွက်နိုင်သော အသူရာချောက်နက် ပန်းများ ပျံ့နှံ့နေခဲ့သည်။
သလင်းကျောက် အလင်းရောင်၏ အလယ်တွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှားလာ၏။
ထိုသူမှာ ချောမောသော အသွင်အပြင်၊ ခရမ်းရောင် ဆံပင်ရှည်၊ သွယ်လျသော ခန္ဓာကိုယ်၊ ချွန်ထက်သော နားရွက်များ ရှိသည့် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ် ဖြစ်ပြီး မျက်လုံးနှစ်ဖက်လုံး၏ မျက်ဆံက ထူးဆန်းသော သွေးရောင် လင်းနေသည်။
“အကြောက်တရား အရှင်သခင် ဆိုစဘတ်...” မိုက်ကယ်က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်ပြီး သူ၏လက်ထဲမှ သိဒ္ဓိလက်ဝါးကပ်တိုင်ဓားကို ဆုပ်ကိုင် လိုက်၏။