မဟာလင်းလက်ဓား အခင်းအကျင်း၊ မီးလျှံနီလေး
Vol. 81 Ch. 1235
ဆိုစဘတ် ပေါ်လာသည်နှင့် သိဒ္ဓိ အလင်းတောင်၏ မူလ အားပေးသံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လူတိုင်း သူတို့ လည်ပင်းက တစ်စုံတစ်ရာကြောင့် ညှစ်ခံထားရသည့်အလား ရှင်းပြမရသော လေးလံသည့် ဖိနှိပ်မှု တစ်ခုကို ခံစား လိုက်ရသည်။ ရိုးရှင်းသော အသံတစ်သံ ပြုလုပ်ရန်ပင် အလွန်ခက်ခဲနေ၏။
ထိုမမြင်နိုင်သော ဖိအားအောက်တွင် ရှင်းပြ၍ မရနိုင်သော ကြောက်ရွံ့မှု တစ်ခုက လူတိုင်း၏ စိတ်ထဲတွင် ကြီးထွား၍ လာခဲ့သည်။ ချောမောသော အမျိုးသားက ထူးဆန်းသော အပြုံး တစ်ခုကို ပြသခဲ့ပြီး ခြေဖဝါးအောက်တွင် မမြင်ရသော လှေကားထစ်များ ရှိနေသည့် အလား တစ်လှမ်းချင်းစီ လှမ်းလာခဲ့သည်။
အသူရာ ချောက်နက် စစ်တပ်လည်း ရပ်တန့်သွားပြီး ခုနက ကြမ်းတမ်းစွာ တိုက်စစ်ဆင်နေသော မကောင်းဆိုးဝါးများ ရုတ်တရက် အလွန် တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ကျောင်းတော်မှ လူတိုင်း၏ စိတ်ထဲတွင် ဖိနှိပ်မှု ခံစားချက်က မုန်တိုင်းမတိုင်မီ တိတ်ဆိတ်မှုကဲ့သို့ လွှမ်းမိုးနေ၏။
မိုက်ကယ်၊ ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့ လေထဲတွင် တစ်ချိန်တည်း ပေါ်လာခဲ့ကြသည်။ ရာဂူရယ်လ် လိုက်ပါ မလာခဲ့ပေ။ သူက အဝေးမှ တိုက်ပွဲကို ကြည့်ရှုနေခဲ့ရုံသာ ဖြစ်သည်။
“ဆိုစဘတ်...”
မိုက်ကယ်၏ မျက်လုံးများက သူ့အား ပြင်းထန်သော ဖိနှိပ်မှုအာရုံကို ပေးခဲ့သော ထိုရန်သူအပေါ်တွင် အသေမှတ်ထား၏။ “မင်းတစ်ယောက်တည်းလား။ ခီလီယာနာ ဘယ်မှာလဲ။”
“မင်းတို့ပဲ ရှိတာကို ငါ ခီလီယာနာကို လိုသေးလို့လား။” ဆိုစဘတ် အနည်းငယ် ပို၍ မထီမဲ့မြင်ပြုလျက် ပြုံးလိုက်သည်။ “ဖန်တီးခြင်း စာအုပ်ကို ပေး။ ငါ မင်းတို့ကို အသူရာ ချောက်နက်ရဲ့ ကျွန်တွေ ဖြစ်ဖို့ ခွင့်ပြုပေးရင် ပေးနိုင်တယ်။”
“ဖန်တီးခြင်း စာအုပ် ဟုတ်လား။” ရာဖယ်ရယ် အေးစက်စွာ ပြောလိုက်သည်၊ “မင်း အသက်ရဲ့ အဆုံးမှာ အဲဒါကို မြင်ဖို့ အခွင့်အရေး ရလိမ့်မယ်။”
ဆိုစဘတ် ခေါင်းခါလိုက်သည်။ “မသိ နားမလည်ပြီးတော့ ကြောက်ရွံ့မှု မရှိတဲ့ အားနည်းသူတွေ။ မင်းတို့မှာရှိတဲ့ ကိုယ့်ရဲ့ အားနည်းချက်ကို သတိမထားမိ သေးဘူးလား။”
“ပေါက်ကရတွေ ပြောမနေနဲ့တော့။ ရှင် ဒီကို ရောက်လာမှတော့ ကျွန်မတို့ထဲက တစ်ယောက်ယောက် သေရလိမ့်မယ်။” ဂေဘရီရယ်၏ သိဒ္ဓိတေးသံဓားမှ အားကောင်းသော ချွန်ထက်သည့် ချီစွမ်းအင်ကို ထုတ်လွှတ်ရင်း နက်ရှိုင်းသော အသံဖြင့် ပြောလိုက်၏။
ကောင်းကင်တမန်တော် သုံးပါးသည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ထားသည်။ အချိန်အကြာကြီး စုစည်း၍ ထားခဲ့သော တိုင်းပြည်စွမ်းအားက တစ်ချိန်တည်းတွင် ပေါက်ကွဲသွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းတွင် တိုင်းပြည်က အတူတကွ ပေါင်းစပ်သွားပြီး ၎င်းမှ ထုတ်လွှတ် လိုက်သော ပဲ့တင်ထပ်သံက ရှေးဟောင်း နတ်ဘုရားများ၏ အိပ်မက်စကားလုံးများ နှင့်တူနေသည်။
အသူရာချောက်နက်၏ အုပ်စိုးသူ သုံးဦးအနက် အမုန်းတရား အရှင်သခင် ခီလီယာနာက စွမ်းအားအကြီးဆုံး ဖြစ်၏။ အကြောက်တရား အရှင်သခင် ဆိုစဘတ်က ခီလီယာနာလောက် မစွမ်းသော်သော်လည်း သူက ဒုတိယ အဆင့်တွင် ရှိပြီး မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရိုထက် ပို၍ပင် အားကောင်းသည်။ ကောင်းကင်တမန် သုံးပါး၏ ခွန်အားဖြင့် သူတို့က ဆိုစဘတ်ထံမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို အာရုံခံမိပြီးဖြစ်ရာ သူတို့က အစွမ်း အထက်ဆုံးသော ပေါင်းစပ်ပညာရပဖြစ်သည့် [နတ်ဝင်သည် အခင်းအကျင်း]ကို ချက်ချင်းပင် အသက်သွင်း လိုက်ကြသည်။
[နတ်ဝင်သည် အခင်းအကျင်း] ကြောင့် ပိတ်မိနေသော ဆိုစဘတ်က ထိတ်လန့် မနေခဲ့ပေ။ သူ၏ ခန္ဓာကိုယ်မှ သွေးမြူခိုးများ ထွက်နေ၏။ ထိုမြူခိုးက [နတ်ဝင်သည် အခင်းအကျင်း] ၏ တိုင်းပြည် စွမ်းအားကို ပေါက်ကွဲသွား စေတော့မည့်အလား တိုးမြင့်လာခဲ့သည်။ ရုတ်တရက် ဆိုစဘတ်၏ လှောင်ပြောင်မှု အနည်းငယ် အေးခဲသွား၏။ အကြောင်းမှာ မြူခိုးက ရပ်တန့်သွား၍ပင်။ အမှန်မှာ ကြီးမားသော ဖိအားလှိုင်းများ ရောက်ရှိ၍ လာသည်နှင့်အမျှ ၎င်းက လျင်မြန်စွာ ကျုံ့ဝင်နေလေသည်။
ပြိုင်ဘက်၏ တိုင်းပြည်က ရှုံးနိမ့် မသွားသည်ကို ဆိုစဘတ် အနည်းငယ် အံ့ဩသွားသည်။ ကောင်းကင်တမန်တော် သုံးပါးရဲ့ စွမ်းအားက ထင်ထားသလို ထိခိုက်မလွယ်တဲ့ပုံပဲ။
ထိုနေရာမှာ သိဒ္ဓိအလင်းတောင်၏ အိမ်ကွင်းဖြစ်သည်။ [နတ်ဝင်သည် အခင်းအကျင်း]သည် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် သုံးဦး၏ တိုင်းပြည်ကို ပေါင်းစပ် ထားရုံသာမက သိဒ္ဓိကျောင်းတော်တစ်ခုလုံး၏ ကြီးမားသော ယုံကြည်မှု စွမ်းအားကိုလည်း စုစည်းထား၏။
ကောင်းကင်တမန်တော် သုံးပါးသည် နတ်ဘုရား ဖြစ်လာရန် အလင်းရောင် နတ်ဘုရား၏ အသွင်အပြင် အောက်တွင် အမှန်တရားကို ဖုံးကွယ်ပြီး ယုံကြည်မှုကို ခိုးယူရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ဂေဘရီရယ်က တီဇန်နီယာ၏ နာမဖြင့် ကန္တာရ နတ်ဘုရားမတစ်ပါး ဖြစ်လာရန် အကျဉ်းထောင်နက် ကန္တာရသို့ သွားပြီး အခြား နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ ကံဆိုးသည်မှာ သူတို့က ယုံကြည်မှု စွမ်းအားကို အမှန်တကယ် မစုပ်ယူနိုင်၊ အသုံးမပြုနိုင်သေးခြင်းပင်။
အသုံးပြုမှုနှုန်း အလွန် နိမ့်ကျလျှင်ပင် ထိုကဲ့သို့ စုဆောင်းထားသော ယုံကြည်မှု စွမ်းအင်က အလွန် အံ့ဩဖွယ် ကောင်း၏။ ထို့ကြောင့် ယခုတစ်ကြိမ် အိမ်ကွင်းတွင် ကောင်းကင် တမန်တော် သုံးပါးမှ အသက်သွင်းလိုက်သော [နတ်ဝင်သည် အခင်းအကျင်း]က ယခင်တစ်ခေါက် ခီလီယာနာကို ရင်ဆိုင်ခဲ့စဉ်ထက် များစွာ ပို၍အားကောင်းသွားသည်။
“လမ်းပျောက်နေတဲ့ အပြစ်သား။ [အပြစ်ဆေးကြောအလင်း]ရဲ့ လမ်းညွှန်မှုကို လက်ခံလော့...” ကောင်းကင်တမန် သုံးပါး၏ အသံများက သိဒ္ဓိအလင်းတောင် တစ်ခွင်လုံးတွင် တစ်ချိန်တည်း ထွက်ပေါ်လာသည်။ သူတို့က [နတ်ဝင်သည် အခင်းအကျင်း] ၏ အဆုံးသတ် တိုက်ကွက် ဖြစ်သော [အပြစ်ဆေးကြောအလင်း]ကို ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။
စကြဝဠာ ကြယ်များနှင့် ဆင်တူသော အမြင့်ဆုံး နက်ရှိုင်းသည့် အဓိပ္ပာယ် ပါဝင်သော ဧရာမ ရောင်လျှံတစ်ခုက ဆိုစဘတ် ပတ်လည်တွင် ပေါ်လာခဲ့သည်။ ချက်ချင်းပင် သိဒ္ဓိအလင်းတောင် တစ်ခုလုံး၏ စွမ်းအားက ထိုရောင်လျှံ အထဲတွင် စုစည်းသွားခဲ့သည်။ ဆိုစဘတ် ပတ်လည်တွင် ရစ်ဝဲနေသော သွေးမြူခိုး အားလုံးက ထိုရောင်လျှံ၏ စုပ်ယူခြင်း ခံလိုက်ရပြီး အလုပ် မလုပ်နိုင်တော့ပေ။
ရောင်လျှံသည် တစ်စတစ်စ ကျုံ့ဝင် သွားခဲ့သည်။ ဆိုစဘတ်က အန္တရာယ်ကို အသေအချာ အာရုံခံမိလိုက်ပြီး သူ၏ မျက်နှာမှ မထီမဲ့မြင်ပြုခြင်း ပျောက်ကွယ် သွားခဲ့သည်။ သူ၏ လက်သီးများက မရေမတွက်နိုင်သော ထပ်ဆင့်နေသော ပုံရိပ်များ အဖြစ်သို့ ပြောင်းလဲသွားကာ ရောင်လျှံဘက်သို့ ထိုးနှက်လိုက်သည်။
ရောင်လျှံက အနည်းငယ် တုန်ခါ သွားသော်လည်း သက်ရောက်မှု မရှိခဲ့ပေ။ ၎င်းက ဆက်လက်၍ ကျုံ့ဝင်နေဆဲပင်။ အက်ကွဲကြောင်းများက ဆိုစဘတ်၏ မျက်နှာနှင့် ခန္ဓာတွင် စတင် ပေါ်လာပြီး အက်ကွဲကြောင်းများထဲတွင် သွေးနီရောင် ပေါ်လာခဲ့သည်။
အဝေးမျ ရာဂူရယ်လ်၏ မျက်လုံးများ လင်းလက်သွား၏။ ကောင်းကင်တမန် သုံးပါးရဲ့ တိုက်ခိုက်ရေး စွမ်းအားက အံ့ဩဖွယ်ရာ ကောင်းတယ်။ သူတို့က ဒီအဆင့်ကို တကယ် ရောက်ရှိနေကြပြီ။ ဆိုစဘတ် သေဆုံးသွားရင် ကမ်းပါးဖြူကို တိုက်ခိုက်နေသော အသူရာချောက်နက် စစ်တပ် ပျောက်ကွယ်သွားမှာ။ ငါ ခုနက သူတို့နဲ့ ဆက်ဆံရေးကို မဖြတ်တောက် ခဲ့တာ ကံကောင်းတာပဲ။
ထိုအခိုက်အတန့်တွင် ဆိုစဘတ်၏ ခန္ဓာကိုယ်သည် ပြောင်းလဲသွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ သွေးနီရောင် မျက်လုံးများထဲမှ မျက်ဆံများက အစိမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ချွန်ထက်သော ဦးချိုများက ခေါင်းပေါ်တွင် ပေါ်လာသည်။ ကြွက်သားများ အလျင်အမြန် ကြီးထွား လာပြီး သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က အလွန် သန်မာလာသည်။ ချွန်ထက်သော အရိုးဆူးများက သူ၏ နောက်ကျောတွင် ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားသော ကြမ်းတမ်းသည့် ပြင်ပအရိုးစုက သဘာဝ ချပ်ကာနှင့် တူနေသည်။
လက်သီးများ ဆက်လက် ဝှေ့ယမ်း၏။
ထိုလက်သီးက အဖြူရောင် ရောင်လျှံ အပေါ်သို့ ရောက်သွားသည်။ ရောင်လျှံက ယခင်ကဲ့သို့ မတုန်ခါနေခဲ့သော်လည်း လူတိုင်း၏စိတ်က အပြင်းအထန် တုန်ခါ သွားခဲ့သည်။
လက်သီး တစ်ချက်၊ နှစ်ချက်၊ သုံးချက်...
အရှိန်မှာ မမြန်သော်လည်း ၎င်းမှာ လူတိုင်း၏ စိတ်ကို ထုနှက်နေသော လေးလံသည့် တူကြီးတစ်လက် ကဲ့သို့ပင်။
သာမန် စွမ်းအား ရှိသူများကို အသာထား။ ကာမေရယ်နှင့် အခြား အထူးအဆင့် ကောင်းကင်တမန်များပင် နာကျင်သော အမူအရာများကို ပြသခဲ့ပြီး ရင်ဘတ်ကို ဖုံးအုပ်ထားလိုက်ကြသည်။ ရာဂူရယ်လ်နှင့် ကောင်းကင်တမန်တော် သုံးပါးမှာ ပို၍ မသက်မသာ ဖြစ်နေသည်။ ရာဂူရယ်လ်၏ မျက်နှာ အမူအရာက ဖြူဖျော့နေပြီး အပြင်းထန်ဆုံး ဒဏ်ရာရရှိ သူများမှာ [အပြစ်ဆေးကြောအလင်း]ကို အသက်သွင်းခဲ့သော ကောင်းကင်တမန် သုံးပါးပင်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး မှေးမှိန်သွားပြီး မျက်နှာသွင်ပြင်များမှ ထိခိုက်မှုကြောင့် သွေးထွက်နေခဲ့သည်။
ဆိုစဘတ်က သူ၏ လက်သီးများကို ရပ်တန့်လိုက်ပြီး အေးအေးဆေးဆေး ပုံစံဖြင့် [အပြစ်ဆေးကြောအလင်း] ၏ ရောင်လျှံထဲမှ လျှောက်ထွက်လာခဲ့သည်။ သူ၏ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း နောက်မှ ရောင်လျှံ၏ တုန်ခါမှု ပို၍ပို၍ ပြင်းထန်လာခဲ့သည်။
“ဝုန်း...” ရောင်လျှံများက [နတ်ဝင်သည် အခင်းအကျင်း] တစ်ခုလုံးနှင့် အတူ နောက်ဆုံးတွင် ပြိုလဲသွားခဲ့သည်။ ကောင်းကင်တမန် သုံးပါးက မိုးကြိုးပစ်ခံရသလို နောက်ပြန် ဇောက်ထိုး လွင့်စင်သွားပြီး ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။
“ဒီလို နိမ့်ကျတဲ့ လှည့်ကွက်လေးက တကယ်ပဲ ငါ့ဆီကနေ လက်သီး ၁၀ချက် ခံနိုင်ခဲ့တယ်။ အဲဒီယုံကြည်မှု အလဟဿ ဖြစ်သွားတာ စိတ်မကောင်းစရာပဲ။” ဆိုစဘတ်သည် အသေးအဖွဲ ကိစ္စတစ်ခုကို ပြီးမြောက်ခဲ့သလိုပင် ခေါင်းခါလိုက်၏။
သူ့မျက်နှာချင်းဆိုင် လေထဲတွင်ရှိသော ရာဂူရယ်လ်က အေးစက်မှု ခံစားလိုက်ရပြီး အကြောက်တရား ပေါ်ပေါက်လာခဲ့သည်။ တကယ်လို့ ငါသာဆိုရင် ခုနက ကောင်းကင်တမန် သုံးပါးရဲ့ ပေါင်းစပ် တိုင်းပြည်စွမ်းအား ထိုးနှက်မှုတစ်ချက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက ဆိုစဘတ်ရဲ့ လက်သီး ၁၀ချက်တည်းနဲ့ လုံးဝပြိုလဲသွားခဲ့တယ်။
ကောင်းကင်တမန် ၃ပါး ရှုံးနိမ့်မှုက အောက်မှ သိဒ္ဓိအလင်း မြို့တော်ရှိ အလင်းရောင် ယုံကြည်သူများကို တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှု ဖြစ်ပေါ် စေခဲ့သည်။ အမြဲပင် အမြင့်ဆုံး ဖြစ်ခဲ့ပြီး အလင်းရောင် နတ်ဘုရား ပြီးလျှင် ဒုတိယဖြစ်သော ကောင်းကင်တမန် သုံးပါးက အသူရာချောက်နက် စစ်တပ်၏ ခေါင်းဆောင်ကြောင့် အမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့လေသည်။
ဆိုစဘတ် အသက်ကို ပြင်းပြင်း ရှူပြီး အကြောက်တရား ခံစားချက်ကို အလွန် နှစ်သက်ပုံရသည်။ သူ၏ အစိမ်းရင့်ရောင် မျက်ဆံများက ပို၍ပင် နက်ရှိုင်းပုံရသည်။ “အံ့ဩစရာကောင်းတဲ့ အရသာတစ်ခုပဲ။ ဆုလာဘ်တစ်ခု အနေနဲ့ ငါ မင်းတို့ကို ပိုပြီးတော့ နက်ရှိုင်းတဲ့ အကြောက်တရား ပေးမယ်။”
ထိုသို့ပြောပြီး အချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေသော အသူရာချောက်နက် စစ်တပ်က အရူးအမူး ရှေ့တက်လာခဲ့ရာ သိဒ္ဓိအလင်းမြို့တော်တွင် ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။
အလင်းတန်း သုံးခုက လေထဲသို့ တဖြည်းဖြည်း ပြန်မြင့်တက် လာခဲ့သည်။ ၎င်းမှာ ကောင်းကင်တမန် သုံးပါးပင်။ သူတို့၏ [ယုံကြည်မှုချပ်ကာ] အားလုံး အက်ကွဲနေ၏။ သွေးများက သူတို့၏ ပါးစပ်နှင့် နှာခေါင်းမှ ထွက်နေသည်။ [အပြစ်ဆေးကြောအလင်း]ကို အသက်သွင်းခြင်းက သူတို့အတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ် ခဲ့ရပြီးဖြစ်သည်။ ယခု [နတ်ဝင်သည် အခင်းအကျင်း] ပြိုလဲသွားပြီဖြစ်ရာ သူတို့ သုံးဦးက ပို၍ပင် ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသည်။
“ငါတို့ အဲဒီ တိုက်ကွက်ကို သုံးမှ ရတော့မယ်။” မိုက်ကယ်က ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူ၏ မျက်လုံးများက ရာဂူရယ်လ် အပေါ်သို့ ကျရောက်သွားသည်။ “ရာဂူရယ်လ်။ တကယ်လို့ မင်း အသက်ရှင်ချင်သေးရင် အစွမ်းကုန် တိုက်ခိုက်မှပဲ ရမယ်။”
ရာဂူရယ်လ်က မိုက်ကယ် မည်သည်ကို ဆိုလိုကြောင်း နားလည်သည်။ သူက အံကြိတ်လိုက်ပြီး အေးစက်သော လေများ အရှိန်အဟုန်ဖြင့် သူ၏ကိုယ်မှ ထွက်ပေါ် လာခဲ့ပြီး လှိုင်းဂယက် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ မိုက်ကယ်၊ ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့က ရာဂူရယ်လ်ဘေးတွင် ပေါ်လာခဲ့ကြသည်။ သိဒ္ဓိလက်ဝါးကပ်တိုင်ဓား၊ ငွေရောင် တုတ်ရှည်နှင့် သိဒ္ဓိတေးသံဓားတို့သည် အတူတကွ ထပ်ဆင့်ထားပြီး အဖြူရောင် အလင်းကို တစ်ခုပြီးတစ်ခု လင်းလက် သွားစေသည်။ အသန့်စင်ဆုံးသော ဇစ်မြစ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အေးစက်သော လေနှင့် ပေါင်းစပ် သွားခဲ့ပြီး ကြီးမားသော သလင်းကျောက် တစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။
“ဖန်တီးခြင်းစာအုပ်လား။” ဆိုစဘတ်က ဖန်တီးခြင်း ဇစ်မြစ် အငွေ့အသက်ကို ချက်ချင်းပင် အာရုံခံမိ လိုက်သည်။ “ဖန်တီးခြင်း ကိုယ်ထည်နဲ့ ပေါင်းစပ်ဖို့ မင်းတို့ရဲ့ ကိုယ်ပိုင် အသက် စွမ်းအား သုံးတာလား။ မိုက်မဲလိုက်တာ။”
သလင်းကျောက် ပို၍ပို၍ တောက်ပ လာခဲ့သည်။ ကမ္ဘာပေါ်မှ စွမ်းအားအားလုံး စုစည်းခံလိုက်ရသည့်အလား ပတ်ဝန်းကျင်မှ အလင်းရောင်မှာ အလျင်အမြန် မှေးမှိန်စပြုလာခဲ့သည်။
ဆိုစဘတ်က သူတို့ လေးဦးကို အလေးအနက် မထားဘဲ လက်သည်းကို မြှောက်လိုက်၏။ သူက မထီမဲ့မြင်နှင့် ပြောလိုက်သည်။ “မင်းတို့ နားမလည် ဘူးလား။ အစစ်မှန်ဆုံး ဇစ်မြစ်တွေက အပြန်အလှန် ချုပ်တည်းပြီး အပြန်အလှန် စွမ်းရည် မြှင့်တင်ပေးတယ်။ တကယ်လို့ မင်းတို့ ငါ့ကို ချုပ်တည်းဖို့ ဖန်တီးခြင်း စာအုပ်ကို အသုံးချချင်ရင် အသုံးဝင်မှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် မယှဉ်နိုင်သော ချွန်ထက်သည့် ချီစွမ်းအင် ပါဝင်သော အလင်းတန်း ထောင်ပေါင်းများစွာက ဆိုစဘတ်ထံသို့ မယှဉ်နိုင်သော အရှိန်ဖြင့် တရွှီရွှီ မြည်လျက် ရောက်ရှိလာခဲ့သည်။ ဆိုစဘတ်က သူ၏ ညာဘက်လက်ဖဝါးကို ဆန့်တန်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။ ထိုလက်ကို ဗဟိုပြုလျက် ဖျော့တော့သော သွေးရောင် အတားအဆီး ပေါ်လာ၏။
ထိုအလင်းတန်းများက သွေးရောင် အတားအဆီးကို ထိမှန်သောအခါတွင် မီးတောက်များပေါ်သို့ ကျဆင်းလာသော နှင်းပွင့်များကဲ့သို့ တဖြည်းဖြည်း တိုက်စား ခံလိုက်ရသည်။
သို့သော် သွေးရောင်အတားအဆီးက အလင်းရောင်များကို လုံးဝ မဖျက်ဆီး နိုင်ခဲ့ပေ။ အလင်းတန်း တစ်ခုက လျှပ်စီးကဲ့သို့ပင် အတားအဆီးကို ထိုးဖောက်ပြီး ဆိုစဘတ်၏ မျက်နှာကို ဖြတ်သန်းသွားကာ ဓားခြစ်ရာ တစ်ခုကို ချန်ထားခဲ့သည်။ အစိမ်းရင့်ရောင် သွေး တစ်စက် ဒဏ်ရာမှ စီးထွက်လာခဲ့၏။
ဆိုစဘတ်၏ အစိမ်းရင့်ရောင် မျက်ဆံများ အနည်းငယ် ကျုံ့သွားခဲ့သည်။ ထိုအရာမှာ တိုက်ပွဲ စတင်ကတည်းက ပထမဆုံးအကြိမ် သူ အမှန်တကယ် ဒဏ်ရာရခြင်း ဖြစ်သည်။ သေးငယ်သော ဒဏ်ရာတစ်ခုသာ ဖြစ်သော်လည်း ၎င်းမှာ နောက်ဆုံးတွင် ဒဏ်ရာတစ်ခုသာ ဖြစ်၏။
ချက်ချင်းဆိုသလို ပို၍ များလှသော အလင်းတန်းများက သွေးရောင် အတားအဆီးကို ထိုးဖောက်သွားခဲ့သည်။ ထိုအလင်းတန်းများ၏ အရှိန်နှင့် ထက်မြက်မှုမှာ အလွန်အမင်း အံ့ဩဖွယ် ကောင်းသည်။ ခဏတာ အတွင်းမှာပင် ဆိုစဘတ်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ပေါ်လာခဲ့သည်။
ဆိုစဘတ်က ပြိုင်ဘက်၏ စွမ်းအားမှာ မိမိ၏ ကိုယ်ပိုင် အကာအကွယ်ကို ဖောက်ထွင်း နိုင်လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ထိတ်လန့်မှုနှင့် ဒေါသကြောင့် သူက လက်သည်းများကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားပါဝင်သော သွေးမြူခိုးတစ်ခုက လူလေးဦးဖြင့် ဖွဲ့စည်းထားသော သလင်းကျောက် အခင်းအကျင်းထံသို့ ပစ်လွှတ်ခြင်း ခံလိုက်ရသည်။
သလင်းကျောက်မှ အလင်းရောင်က သွေးမြူခိုးအား အပေါက်များ ပြည့်နှက် စေခဲ့သည်။ အလင်းက ချက်ချင်းဆိုသလို ကြီးမားသော ဓားပုံသဏ္ဌာန် အဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။ သွေးမြူခိုးက ထိုဓားဖြင့် ထိမှန်သွားရာ ခုခံမှုမရှိဘဲ စုတ်ပြဲသွားခဲ့သည်။
မဟာဓားက သွေးမြူခိုးကို ထိုးဖောက် ပြီးနောက်တွင် မလျော့ပါးသော အရှိန်ဖြင့် ဆိုစဘတ်ထံသို့ ပျံသန်း၍ သွားခဲ့သည်။ ဆိုစဘတ်က သတိလက်လွတ် ဖြစ်ပြီး စုတ်ပြဲသွားခဲ့သည်။ မဟာဓားလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
မိုက်ကယ်နှင့် အခြားသူများသည် စိတ်အားတက်ကြွ သွားသော်လည်း သူတို့ မကြာမီ လေးနက်သော အမူအရာ ပြန်ဖြစ် သွားခဲ့သည်။ အကြောင်းမှာ ခုနက စုတ်ပြဲသွားသည်မှာ ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်နေ၍ပင်။ စစ်မှန်သော ဆိုစဘတ်က အခြားလားရာ တစ်ခုတွင် ပေါ်လာနှင့်ပြီး ဖြစ်သည်။
“ဒါက သန့်စင်တဲ့ ဖန်တီးခြင်းစွမ်းအား တိုက်ခိုက်မှု မဟုတ်ဘူး။ မဟာလင်းလက် ဓားအခင်းအကျင်းပဲ...” ဆိုစဘတ်က နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
“အခု သတိထားမိပြီလား။ မင်း ဘယ်လို သေမလဲဆိုတာ အနည်းဆုံးတော့ သိတာပေါ့။” သလင်းကျောက် အခင်းအကျင်း နောက်ထပ် လင်းလက် လာသည်နှင့် မိုက်ကယ်က လှောင်ရယ် လိုက်သည်။
“အရှက်မရှိဘဲ ကြွားဝါနေတာပဲ...” ဆိုစဘတ် သဘောမတူဘဲ ခေါင်းကို ခါလိုက်သည်။ “ဒါက မပြီးပြည့်စုံတဲ့ မဟာလင်းလက်ဓား အခင်းအကျင်းပဲ။ တိုက်စစ်မှာ အားကောင်းပေမဲ့ ခုခံစစ်မှာ အားနည်းတယ်... အကယ်၍ ဒါက ပြည့်စုံတဲ့ အခြေအနေမှာ ရှိနေရင်တောင် နတ်ဘုရား စွမ်းအားမရှိဘဲ သူ့ရဲ့စစ်မှန်တဲ့ အရှိန်အဝါကို ထုတ်နိုင်မှာ မဟုတ်ဘူး။”
ဆိုစဘတ်၌ အမှန်ပင် အံ့ဩဖွယ် ကောင်းသော အမြင်အာရုံ ရှိသည်။ သူက မဟာလင်းလက်ဓား အခင်းအကျင်း၏ အားနည်းချက်ကို တစ်ချက်တည်းဖြင့် မြင်တွေ့နိုင်သော်လည်း မိုက်ကယ်နှင့် အခြားသူများက ထိုအရာကြောင့် အာရုံ ပျံ့လွင့်ခြင်း မရှိခဲ့ပေ။ ဖန်တီးခြင်း စာအုပ်မှ ဖွဲ့စည်းထားသော ယုံကြည်မှု စွမ်းအားက အလျင်အမြန် စတင် စုစည်းလာခဲ့သည်။
ဓားအခင်းအကျင်းမှ သတ်ဖြတ်ခြင်း ထိုးနှက်ချက် လွဲချော်သွားခဲ့သော်လည်း ဆိုစဘတ်၏ ရှောင်တိမ်းမှုမှ သူသည် ထိုဓားကို အတော်လေး ကြောက်ကြောင်း မြင်တွေ့နိုင်ပေသည်။ သူက ယခင် ဓားအလင်းရောင်ကြောင့်ပင် အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်။
နောက်ထိုးနှက်ချက်က ဆိုစဘတ်ကို လုံးဝ သတ်ဖြတ်နိုင်ရပေမည်။
“မျှော်လင့်ချက်မဲ့ခြင်းက ဒီလော့စ်ရိုရဲ့ အကြိုက်ဆုံး လှည့်ကွက်ပဲ။ ဒါပေမဲ့ သူ ဒီမှာ မရှိနေတာ ကံဆိုးတာပဲ။ ဒါကြောင့် မင်းတို့ရဲ့ မျှော်လင့်ချက်တွေကို လုံးဝ အဆုံးသတ် ပါရစေ...” ထိုသို့ ပြောပြီး ဆိုစဘတ်၏ လက်ထဲတွင် အနီရောင် လေးတစ်လက် ရှိနေပြီးဖြစ်ကာ သူသည် ၎င်းကို ဖြည်းဖြည်းချင်း ဆွဲလိုက်၏။ လေးပေါ်တွင် မြှားမရှိသော်လည်း အဆက်မပြတ် စုစည်းလာနေသော မမြင်နိုင်သော စွမ်းအားက ပို၍ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။ ၎င်းမှာ ကြမ်းကြုတ်သော အလင်းရောင် ထုတ်လွှတ်သော စွမ်းအင် မြှားတစ်စင်း အဖြစ်သို့ ခပ်ရေးရေး စုစည်းသွားခဲ့သည်။
ထိုလေးကို မြင်ရာတွင် ရာဖယ်ရယ် လွှတ်ခနဲ ပြောလိုက်သည်။ “နတ်သူငယ်လေး သုံးလက်ထဲက တစ်လက် ဖြစ်တဲ့ မီးလျှံနီလေးပဲ...”